Saturday, September 28, 2019

ပီတိ



မနက်ဖန် ဆိတ်သားချက်မယ်ဆိုပြီး ခဲထားတဲ့ ဆိတ်သားကို ရေခဲသေတ္တာထဲက သွားထုတ်ရင်းက ဖားအံဆေးရုံကို သတိရသွားတယ်။

ယောက်ျားလုပ်သူက ဆေးရုံမှာ လူနာတွေနဲ့ ပါတ်သက်လာရင် သူဘာလုပ်လုပ် အိမ်ကမိန်းမက မသိတာများတယ် လူနာတွေ ဆေးရုံကဆင်းလို့ အိမ်ကိုရောက်ရောက်လာမှ သူဘာလုပ်ထားလဲဆိုတာ သိရတာမျိုးပါ။

ဒီနေ့လဲ အိမ်ပဲရှေ့ဆီက ဟဲ ဟဲ ဟဲ (ဆိတ်အော်သံ)လေး ကြားလိုက်တယ်

အလို အိမ်ရှေ့မှာ လင်မယား၂ယောက်ပါလား လက်ထဲမှာလဲ ကလေးပေါက်စလေးချီလို့ ဆိတ်ကြီးတကောင်လဲ လက်ကဆွဲလို့ပါလား။

ဟေ့ နင့်အိမ်ခြံစည်းရိုးတံခါး လာဖွင့်အုံးလေ့ (ဧည့်သည်)

အော် ဟုတ် ဟုတ် လာပါပြီ လာပါပြီ။

ဆိတ်ကြီးနဲ့ ဘာလုပ်မလို့လဲဟင်

နင့်ကို ဆိတ်တစ်ကောင် လာပေးတာ (ဧည့်သည်)

ဟယ် ဘာလုပ်ဖို့လဲ ကျမက ဆိတ်ဆိုရင် ဝှေ့တတ်လို့ ကြောက်တယ်
ပြီးတော့ ဘာလုပ်ဖို့ လာပေးတာလဲ

မေးခွန်းတွေ ဆက်တိုက်မေးလို့လဲ ပြီးရော

အေးဟယ် နင့် ယောက်ျားက ဆေးရုံမှာ ငါ့ကို ခလေးမွေးပေးတယ်

ရိုးရိုးမမွေးနိူင်လို့ အရေးပေါ် ခွဲမွေးရမယ်ဆိုတော့ ငါ့မှာပိုက်ဆံ မရှိဘူးပြောတာ သူက ရတယ် ကျနော်ပေးမယ်ဆိုပြီး ခွဲမွေးပေးလိုက်တယ်တဲ့။

ဆေးရုံက ဆင်းတော့လဲ တစ်လစာ အားဆေးနဲ့ အနာအတွက်ဆေးတွေ ၀ယ်ပေးလိုက်တယ် အဲဒါကြောင့် ကျေးဇူးတင်လို့ လာကန်တော့တာတဲ့။

ဟီး ဟီး ပြန်ယူသွားနော် ကျမ ဆိတ်မမွေးရဲဘူး ကြောက်တယ်ဆိုပြီး ပြောလိုက်တော့

ယူထားပါ ဆိတ်နို့ညှစ်သောက် ဆိတ်သေသွားရင် ဆိတ်သား ချက်စားတဲ့။

ငို၍ရီ၍ မရသော မျက်နှာလေးနဲ့ တောင်းတောင်းပန်ပန်လေး ပြောကာ ဆိတ်ကလေးကို ပြန်ပေးရင်း

အဝေးကြီးက လာရတာ ဗိုက်ဆာနေမယ်ထင်တယ်လို့ ပြောလိုက်တော့ 

အေး ဆရာမရယ် ဗိုက်ဆာတယ်တဲ့

သူတို့ ဗိုက်ဆာတယ် ဆိုတာနဲ့ ထမင်းကရောသောပါးချက် ရှိဟင်းနဲ့ ထမင်းကျွေးပြီး အပြန်လမ်းမှာ ဆာရင်စားဖို့ ထမင်းနဲ့ရေဗူးပါ ပြန်ထည့်ပေးကာ ဆိတ်ကလေးကို အတင်းပြန်ပေးလိုက်ရတဲ့ အဖြစ်။

တကယ်ကို အမှတ်ရစရာကောင်းတဲ့ ၀န်ထမ်းဘဝလေး ပြန်တွေးရင် ပီတိဖြစ်ရတယ် ကုသိုလ်တွေလဲ ရခဲ့တယ်။

Wednesday, September 25, 2019

နွားသိုးကြိုးပြတ်


Facebook ကိုကြည့်ရတာ တခါတလေ ကျမတို့ မြောင်းတကာရွာက နွားပွဲဈေးလိုဘဲ အကောင်းတွေရော အဆိုးတွေပါ လိုချင်တာတွေ အကုန်ရတတ်ပါတယ်။
တိုက်ကြီး တံမြက်စည်းဆိုပြီး တဗျန်းဗျန်းရိုက်ပြီး အော်ရောင်းနေတွေ တာကြည့်မလား။
၃ထည်တစ်ထောင် ၃ထည်တစ်ထောင်ဆိုပြီး အော်အော်ရောင်းနေတဲ့ ဘေထုတ်အထည်တွေ ကြည့်မလား။
မလိုချင်တော့လို့ ပြန်ရောင်းတဲ့ အိမ်အသုံးအဆောင်တွေ ကြည့်မလား။
ကော်ဇလုံ၂လုံးကို တဂွမ်းဂွမ်းရိုက်ပြီး တစ်လုံး၂၀၀ တစ်လုံး၂၀၀ ခိုင်တယ်ခန့်တယ်ဆိုပြီး အော်လိုက်  ရိုက်လိုက်နဲ့ လုပ်နေရင်းက တစ်လုံးက ဂျွတ်ကနဲများ ကွဲသွားရင် 
ကွဲသွားတဲ့ ဇလုံတစ်ုံတစ်လုံးကို  ဒီလိုကွဲရင် ဒီလိုလွှင့်ပလိုက်တယ် ကောင်းတာကိုဘဲ ယူဆိုပြီး ရောင်းနေတာ ကြည့်မလား။
အညာကလာတဲ့ မကျီးထန်းလျှက်နဲ့ ကရေကရာလေးတွေလဲ ပါသေးတာဘဲ။
ဒါတွေက သူတို့ရဲ့ မိသားစု စား၀တ်နေရေးအတွက် မလုပ်မဖြစ် လုပ်ရတာမို့လို့ ကောင်းသော ရောင်း၀ယ်ခြင်းပါ။
ဒီကြားထဲ တနလာင်္နွားပွဲကို လာတဲ့ ယစ်ထုတ်ကြီးတွေအတွက် ယမကာ ဂျန်းဂဲလ်နဲ့ ထန်းရည်ဆိုင်လေး လဲရှိပါသေးရဲ့။
ဒါကလဲ နှစ်သက်လို့ သောက်ကြတာ သောက်လို့  ရပါသေးတယ်။
ပိုဆိုးတာက လာရောင်းတဲ့ နွားတွေထဲ နွားသိုးခပ်ဆိုးဆိုးသာ ပါလာလို့ကတော့ ကြိုးပြတ်ပြီး တကွင်းလုံး လှည့်မွှေလိုက်ရင် နွားပွဲတစ်ခုလုံး ဖုန်တစ်သောသောနဲ့ ပြေးသူပြေး ဖမ်းသူဖမ်းနဲ့ ပွဲကဆူပါလေရော။
အခုလဲ ဒီ facebook ထဲမှာ နွားသိုးလို မွှေတတ်တဲ့ တစ်ယောက်ယောက်များ ပါလာခဲ့ရင်တေ့ စိတ်ညစ်စရာတွေ ဖုံတောထဲ အသက်ရှူလို့ မ၀တာတော့ အမှန်ပါဘဲ။
ကျန်တာတွေက စကားအဖြစ် ရေးသွားတာနော် ဘယ်သူ့ကိုမှ မရည်ရွယ်သလို ဘယ်သူ့ကိုမှလဲ အခင်အမင် မပျက်ပါဘူး ရေးချင်တဲ့ စာရဲ့လိုရင်းကိုရောက်အောင် ပို့နိူင်ဖို့ အတွက်သာ ရေးရေားခြင်းသာဖြစ်ပါတယ်။
ကျမဆိုလိုချင်တာက နွားသိုးကြိုးပြတ်သွားတာ တစ်ခုပါဘဲ။
ကျမရေးသမျှစာကို ကော်ပီလုပ်ပြီး လူတစ်ယောက်ကို သွားသွားပြ ပြီးတော့ သူသွားပြတဲ့လူကို အဲဒါ သူ့ကိုရေးတာပါဆိုပြီး သွေးတွေ သွားသွားထိုးပြီး ရန်တိုက်ပေးသလိုတွေ လုပ်တတ်တဲ့ သူကိုဘဲ ရည်ရွယ်ပါတယ်။
အခုတော့ သူပြောသမျှ သူလုပ်သမျှဟာတွေ ကျမပြန်သိရတော့ သူဟာပွဲပျက်အောင်ဖျက်တဲ့ နွားသိုးကြီးတစ်ကောင်ကို ဖြစ်လို့ပေါ့လေ။
နွားသိုးဆိုတာ ပေါ်စားလဲ မကောင်း မွေးထားလဲ မနိုင်မို့လို့ ဘယ်သူကမှ မလိုချင်ကြတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူပါ။

မိခင်ဘဝ


ကျမ မိခင်ဘဝ ရောက်သောအခါမှာ

အမေဆိုတာ အရာရာကို သားသမီးအတွက် ပေးဆပ်ချင်ကြသလို
ကောင်းမွန်တာတွေနဲ့ဘဲ ကြုံစေချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုတာ
ပိုပြီ‌နားလည် လာခဲ့ပါတယ်။

သားနဲ့သမီးကို ဘာသာတရား ကိုင်းရှိုင်းပြီး
အနန္တောအန္တ ငါးပါးကို အမြဲတမ်း ရိုသေလေးစားတတ်တဲ့ သူ‌လေးတွေ ဖြစ်စေချင်ခဲ့မိတယ်။

ဒီအချက်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်က ကျမအတွက် စိတ်ချမ်းသာစေခဲ့တယ်

ကျန်းမာခြင်း သုခဆိုတာကိုလဲ သူတို့ကို အမြဲတမ်း ရယူစေချင်ခဲ့မိတယ်
ဒီအချက်ကတော့ ခန္ဓာရလာရင် ဝေဒနာဆိုတာ ရှိလာတာမို့ ကျမလောဘ သိပ်မကြီးရဲခဲ့ပါဘူး။

အောင်မြင်ပြီး ထွန်းတောက်တဲ့ ဘဝလေးတွေကို သူတို့အတွက် ဖြစ်စေချင်ခဲ့မိတယ်
ဒီအချက်လေးကိုလဲ မိဘအလိုကျ သူတို့စွမ်းဆောင်နိုင်ခဲ့ကြပါတယ။်

ရလာတဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကို သူတို့တွေ ကောင်းစွာထိမ်းသိမ်း စောင့်ရှောက်နိုင်ဖို့
အမြဲတမ်း မိခင်တယောက် အနေနဲ့ ဆုတောင်းပေးနေမိတယ်။

ဒီအချက်အတွက်ကိုလဲ ကျမတို့မိဘတွေက အမြဲမပြတ် သတိရှိစေခဲ့တဲ့အတွက်
သူတို့လေးတွေကလဲ ကောင်းစွာထိမ်းသိမ်း နိုင်ခဲ့ကြပါတယ်။

