Wednesday, September 11, 2013

အဖိုးနဲ့အဖွားတို့ရဲ့သားများ



အိပ်ယာကနိုးတာနဲ့ ကိုယ်လုပ်ရမဲ့အလုပ်တွေကို တန်းစီပြီးပြီးအောင်လုပ်လိုက်တယ် ရှစ်နာရီဆိုရင် ကလေးကိုကျောင်းပို့လိုက်တယ် ပြီးတာနဲ့ကျမ စာကြည့်စားပွဲမှာ ထိုင်လိုက်တယ်။

ထိုင်လိုက်ပြီ ဆိုကထည်းက ကျမဘာစာရေးရင်ကောင်းမလဲ ဘာစာဖတ်ရင်ကောင်းမလဲ အရင်ဆုံးတွေးလိုက်တယ်
ဖတ်သင့်တာလေးတွေ အရင်ဆုံးဖတ်ပြီးမှ ကိုယ့်စိတ်ထဲမှာေ ရးချင်တာလေးတွေကို ချရေးမိတယ်။

အခုန အဖိုးအကြောင်းကို ဖြတ်ခနဲတွေးမိချိန်မှာ အဖိုးရဲ့သားတွေအကြောင်းပါ ခေါင်းထဲဝင်လာခဲ့တယ်
အဖိုးနဲ့အဖွားမှာ သပ်ရပ်ခန့်ညားတဲ့ ရုပ်ရည်ရူပကာတွေကို ပိုင်ဆိုင်ထားတဲ့ သားလေးယောက်ရှိပါတယ်။

သူတို့လေးယောက်လုံးက နှာတံစဉ်းပြီး ချွန်ချွန်လေးတွေနဲ့ မျက်လုံးရွဲရွဲကြီးတွေကို ပိုင်ကြတယ်
နုတ်ခမ်းပါးပြီး ချစ်စဖွယ် မျက်နှာပေးတွေရှိကြပါတယ်။

ဘယ်အချိန်ကြည့်ကြည့် သူတို့မှာအပြုံးတွေ ရှိနေတတ်တယ် ကျမကသူတို့ကို နံပါတ်(၁)သားအကြီးကို ဘဘလို့ခေါ်ပြီး နံပါတ်(၂)သားအလတ်ကို ဘဘကြီးလို့ခေါ်တယ် နံပါတ်(၃)နို့ညှာသားကို ဘကြီးဘုန်းကြီး
လို့ခေါ်ပြီး နံပါတ်(၄)သားအငယ်ကိုတော့ ဆရာကြီးလို့ခေါ်ပါတယ်။

သူတို့လေးယောက်လုံးမှာ တူညီတာတွေ တစ်ချို့ရှိကြတယ် ပထမဦးဆုံး သူတို့နိုင်ငံရေး ဝါသနာပါကြတယ် 
ရပ်ရွာအတွက် အကျိုးပြုတာတွေ လုပ်ကြတယ် ဘကြီးဘုန်းကြီးကလွဲရင် ကျန်တဲ့သုံးယောက်က တောလည်တာ ဝါသနာပါကြတယ် အဖိုးရဲ့အမွေပေါ့။

ကျမခေါ်တဲ့ အဖိုးရဲ့သားအကြီး ဘဘက တောလည်တာ အရမ်းဝါသနာပါတယ် ကျမမှတ်မိသလောက် သူ့အိမ်မှာ တောထဲက ဖမ်းလာတဲ့ ကြက်ပုပုသေးသေးလေးတွေ အများကြီးရှိတယ် ဘဘပြောတာတော့ကြက်တိန်ညင်လို့ခေါ်ပါတယ် သေးသေးပုပုလေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတယ် မိုးလင်းတာနဲ့ အဲဒီကြက်ကလေးတွေ သွားသွားကြည့်ရတာ ကျမ ငယ်ဘဝရဲ့ ပုံရိပ်ကလေးတစ်ခု ဖြစ်ခဲ့တယ်။

ဘဘရဲ့အမွေကို ဘဘရဲ့သားအကြီးဆုံးက ဆက်ယူတာတွေ့ရတယ် ကျမတို့ တော်တော်ကြီးတဲ့အချိန် သူ့မှာသားသမီးတွေ ရနေတာတောင် သူကိုကြည့်ရင် တစ်လမှာ ရက်နှစ်ဆယ်လောက်က တောထဲသွားတာများတယ် သေနပ်တစ်လက်နဲ့ အကောင်လေးတွေ ပစ်ပြီးဖမ်းတတ်တယ်။

