Sunday, December 17, 2017

ခေတ်နဲ့ အညီ


အခုရေတွင်းတူး အခုရေကြည်သောက်လို့ ရတယ်ထင်နေကြတယ် ခေတ်တခု စနစ်တခုပြောင်းဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။

အဲဒီလိုပြောတော့ မြောင်းတကာရွာကို အရမ်းသတိရမိတယ် မြောင်းတကာရွာမှာမွေး မြောင်းတကာရွာမှာ ကြီးလာတာ ဆိုတော့လေ ရွာအကြောင်း ဘယ်နေရာ အပ်ကျတယ် ဆိုတာကအစ သိနေလေတော့ ပြောရအုံးမယ်။

မှတ်မိသလောက် စာအရေးသူ သက်၁၅နှစ်လောက်ထိက ဘူးဘူးပါတဲ့ အိမ်သာက မြေကြီးပေါ်မှာ ကျင်းမပါ ဘာမပါ ဆောက်ထားတာ အပေါ်က ပါချလိုက်တဲ့ ဘူဘူးက မြေကြီးပေါ်မှာ နဂါးလို အမောက်ထောင်ရက်လေး 😀 😀 ဒါတောင် ကံကောင်းမှ မြင်ရတာ ဒိမင့်ဆို ၀က်က အောက်မှာ အဆင်သင့် 😀 😀

ရွာမှာ ၀က်မွေးတာကလဲ ခြံမရှိလေတော့ ၀က်တွေက အိမ်သာအောက်မှာ တအိအိနဲ့ အခန့်မသင့်လို့ ကိုယ်ကလဲ အစားမှားပြီး ၀မ်းပျက်ချိန် ၀က်ကလဲ အိမ်သာအောက် ရောက်နေချိန်ဆို သေပြီဆရာဘဲ ကိုယ်က အပေါ်က ဗျန်းကနည်းပါချ ၀က်ကခေါင်းထိုးပြီး စားနေချိန် သူ့ခေါင်းပေါ်ကျလေတော့ နားရွက်တွေတဗျန်းဗျန်း ခါပါလေရော သူခါလိုက်တဲ့ ဘူဘူးက ကိုယ့်ကိုပြန်ပြီး စင်လေတဲ့အခါ တွေးသာကြည့်ကြပါတော့နော်။

ဒါနဲ့တင် မပြီးသေးပါဘူး နောက်နေ့ကျတော့ ဘယ်အိမ်က ၀က်ပေါ်လို့ တပိသာ ဘယ်လောက် ယူကြမလားလို့ တအိမ်တက်ဆင်း လိုက်မေးရင် ဒို့အိမ်ကို ၀က်နားရွက်နဲ့ ၀က်ခေါင်းပေးပါ ဒို့အိမ်ကို အူနုအူချိုပေးပါ ဒို့အိမ်ကတော့ ၀က်ခြေထောက်၀က်လက်ယူမယ် ဒို့ကိုတော့ အထပ်အူလုပ်ပေးပါနဲ့ ၀ယ်လိုက်ကြတာ ၀က်အချိန် ၅၀လောက်က ဝက်မပေါ်ရသးဘူး ပြိုက်ခနဲ ကုန်ပါလေရော။

တကယ်တော့ အဲဒီ၀က်ကြီးက မနေ့က ညနေထိ နောက်ဖေးလမ်းကြားထဲက အိမ်သာတကာ့ အိမ်သာအောက်မှာ ပွဲတော်တည်နေတဲ့ ၀က်ကြီး 😀 😀

အဲဒီလို တောစတိုင်လ်မပျောက်ဘဲ နေလာတာ ကိုယ့်အသက် အနည်းဆုံး ၁၅နှစ် ၁၆နှစ်ဘဲ နောက်ပိုင်းကျမှ ယင်လုံအိမ်သာဆိုပြီး အိမ်နောက်ဖက် ခြံစည်းရိုးနားမှာ ကျင်းလေးတွေတူးပြီးတော့မှ ရိုးရိုးကျင်းအိမ်သာလေးတွေ ဖြစ်လာတယ်။

