Friday, May 19, 2017

ချင့်ချိန်နိူင်ဖို့ရာ



အိပ်ယာ၀င်ခါနီး ရီစရာလေး တခုရေးလိုက်ပါအုံးမယ်

မာမာတို့ ခပ်ငယ်ငယ်က မာမာ့ဘကြီး တယောက် ပြောနေကျ ဟာသလေး တခုပါ။

ဟာသဆိုတာထက် ကရင်အဖိုးအို တယောက်ရဲ့ ရိုးသားမှုလို့ဘဲ ပြောရမလားပေါ့

အဲဒီအဖိုးအို နေတာက မာမာတို့ရွာရဲ့အလွန် ၂မိုင်ကျော်ကျော်မှာ ကရင်ရွာ ၂ရွာရှိတဲ့ အထဲက

 ရန်ကုန်ပြည် ကားလမ်းမကြီးဘေးက ကျွန်းချောင်းရွာမှာနေတဲ့ အဖိုးအိုပါ

တရက်တော့ အဲဒီအဖိုးက သူ့လယ်အတွက် လိုအပ်တာတွေကို မြို့တက်ပြီး ဈေး၀ယ်ပါတယ်တဲ့

အသွားတုန်းက သူနေတဲ့ရွာကနေ တိုက်ကြီးကိုသွားတာ ကားခ ၂၅ပြားပေးရတာ သူမှတ်ထားခဲ့ပုံ ရပါတယ်

အပြန်ကျတော့ ကားစပါယ်ယာက ကားပေါ်ကလူတွေဆီက ကားခတောင်းပါလေရော

အဲဒီအချိန် သူအရမ်းစိတ်၀င်စားတာတခု ရှိသွားခဲ့တယ်ထင်ပါရဲ့ စပါယ်ယာကို သူကမေးပါလေရောတဲ့

ဟေ့ကောင်လေးပေါ့ မင်းအခုန ကားခပိုက်ဆံ လိုက်ယူနေတာ ငါကြားလိုက်တယ် တိုက်ကြီးကနေ ကျွန်းချောင်းကိုလဲ ၂၅ပြား တိုက်ကြီးကနေ မြောင်းတကာအထိလဲ ၂၅ပြား မြောင်းတကာကျော်မှ မှော်ဘီထိ ပြား၅၀ဘဲ ယူတာလားလို့ မေးလိုက်တယ်တဲ့

စပါယ်ယာလေးကလဲ သူမေးတဲ့အတိုင်း ဟုတ်တယ်ဖထီးဆိုပြီး ပြန်ပြောတာပေါ့

အဲဒီတော့ သူဘာပြန်ပြောတယ်မှတ်လဲ ၂၅ပြားပေးရတာခြင်းအတူတူ ငါ မြောင်းတကာထိ လိုက်စီးမယ်ဆိုပြီး လိုက်လာလေသတဲ့

မြောင်းတကာနဲ့ ကျွန်ချောင်းက ၂မိုင်ကျော်ကျော် ဝေးနေတာကို သူမစဉ်းစားဘဲ တန်တယ်ဆိုပြီး စီးလာလိုက်တာ မြောင်းတကာလဲရောက်ရော ကားပေါ်ကဆင်းကာနီး ဈေး၀ယ်လာတာတွေကို ကားပေါ်ကချရင်းနဲ့ ပါးစပ်ကလဲ တဖွဖွပြောလေရဲ့ပေါ့။

ခွီးကနည်းမှဘဲ ၂၅ပြားပေးရတာခြင်း အတူတူ တန်လိုက်တာ ကားပိုပြီး စီးလိုက်ရလို့ သူအရမ်းကို ပျော်နေတာပေါ့။

တန်လိုက်တာ တန်လိုက်တာ ပြောရင်းက စပါယာယာလေးကို သူဈေး၀ယ်လာတဲ့ အထုတ်ကြီး ပုခုံးပေါ် မပြီး တင်ခိုင်းချိန် စပါယ်ယာလေးကမေးတယ် ဖထီး ကျွန်းချောင်းကို ဘယ်လိုပြန်မလဲ မေးလိုက်တော့ ကုန်းကြောင်းလျှောက်ပြီး ပြန်မယ်တဲ့လေ 😀

ကဲ ဖထီးတယောက် တန်လှပါချည့်ရဲ့ဆိုပြီး သူစီးလာတဲ့ ကားလမ်းခရီးကို သူ့ခြေထောက် သူအားကိုးပြီ မချိမဆန့် ပြန်လျှောက်ရမှာကို ဘေးလူတွေက မြင်ရတာ မသက်သာပေမဲ့ သူကတော့ သူရဲ့ရိုးသားခြင်းကို အဖော်ပြုလို့ မြောင်းတကာနဲ့ ကျွန်းချောင်းကို လေလေး တချွန်ချွန်နဲ့ လမ်းလျှောက်ပြီး ပြန်လေသတည်းပေါ့နော် 😀