ဒါတွေအပြင်

ဘယ်သောအခါမှ သူတို့ရဲ့ဘဝကို ပေါ့ပေါ့တန်တန် မဖြတ်သန်းစေချင်ခဲ့မိပါဘူး
သူတို့ရဲ့ ဘဝလေးတွေကို အမြဲတမ်း ဖြောင့်ဖြူးနေစေချင်ခဲ့မိတယ်။

အခက်အခဲဆိုတာ ကြုံလာရင်လဲ ကြန့်ခိုင်တဲ့ စိတ်ဓါတ်တွေနဲ့ ကျော်ဖြတ်နိုင်ဖို့
အမေတယောက် အနေနဲ့ အမြဲတမ်း ဆုတောင်းပေးနေမိတယ်။

ပျော့ညံ့တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ မဖြစ်စေချင်ဘူး
သန်မာထက်မြက်တဲ့ စိတ်ဓါတ်ပိုင်ရှင်လေးတွေ ဖြစ်စေချင်ခဲ့တယ်။

သူတို့ဘဝတွေအတွက် အရှုံးဆိုတာတွေနဲ့ မတွေ့စေချင်ဘူး
အရာရာကို အောင်မြင်မှုတွေနဲ့ဘဲ ကြုံစေချင်ခဲ့တယ်။

*အရာရာဟာ ပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ပေမဲ့
အမေတစ်ယောက်ရဲ့ လောဘနဲ့ ဒီစာကို ရေးလိုက်ခြင်း မျှသာပါ*

မာမာလွင်
10:54 AM
4/06/2013

အထအန ကောက်ခြင်းအလွဲ



ရယ်စရာလေး လာပြောတာပါ

အိမ်မှာ သားအမိ သားအဖ ၄ယောက်ရှိတာ သားက ငယ်ငယ်ထဲက စင်္ကာပူမှာနေတော့ သူက အမြဲတမ်း အဝေးမှာ ရှိနေတတ်ပြီး အမြဲတမ်းလိုလို မိဘအနားမှာ သမီးတစ်ယောက်ဘဲ ရှိနေတတ်ပါတယ်။

အဖေလုပ်သူက စကားကို ဘယ်တော့မှ အပိုတွေ ပြောလေ့မရှိသူ မိသားစုအပေါ် တာ၀န်ကျေအောင် အကုန်လုပ်ပေးတတ်ပြီး အားလပ်ချိန်မှာ သူ့ဘာသာသူ စာဖတ်ရင်ဖတ် သီချင်း နားထောင်ရင် နားထောင် နေတတ်သူ။

သားသမီးကို စည်းကမ်းတကျ ထားတတ်ပြီး အ၀တ်အစား အနေအထိုင် အပြောအဆိုကို အမေကတဆင့် သင်ကြားခိုင်းတတ်သူ။

အမေလုပ်သူ ကျမက သားသမီးကို အဖေပြောတာထက် ၁၀ဆလောက်ပိုပြီး ပြောပြတတ်သူ စည်းကမ်းအလွန်ကြီးသူ အစားအသောက်ကို ကိုယ်တိုင်ချက်ကျွေးရမှ ကျေနပ်သူ။

သားသမီး အ၀တ်အစား၀တ်ရင် မျက်စေ့ဒေါက်ထောက်ကြည့်ပြီး ပွစိပွစိပြောတတ်သူ အင်္ကျီလည်ပင်း မဆိုသလောက်လေး ဟိုက်တာ၀တ်ရင် နင့်အဖေ မကြိုက်ဖူးဆိုပြီး လူမိုက်ငှားကာ ပြောတတ်သူ။

ထိုင်တာကအစ ခြေထောက်ကို ဘယ်လိုထားပြန်ပြီ လက်ကို ဘယ်လိုနေပြန်ပြီဆိုပြီး ခရေစေ့တွင်းကျ ကြည့်ပြီး ပြောနေတတ်သူ။

ကိုယ်မှားခဲ့ဖူးတာတွေကို ဥပမာပေး နမူနာပေးပြီး ကိုယ့်လို မကြုံရအောင် ဆုံးမတတ်သူ အမြဲတမ်း ကိုယ့်ကိုကိုယ် ယောက်ျား အလုပ်သွားတာနဲ့ အိမ်မှာ ဘုရင်မကြီးလိုလို ဘာလိုလို သြဇာအာဏာကို အသားကုန်ပြတတ်သူ။

သားလုပ်သူကတော့ အဖေအမေ ဘာပြောပြော ဟုတ်ကဲ့ ဖေဖေ ဟုတ်ကဲ့မေမေဆိုပြီး လိမ္မာအောင် အမြဲနေတတ်သူ မိဘ ညီအကိုမောင်နှစ်မတွေကို အရမ်းချစ်သူ အပြစ်ပြောစရာမရှိအောင် နေထိုင်တတ်သူ။

သမီးကတော့ ငယ်ဂုဏ်လေးရယ် မိဘအလိုလိုက်တာရယ် အခံရဆုံးလူမို့ မဟုတ်မခံ စိတ်လေးတော့ ရှိတယ်လို့ ပြောရမဲ့သူ မှန်တယ်ထင်ရင် အဖေ အမေကလွဲပြီး ပြန်ပြောတတ်သူ အဖေကိုတော့ အင်မတန်ချစ်ပြီး ကြောက်လဲကြောက် အားလဲ အရမ်းအားထားသူ။

ရီစရာလေး စပါတော့မယ်

ညနေက အဖေလုပ်သူ အလုပ်က ပြန်လာလာခြင်း လေ့ကျင့်ခန်းလုပ်ပြီး စက်ဘီးပေါ်က ဆင်းလာတဲ့ သမီးကို ပေါင်ချိန်ခိုင်းပါလေရော

သမီးလုပ်သူကလဲ သူ့ကို ၀တယ်လို့ ပြောရင် တစက်လေးမှ မကြိုက်သူ ၀တယ်လို့ပြောလိုက်ရင် ပြန်မပြောရဲလို့သာ မပြောပေမဲ့ မျက်ရည်ကျိတ်ပြီး ကျတတ်သူ

ဖြစ်ချင်တော့ သူ့အဖေ ပေါင်ချိန်ခိုင်းစဉ် သူက လေ့ကျင့်ခန်း လုပ်နေလို့ မျက်မှန်မတပ်ထားလေတော့ စာလုံးတွေ ဘာမှမမြင်ရ ဖြစ်နေချိန်

တိုက်ဆိုင်ချင်တော့ ပေါင်ချိန်စက် ဘက္ကထရီကုန်နေလို့ နေ့လည်ကမှ အမေလုပ်သူက ဘက္ကထရီ လဲပေးထားချိန် ဘာကို မှားနှိပ်မိလေတယ် မသိ ပေါင်ချိန်စက်က ကီလိုနဲ့မပြဘဲ စတုန်နဲ့ ဖြစ်သွားချိန်

အဖေလုပ်သူက ပေါင်ချိန်စက်က ဂဏ္ဌန်းကို ကြည့်ပြီး (စတုန်ကြီး) ဖြစ်နေပြီ စတုန်ကြီး ဖြစ်နေပြီ ထပ်ခါထပ်ခါ ပြောလေတော့ သမီးလုပ်သူက အဖေကို ပြန်မပြောရဲလို့သာ ပေါင်ချိန်စက်ပေါ်က မဆင်းဘဲ မတ်တပ်ကြီး တွေတွေရပ်နေလေတော့ သူ စိတ်ကောက်ပြီဆိုတာ ကျမ သိလိုက်ပြီ။

အမေလုပ်သူ ကျမ စိတ်ထဲက ဘာကောက်ပြီး ရွတ်မိတယ်ထင်လဲ အမေ့သမီးလေးက အဖေနဲ့အမေကို ကောင်းသော စကားများသာ ဆိုပါစေ သုဂတော သုဂတော သုဂတော သုဂတော ထပ်ခါထပ်ခါ ရွတ်နေချိန်

ဟဲ့ မီးလေး ပေါင်ချိန်ဆက်ပေါ်က ဆင်းလေ ပေါင်ချိန်စက်က မှားနေတယ် ကီလိုနဲ့ မပြဘဲ စတုန်နဲ့ပြနေတယ် မှားနေတယ်တဲ့ 😀 😀

အော် ငါ့နှယ် သေသာသေလိုက်ချင်တော့တာပါဘဲ ကီလိုနဲ့စတုန် မှားတတ်ပေတယ် ရယ်လို့ဆိုပြီး ရီလိုက်ရတာ 😛 😛 😛

မှတ်ချက်
စတုန် = အယ်စတုန်လို့ ချက်ခြင်းကြီး အဓိပ္ပါယ်ကောက် ကောက်ချက်ချလိုက်ကြသူ သားအမိ။


ပါဆယ်ပုံးကြီး

လူ့စိတ်များ တခါတခါ သိပ်ရယ်ရတယ်
အခုရက်ထဲ Sydney မှာ ဖြစ်သွားတဲ့ ပြသနာကလဲ ပူနွေးနေတုံး အချိန်မှာ
အိမ်ကို ပါဆယ် အထုတ်ကြီးတစ်ထုတ် နေ့လည်က ရောက်လာလို့ ကျမလက်ခံပြီး ယူထားလိုက်တယ်။

ကလေးတွေ အဖေနံမည်နဲ့ဆိုတော့ သူလာမှ ဖောက်ပစေပေါ့နော် အိမ်မှာက ဘာစာ ဘာပစ္စည်းလာလာ ကိုယ့်ပစ္စည်း ကိုယ့်နံမည်မဟုတ်ရင် ဘယ်သူကမှ ဖောက်မကြည့်တတ်တဲ့ စည်းကမ်းလေးတွေ ရှိပါတယ်။

ဒါပေမဲ့ သမီးနဲ့၂ယောက် အထုတ်ကြီးကို ကြည့်ပြီး ဝေဖန်လေကန်တာလေးတော့ လုပ်ကြတာပေါ့နော် ဟဲ့ နင့်အဖေက ပစ္စည်း၀ယ်ရင် တကဲ့အကောင်းစားမှ ၀ယ်တာတွေ့လား ဒါကြီးက တကဲ့နံမည်ကြီးတံဆိပ် နံမည်ကြီးဆိုင်က ပို့ထားတာ ဘာညာပေါ့။

သမီးကတော့ သူ့အဖေကြိုက်လို့မှာတဲ့ ပစ္စည်းမို့ ဘာမှထွေလီကာလီ ၀င်မပြောတော့ဘဲ အမေပြောသမျှ နားထောင်နေတယ်။

ညနေရောက်တော့ အဖေလုပ်သူ အလုပ်ကပြန်လာပါပြီ သူ့စားပွဲပေါ်က အထုတ်ကြီးကိုကြည့်ပြီး ခပ်ဝေးဝေးကနေ စာကိုဖတ်နေတယ် ၁၀မိနစ်လောက်ကြာတဲ့အထိ စကားမပြောဘဲ မတ်တပ်ကြီးရပ် အထုတ်ကြီးကိုကြည့်ပြီး ပါ့ပါ့နံမည်နဲ့ ပါ့ပါ့လဲ ဘာမှ မမှာထားဘူးတဲ့။