 မြေကျင်းအိမ်သာ ဆိုတာမျိုးက ဘောင်မပါ ဘာမပါ တူးထားလေတော့ မိုးများသည်းလာပြီဆိုရင် မြေသားတွေ ပြိုကျပြီး လှောင်ကန်ထဲကနေ အပုန်နံ့တလှိုငိလှိုင်နဲ့ အပြင်တွေ ထွက်လာပါလေရော အဲလိုဘဲ ပြိုကျလိုက် နေရာရွှေ့ပြီး တူးလိုက်နဲ့ဟာ ကျမစိတ်အထင် နောက်ထပ် အနှစ်၂၀ကျော်က ဂျာအေးကို သူ့အမေ ရိုက်နေသလိုဘဲ ။

ကျင်းအိမ်သာလေးတွေကနေ နောက်တော့ ငွေကြေးအသင့်အတင့်ရှိတဲ့ အိမ်တွေက ဆားဗစ်ကျင်းတွေတူးပြီး အိမ်သာကို အခိုင်အမာ ဆောက်လာခဲ့တယ် ဝက်အန္တရာယ်လဲကင်း မိုးလေအန္တရာယ်လဲ ကင်းသွားတယ် တကယ်တော့ ကိုယ့်အိမ်ကိုယ့်ယာကို အဆင့်ဆင့် ပြင်နိုင်သလိုမျိုး အဓိက က ကိုယ့်စိတ် ကိုယ့်ကိုယ်ကို ပြင်နိုင်ဖို့က အဓိကပါ အဲဒီလိုပြင်နိုင်အောင်လဲ ကျိုးစားကြရပါမယ်။

ပြောချင်တာက ဘယ်အစိုးရတက်ရင် ငါတို့တော့ ချမ်းသာပြီဆိုတဲ့ အတွေးတွေ ဝင်နေတာ တော်တော်ဆိုးတယ် ဘယ်အစိုးရတက်တက် အရင်ဆုံး ကိုယ့်စိတ်ကို ကိုယ်ပြင် ပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာကို ပြင်ပြီးရင် ရပ်ကွက်ကို ပြင်ကြရမယ် ရပ်ကွက်ကနေမှ တရွာလုံးကိုပြင်ကြရမယ် အဆင့်ဆင့် ပြင်သွားနိုင်ရင် ဘယ်အစိုးရမှ မျှော်နေစရာ မလိုပါဘူး။

မိမိကောင်းရင် အားလုံးကောင်းလာပါလိမ့်မယ် ဝက်ကြီးလဲ အိမ်သာအောက်ကို ဝင်လာစရာ အကြောင်းမရှိတော့သလို အပုတ်နံ့တွေလဲ အပြင်ကို ထွက်လာစရာ အကြောင်းမရှိတော့ဘူးပေါ့။

ကိုယ်ကိုယ်တိုင် အလုပ်မလုပ် လုံ့လမစိုက်ဘဲ ချမ်းသာချင်တယ် ထိုင်အော်နေလို့ ငွေထုတ်ကြီးက ရောက်လာမှာ မဟုတ်သလို အစိုးရ ဆိုတာကြီးကလဲ အထုတ်ကြီး ရော့အင့်ဆိုပြီး ချက်ခြင်းကြီး ပေးလာနိူင်မယ် မထင်ပါဘူး  ဒါကြောင့်မို့ ကိုယ့်အားကိုယ်ကိုး စီးပွားတိုးသတဲ့ ။

ချမ်းသာချင်ရင် အလုပ်လုပ်ပါ သမာအာဇီဝလုပ်ပြီး ချမ်းသာနေသူတွေ အများကြီးရှိပါတယ် ခေတ်မကောင်းလို့ လုပ်လို့ကိုင်လို့ မဖြစ်ဖူး မချမ်းသာဘူးလို့ ထင်နေရင် လက်ကျောမတင်းသူတို့ရဲ့ ဆင်ခြေဆင်လက်တခုလို့ဘဲ ထင်မြင်မိပါတယ်။