သူကတော့ ကျမတို့ခေါ်တဲ့ အစ်ကိုကြီး ကိုကျော်မြင့်ဆိုတာပေါ့နော် သူရဲ့အဖေ ကျမတို့ဘဘကို အဖွားခေါ်တာ (အသန်း) ပါ။

ဒုတိယသားဖြစ်သူ ကျမခေါ်တဲ့ဘဘကြီး သူကတစ်မျိုးချောတယ် ကျမသိသလောက် သူ့လဲတောလိုက်တာ ဝါသနာ ပါတယ် နောက်တစ်ခုက သူကနိုင်ငံရေးကို ပိုပြီးဝါသနာပါတယ် ကျမတို့ငယ်ငယ်က ရွာတွေမှာ မြို့ပိုင်ရယ် သူကြီးရယ်ဆိုပြီး အုပ်ချုပ်ကြတယ် အဲဒီတုံးကသူက ရွာမှာသူကြီးလုပ်တယ် ကျမတို့က သူကြီးတူမတွေပေါ့။

တစ်နေ့တာရဲ့ ရက်တစ်ရက်မှာ ရွာရဲ့့ ပွေလီရှုတ်ထွေးမှုတွေကို တရားစီရင်တဲ့အခါ ကျမတို့သွားသွားနားထောင် တတ်တယ် အဲဒီတုံးကတရားစီရင်တာ မောင်းလေးထုပြီးတော့ စီရင်တယ်ထင်တယ် ကောင်းကောင်း မမှတ်မိပေမဲ့ အရိပ်တစ်ခုလိုတော့ရှိနေခဲ့တယ်။

သူက ဘုံဘေဘားမား သစ်ကုမ္ပဏီက နိုင်င်ငံခြားကို ပြန်လည်မထွက်ခွာခင် သူတို့ရဲ့ မွေးစားခြင်းခံရတဲ့သူ ကုမ္ပဏီသိမ်းပြီး ပြန်တဲ့အခါမှာ  အဖွားက မခွဲနိုင်လို့ငိုတာနဲ့ သူကျန်နေခဲ့ရတယ် နိုင်ငံခြားကို လိုက်ပါခွင့် မရခဲ့သူပေါ့ သူ့နံမည်ကတော့ အဖွားတို့ခေါ်ခေါ်နေတဲ့ (အစိန်)။

တတိယသားကတော့ သူလဲနိုင်ငံရေး ဝါသနာပါတာ တွေ့ရတယ် ဒါပေမဲ့သူက လူ့ဘောင်က ခွာပြီးသာသနာ့ဘောင်မှာ မွေ့လျော် သွားတယ် ရန်ကုန်မြို့က သရက်တောကျောင်းတိုက်ထဲမှာရှိတဲ့ ယွန်းကျောင်းမှာ ကျောင်းထိုင်ဆရာတော် တစ်ပါးဖြစ်ခဲ့တယ် သူ့ကိုတော့ အဖွားခေါ်တာက (လူလေး)

နောက်ဆုံး အငယ်ဆုံးဘကြီးက ကျောင်းအုပ်ဆရာကြီး သူတို့ခေတ် သူတို့အခါတုံးက ရွာမှာမပြောနဲ့ မြို့နယ်တစ်မြို့နယ်လုံးမှာ ရှာရင်တောင် သူ့လိုဘွဲ့မျိုးရသူ တစ်ယောက်မှရှိမယ် မထင်ခဲ့ဘူး သူကစာအရမ်းတော်ပြီး အင်္ဂလိပ်စာ အရမ်းကောင်းတယ် သူပြောတဲ့လေသံ လေယူလေသိမ်းက အရမ်းနားထောင်လို့ကောင်းတယ် သူစာတော်သလို သူ့သားသမီးတွေ အကုန်လုံးလဲ စာတော်ကြတယ် ။

 ပြောဖို့မေ့သွားတယ် သူလဲနိုင်ငံရေး ဝါသနာပါပြီး တောလယ်တာကို ဝါသနာပါတယ် နောက်ပြီးသူ့မှာ လက်မလေးတစ်ချောင်းမရှိဘူး အဖွားပြောတာ သေနပ်ကျည်ဆံလုပ်ရင်း ကျည်ဆံကနေ ထပေါက်ပြီး လက်မလေး ပြတ်သွားတာလို့
ပြောပြတယ်။