သူပြောမှ သားအမိ၂ယောက်လဲ တယောက်မျက်နှာ တယောက်ကြည့်ပြီး သို့လော သို့လောဖြစ်ရပါလေရော တအောင့်လောက်နေတော့ ပါ့ပါ့ ဘာမှမ၀ယ်ထားဘူးတဲ့ ဗုံးများဖြစ်နေမလား ပြောရုံရှိသေး သမီးသေးလေး ထွက်ပြေးလိုက်တာ အိမ်နောက်ဖက် အပေါက်ကို လှစ်ခနဲဆို ရောက်သွားတယ်။

ကျမလဲ ဗုံးလို့ဆိုလိုက်တာနဲ့ ကျမသူငယ်ချင်း သူ့အိမ်မှာ စာအိတ်ဗုံးပေါက်လို့ တစစီလိုက်ကောက်လိုက်ရတဲ့ အဖြစ်ကို ပြန်မြင်ပြီး ထွက်ပြေးလိုက်တာ အထုတ်ကြီးနဲ့ ကလေးတွေ အဖေဘဲ အိမ်ထဲမှာ ကျန်နေခဲ့ချိန်။

ဖုန်းသံကမြည်လာလို့ ကြည့်လိုက်တော့ သားကြီးဆီက ဖုန်းဖြစ်နေတယ် သူ့ကိုပြန်ပြီး ဖုန်းပြန်ပြောတော့ မေမေရေ သားသား ဖေဖေ့မွေးနေ့အတွက် မွေးနေ့လက်ဆောင် ပို့ထားတယ်တဲ့ ရောက်ပြီလားတဲ့ ဖေဖေ အံ့အားသင့်အောင်ကြိုပြီး မပြောဘဲ ပို့လိုက်တာပါတဲ့လေ။

သူ၀ယ်တဲ့ ဆိုင်နံမည်ပြောတော့မှ ငိုအားထက်ရယ်အားသန် ရယ်လိုက်ရတာဆိုတာ ပြောမနေပါနဲ့တော့ တိုက်ဆိုင်လိုက်ပုံများ ပြောပါတယ် တခနအတွင်းမှာဘဲ အထိတ်ထိတ် အလန့်လန့်တွေ ဖြစ်လိုက်ကြရပြီး အကြောင်းအကျိုး သိလိုက်ရပြန်တော့ ရယ်လိုက်ရတာ ဖတ်ဖတ်ကို မောလို့ 😀. 😀. :-D



မြန်မာစာ မြန်မာစကား



ကျမပြောပါရောလား
Facebook လောက က တကဲ့ကို ကင်ဆာဆဲလ်လိုဘဲ သိပ်ပြန့်နှံ့လွယ်ပါတယ်။

မနေ့ညက မြန်မာစာ စာလုံးပေါင်း သတ်ပုံအမှားတွေ ထုတ်ပါတယ်ဆိုပြီး တယောက်သောသူက တင်လိုက်တာကို ကျမဖတ်မိပြီး ပြန်တင်ပေးလိုက်မိပါတယ်။

ကျမလိုဘဲ မူရင်းတင်သူရဲ့ မြန်မာစာ အမှား စာမျက်နှာတွေ တင်ထားတာကို ဖတ်မိတဲ့သူတွေ အားလုံး သို့လော သို့လောတွေ ဖြစ်ကုန်ကြတယ်။

သူတို့လိုပါဘဲ ကျမကိုယ်တိုင်လဲ မြန်မာစာ သင်ရိုးမှာ စာလုံးပေါင်း အမှားတွေတွေ့တော့ အံ့သြမိသွားတယ်။

ဒါကြောင့်မို့ စာလုံးအမှားတွေလို့ ထင်ရတဲ့ မြန်မာစာသင်ရိုး စာမျက်နှာ တချို့ကို ကျမ ကူးယူပြီး တင်လိုက်မိတယ်။

ကွန်မန့်တွေ တက်လာတော့မှ ကျမသိလိုက်ရတာက တိုင်းရင်းသားတွေအတွက် မြန်မာစာ သင်ရိုးသစ်ပါတဲ့။

စစပြီးတင်တဲ့သူက ပြည့်ပြည့်စုံစုံ ရေးပြီးမတင်တဲ့အတွက် ကျန်တဲ့သူတွေက ကိုယ့်မြန်မာ စာပေကြီး ပပျောက်မှာကြောက်ပြီး တယောက်ကစ တရာဆိုသလို share လာကြတာ တွေ့ရတယ် share တဲ့သူ အားလုံးကလဲ မြန်မာစာအတွက် စိတ်ပူပန်မှု များစွာနဲ့ share လာကြတာပါ။

အခုဖြစ်ပေါ်နေတဲ့ မြန်မာစာ သင်ရိုးအတွက် လူတော်တော်များများ အထိတ်တလန့်ဖြစ်ပြီး အမိ မြန်မာစာအတွက် share ကြတဲ့သူတိုင်းဟာ အပျက်သဘောမျိုး မဟုတ်ဘဲ မိခင်ဘာသာ စကား မိခင်ဘာသာ စာပေ အတွက် စိတ်ပူပြီး share ကြတာဘဲ ဖြစ်ပါတယ်။

ကျမကိုယ်တိုင်တောင် တွေ့တွေ့ချင်း ဘာတွေဖြစ်သွားတာလဲဆိုပြီး တော်တော်လေး စဉ်းစားမိပါသေးတယ် စဉ်းစားမယ်ဆိုရင်လဲ စဉ်းစားစရာပါ ခေတ်အဆက်တက်က မြန်မာစာကို တိုင်းရင်းသား ဘာသာစကားနဲ့ ထုတ်ပြန်ပြီးသင်ခဲ့တဲ့ သင်ရိုးဆိုတာ မရှိခဲ့ဘူးလို့ဘဲ ကျမသိခဲ့ပါတယ် ရှိခဲ့တယ်ဆိုရင်တော့ ကျမတကယ်မသိရိုး အမှန်ပါ။

အခုတော့ မိခင်မြန်မာစာအတွက် စိတ်ပူပြီး တင်လိုက်မိတဲ့ စာသား မြန်မာစာတွေရဲ့ ပုံအောက်မှာ တက်လာတဲ့ ကွန်မန့်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ကျမသာ ဒီအမှားကို မတင်ဘဲ ကိုယ့်စာပေအတွက် တယောက်ထဲ တနုံ့နုံ့ခံစားနေမယ်ဆိုရင် ကျမရင်ထဲမှာ အမှားတွေနဲ့ဘဲ ပြည့်ကြပ်နေလိမ့်မယ်။

နောက်တခုက မြန်မာစာနေရာမှာ တိုင်းရင်းသားတွေအတွက် မြန်မာစာ သင်ရိုးဟာ မြန်မာစာစစ်စစ်ဘဲ ဖြစ်သင့်ပါတယ် တိုင်းရင်းသားဘာသာစာနဲ့ သင်ရင် မြန်မာစာစစ်စစ် မဟုတ်ဘဲ ကလေးတွေက အနေနဲ့ မြန်မာစာ အစစ်အမှန်ကို မရနိုင်ပါဘူး ဒိအတွက်တော့ မြန်မာစာအတွက် ရင်လေးစရာပါ။

ကျန်တဲ့ ကျမလို မသိသေးသော သူတွေလဲ မြန်မာအတွက် စိတ်ပူကြမယ် စိတ်မကောင်း ဖြစ်ကြမယ် ကိုယ့်စာပေအတွက် ခံစားကြရမှာပါ။

ကင်ဆာဆဲလ်လို ပြန့်ပွားလွယ်တဲ့ facebook ကမ္ဘာလေးထဲမှာ အကောင်းအဆိုးက အမြဲတမ်း ဒွန်တွဲနေတာမို့ စောစောသိရင် ကာကွယ်လို့ရသလောက် ကာကွယ်နိုင်ပါတယ်။

အကောင်းလေးတခု ရလိုက်တဲ့အတွက် ကျမအတွက်တော့ ကျမပူပန်မိတဲ့ မိခင်မြန်မာ စာပေအတွက် အရာရာအားလုံးကို စိတ်ပူပန်ကြခြင်းနဲ့ ရေးလာသော ကွန်မန့်များ အမှန်ကို သိစေအောင် ဖော်ပြကြသော ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်မိပါတယ်။

မြန်မာစာသည် ဒို့(တို့)စာ မြန်မာစကားသည် ဒို့(တို့) စကား ဆိုတာ ကျမရင်ထဲမှာ အမြဲရှိနေတတ်လို့ ဆိုးရိမ်ပူပန်ခြင်း တခုအတွက် မနေ့က တင်လိုက်တဲ့ စာနဲ့ပုံများကို ရည်ညွှန်းပြီး ပြန်လည်ရေးသား လိုက်ခြင်းဖြစ်ပါတယ်။

မာမာလွင်
6:06 AM
19/12/2014




ကျမနှင့်ဆီးချို



၅၃နှစ်ဆိုတဲ့ အင်ဂျင်ကြီး 
တစ်ခုပြီးတစ်ခု ပြင်နေရတယ်
ပြင်နေရင်းကိုဘဲ 
ဂျုံးဂျုံးက ကျလာနေပြီ
ကြာလာတော့လဲ 
စက်ဆီ ဘယ်လောက်ထည့်ထည့်
တကျွီကျီနဲ့ မြည်လာပါရော့လား။

ပြေးလိုက်ပါအုံး ဆေးခန်း
သောက်လိုက်ပါအုံး ဆေး
ဖြစ်တဲ့ရောဂါကလဲ ဆန်းပါပေ့
ဆေးဖြတ်လို့မှ မရတဲ့ ဆီးချို

ဆရာ၀န်ကလဲ ပြောပါတယ်
နင်သေမှ ဆေးကဖြတ်လို့ရမှာတဲ့
ဒီတော့လဲ

အလိုချင်ဆုံး ဆုကိုတော့
စပါယ်ရှယ်ကိုတောင်းတာ
ကိုယ့်အရိုးကိုယ် 
မသယ်နိူင်အောင်တော့
အသက်မရှည်ပါရစေနဲ့

မွေးလာပြီဆိုထဲက
အို နာ သေ 
ကြုံရတော့မယ်
တခြားသော 
သဘောတရားတွေ
သိပ်ပြီး နှစ်လုံးမသွင်းတော့ဘဲ
ရုပ်နဲ့နာမ် မကွာခင်
လောဘ ဒေါသ မောဟတွေကို 
အတတ်နိူင်ဆုံးခွာ
ရုပ်နဲ့နာမ် ကွာသွားရင်တော့
ဒီရုပ်ကြီးလဲ ပျောက်သွားမှာ
ပုတ် ညှီ လာမဲ့ ခန္ဓာကိုယ်ကြီးက
တန်ဖိုးကြီးလဲ မဲ့သွားတော့မှာ

ဘယ်မှာလဲ မာမာလွင်
ဘယ်မှာလဲ မျက်လုံး
တကိုယ်လုံး အရည်ပျော်
ဂလောက် ဂလောက် မြည်နေကာ
မျက်တွင်းဟောက်ပက်နဲ့ 
အရိုးစုသည်သာ
မာမာလွင်ဆိုတာ 
ကျန်ခဲ့မည်တကား။