၁၇။၁၂။၁၇



Port Macquarie သို့ အလည်တစ်ခေါက်





ခရီးတခေါက် သွားလေတိုင်း မှတ်သားစရာ လေ့လာစရာ လိုက်နာစရာ ကျင့်သုံးစရာတွေရယ် ထိမ်းသိမ်းသင့်တာလေးတွေရယ် အမြဲတမ်း ပါလာတတ်ပါတယ်။

Port Macquarie သွားတုန်းက လည်ဖို့ပါတ်ဖို့ အချိန်လေးရတာနဲ့ လျှောက်လည်ဖြစ်ခဲ့ပါတယ် လျှောက်လည်ချိန်မှာ တယောက်ထဲဆိုတော့ google map လေးဖွင့်ပြီး စိတ်အေးလက်အေး လည်ဖြစ်ခဲ့သလို ဗဟုသုတတွေရတဲ့ အတွက်လဲ ကျေနပ်မိတာတော့ အမှန်ပါဘဲ။

လူတွေ မြို့တွေ နိူင်ငံတွေ သက်ရှိသက်မဲ့တွေမှာ သမိုင်းဆိုတာ ရှိတတ်စမြဲပါ ကောင်းတဲ့သမိုင်းတွေ ရှိခဲ့သလို မကောင်းတဲ့ သမိုင်းဆိုတာလဲ ရှိတတ်ပါတယ် ကျမဆိုလိုချင်တာက ဘယ်လိုသမိုင်းမျိုးဘဲဖြစ်ဖြစ် ခေတ်အဆက်ဆက် တာဝန်ရှိသူတွေက ထိုသမိုင်းကို စောင့်ရှောက်ထားသင့်သလို ထိမ်းလဲထိမ်းသိမ်းထားသင့်ပါတယ် ။

ကျမအခု တင်လိုက်တဲ့ ရေတွင်းမျိုးက ကျမတို့ မြန်မာပြည်မှာ နေရာမရွေး တွေ့နိူင်တဲ့ ရေတွင်းမျိုးပါ ကျမတွေ့ဖူးခဲ့တဲ့ ရေတွင်းတိုင်းမှာလဲ သမိုင်းလေးတွေ ရှိကြမှာပါ ဘယ်သူက စတင်တူးခဲ့တာ ဘယ်နှစ်ခုနှစ်က တူးခဲ့တာ ဘာအတွက် သုံးဖို့ တူးခဲ့တာ အစရှိသည် ဖြင့်ပေါ့ရှင်။

သို့ပါသော်လဲ စနစ်တကျ ထိမ်းသိမ်းခြင်း သမိုင်းကို မှတ်တမ်းမတင်ခြင်း ရေတွင်းကိုကောင်းစွာ မစောင့်ရှောက်ခြင်းတို့ကြောင့် ထိုရေတွင်းများထဲမှ တချို့တချို့သော ရေတွင်းများ တိမ်ကောပျောက်ကွယ်ခဲ့ကြသလို သူတို့ရဲ့ သမိုင်းတွေ ပျောက်ခဲ့ရပါတယ်။

အခုပုံပါ ရေတွင်းလေးရဲ့ သမိုင်းကို ကျမပြောပြပါမယ် ဒီရေတွင်းနားကို ကျမရောက်သွားချိန်က ညနေ ၆နာရီကျော်ပါပြီ ရေတွင်းကို စတွေ့တော့ ကျမတကိုယ်လုံး တောင့်တောင့်ခဲခဲကြီး ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။

ကျက်သည်းတွေ တဖျန်းဖျန်းထလာခဲ့ပြီး ကြောက်သလိုလို ဝမ်းနည်းသလိုလိုလဲ ခံစားလိုက်ရပါတယ် မြန်မာပြည်ကိုလဲ ပြေးပြီးသတိရမိတယ် ဒူးအောက်ပိုင်းတွေ လေးလံလာသလို ခံစားလိုက်ရတယ် အဲဒါနဲ့ဘဲ ရေတွင်းကို ထပ်မကြည့်တော့ဘဲ ခပ်သုတ်သုတ် လှမ်းလိုက်ပါတော့တယ်။