သူ့ကိုတူတွေတူမတွေကကျောင်းအုပ်ဆရာကြီးမို့ ဆရာကြီးလို့ခေါ်ရင် မကြ်ိုက်ပေမဲ့ ငါးတန်းထဲကနေ ဆယ်တန်းထိတိုင်အောင်ကို
စာသင်ပေးတဲ့ ဘကြီးမို့လို့ ကျမတို့က ချစ်စနိုးနဲ့ဆရာကြီးဘဲခေါ်ဖြစ်ခဲ့တယ် သူလဲချောတယ် နှာတံစင်းစင်းလေးနဲ့လှတယ် ရုပ်ရှင်မင်းသား ကျော်ဆွေလို မျိုးလေးလှတယ် အဖွားသူ့ကိုခေါ်တာက (အမြင့်)

ဘာဘဲဖြစ်ဖြစ် အဖိုးနဲ့အဖွား မွေးတဲ့သားတွေက ချစ်ဖို့ကောင်းတယ် သူတို့တွေအတွက် ကျမအမြဲလိုလို ဂုဏ်ယူနေတတ်တယ်

တစ်ယောက်က သဘာဝတွေနဲ့ပျော်နေတတ်သူ 

တစ်ယောက်က ရပ်ရွာအကျိုး သယ်ပိုးသူ ရွာရဲ့သူကြီး 

တစ်ယောက်က ဘာသာသာသနာကို အလေးထားခဲ့သူ ဘုန်းတော်ကြီး

တစ်ယောက်က အားလုံးကို အလင်းရောင်တွေ ဝေဌပေးတဲ့ ကျောင်းအုပ်ဆရာကြီး။

ကျမက သူတို့လိုဘဲ

တောထဲမှာ အကောင်လေးတွေ ဖမ်းရတာ နှစ်သက်တယ်

သူကြီးလုပ်ချင်တယ်

သီလရင်ဝတ်ချင်တယ်

စာသင်ပေးတာ ဝါသနာပါတယ်

သူတို့အားလုံးရဲ့ ဝိဥာဉ်တွေ ကျမဆီမှာ ရှိနေတတ်တယ်

ဒါကြောင့်မို့ သူတို့အားလုံးဟာ ကျမသိပ်ချစ်ရတဲ့ ဘကြီးတွေဆိုတာ ကျမရင်ထဲမှာ အမြဲရှိနေခဲ့ပါတယ်

Mar Mar Lwin
9/11/2013
5:06PM


Tuesday, September 10, 2013

သိမ်းထုတ်ဖို့ရာ



ဒီနေ့အိပ်ယာကနိုးတာနဲ့ ခေါင်းထဲရောက်လာတဲ့အတွေးတွေကများလွန်းနေသလိုဘဲ 
ကိုယ့်အရေး မိသားစုအရေး အရေးတွေရောနှောနေခဲ့တယ်။

ကိုယ့်အရေးက ဒီအသက်ဒီအရွယ်နဲ့ဆိုဘာဘဲဖြစ်ဖြစ် လာခဲ့တဲ့လမ်းကို ခြေလှမ်းကပြန်လှမ်း နေတဲ့အရွယ်ရောက်နေခဲ့ပြီ လုပ်ရတော့မဲ့အလုပ်က ကိုယ့်နောက်ပါတာတွေလုပ်ရတော့မယ်။

ကိုယ့်နောက်ပါမဲ့အထုတ်ကို ကျစ်ကျစ်လစ်လစ်နဲ့သယ်သွားနိုင်အောင်ထုတ်ရတော့ရမယ် အဲဒီလို ပြင်ရတော့မယ်ဆိုတာသိလိုက်ရချိန်မှာဘာဘဲဖြစ်ဖြစ်ကိုယ်ကဦးအောင်သိမ်းထုတ်နိုင်ရမယ်။

အဲဒီစကားကိုပြောမိတော့ အဖွားကိုသတိရတယ် အဖွားမသေခင်ခနခနပြောတတ်တဲ့သူ့ရဲ့ယောက်ျား
အဖိုးရဲ့အကြောင်းကခေါင်းထဲကို ဖြတ်ကနဲရောက်လာခဲ့တယ်။