မာမာလွင်

လေရူးသုန်သုန်



ဆောင်းဦးမှာ 
ပါလာတဲ့ လေရူး
ကလူ သလိုလို 
မြှူသလိုလိုနဲ့
ပြင်းပြင်းလဲ မတိုက်
ညှင်းညှင်းလေး တိုက်ကာ
အရှေ့ကို သွေးလိုက်
အနောက်ကို လွေးလိုက်နဲ့
တောင်လေလိုလို
မြောက်လေလိုလို
မတည်ငြိမ်နိုင်တဲ့ 
လူ့စိတ်လိုဘဲ
ရောက်ချင်ရာရောက်
ပေါက်ချင်ရာပေါက်ပြီး
ကမ်းကိုလဲ မမြင်
လမ်းကိုလဲ မမြင်
ကမ်းဝေးရေလည်
ရောက်နေရ သလိုပါဘဲ
ဘယ်ဆီ ဘယ်ကြဌါန်း
မြန်းရမှန်း မသိ
သံသရာ စက်ဝန်း
ကမ္ဘာ့ စက်ဝန်းထဲမှာ
လည်ပြီးရင်းလည်
အဆုံးမဲ့စွာနဲ့
အရှေ့အနောက် 
တောင်မြောက်
ဝေ့လည်ကာ 
ကြောင်ပတ်လို့
သံသရာ
စက်ဝန်းက
ဘယ်လောက် ရှည်ရှည်
လည်နေအုံးမှာလဲ။
မာမာလွင်
8:30 PM
25/11/2012

ရက်ကိုလစား



ဒီနေ့ 1/1/2016 တဲ့

ထိုနည်း ၎င်းပါဘဲလေ

မနေ့က အတိုင်းပါဘဲ

အိပ်ယာထ မျက်နှာသစ်

မီးဖိုဆောင်၀င် ချက်ပြုပ်

အ၀တ်လျှော် အ၀တ်လှန်း

အိမ်သန့်ရှင်းရေးလုပ်

ထွေလီကာလီ 

အားလုံးပြီးချိန်

မိုးချုပ်ပြန်တော့ 

နောက်တစ်ရက်ကူးဖို့

အချိန်ကို စောင့်ရင်း

၃၆၅ရက် ပြည့်ပြန်တော့

HAPPY NEW YEAR 

ပြန်ရောက်လို့ လာအုံးမှာဘဲ

၃၆၅ရက်အတွင်း

အိတ်သွန်ဖာမှောက် 

ဆန်းစစ်ကြည့်လိုက်တော့

ကုန်သွားတာက 

နေ့ရက်လနှစ်ဆိုတဲ့ အချိန်

ကိုယ်ရလိုက်တာက 

ကြောင်းကျိုးမဲ့တဲ့ 

ဆင်ချင်တုံ တရားတွေ

သေမင်းနဲ့ စစ်မခင်းမခြင်း

ဒီလိုဘဲ 

သံသရာက 

လည်နေတော့မှာလား။

Mar Mar Lwin
1/1/2016
11:05 AM
Rockhampton

အထင်ကရ မြို့တော်ကြီးဆီသို့



မနေ့က သမီးသေးဆီကို မနက် ၇နာရီထိုးကြီး သွားကြတယ် အမြန်ရထားဆိုတော့ ၂နာရီခွဲဘဲ စီးရတယ် သမီးသေး အဆောင်ကိုရောက်တော့ သားအမိ သားအဖသုံးယောက် စကားတွေ အလုအယက်ပြောကြတယ်။

စာမေးပွဲနားနီးတော့ စာနဲ့ပါတ်သက်တာတွေ သူ့အဖေကိုမေးပြီး တအောင့်လောက်နားကာ မြို့ထဲခနသွားပြီး စျေးသွား၀ယ်ကြတယ် သမီးသေးက စာမေးပွဲရှိတော့ အပြင်မှာ အကြာကြီးမနေချင်တာနဲ့ ၀ယ်ချင်တာလေးတွေ၀ယ်ကာ အမေ နဲ့သမီးသေးက အဆောင်ကို ပြန်လာကြတယ် အဆောင်ရောက်တော့ သမီးသေးက စာဆက်ဖတ်ပေါ့။

သူစာဆက်လုပ်ပြီး ညကျတော့ မြို့ထဲမှာ မီးအလှ ထွန်းတာလေးတွေ ပြချင်လို့ပါ မပြန်ပါနဲ့အုံးဆိုတော့ ညအထိ ခနနေပေးပြီး မီးအလှထွန်းတဲ့ဆီမှာ လျှောက်ကြည့်ကြတယ်။

လူတွေကလဲ ကြိတ်ကြိတ်တိုးနေတော့ လမ်းကျဉ်းလေးထဲမှာ လူလှိုင်းလုံးကြီးလိုဖြစ်ပြီး လျှောက်လို့ကမရ သူတို့ဒေါက်ဖိနပ်တွေနဲ့ တက်တက်နင်းမိတာများ ခြေထောက်တွေလဲ အိမ်ရောက်တာနဲ့ ကြပ်ထုပ်ထိုးရမလားတောင် အောင့်မေ့မိတယ်။

ဘာနဲ့တူလဲ ဆိုတော့ကာ မြန်မာပြည်က တောဘုရားပွဲလိုဘဲ တောဘုရားပွဲလိုတော့ ဖင်ဆိတ်တာ ဘာညာမရှိဘူးပေါ့ ဟဲဟဲ ရဲတွေ လုံခြုံရေးတွေက အော်လံကြီးတွေကိုင်ပြီး အကြီးအကျယ် စောင့့်ကြပ်ပေးနေတာကိုး (လုံခြုံရေးအတွက် ပြောတာပါ)
ကလေးကစားစရာ မီးတိုင်လေးတွေ ခေါင်းမှာတပ်တဲ့ မီးလုံးပန်းကုန်းလေးတွေ ပူစီပေါင်းရောင်းတဲ့သူတွေကတော့ တခုကို ဒေါ်လာတစ်ဆယ် တခုတစ်ဆယ်နဲ့ မြန်မာပြည်က တောဘုရားပွဲစျေးမှာ ကွမ်းယာရမယ် ဆေးလိပ်ရမယ် ရေသန့်ဘူးရမယ်ဆိုပြီး အော်အော်ပြီး ရောင်းနေကြသလိုဘဲ အော်ရောင်းတဲ့သူတွေကလဲ ဒုနဲ့ဒေးပါဘဲ။

အရက်တွေမူးပြီး အုတ်နံရံကို သေးနဲ့ပန်းနေတဲ့သူတွေလဲ တွေ့ခဲ့ပါရဲ့ တချို့လဲ ချမ်းလွန်းတော့ အနွေးထည် လှလှလေးတွေ၀တ်ပြီး စတိုင်မလိုင်ထုတ်ကာ တညိမ့်ညိမ့်နဲ့ ဂီတသံကြားမှာ စီးမျောနေကြသလို့ တချို့ကတော့ အင်္ကျီလက်ပြတ် အပြတ်အဟိုက် အဖုအထစ်တွေထွက်ကာ စကဒ်လေး တထွာလောက် ၀တ်လာကြတယ်။

ချမ်းလွန်းတော့ အရက်ပုလင်းကို လက်မှာကိုင်ကာ မော့ချလိုက် ပြီးတာနဲ့ စီးကရက်ကို တလိပ်ပြီး တလိပ်ဖွာရင်း မွန်ရိုးလိုလို ဘာလိုလိုနဲ့ နူတ်ခမ်းနီ ရဲရဲလေးတွေဆိုးကာ မူးနေတဲ့ဟန်ကို မနည်းထိမ်းရင်း ဒေါက်ဖိနပ် တဂွတ်ဂွတ်နဲ့ လျှောက်နေကြတာလဲ အများသားလာပေါ့လေ။
လမ်းလယ်ခေါင်မှာ တယောက်နဲ့တယောက် မြွေ၂ကောင်လို ရစ်ပါတ်နေကြတာတွေ နမ်းနေကြတာတွေ မူးပြီးပိုးလိုးပက်လက် လန်နေကြတာတွေ အမှိုက်ပုံးတွေ ထားပေးသော်လဲ စားသောက်ပြီး စားပြီးသားတွေ ပြစ်ထားခဲ့တာတွေ သူတို့ပြစ်ခဲ့သမျှ သန့်ရှင်းရေးတွေက မနားတမ်း လိုက်ကောက်နေတာတွေကိုလဲ မျိုးစုံအောင်တော့ မြင်ခဲ့ရတာပါဘဲ။

ကြာလာတော့ အံဖတ်စော်တွေကနံ အံဖတ်တွေကို ရှောင်တိမ်းနင်းရင်းကြားထဲက နင်းမိပြီး လူအုပ်ကြီး နင်းတာတွေလဲ မခံနိူင် ခေါင်းတွေလဲ ကိုက်လာတာနဲ့ ရပ်တန်းကရပ်ကာ အပြင်ပြန်ထွက်ပြီး နေလိုက်တော့တယ် အော် ဒီမိုကရေစီဆိုတာ ဒါလဲတခုပါဘဲလားလို့ တွေးမိပြန်တယ်။

ည၉နာရီထိုးတော့ သမီးကို အဆောင်ပြန်ပို့ခဲ့ပြီး  ပြန်လာကြတယ် ရုံးပိတ်ရက်ဆိုတော့ စနေ တနင်္ဂနွေဆို အမြန်ရထားက ည၉နာရီနောက်ဆုံးထိဘဲ ထွက်ပေးတယ် ကျန်ရက်တွေကတော့ တနေကုန် တညလုံးကို ၁၅မိနစ်တစီး ပုံမှန်ထွက်ေးပတယ်။

ရထားခကတော့ ရုံးဖွင့်ရက်ဆို မာမာတို့နေတဲ့မြို့ကနေ ဆစ္စဒနီကို $6.30ပေးရပြီး ရုံးပိတ်ရက် ဆိုရင်တော့ $2.30 ဘဲ ပေးရပါတယ် မနက်ပိုင်း အသွားတုန်းကတော့ ရုံးပိတ်ကျောင်းပိတ်တော့ တောကလူတွေ မြို့တက်ကြတယ် တွဲတွေထဲမှာ ထိုင်ခုံအလွတ်တွေရှိပေမဲ့ လူတော်တော် များများပါလာပါတယ်။

အပြန်ခရီးမှာတော့ ကိုယ်တွေစီးတဲ့တွဲမှာ ကိုယ်တွေ ၂ယောက်ဘဲ ပါသလို ဘူတာတွေမှာ လူအတက်အဆင်းကို ကြည့်ခြင်းအားဖြင့် ရထားကြီး တစီးလုံးမှာ ၁၀ယောက်လောက်ဘဲ ပါလာမယ်ထင်ပါတယ် အမြန်ရထားဆိုတော့ ဘူတာတိုင်းမှာ မရပ်ဘဲ မြို့ကြီးတဲ့ ဘူတာတွေလောက်ဘဲ ရပ်ပါတယ် ရထားကြီးကတော့ ကိုယ်တွေမြို့ပြီး နောက်တမြို့မှာ ဂိတ်ဆုံးပါတယ်။

မှတ်ချက် ။ အံဖတ်ပုံကြီး တက်နင်းမိပြီးထဲက ထိုးထိုးပျို့နေတာနဲ့ ဓာတ်ပုံတွေလဲ မရိုက်နိူင်ဘဲ အပြန် တက္ကစီပေါ်မှာ အံဖတ်နံ့ကြီး တက်တက်လာကာ အဲဒီအနံံ့ကြီးရတိုင်း တကစ်ကစ်ဖြစ်နေတော့ တက္ကစီမောင်းတဲ့သူက ကားတံခါးမှန်လေးဖွင့်ပေးလို့ တော်သေးတယ် ဒိမင့်ဆို ကိုယ်ပါအံတော့မယ်လေ