လေးငါးလှမ်း လှမ်းပြီးချိန် ရေတွင်းကို ကျောပေးလိုက်ချိန်မှာဘဲ ကျမရဲ့ ခြေလှမ်းတွေ တုန့်ကနည်း ရပ်သွားခဲ့ပြန်ပါတယ် ရေတွင်းကို သမင်လည်ပြန် ပြန်ကြည့်ချင်စိတ်က ဖြစ်လာပြန်ပါတယ်။

ထိုရေတွင်းကို ကျောပေးပြီးပါမှ ပြန်ကြည့်ချင်မိတဲ့ ကျမရဲ့စိတ်တွေက ဆန်းကျယ်နေသလိုပါဘဲ ဒါနဲ့ဘဲ နောက်တကြိမ် ရေတွင်းနားကို ရူးရူးမိုက်မိုက် ကျမပြန်လျှောက်မိပြန်ပါတယ်။

ရေတွင်းနား ရောက်ပြန်တော့လဲ မသိစိတ်က လန့်သလိုလို ခံစားရပြန်ပါတယ် ဒါနဲ့ဘဲ ငါကဒီမြို့ကို အလည်လာတဲ့ ဧည့်သည်ဘဲ ဘုမသိ ဘမသိနဲ့ ရေတွင်းနား မကပ်သင့်ဘူးဆိုပြီး အသိစိတ်ပြန်သွင်းကာ ဆက်လျှောက်မိပြန်တယ်။

နောက်တကြိမ် လေးငါးလှမ်း လှမ်းပြီးပြန်တော့ ကျမ အဲဒီရေတွင်းရဲ့ သမိုင်းကြောင်းကို အရမ်းသိချင်လာတယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေတွင်းဘက် ကျမပြန်လျှောက်လိုက်တယ် ပြီးတော့ စိတ်ကိုဒုန်းဒုန်းချကာ မှတ်တမ်းတင် ဓာတ်ပုံလေး သုံးလေးပုံ မြန်မြန်ရိုက်လိုက်တယ် ရေတွင်းထဲ လှမ်းကြည့်တော့ ရေတွင်း၀ရဲ့ အတွင်းဘက် ၂တောင်ခန့်လောက်မှာ အဝကိုပိတ်ပြီး ကာရံထားတဲ့ သံဇကာရဲ့ အောက်မှာ ကြည်လင်နေတဲ့ ရေသားက အပြည့်ပါဘဲ။

ရေတွင်းရဲ့ သမိုင်းကြောင်းကတော့ ဒီရေတွင်းကို အင်္ဂလန်နိူင်ငံကနေ သည်ဆောင်လာတဲ့ အမျိုးသမီး အကျဉ်းသားတွေ သုံးဖို့အတွက် ၁၈၄၀ခုနှစ်မှာ စတင်တူးဖော်ခဲ့ပါတယ် ဒီရေတွင်းရဲ့ အနီးတဝိုက်မှာ အမျိုးသမီး အကျဉ်းသားတွေ နေကြပြီး သူတို့အတွက် သိုးမွှေးစက်ရုံ အင်္ကျီချုပ်စက်ရုံ သိုးမွှေးထိုးစက်ရုံ အစရှိသည်ဖြင့် စက်ရုံတွေဖွင့်ပြီး အကျဉ်းသားတွေကို အလုပ်အကိုင် ပေးထားပါတယ်။

ထိုရေတွင်းမျိုးကို NSW & Tasmania တို့မှာ အမျိုးသမီး အကျဉ်းသားတွေ သုံးဖို့အတွက် ၁၈၀၄ခုနှစ်မှ ၁၈၅၆ခုနှစ်အထိ ၅၂နှစ်အတွင်းမှာ ထိုရေတွင်းမျိုး ၁၃တွင်း တူးခဲ့ပါတယ်။