၁၉။၅။၁၇

ငါးဇင်ရိုင်းအကြောင်း တစေ့တစောင်း


ဒီဟာသလေးက face book မှာ ရေးခဲ့တာလေးပါ အမှတ်တရအနေနဲ့ ဘလော့လေးမှာ ပြန်သိမ်းထားချင်လို့. share လာခဲ့ပါ။

ကျမငယ်ငယ်က ငါးဇင်ရိုင်းဆို အရမ်းကြိုက်တာ အရိုးလေးတွေကို ကျေနေအောင် ဝါးစားရတာကအစ နှစ်ခြိုက်ခဲ့ဖူးပါတယ်။

ရေကျော်တိုက်နယ်ဆေးရုံကို ပြောင်းတော့ လပြည့်နေ့ဆို ပင်လယ်က ရေတက်လာရင် ငါးဇင်ရိုင်းတွေ တန်းစီပြီးရေတက်နဲ့ပါလာတတ်ပါတယ် ရေကတရိပ်ရိပ်တက်လာလေ ငါးဇင်ရိုင်းတွေက နူတ်ခမ်းမွှေးအကားသားနဲ့ ရေတက်နဲ့အတူ အုပ်စုလိုက်ကြီး အလိပ်လိုက် ပါလာတတ်တယ်။

တောက အိမ်သာတွေက မြေကြီးပေါ်မှာ ပက်လက် ပါပြီးသား အပုံတွေက တောင်ပို့လိုပုံနေတာပေမဲ့ တောသဘာ၀မို့ မြင်နေကျ အသားကျလာတော့ ရိုးလာသလို ဖြစ်လာခဲ့တယ်။

ဒါပေမဲ့လဲ တလတခါ ရေတက်ဦး ငါးဇင်ရိုင်းတို့က လာလာပြီး သန့်ရှင်းရေးလုပ်ပေးတော့ ညနေစောစော တက်တဲ့ရေမှာ ပါလာတဲ့ ငါးဇင်ရိုင်းအုပ်ကြီးက ပလပ်ပလပ်နဲ့ လာစားကြတော့ ညဦးပိုင်း ရေလဲပြန်အကျ အိမ်သာအောက်လေးလဲ သန့်ရှင်းပြီး ကျန်ခဲ့တာပေါ့။

နောက်တခါ ကော့ဘိန်းတိုက်နယ်ဆေးရုံကို ပြောင်းတော့ သားကြီးက သင်္ဘောစီးချင်တယ်ဆိုတာနဲ့ ရန်ကုန်ကနေ မော်လမြိုင်ကို သင်္ဘောနဲ့သွားကြတယ် ရွာတရွာရောက်တော့ ထုံးအိုင်ရွာလို့ထင်တယ် သင်္ဘောက ခနရပ်ပေးတယ် ထမင်းစားချင်တဲ့သူ ဆင်းစားလို့ရတယ်ဆိုတော့ ကမ်းဘေးနားက ဆိုင်လေးမှာ ဆင်းစားကြတာပေါ့နော်။

မြစ်ငါးဇင်ရိုင်း အရမ်းဆူတယ်ဆိုလို့ မှာစားမိတယ် တကယ်လဲ စားလို့ကောင်းတယ် တောချက်လေး ငရုတ်သီး ဖိုးသိုးဖတ်သပ်လေးတွေနဲ့ ချက်ထားတာဆိုတော့ စားကောင်းကောင်းနဲ့စားလိုက်တာ ထမင်းက ၃ခါလောက် ထပ်ထည့်ရတယ်ပေါ့နော် နောက်ဆုံး အစာပိတ်မှ တွယ်မယ်ဆိုပြီး ငါးဇင်ရိုင်းတကောင် ချန်ထားတာကို ဟင်းအနှစ်ထဲက ဇွန်းနဲ့ ခပ်ထည့်လိုက်တာ ငါးဇင်ရိုင်းမဟုတ်ဘဲ ဘာကြီးဖြစ်နေတယ် ထင်မိလဲရှင် 😀

ဖိုးသိုးဖတ်သပ် ငရုပ်သီးဖတ်နဲ့ကြက်သွန်အနှစ်တွေ ကြားထဲမှာ ပင်စိမ်းရွက်ကို မိမိရနဲ့စုတ်ကိုင်ပြီး ပိုးလိုးပက်လက်လန်ကာ အမြှီးငုတ်တုတ် ဖြစ်နေရှာတဲ့ အိမ်မြှောင်ကြီး ဖြစ်နေပါရော့လား 😀

အန်လိုက်ရတာ ပြောမနေပါနဲ့တော့ စားထားတဲ့ ဖိုးသိုးဖတ်သပ်လေးတွေ ချက်ခြင်းဆိုသလို ကုန်သွားပါလေရော။

အော် ကျမနဲ့ ငါးဇင်ရိုင်း ရာဇ၀င်က ရိုင်းရက်လေခြင်းရယ်လို့ အဲဒီထဲက ငါးဇင်ရိုင်း မစားတော့တာ ခုထိဘဲဆိုပါတော့ရှင်