မှီခို အိမ်ရှင်မ



စဉ်းစားကြည့်လိုက်တော့လဲ
အသက်တနှစ် ပိုကြီးသွားတာကလွဲလို့

၂၀၁၅ ဆိုတာကလဲ
၂၀၁၄တုန်းကအတိုင်း
ဟိုဘက်နဲနဲ တိုးပါအုံး
ဒီဘက်နဲနဲ ရွှေ့ပါအုံးဆိုပြီး
ဘိန်မသာ လိန်မသာနဲ့
နေအုံးမှာလား။

တရက်ပြီးတရက်
ဂဏ္ဌန်းသင်္ချာ တွက်သလို
တစ်နဲ့သုံးပေါင်းလို့
ရလာတဲ့ အဖြေက
တိုးပြားလာသလို။

တဆယ်ကို ငါးနဲ့စား
ရလာတဲ့ အကြွင်းက
အမြတ်လား အရှုံးလား
စားလို့ရတဲ့စားလတ်က အရင်းဘဲလား။

ကိုးထဲက တစ်ဆယ်နူတ်
မနူတ်လောက်ရင် တစ်ချေး
ချေးရင်း ချေးရင်းက
တိုးပြားလာမွာလား
အရင်းဘဲလား။

ဒီလိုနဲ့ဘဲ
စက္ကန့် နာရီ
ရက် လနှစ်ချီ
ကုန်ဆုံးသွားရုံကလွဲလို့
အရာရာအားလုံးဟာ
မနေ့ကလိုဘဲ။

ဒီနေ့လဲ
အိပ်ယာက နိုးတာနဲ့
ချက်လိုက် ပြုပ်လိုက်
ဆေးလိုက် ကြောလိုက်
လှဲလိုက် ကျင်းလိုက်
လျှော်လိုက် ဖွတ်လိုက်
လှန်းလိုက် ခေါက်လိုက်
ပြောလိုက် ဆိုလိုက်
သိမ်းလိုက် ဆည်းလိုက်
စားလိုက် အိပ်လိုက်နဲ့
တရက်ဆိုတဲ့ နေ့စွဲက
ကုန်သွားပြန်တာပါဘဲ။

ဒုံရင်းကဒုံရင်း
၀င်ငွေမရှိပေမဲ့
ဆတ်ခေါက်လိုက်အောင်
လုပ်လိုက်ရတဲ့ အလုပ်
နားရတယ်ကို မရှိခဲ့ဘူး။

အချိန်တန်လို့မှ
ရော့အင့်ဆိုပြီး
ပေးလာတဲ့ လစာလိုမျိုးလဲ
မရခဲ့ပါဘူး။

နောက်ဆုံးတော့လဲ
အိမ်အကူသာသာ
ရာထူးရထားတဲ့
အိမ်ကြီးရှင်မဆိုတာ

အမည်သညာဆိုးတဲ့
မှီခိုအိမ်ရှင်မက 
အိမ်ရှင်မပါဘဲ။

Mar Mar Lwin
2/2/2015
9:59 AM


ကတုံးပေါ် ဘိန်းမုန့်


ဆေးရုံအကြောင်းလေးတွေ ပြန်စဉ်းစားမိတိုင်း ရေကျော်တိုက်နယ်ဆေးရုံမှာ နေခဲ့တာလေး သတိရပြီး ငိုချင်သွားတယ်။

ခရမ်းကနေ တဆင့်သွားရတော့ နွေဆို လှည်းနဲ့သွားရပြီး မိုးဆို လှေနဲ့သွားရတယ် မိုးအခါ ပင်လယ်ရေ၀င်ထားတော့ ချောင်းတလျှောက်က မြေကြီးတွေက ငံပြီးကျန်ခဲ့တယ် နွေလဲရောက်ရော ချောင်းက ရေခမ်းသွားပြီ အဲဒီအချိန်ဆို ဆားချက်ဖို့ မြေကြီးတွေကို ခြစ်ပြီး အမြင့် တတောင်သာသာလေးတွေ ပုံပြီး ထားကြရတယ်။

လမ်းတလျှောက် ဆားမြေကြီးပုံတွေပေါ်ကနေ ဖြတ်ပြီး လှည်းကိုမောင်းရတယ် အဲဒီလိုနဲ့ ရေကျော်ကနေ ထွက်လာလိုက်တာ ကတုံးပေါ်ကို ရောက်တော့မယ် ကတုံးပေါ်ရွာရောက်ရင် ဘိန်းမုန့်က နံမည်ကြီးတော့ မစားဘဲကို မနေနိူင်တာ။

ဆရာ၀န်မိသားစုဆိုတော့ ပေါ့သေးသေးတော့ မတွက်နဲ့နော် ရေကျော်ရွာကနေ တလတခါ ခရမ်းဆေးရုံကို အစည်းဝေး သွားတက်ရတိုင်း ပါဂျဲရိုး အဲလေ ယောင်လို့ နွားလှည်းကို စင်းလုံးငှါးပြီး သွားကြတာပေါ့။

တရက်တော့ ကတုံးပေါ်ရွာကို မြင်နေရပြီဆိုထဲက လူက ရွစိရွစိ ဖြစ်လာပြီ ဖင်တကြွကြွ ဖြစ်လာပြီ လှည်းနောက်မြှီးကနေ ခုန်ဆင်းပြီး သွား၀ယ်ဖို့ အရှိန်ကယူနေတုန်း ဘာဖြစ်သွားတယ်ထင်လဲ သိလား။

နွားကလန့်ပြီး ထွက်ပြေးတာတော့ မာမာလေ မပြောချင်ဘူး မပြောချင်ဘူး သိလား သတိရလို့ ကြည့်လိုက်တော့ လှည်းပေါ်ကနေ ဘုတ်ကနဲဆို ပြုတ်ကျပြီး ဆားချက်ဖို့ ယက်ထားတဲ့ ပင်လယ်ရေဝနေတဲ့ မြေကြီးပုံပေါ်မှာ ငုတ်တုတ်လေးတော့ ခိခိ။

သားကြီးက တနှစ်သာသာလေး လှည်းပေါ်ကနေ ဆားမြေကြီးပုံပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ အမေကိုကြည့်ပြီး ရီတာ ရီတာ ဆိုတာလေ ခိုးခိုး ခစ်ခစ်ကို မြည်ရောဘဲ။

အဲဒါတောင် မှတ်သလားဆိုတော့ မမှတ်ဖူးတော့ ဆားမြေကြီးတွေ ဖုတ်ဖက်ခါပြီး ၁၀၀တန်လေး ကျစ်ကျစ်ပါအောင် လက်မှာဆုတ်လို့ ထော့နင်းထော့နင်းနဲ့ ဘိန်းမုန့်ဆိုင်ကို ရောက်အောင် ပြေးသေးတာတော့။

အစားဆို လာထားကေဘဲ ထောပတ်ဆီရွှမ်းနေတဲ့ ဗန်းဘိန်းမုန့်များ တယ်ကောင်းသကွယ် ဟဲ ဟဲ ဟဲ။


​နေကာမျက်မှန်နှင့် ကျမ


နေကာမျက်မှန်လို့ ဆိုလိုက်ရင် ကျမဘဝမှာ ရီစရာလေးတွေနဲ့ ကြုံရတာ များပါတယ် ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့က မိသားစု ဈေး၀ယ်ထွက်ကြတယ်။

မိသားစု ဈေး၀ယ်ထွက်မယ်လို့ ပြောလိုက်တာနဲ့ ဘယ်ရမလဲ ဒီက မလှချင်ကလဲ အလှတွေ ပြင်တာပေါ့လေ  အလှတွေပြင်ပြီး အိမ်ကထွက်ကာနီးမှာ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ နေကာမျက်မှန်ကို ခပ်တည်တည်နဲ့ အသာလေး ကောက်တတ်လိုက်တယ်။

သားအဖ၂ယောက်လုံး ဘာမှမပြောဘဲ ပြုံးစိစိလုပ်နေတာတော့ တွေ့မိတော့

အောင်မယ် ငါ တော်တော်လေးလှလို့ ဖြစ်မယ်ဆိုပြီး ဘ၀င်လေးတောင် မြင့်ချင်သွားပြီး

လျှောလျှောကျလာတဲ့ နှာခေါင်းပေါ်က မျက်မှန်ကို လက်ညှိုးလေးနဲ့ အသာလေး တွန်းတွန်းပြီး တင်ရတာလဲ အမောပေါ့

သူတို့မသိအောင် ကားနောက်ကြည့်မှန်ကိုလဲ ခိုးခိုးကြည့်ရတာ အကြိမ်ကြိမ်လေ

အဲဒီလိုနဲ့ ဈေး၀ယ်ထွက်တဲ့ နေရာကို ရောက်လာပါလေရော ရှိူးနဲ့စမိုးနဲ့ စက်လှေခါးကို စီးပြီး တက်သွားတဲ့ထိ ကိုယ့်ဘာသာကိုယ် အိုကေနေတုန်းဘဲ

သူတို့သားအဖက ကိုယ့်ကိုထားခဲ့ပြီး အရှေ့ကနေ ခပ်သုတ်သုတ် တက်သွားလဲ ကိုယ်ကတော့ ပြားနေတဲ့ နှာခေါင်းပေါ် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့် ကျကျလာတဲ့ နေကာမျက်မှန်ကို တွန်းတင်ရင်း

ဖုန်းက ကလင် ကလင် မြည်လာတယ် မေမေရေ PANDORA ဆိုင်ကို လိုက်ခဲ့နော်တဲ့ အိုကေဆိုပြီး လိုက်သွားခဲ့တယ်

ဆိုင်ထဲ ၀င်၀င်ခြင်းဘဲ အကျည်းတန် မှန်ကြိုက်ဆိုတာ မှန်လိုက်တာ သူတို့လို ဘာညာ ညာသကာတွေ မကြည့်နိုင်သေးဘူး လက်၀တ်ရတနာတွေ ပြထားတဲ့ အနားကနေ အသာလေးခွာပြီး နံရံက မှန်ဘက်ကိုလဲ လှည့်လိုက်ရော

ဟယ် အရှေ့က အမျိုးသမီးနှယ် အရုပ်က ကြည့်ရဆိုးလိုက်တာ အရပ်ကပု အသားကညို ၀တ်ထားတာက ပုံမကျ နေကာမျက်မှန် တတ်ထားတာ ၀က်ကလေးကို တတ်ပေးထားသလိုဘဲပေါ့ နှာခေါင်လေးကလဲလန် တိုပြီးပွလိုက်တာဆိုပြီး အသားကုန် ကဲ့ရယ်ပြီးသကာလ

မဟုတ်သေးပါဘူး ငါ့အ၀တ်အစားတွေနဲ့ တူလိုက်တာဆိုပြီး နေကာမျက်မှန်ကို ၀ရုန်းသုန်းကား ချွတ်ပြီး အကြည့်မှာတော့

လားလား အဲဒီရုပ်ဆိုးဆိုး အမျိုးသမီးက ကျမ ဖြစ်နေပါပေါ့လား ကျမလေ အလိုလိုနေရင် ချွေးစေးတွေ ထွက်လာလိုက်တာ မျက်နှာကလဲ အရင်ကထက် မည်းသထက် မည်းသွားတယ်လို့ ထင်လိုက်မိတယ်