လွန်လေပြီးသော နှစ်ကာလ များစွာက တူးဖော်ခဲ့တဲ့ ရေတွင်းတွေ အခုထိ အကောင်းအတိုင်း ရှိနေကြတာဟာ ခေတ်အဆက်ဆက် သမိုင်းကို စောင့်ရှောက်သူတွေ ထိမ်းသိမ်းကြသူတွေကြောင့်သာ ကျမတို့လဲ သိခွင့်မြင်ခွင့် ရကြတာဖြစ်ပါတယ်။

စကားမစပ်ပေါ့ရှင် အခုလက်ရှိ အော်စီမှာနေထိုင်ကြတဲ့ ဒီနိူင်ငံသားစစ်စစ်တွေက ထိုအမျိုးသမီး အကျဉ်းသားတွေနဲ့ ၅ယောက် သို့မဟုတ် ၇ယောက်မှာ တယောက်နူံးက အမျိုးတော်စပ်သူတွေ ဖြစ်ကြပါတယ်ဆိုတာလဲ လေ့လာသိရှိရပါတယ်။

နောက်တချက် ထူးခြားတာလေး ရှိပါတယ် ဒီရေတွင်းက အသုံးမပြုတော့တဲ့ ရေတွင်းပါ ဒါပေမဲ့ ရေတွင်းရဲ့ ဘေးပါတ်လည်မှာ ထူးခြားတာလေး ရှိပါတယ် ကြည့်သောသူများ မြင်ကြပါလိမ့်မယ် နေဝင်ရီသယော အချိန်မှာ မျက်နှာစိမ်း ဧည့်သည်တယောက် ဘာကြောင့် ကျက်သည်း ဖျန်းဖျန်းထခဲ့ရသလဲဆိုတာ စဉ်းစားပြီး အဖြေညှိနိုင်ပါတယ်ရှင်။
Mar Mar Lwin​
16/12/2017
Saturday.

ဖိနပ်စီးသောကြက်


တခါတလေကျတော့ လူကယောင်နန ဖြစ်နေတတ်သလို တခါတလေကျတော့လဲ ကိုယ့်ကိုကိုယ် အထင်ကြီးနေ တတ်တာကလဲ မကောင်းပြန်လေဘူး။

တယောက်ယောက်ကများ မက်စင်ဂျာကနေ hi အန်တီ ဆိုတာနဲ့ပြောလေသမီးရေ ဘာဟင်းချက်နည်း သိချင်လို့လဲ ဘယ်အပင်စိုက်နည်း သိချင်လို့လဲဆိုပြီး သူဘာမှ မပြောသေးခင်မှာဘဲ ကိုယ်ကစပြီး မေးပလိုက်တာမျိုးတွေလဲ ခနခန ဖြစ်ဖူးပါတယ်။

ဒီနေ့လဲ ကလေးမလေး တစ်ယောက်က အန်တီရေ သမီးမေးစရာရှိလို့ပါတဲ့ သူကဘာမှ မမေးရသေးဘူး ကိုယ့်ဘာသာကို ဖြေချင်တာတွေ ဖြေပလိုက်တယ်။

 မေးပြီး ပြောပြီးမှ ရီလိုက်ရတာဆိုတာ ပြောမနေပါနဲ့တော့ ထင်ရာစိုင်းတတ်တဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်တဲ့  စိတ်ကြီးကို သတိထားပြီးတော့ ပြင်အုံးမှပါ။

ဖြစ်ပုံကဒီလို

အန်တီ သမီးမေးစရာလေး ရှိလို့ပါတဲ့

မေးလေ သမီးရေ ဘာသိချင်လို့လဲ

သမီးက အိမ်ထောင်သည်ပါ အိမ်ထောင်ကျတာ ၈နှစ်ရှိပြီ

အော် ဟုတ်လား ပျော်စရာကြီးနော်

ဟုတ် အန်တီ ဟိုဟာလေ သမီးအမျိုးသားက အပြင်မှာ ထွက်ထွက် စားနေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲ မေးချင်လို့ပါတဲ့

လာပါပြီ အဲဒီမှာ ဇာတ်လမ်းကစပြီ

ဟယ် သမီးရယ် အိမ်မှာ ကောင်းကောင်းကျွေးလေ အိမ်မှာကောင်းကောင်း စားရရင် သူအပြင်စာ ဘယ်စားပါ့မလဲ (ဆရာမကြီး လေသံနဲ့ မေးစေ့လေးကို ပွတ်ပြီးပြော)