အဖိုးငယ်ငယ်ကတောထဲက သတ္တဝါလေးတွေဖမ်းတာဝါသနာပါတယ် စားဖို့မဟုတ်ဘဲအလှမွေးဖို့အတွက်ပေါ့ သူဖမ်းလို့ရတဲ့အကောင်လေးတွေကို အိမ်မှာမွေးထားတတ်တယ်။

တောထဲကဖမ်းလို့ရတဲ့အကောင်လေးတွေကို အဖိုးကလူယဉ်အောင်လို့ခြေထောက်မှာကြိုးခြည် တဲ့အကောင်လေးတွေကို ခြည်ပြီးမွေးသလို အုပ်ဆောင်းနဲ့လဲအုပ်ပြီးမွေးတတ်ခဲ့တယ် အဲဒီလိုမွေးပြီးလူယဉ်လောက်မှကြိုးဖြုတ်ပြီး အိမ်ခြံဝင်းထဲမှာလွှတ်ပေးတတ်ခဲ့တယ်။

အဖိုးရဲ့ဝါသနာကအဲဒီလို သူနဲ့တောလည်ဖက်တွေကအရင်တုံးက ဘုံဘေဘားမားသစ်ကုမ္ပဏီက  နိုင်ငံခြားသားတွေ သူတို့တွေကအဖိုးနဲ့အတူ ပဲခူးရိုးမတောထဲမှာ အမြဲတောလည်ထွက်တတ်ခဲ့ကြတယ်။

တစ်နေ့တော့ အဖိုးတစ်ယောက် ပြန်ပေးအဆွဲခံရတယ် သူတောထဲမှာတောလည်ထွက်စဉ်အဖမ်းခံရတာမို့ ဘယ်သူကမှမသိလိုက်ကြဘူး။

နောက်ရက်တွေတော်တော်ကြာလာတော့မှ ပြန်ပေးဆွဲတဲ့သူတွေက အဖိုးရဲ့သမီးအကြီးဆုံးကို ဘယ်နေရာကိုလာပါ ဘာအဝတ်အစားဝတ်ခဲ့ပါ ပိုက်ဆံဘယ်လောက်ယူခဲ့ပါ ဘာခမောက်ဆောင်းခဲ့ပါ အဲဒါတွေရေးထားတဲ့စာလာပေးတော့ မှအဖိုးပြန်ပေးအဆွဲခံလိုက်ရတာသိကြတယ်။

ခါတိုင်းတောလိုက်သွားရင်လဲကြာတတ်တာမို့ အဖွားကသိပ်တော့စိတ်မပူခဲ့ဘူးလို့ပြောပါတယ် အဲဒီအချိန်မှာပြန်ပေးအဆွဲခံထားရတဲ့အဖိုးဟာ ပြန်ပေးတွေရဲ့လက်ထဲမှာသူတရားသဘောကိုသိသွားတယ်။

သူဖမ်းလာတတ်တဲ့အကောင်လေးတွေလိုဘဲ သူရဲ့ခြေတွေလက်တွေ အတုတ်အနှောင်ခံထားရတဲ့အချိန်မှာပေါ့ 
အဲဒီအချိန်တိုလေးအတွင်းမှာသူရသွားတဲ့အသိဟာ အဖိုးအတွက်ကျစ်ကျစ်ပါအောင်ထုတ်သွားတဲ့အထုတ်ဖြစ် သွားခဲ့တယ်။

ပြန်ပေးလက်ထဲကလွတ်လာချိန်မှာအဖိုး သူဝါသနာပါတဲ့တောလိုက်ခြင်းအမှုကိုစွန့်လိုက်တော့တယ်
သူ့ဘာသာသူ မိရိုးဖလာကိုးကွယ်ခဲ့တဲ့မြသိမ်းနားကျောင်းမှာ ကမ္မဌါန်းကျောင်းဆောက်ပြီး မနက်တစ်နပ်စာဘဲစားကာ သတ်သတ်လွတ်စားပြီး သေတဲ့အထိအားထုတ်သွားခဲ့တယ်။

အဖိုးသေတဲ့အခါ ညင်သာပျော့ပြောင်းစွာနဲ့စိတ်နဲ့ခန္ဓာကိုခွာသွားနိုင်ခဲ့တယ် အဲဒါ သူထုတ်ခဲ့တဲ့အထုတ်ကသူ့ကို သက်တောင့်သက်သာနဲ့ခရီးဆက်နိုင်အောင်ခေါ်ဆောင်သွားနိုင်ခဲ့တယ်။