အဲဒီလိုနဲ့ အပြန်လမ်း တလျှောက်လုံး ကျမ စဉ်းစားလာတာက နေကာမျက်မှန်ဆိုတာ အသားဖြူဖြူ နှာတံပေါ်ပေါ် မျက်နှာသွယ်သွယ် လူတွေနဲ့သာ လိုက်ဖက်ပြီး

အသားညိုညို နှာရိုးတိုတို နှာခေါင်းပြားပြား မျက်နှာဗျက် ကျယ်ကျယ်နဲ့ ကျမလို လူမျိုးဟာ ဘယ်လိုမှ ကြည့်မကောင်းသလို ၀က်ကလေးကို မီးကင်ပြီး မျက်မှန်မည်းကြီု ထားသလိုပါလားလို့ တွေးမိရင်း

ကျမလေ နေကာမျက်မှန်ကို နောက်များ ဘယ်တော့မှ မတတ်တော့ဘူး သိလား သူတို့သားအဖရဲ့ ပြုံးစိစိဒဏ်ကိုလဲ ကျမတသက် မေ့ရမှာ မဟုတ်တော့သလို

ကိုယ့်ရုပ်ကို ကိုယ်သနားပြီး မတန်ဘူးထင်တာနဲ့ PANDORAဆိုင်ကနေ ဘာမှ မ၀ယ်ဘဲ လေးလံသော ခြေလှန်းများဖြင့်သာ တလှမ်းခြင်း တလှမ်းခြင်း ------------

Mar Mar Lwin
1/3/2016


အိမ် (သို့မဟုတ်) သီရိဂေဟာ


ဒီစာစုလေးက ဘလော့ဂါများ စုစည်းပြီး စာအုပ်ထုတ်ထားတဲ့ စာအုပ်ထဲမှာ ပါပြီးသားလေးပါ။

အိမ်တစ်အိမ်လို့ ဆိုလိုက်တာနဲ့ ကျမတို့ မျက်စေ့ထဲမှာ အရင်ဆုံး ပြေးမြင်မိတာက လုံခြုံပြီး ခိုင်ခန့်နေတဲ့ အဆောက်အဦး တခုဘဲ ဖြစ်နေပါလိမ့်မယ်ရှင်။

တဆက်ထဲမှာဘဲ အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေရယ် သူတို့နဲ့ဆက်နွယ်နေတဲ့ သက်ရှိသက်မဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ သူတို့နဲ့ ပါတ်သက်တဲ့ စီးပွားရေး လူမှုရေး ပညာရေးတို့နဲ့အတူ သူတို့ရဲ့ အလုပ်အကိုင်တွေကိုပါ စိတ်ဓါတ်ရေးရာတွေကိုပါ တပါထဲ မြင်ယောင်လာရမှာ ဖြစ်ပါတယ်။

တဖန် အဲဒီအိမ်ကြီးထဲမှာမှ ပါတ်သက်ဆက်နွယ် လာကြတဲ့ သက်ရှိလူသားတွေ သတ္တဝါတွေ အသင်းအဖွဲ့တွေ အုပ်စုတွေ မိသားစုတွေရယ်ဆိုပြီး အများစုက တစုတစည်းထဲ နေတတ်ကြတတ်ကြတဲ့ နေချင်စဖွယ်အတိနဲ့ ဖြစ်တည်ခဲ့တဲ့ အိမ်ဆိုတဲ့ နေရာလေးတွေရယ်ဆိုပြီး ရှိလာတတ်ကြပြန်ပါတယ်။

ထိုအတိုင်းပါဘဲ ထိုအိမ်နဲ့အတူ အိမ်ရဲ့အနီးအနားမှာ ပါတ်ဝန်းကျင်ဆိုတာက ကပ်ပါလို့ နေကြပြန်သလို ထိုအိမ်ထဲက လူသားတွေနဲ့ ဆက်နွယ်လာမဲ့ ပါတ်ဝန်းကျင် ဆိုတာကလည်း အရေးကြီးလို့ နေပြန်ပါတယ်။

အိမ်တအိမ်ကို အပြင်ပန်းက ကြည့်လိုက်တာနဲ့ ထိုအိမ်မှာ အလိုအပ်ဆုံးဖြစ်တဲ့ ဝင်ဝင်ချင်း အိမ်ကြီးကို လုံခြုံအောင် အရင်ဆုံး အကာအကွယ်ပေးနိူင်မဲ့ ခြံစည်းရိုးဆိုတာ ရှိရပါမယ်။

ခြံစည်းရိုး မရှိတဲ့အိမ်ဟာ ဘေးသူစိမ်းတွေ ဝင်ချင်တိုင်းဝင်ပြီး ထွက်ချင်တိုင်းထွက်နိူင်ပြီး အကွတ်မရှိတဲ့တောင်း ပရမ်းပတာ ဖြစ်နိူင်တဲ့အတွက် ဒီအိမ်ကြီးဟာ ရည်ရှည်ခိုင်ခန့်ဖို့ မလွယ်နိူင်ပါဘူး။

ဒီနေရာမှာ အိမ်တအိမ်ရဲ့ ခြံစည်းရိုးကို တိုက်ရိုက်သက်ဆိုင်သူကတော့ အိမ်တအိမ်ရဲ့ အိမ်ထောင်ဦးစီးပါဘဲ အိမ်ထောင်ဦးစီး တယောက်ဟာ မိသားစု တခုလုံးအတွက် အရမ်းကို ခိုင်ခန့်တဲ့ အုတ်တတိုင်းပမာ ခြံစည်းရိုကြီး ဖြစ်နေရပါလိမ့်မယ်။

အိမ်ထောင်ဦးစီး ကာရံပေးထားတဲ့ ခြံစည်းရိုးကြီး ခိုင်ခန့်လေလေ စည်းရိုးအတွင်းက အိမ်ကြီးနဲ့အတူ အိမ်ကြီးကို မှီတင်းနေထိုင်ကြတဲ့ မိသားစုတွေဟာလဲ အစည်းပြေဖို့ ခက်ခဲလေလေပါဘဲ ဒါကတော့ အိမ်တအိမ်မှာ ရှိသင့်ရှိသင့် ရှိထိုက်တဲ့ ပထမ အရေးကြီးဆုံး အချက်တခုဆိုရင်လဲ မမှားပါဘူးရှင်။

ပြီးပြန်တော့ အိမ်မကြီးရဲ့ တံခါးတွေနဲ့အတူ တံခါးပေါက် အားလုံးဟာ လုံခြုံနေရပါမယ် ဒါမှလဲ အိမ်ထဲမှာ နေထိုင်ကြတဲ့ မိသားစုတွေအတွက် အဆင့်ဆင့် လုံခြုံမှုကို အပြည့်အဝ ပေးနိူင်ကြမှာပါ။

ဒီနေရာမှာတော့ မိသားတစ်စုရဲ့ အခန်းကဏ္ဍ တရပ်အနေနဲ့ စီးတဲ့ရေကို ဆယ်တဲ့ကန်သင်းလို့ ခေါ်တဲ့ အိမ်ထောင်ရှင်မက မလွဲမသွေ တာဝန်တွေကို ခွဲဝေပြီး ယူနိူင်ရပါမယ်။

အိမ်ဦးသခင်က ရှာသမျှကို မိသားစုအရေး ကျန်းမာရေး စားဝတ်နေရေး လှူရေးတန်းရေး လူမှုရေးတွေကို ဘက်စုံထောင့်စုံအောင် စီမံနိူင်သလို ထိမ်းသိမ်းနိူင်ကာမှ အိမ်ရဲ့တံခါးတွေ လုံခြုံအောင် စောင့်ရှောက်နိူင်မှာ ဖြစ်ပါတယ်။

အိမ်တအိမ်မှာ တအိမ်လုံးကို ရာသီဥတုဒဏ် မိုးဒဏ်လေဒဏ်တွေကို အကာအကွယ်ပေးနိူင်မဲ့ ခေါင်မိုးနဲ့ အကာတွေကို တောင့်တောင့်ခံနိူင်ဖို့ရာ ဒိုင်းနဲ့ယက်မ အဖြစ်ကတော့ မိဘ၂ပါးပါဘဲ အိမ်ခေါင်နဲ့ အိမ်ရဲ့အမိုးအကာတွေသာ လုံနေလို့ကတော့ မိသားတစုရဲ့ ဘဝတွေဟာ အလိုလိုကိုဘဲ လုံခြုံပြီးသား ဖြစ်နေကြပါလိမ့်မယ်။

နောက်ပိုင်းမှာတော့ ထိုအိမ်ကြီးထဲက မိသားစု အခန်းဏ္ဍတွေက ပါလာခဲ့ပါပြီ တစ်မိုးအောက်ထဲမှာ အတူနေကြတဲ့ သူတွေဟာ ဒီအိမ်ကြီး ရည်ရှည်ခိုင်ခန့်ဖို့အတွက် မဖြစ်မနေ တာဝန်ခွဲဝေပြီး ထမ်းရွက်သင့်ပါတယ်။

ကျမတို့ မြန်မာလူမျိုးတွေမှာ ဆိုရိုးစကားလေးတွေ ရှိပါတယ် အကိုကြီးတော့ အဖရာ အမကြီးတော့ အမိရာတဲ့ အုပ်ထိမ်းသူတွေက အပြင်မှာ စားဝတ်နေရေးအတွက် စီးပွားရှာနေချိန်မှာ သားသမီး အကြီးတွေက မိသားစုတာဝန်ကို တဖက်တလမ်းက တာဝန်ယူကာ ထမ်းဆောင်ပေးရပါမယ်။

အကိုကြီးတော့ အဖရာ ဆိုသလိုပါဘဲ အိမ်တအိမ်မှာ အဖေနဲ့အမေတို့ရဲ့ အားအထားရဆုံးကတော့ သားသမီး အကြီးဆုံးတွေပါဘဲ။

မိဘတွေ အိုမင်းလာတဲ့အခါ ထိုအိမ်ကြီးကို ဆက်လက်စောင့်ထိမ်းဖို့ရာ အကိုကြီးတွှော အဘအရာဆိုတဲ့ သားကြီးသြရသတွေက အလိုက်တသိနဲ့ လက်ဆင့်ကမ်း တာဝန်ယူကာ စောင့်ရှောက်ပေးရမှာ အေကန်အမှန်ပါဘဲ။

ထိုကဲ့သို့ပါဘဲ သမီးကြီး ရှိတဲ့ အိမ်တအိမ်မှာလဲ အမကြီးတော့ အမိရာဆိုသလိုပါဘဲ မိဘတွေ အိုမင်းမစွမ်းတော့တဲ့အခါ အမကြီးက မိဘအရိုက်အရာတွေ တာဝန်တွေကို မလွဲမသွေ ယူပေးရပါမယ်။

မိသားစုဝင်တွေရယ်လို့ ဖြစ်လာခဲ့ရင် ကြီးသူကိုရိုသေ ငယ်သူကိုလေးစားဆိုတဲ့ ဥပမာလေး တခုကိုလဲ လိုက်နာကြရပါမယ် သို့မှသာ ထိုမိသားစုဝင်တွေထဲက ငယ်ရွယ်သူတွေကလဲ ဆင့်ကဲနာခံတတ်မှုဆိုတာ ရှိလာကြမှာပါ။

အသက်အရွယ် ကြီးတဲ့သူကလဲ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနဲ့ နေနိူင်တဲ့သူတယောက် ဖြစ်အောင် ကြိုးစားဖို့လိုသလို ကိုယ့်ထက် အသက်အရွယ် ငယ်ရွယ်သူကို သနားကြင်နာတတ်သူလဲ ဖြစ်ရပါမယ်။