ဟုတ် ကျွေးပါတယ် အန်တီ အန်တီ့ကို အားတော့နာပါတယ် သမီးတို့ အိမ်ထောင်ကျတာ ၈နှစ်ရှိပြီ သားသမီးကလဲ မရဘူး။

သားသမီး မရသေးတော့ ကိုယ်က သူ့အတွက် အချိန်ပိုပြီး ပေးနိုင်တာပေါ့ ကောင်းကောင်းလေး ချက်ပြုပ်ကျွေးပေါ့ သမီးရယ် (နောက်တကြိမ် ထပ်လွဲခြင်း)

ဟင်းချက်နည်း စာအုပ်တွေ ဝယ်လို့ရနေတာဘဲ ကျိုးစားပြီး ချက်ပေါ့သမီးရယ် (ခပ်တည်တည်နဲ့ ထပ်ပြော)

ဟယ် အန်တီ သမီးပြောတာက သမီးအမျိုးသား အပြင်မှာ ထွက်စားတယ်ဆိုတာ အစားအသောက်ကို ပြောတာမဟုတ်ဖူး။

ငင် ဒါဆို ဘာကိုစားတာလဲဟင်

ဟိုဟာလေ အန်တီရယ် ဟိုယာကိုပြောတာ

နုံအလွန်းသော ကျမ အရိပ်ပြလဲ အကောင်ကမထင် ဒုက္ခဘဲ သမီးရယ် အန်တီက အန်းဒိတ်ကြီး ဖြစ်နေပြီ သမီးပြောတာကို နားမလည်ဘူးတော့

အားမနာနဲ့ ဘွင်းဘွင်းသာ ပြောချလိုက်ပါဟယ်

ဟီး ဟီ အန်တီကလဲ ဖိနပ်စီးတဲ့ ကြက်သားကို ပြောတာလေ

အဲဒီအထိ သဘောက မပေါက်ချင်သေးဘူး 

ပြီးတော့မှ အို ဟင် ဟယ် ဟိုတွေ ဖြစ်သွားကာ

နို့ သူများက သိမှမသိဘဲ ဟာကိုလို့ ရှက်ကို့ရှက်ကန်းနဲ့ ပြန်ပြောပြီး သကာလ

အဲဒါဆိုလဲ အဲဒီဖိနပ်စီးတဲ့ ကြက်မကို ခြေထောက်၂ခြောင်း စုံကိုင်ပြီး သစ်ပင်နဲ့ ၅ချက်လောက် လွှဲလွှဲရိုက်ပြီး အမွှေးနူတ် ခုတ်ထစ် မဆလာနိုင်နိုင်နဲ့သာ ချက်ကျွေးလိုက်ပါတော့ သမီးရယ်ဆိုပြီး ရှက်ရှက်နဲ့ပြောချင်ရာ ပြောပလိုက်တော့တယ်။

အော် ငါ့နှယ် နုံလိုက်တာနော် ကိုယ့်လာပြီး စကားပြောတာနဲ့ အပင်စိုက်နည်း ဟင်းချက်နည်း မေးတယ်ဘဲ ထင်နေတတ်တဲ့ စိတ်ကြီးဝင်နေတာကြီးကိုတော့ ဖျောက်အုံးမှပါလေ 😛 😛
မာမာလွင်
၁၇။၁၂။၁၇

Sunday, December 10, 2017

လူ = ​နေရာ


လူ = နေရာ

တနေရာနဲ့ တနေရာ
လူတယောက်နဲ့ တယောက်
နွေးထွေးခြင်း ပျူငှာခြင်းဆိုတာ ရှိကြတယ်။

နေရာ တနေရာကို ရောက်တဲ့အခါ
မြို့ခံတွေက ပျူငှာသလား 
နွေးထွေးမှု ရှိကြသလားဆိုတာ
ကျမအမြဲတမ်း လေ့လာဖူးတယ်။