အဖိုးလိုဘဲ ပြင်ရတော့မယ် သက်တောင့်သက်သာညင်သာစွာနဲ့ ခရီးဆက်နိုင်အောင်ကျစ်ကျစ်ပါအောင် ထုတ်နိုင်သလောက်ထုတ်ရတော့မဲ့အချိန်ကျနေပြီဆိုတာ ကျမသိလိုက်ရချိန်မှာတော့ အဖိုးရဲ့မြေးပီသအောင် သိမ်းထုတ်သေချာ ကိုယ့်နောက်ပါအောင် ကျမပြင်ဆင်ရတော့မယ်။

Monday, September 2, 2013

နာကျင်ပြီးမှ ရလာတဲ့အချို



နာကျင်မှုက ရတဲ့အချို ပိုပြီးချိုသတဲ့
စဉ်းစားကြည့်ရင် အဲဒီအချိုကအခါးဘက်စွတ်သွားတဲ့ အချိုဖြစ်လိမ့်မယ်လို့ကျမထင်မိတယ်။

နာကျင်မှုဆိုတာကလဲ ကိုယ်ကသူ့ကိုသွားထိလို့နာတဲ့ နာကျင်မှုလား
သူကကိုယ့်ကိုလာထိလို့ နာတဲ့နာကျင်မှုလား တစ်ခုခုကြောင့်ပေါ့နော်။

ကိုယ်ကသူ့ကိုသွားထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
အဲဒီအချိုက အခါးဖက်မစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကသူ့ကိုသွားထိတာကိုး
သူကကိုယ့်ကိုလာထိတာမှမဟုတ်တာ။

သူကကိုယ့်ကိုယ်လာထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
ကိုယ့်တွက်အဲဒီအချိုက အခါးစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် သူကသူ့ဘာသာသူလာထိတာလေ
ကိုယ်ကသူ့ကို သွားထိတာမှမဟုတ်တာ။

နာကျင်ရတာခြင်း အတူတူ
ဘယ်လိုဘဲ နာကျင်နာကျင်
အဲဒီကရတဲ့အချိုကိုကျမ မနှစ်သက်မိတာအမှန်ဘဲ
နာကျင်ပြီးမှရတဲ့ အချိုက
ကျမအတွက်တော့ ခါးနေအုံးမှာဘဲ။

mar mar
3/09/2013
4:15PM

မတူညီမှုများထဲက ရုန်းထွက်တတ်သူ (သမီးလေးသို့)

ကျမနဲ့သူ
မတူခြင်းတွေက အရာရာကွဲလွဲခဲ့ရတယ်

ကျမက တွေးတောနေတတ်သူ
သူက လျှင်မြန်ဖြတ်လတ် သွက်လက်နေတတ်သူ

ကျမက ကဗျာဆံလိုသူ
သူက ကာရန်ဆိုတာ မလိုတဲ့သူ

ကျမက တက်ကျိုးရင်လှေမှောက်ပြီး ပြန်လာတတ်သူ
သူက တက်ကျိုးရင် လက်ထိုးလှော်ကာ လှေခွက်ကြီးကျန် အလံမလဲအောင်ဆောင်နိုင်သူ

ကျမက ရေမြွေတစ်ကောင်လို အဆိပ်မဲ့သူ
သူက မြွေဟောက်တစ်ကောင်လို အဆိပ်ပြင်းတဲ့သူ

ကျမက ယုံတစ်ကောင်လို နုဖတ်သူ
သူက ခြင်္သေ့တစ်ကောင်လို ရဲရင့်သူ

ကျမက ပုရွက်ဆိတ်တစ်ကောင်လို အားသေးသူ
သူက မြင်းတစ်ကောင်လို ခွန်အားကြီးသူ

ကျမက ဘဝဆိုတာကို စိတ်ကူးယဉ်လိုသူ
သူက ဘဝဆိုတာကို လက်တွေ့ဆံချင်သူ

ကျမက အရာရာကို အရှုံးပေးတတ်သူ
သူက အရာရာကို အနိုင်ယူလိုသူ

ဒါကြောင့်မို့သူ့မှာ
ခွန်တွေ အားတွေ ပြည့်နှက်သူမို့
အောင်မြင်ခြင်းတွေ အမြဲပွေ့ပိုက်နိုင်တဲ့ခဲ့သူ။

mar mar
3/09/2013