အသက်အရွယ် ငယ်ရွယ်တဲ့သူကလဲ ကိုယ့်ထက် အသက်အရွယ် ကြီးသူကို ချစ်ကြောက်ရိုသေတတ်ပြီး တလေးတစား ဆက်ဆံတတ်ရပါမယ်။

ထိုနည်း၎င်းပါဘဲ ကမ္ဘာကြီးပေါ်မှာ ရေတွေမြေတွေလေတွေကလဲ ဆက်စပ်နေကြပြန်ပါတယ် တနေရာနဲ့တနေရာ ကူးသန်းသွားလာနိူင်ကြမဲ့ သွားလာရေးအတွက် ခရီးသွား ဆက်သွယ်ရေး ကဏ္ဍတွေကလဲ ပါရှိလာခဲ့ပြန်ပါတယ်။

လူသားတွေရဲ့ အကျိုးစီးပွားအတွက် စီးပွားကူးသန်းဖို့ရာကလဲ အဓိက နေရာကနေ ပါဝင်နေကြသလို တစ်နိူင်ငံနဲ့တစ်နိူင်ငံ ခေတ်မှီတိုးတက်တဲ့ စက်မှုလက်မှု အတတ်ပညာတွေ ဖလှယ်ဖို့ကလဲ အိမ်ကြီးထဲက လူသားတွေရဲ့ တာဝန်တရပ် ဖြစ်လို့နေပြန်ပါတယ်။

ထိုနည်းကဲ့သို့ပါဘဲ သက်ရှိသတ္တဝါ အားလုံးအတွက် ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေးဆိုတဲ့ အခန်းကဏ္ဌကလဲ အရေးကြီးတဲ့ ကဏ္ဌတခုအဖြစ် ပါဝင်လို့ နေပြန်ပါသေးတယ်။

အားလုံးသော သက်ရှိလူသားတွေဟာ အသိပညာတွေ ဗဟုသုတတွေ ဖလှယ်တတ်လာကြသလို စီးပွားကူးသန်းတဲ့ ကဏ္ဍတွေမှာလဲ ပါဝင်လာခဲ့ကြပြန်ပါတယ်။

ထိုပုံစံအတိုင်းပါဘဲ ကျမတို့နေထိုင်ကြတဲ့ ကမ္ဘာကြီးဟာလဲ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းလို့နေထိုင်ကြတဲ့ အိမ်ကြီး တလုံးလိုပါဘဲ။

အသိပညာရှင် အတတ်ပညာရှင်တွေ ပညာရှိသူ ပညာမဲ့သူတွေ စုပေါင်းနေထိုင်ကြပြီး ဆိုးခြင်းကောင်းခြင်းတွေကို ရင်ဆိုင်ဖြေရှင်းနေကြရတာလဲ အားလုံးအမြင်ပါဘဲရှင်။

ထိုထိုသော အချက်တွေကြောင့် အခန်းကဏ္ဌတိုင်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိူင်မဲ့ ခေါင်းဆောင်ဆိုတဲ့ အုပ်ထိမ်းသူဆိုတာ နေရာတိုင်းမှာ ရှိနေရမှာ အေကန်အမှန်ပါဘဲရှင်။

ထိုပုံစံ အတိုင်းပါဘဲ သက်ဆိုင်ရာ နိူင်ငံတစ်နိူင်ငံမှာလဲ နိူင်ငံသူ နိူင်ငံသားတွေ လေးစားအားကိုးရတဲ့ ခေါင်းဆောင်ဆိုတာ မလွှဲမသွေ ရှိနေကြရမှာ ဖြစ်ပါတယ်။

ထိုနည်းလည်းကောင်းပါဘဲ နိူင်ငံတစ်နိူင်ငံမှာ ခေါင်းဆောင်ကောင်း တယောက်ကသာ အုပ်ချုပ်နိူင်မယ် ဆိုရင်တော့ ပြည်သူပြည်သားတွေအပေါ် ကျရောက်လာမဲ့ အန္တရာယ်တွေလဲ နဲပါးလာကြပြီး အရေးကြီးက သွေးစည်းလို့ လာကြမည် ဖြစ်ပါတယ်။

ကျမတို့မိသားစုလေးမှာ သားအမိသားအဖ လေးယောက်ရှိပါတယ် တယောက်နဲ့တယောက် ချစ်ကြောက်ရိုသေဆိုတဲ့ ဆောင်ပုဒ်လေးကို လက်ကိုင်ထားကာ နွေးထွေးတဲ့ မိသားစုလေးအဖြစ်နဲ့ ထိုထိုသော အိမ်လေးထဲမှာ နေထိုင်ခဲ့ကြပါတယ်။

အိမ်ရဲ့တတိုင်းကြီးဖြစ်တဲ့ အဖေက မိသားစုအပေါ် သူ့တာဝန်သူ ကျေပြွန်ပြီး လစ်ဟာမှုမရှိအောင် ထမ်းရွက်ပေးနိူင်သလို အဓိကကျတဲ့ မိသားစု စားဝတ်နေရေး ပညာရေး ကျန်းမာရေး အစရှိသည်တို့ကို ပြည့်ပြည့်စုံစုံ ဖြည့်စည်းပေးတတ်တဲ့ တာဝန်ကျေလွန်းသူ တယောက်ပါ။

သားနဲ့သမီးတို့ရဲ့ ပညာရေးအတွက် ဘာလိုချင်တယ် ဘာလုပ်ချင်တယ်လို့ ပြောလိုက်တာနဲ့ မဆိုင်းမတွ ဖြည့်စည်းပေးတတ်သူ တယောက်ဖြစ်သလို ကျန်းမာရေးနဲ့ပါတ်သက်လို့ အကြံဥာဏ်များ တောင်းခံလာရင်လဲ စိတ်ရှည်လက်ရှည် ရှင်းပြပေးတတ်သူမို့ မိသားစုရဲ့ အလေးအထားရဆုံး ဖခင်ကောင်းပါ။

အမေဖြစ်တဲ့ ကျမကတော့ အိမ်အတွင်းက အိမ်ထောင့်တာဝန်များ မိသားစုအရေး လူမှုရေး ကလေးတွေရဲ့ပညာရေးတွေကို တဖက်တလမ်းကနေ ကိုယ်တတ်စွမ်းသလောက် ကူညီပေးတတ်ပြီး အချိန်ရရင် ရသလို တစ်ဖက်တလမ်းကနေ ဟင်းချက်နည်း မုန့်လုပ်နည်းများကို mmlazp.blogspot.com နဲ့ စာတိုပေစလေးတွေ ရေးတတ်တဲ့ tuumar.blogspot.com ဆိုတဲ့ blog လေးတွေဖွင့်ကာ ဝေငှပေးနေသူ တယောက်လဲ ဖြစ်ပါတယ်။

တဖန် မိသားစုအတွက် နေ့စဉ်ထမင်းဝိုင်းပေါ်က အစားအသောက်များကို ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နိူင်ရန်အတွက် ချက်ပြုပ်ပြင်ဆင်ပေးရတဲ့ မိခင်စားဖိုမှူး တယောက်လဲ ဖြစ်သလို မိသားစု မီးဖိုဆောင်လေးကို မင်းမူနေတဲ့ ဘုရင်မတယောက်ဆိုလဲ မမှားပါဘူး။

ထိုကဲ့သို့ပါဘဲ သူတို့ရဲ့ တနေ့တာ ဝတ်ဆင်ခဲ့ကြတဲ့ အဝတ်အစားတွေကို နေ့စဉ်လျှော်ဖွတ် မီးပူတိုက်ပြီးတာနဲ့ နေရာတကျ ထားပေးရတဲ့ လောင်ဒရီကို အပိုင်စားယူထားကာ ပျော်ရွှင်စွာနဲ့ တာဝန်ယူထားတဲ့ ဒိုဘီတယောက်ဆိုလဲ မမှားပြန်ပါဘူး။

တနေ့တာ နေ့စဉ်ပုံမှန်လုပ်နေကျ အလုပ်တွေက ပြစရာမရှိပေမဲ့ ရေချိုးခန်းနဲ့အိမ်သာကို နေ့စဉ်ဆေးရတဲ့ တာဝန်ကိုလဲ ဘယ်သူကမှ မခန့်အပ်ဘဲ ကိုယ်ကိုတိုင် အလိုက်တသိနဲ့ ခန့်အပ်ထားတဲ့ သန့်ရှင်းရေး အလုပ်တခုကလဲ ပါပါသေးတယ်။

နောက်တခါ တအိမ်လုံးနဲ့ တခြံလုံးရဲ့ သန့်ရှင်းရေးကို နေ့စဉ်မပြတ်လုပ်ရင်း ဆီးချိုရောဂါအတွက် ကိုယ်လက်တွေကို လှုပ်လှုပ်ရှားရှား သီးသန့်လုပ် မနေတော့ဘဲ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုပါဘဲ  ကျန်းမာရေးကို ဂရုစိုက်တဲ့ အနေနဲ့ တာဝန်ခွဲဝေ ယူထားသူ အိမ်တော်ထိမ်း တယောက်လဲ ဖြစ်နေပါသေးပါတယ်။

သားကြီးကတော့ သိတတ်စ အရွယ်ထဲက မိဘဆွေမျိုးတွေရဲ့ အပြစ်ပြောစရာ မရှိအောင် ချီးကျူးခံရပြီး လိမ္မာသူလေး တယောက်ပါ ဘုရားတရား သံယာ မိဘ ဆရာသမားများ အလုပ်မှ အထက်အရာရှိများနဲ့ဆွေမျိုးများကို ရိုသေလေးစားပြီး မိသားစုများကို အင်မတန်မှ လေးစားချစ်ခင် တတ်သူတယောက် ဖြစ်ပါတယ်။

သူ့ရဲ့ တဦးထဲသော  ညီမလေး ဖြစ်သူကိုလဲ အရမ်းချစ်ပြီး ညီမလေးကလဲ အကိုကြီး အဖအရာမှာ ထားပြီးလေးစား ချစ်ခင်ခြင်း ခံရတဲ့ အကိုကောင်း တယောက်ပါ။

မိဘတွေအတွက် ငယ်စဉ်ကသား ကြီးတော့အား ဆိုသလိုပါဘဲ မိဘက အားထားရသလို ဘာသာတရား ကိုင်းရှိုင်းပြီး ပရဟိတနဲ့ အလှူအတန်း လုပ်ရတာ ဝါသနာပါသူ တယောက်ပါ။

ငယ်စဉ်ထဲက သူ့အားသူကိုးတတ်တဲ့စိတ် ကြိုးစားချင်တဲ့ စိတ်တွေနဲ့ သူဝါသနာပါရာ အလုပ်တခုကို တစိုက်မတ်မတ် လုပ်ကိုင်ရင်း မိဘအပေါ် သိတတ်တဲ့ သားတယောက် ဖြစ်သလို တဦးတည်းသော ညီမလေးအပေါ်မှာလဲ စိတ်ဓါတ်ခွန်အား ပညာခွန်အား ငွေခွန်အားတွေနဲ့ တဖက်တလမ်းကနေ မိသားစုတာဝန်တွေကို ခွဲဝေထားပြီး ယူထားသူလဲ ဖြစ်ပါတယ်။

သမီးငယ်ကလဲ မိသားစုထဲမှာ မိဘနဲ့ အကိုအပေါ် သိတတ်ပြီး လိမ္မာသူလေး တယောက်ပါဘဲ အဖေ အမေနဲ့ အကိုတို့ကို အရမ်းချစ်ပြီး  မိဘနဲ့ အကိုတို့အပေါ် စာနာစိတ် အပြည့်အဝ ထားတတ်သူလေးပါဘဲ။

တဦးထဲသော အကိုကိုယ် အရမ်းချစ်ပြီး သူလုပ်ချင်တာ ဖြစ်ချင်တာ မှန်သမျှကို ပညာချင်း ဖလှယ်လို့ရသော အရင်းနှီးဆုံးသော သူငယ်ချင်းလို အတွင်းကျကျ ပေါင်းသင်းလို့ရသော အကိုကိုယ် ဘာမဆို တိုင်ပင်ပြီးမှ အကိုယ့်ရဲ့ အကြံဥာဏ်အတိုင်း တသွေမတိမ်း လိုက်နာတတ်သူလေးပါ။

အိမ်မှာအငယ်ဆုံးပေမဲ့ မိဘက အမှန်တကယ် ပေးနိူင်တဲ့ စစ်မှန်တဲ့ ပညာအမွေတွေကို အခုထက်ထိ ယူလို့မကုန်နိူင်သေးသူ သူကိုယ်တိုင်က ပညာရေးနဲ့ ပါတ်သက်လာရင် အင်မတန်မှ လောဘကြီးပြီး စာကြိုးစားသူ အလှူအတန်း ဝါသနာပါသူ အဖက်ဖက်က စည်းကမ်းကြီးသူလေး တယောက်ပါ။

လက်ရှိမှာ ဆေးပညာနဲ့ သက်ဆိုင်တဲ့ဘွဲ့ တဘွဲ့ရပြီးသော်လဲ ပညာရေးမှာ လောဘရှိသူလေးမို့ တဘွဲ့နဲ့ မကျေနပ်နိူင်သေးဘဲ နောက်တဘွဲ့အတွက် ဆက်လက်ကျောင်းတက်နေဆဲမို့ သူကတော့ ပညာရေး လမ်းကြောင်းပေါ်မှာ ပညာရေးဆိုတဲ့ ကြောပိုးအိတ် တလုံးကိုလွယ်ရင်း အားသွန်ခွန်စိုက် လျှောက်လှမ်းနေတုန်းပါဘဲ။

နောက်ဆုံးမှာတော့ ကျမတို့ရဲ့ မိသားစု လေးယောက်ရဲ့အိမ်လေးဟာ ခြံစည်းရိုးက အစပြုပြီး အိမ်နောက်ဖေး စျေးဆိုင်တည်တာက အဆုံးသတ်လို့ သီရိဂေဟာလေး ဖြစ်ခဲ့ရကာ တယောက်နဲ့တယောက် ဆင့်ကဲ ဆင့်ကဲ တည်ဆောက်ခဲ့တဲ့ ချစ်ကြောက်ရိုသေဆိုတဲ့ ဆိုရိုးစကားလေးကြောင့် ဆိုရင်လဲ မှားမယ်မထင်ပါဘူးရှင်။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပြီး ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူသားအားလုံးအတွက် သီရိဂေယာလို့ဆိုတဲ့ ကျက်သရည် မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စည်းလုံးညီညွတ်ကာ ခိုင်ခံ့တဲ့ အိမ်လေးတွေ တည်ဆောက်နိူင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ရှင်။

Mar Mar Lwin
25/8/2018
Mittagong ,Australia
N S W


တောသူမြို့တက်ခြင်း




ရယ်စရာလေး လာပြောတာပါ ရယ်စရာလေးတွေဖတ်ရင်း စိတ်ပင်ပန်းနေတာလေးတွေ ဖြေဖျောက်နိူင်ကြပါစေ။

ရေးချင်တာလေးက တောသူမ မာမာတယောက် တောကနေမြို့တက်တဲ့ အကြောင်းလေးပါ

မာမာက တကယ်တမ်းကျတော့ တကဲ့တောသူ စစ်စစ်ပါ ရေလုံးဝ မရောပါဘူး တောမှာမွေး တောမှာကြီးသူ တယောက်ဖြစ်သလို မြို့ကြီးဆိုတာ တနှစ်နေလိုမှ့ တခေါက်ရောက်ခဲလေခြင်းပါ။

အဲဒီလိုကနေ တနေ့တော့ မမျှော်လင့်ဘဲ စင်္ကာပူဆိုတဲ့ နိုင်ငံလေးကို အလယ်အပါတ်  ရောက်ပါလေရော

စရောက်ရောက်ခြင်း လေဆိပ်ကနေ မြို့ထဲ၀င်ထဲက အထူးအဆန်းတွေဖြစ်ပြီး ပါးစပ်ကြီး အဟောင်းသားနဲ့ ကြည့်လာလိုက်တာ ကလေး (သားကြီး)နေတဲ့ အိမ်ကို ဘယ်လိုဘယ်လို ရောက်သွားမှန်းတောင် မသိဘူးရယ်။

ညဘက်ကျတော့ တနိုင်ငံလုံးက မီးတွေ ထိန်ထိန်သာနေတော့ ထူးဆန်းရပြန်ရော ညဦးပိုင်း မှော်ဘီက အမျိုးတွေနဲ့ချိန်းပြီး မုန့်သွားစားကြတော့ ကိုယ့်မှာ ဘာမှာလို့မှာရမှန်း မသိဖြစ်နေချိန် အမျိုးက မှာပေးလို့ ဟမ်ဘာဂါဆိုတာကြီးကို လက်နှစ်ဖက်နဲ့ကိုင် ပါးစပ်ကြီး ဟဟပြီး ကိုက်ရတာ အကုန်ပေတလူးကို ကျန်းလို့ပေါ့ 😀

နောက်နေ့မနက်ကျတော့ ရွာနီးချုပ်စပ် အလိမ်လည်က အသိနဲ့ချိန်းပြီး မုန့်သွားစားကြတယ် နင်မှာ ငါပိုက်ဆံပေးမယ်ပေါ့ တကယ်လဲ ဘာမှာလို့ ဘာမှာရမှန်း မသိလေတော့  သူကမှာပြီး ယူလာတယ် KFC ကြက်ကြော်ဆိုလား စက္ကူဗူးကြီးနဲ့ထည့်ထားတယ်။

ဆရာကြီးလုပ်ပြီး ဟဲ့ ဘာနဲ့စားရမှာလဲ ဇွန်းခရင်းလဲ မပါဘူးပေါ့ သူကပြောတယ် လက်နဲ့သာ ကိုင်တုတ်ဟာတဲ့ ဘယ်ရမလဲ တောသူဆိုတော့ လက်နဲ့ကိုင်စားရတာ သဘောတွေခွေ့ပြီး အားရပါးရ စားလိုက်တာ အသားကုန်သွားတော့ အရိုးပါ ထိုင်ကိုက်ပလိုက်တယ် အေးရော 😀

နောက်နေ့ကျတော့ သားတို့အိမ်နားက ပျံကျဈေးလေးကိုသွားတယ် ဒူးရင်းသီးတွေ ၃ဗူးတဆယ် အော်အော်ရောင်းနေတော့ စင်္ကာပူပိုက်ဆံ တဆယ်တန်လေးကိုင်ပြီး ခပ်တည်တည်နဲ့ သွားဝယ်လိုက်တယ် လက်ထဲလဲ ဒူးရင်းသီးဗူးရောက်ရော ရှက်မနေနိူင်ပါဘူး မနေနိုင်လွန်းလို့ ဆိုင်နားတင်ဘဲ မတ်တပ်ရပ်ပြီး စားပလိုက်တယ် 😀

နောက်တခါ မြို့ထဲလျှောက်လည်တော့ ကားလမ်းကူးမယ်ပေါ့ လမ်းကူးတဲ့နေရာမှာ သားလုပ်သူက ခလုတ်နှိပ်ပြီး ရပ်နေတာ တောသူဒီအမေက မသိလေတော့ ကားမလာဘူး ကူးမယ်ကူးမယ် တကဲကဲလုပ်နေတုန်း လူရုပ်ကလေးပေါ်လာပြီး အသံက တတုန်တုန် မြည်ပါလေရော ဘာသံမှန်းမသိလေတော့ အနောက်လှည့်ပြီး ပြန်ပြေးတာ သားလုပ်သူက အမေကို လိုက်ဆွဲကာ ဝရုန်းသုန်းကားတွေကို ဖြစ်လို့ မာမာက အဲလို ဗဟုသုတက ခေါင်းပါးတာ 😀

တရက်ကျတော့ ပင်နီစူလာ သွားမယ် ဆိုပြီးသွားကြတာ ဟိုလဲရောက်ရော ရဲရင့်ဆိုတဲ့ ဆိုင်းဘုတ်ကြီးမြင်တော့ မေမေ့သူငယ်ချင်းဆိုင်ဆိုပြီး အာပြဲကြီးနဲ့ထအော်တာ သားကပြုံးပြုံးကြီး လုပ်နေတယ် အော် ကျမက တောသူဆိုတော့လေ ရိုးတာပေါ့နော် 😀

အဲဒီအချိန်အထိ စင်္ကာပူက ရထားကို တခါမှ မစီးဘူးသေးဘူး တရက်ကျတော့ ငယ်ငယ်က သူငယ်ချင်း မြောင်းတကာသားလေးက ဖုန်းဆက်တယ်။

သူငယ်ချင်းရေ နင်နဲ့ငါ တွေ့ရအောင်တဲ့ သူက မြို့ဟိုဘက်ထိပ် ကိုယ်က ဒီဘက်ထိပ်ဆိုတော့ မြို့လယ်မှာ တွေ့ဖို့ချိန်းလိုက်တယ် အောင်မယ် ရထားစီးရတာ ကဒ်ပြားလေး စက်မှာ ကပ်ကပ်ပြီး ၀င်ရတာ ကိုယ်တွေက တောသူမဆိုတော့ အထူးအဆန်းတွေ ဖြစ်လို့ 😀

တရက်ကျတော့ ဖဦးထုတ်တွေ အပြင်ထွက်တဲ့နေ့ဆိုလား ဘာလား တဈေးလုံ ကြပ်ပိတ်ပြီး တက္ကဆီတောင် တန်းစီရတယ်။

ဖြစ်ချင်တော့ အဲဒီနေ့က စားတာသောက်တာများပြီး ကားစောင့်ရင့် ဗိုက်နာလာတော့ အိမ်သာကိုေ ပြေးရပါလေရော အိမ်သာလဲရောက်ရော တန်းစီလိုက်ရတာ ထွက်ကျမတတ်ဘဲ။

ကိုယ့်အလှည့်ရောက်တော့ ကိစ္စကိုအရင်ရှင်းပြီး ဘေးဘီကို ကြည့်လိုက်တာ ပြသနာက အထွဠ်အထိပ်ရောက်သွားပြီ ကိစ္စလဲပြီးရော အိမ်သာထဲမှာ တစ်ရှူးက မရှိဘူး 😀 😀

တော်သေးတယ် ပိုက်ဆံအိတ်ထဲ မွှေနှောက်ရှာလိုက်တာ ပါးစပ်သုတ်တဲ့ တစ်ရှူးလေး ၄ရွက်လောက်နဲ့ ကိစ္စကို ဖြတ်လိုက်ရတယ် 😀

တောသူမတဲ့ ဘာထင်သလဲပေါ့နော် အကြံပိုင်ပါတယ်လို့။