အစပိုင်းတော့ ဟုတ်မလိုလိုနဲ့
ပျူငှာသယောင် ပြကြတယ်
နွေးထွေးသယောင် ဆောင်ကြတယ်
နောက်တော့ အချိန်ဆိုတဲ့ ကာလတခုမှာ
မျက်နှာဖုံးတွေက ကွာကျသွားတတ်တယ်။

ပါးစပ်တွေက ပြုံးနေပေမဲ့
မျက်လုံးတွေက တွေဝေလာကြတယ်
နောက်တော့ အဲဒီမျက်လုံးတွေကဘဲ
မမြင်ချင်ယောင် ဆောင်သွားတတ်ကြတယ်။

ကိုယ့်ကို မလိုလားတော့ဘူးဆိုရင်
နူတ်ဆက်ရမှာတောင် ၀န်လေးသွားတတ်ကြတယ်
စကားပြောရမှာကို လေးဖင့်သွားကြတယ်
လက်ဆွဲနူတ်ဆက်ရမှာကို မသတီသလို ဖြစ်သွားကြတယ်။

ဒါကြောင့်မို့ ကျမကတော့ ကျမ သားနဲ့သမီးကို 
ကျမကြုံဖူးတာတွေနဲ့ ဥပမာပေးပြီး အမြဲတမ်း ဆုံးမစကား ဆိုတတ်တယ်။

ဘယ်တော့ဖြစ်ဖြစ် လူတွေအပေါ်ကို 
ဟန်ဆောင်ခြင်းကင်းဖို့ အမြဲသတိပေးဖြစ်တယ် 
လူဆိုတာ သူ့မျက်နှာရိပ် မျက်နှာကဲကို ကိုယ်ကဖတ်တတ်သလို 
ကိုယ့်မျက်နှာရိပ် မျက်နှာကဲကိုလဲ သူတို့က ဖတ်တတ်လိမ့်မယ်။

အတတ်ဆုံး ကိုယ်ကူနိူင်တာရှိရင် ကူပေးပါ
ကိုယ်ပြုံးတဲ့ အပြုံးရဲ့နောက်ကွယ်မှာ အနာအဆာ မပါပါစေနဲ့
ကိုယ်ကြည့်တဲ့ အကြည့်ရဲ့နောက်ကွယ်မှာ သံသယတွေ မပါပါစေနဲ့
ကိုယ်ပေးကမ်းလိုက်တဲ့ လက်တစုံဟာ အမြဲတမ်း နွေးထွေးနေပါစေ။

နေရာတနေရာမှာ ကိုယ့်ကို မကြိုဆိုဘူးလို့ ထင်မိရင် ထပ်သွားဖို့ မကြိုးစားပါနဲ့
ကိုယ့်ကို ဝေဖန်လာရင် အပြုံးနဲ့ဘဲ တုန့်ပြန်ပေးပါ
လောဘ ဒေါသ မောဟ အတတ်နိူင်ဆုံး ကင်းအောင်နေပါ
ရောင့်ရဲ တင်းတိမ်နိူင်တဲ့ စိတ်ကိုမွေးပါ။

ဒါပေမဲ့ ကိုယ့်အသက် ကိုယ့်အရှက် 
ကိုယ့်သိက္ခာ ကိုယ့်ဂုဏ်သရည်ကို ထိပါးလာရင်တော့ 
ကိုယ့်ကိုကိုယ် အတတ်နိူင်ဆုံး ကာကွယ်ပါ။

၅၃နှစ်ဆိုတဲ့ သက်တမ်းရယ် 
၀န်ထမ်းမိသားစုဘဝမှာ ကျင်လည်ခဲ့ရတာတွေရယ် 
နေရာဒေသ တော်တော်များများ ရောက်ဖူးတာရယ် 
လူတော်တော် များများနဲ့ ဆုံဖူးတာရယ်  
အဲဒါတွေကို ပေါင်းစပ်ပြီး 
လူတွေမျက်နှာကို ကျမတော်တော်များများ ဖတ်နိူင်ခဲ့ပါတယ်။

စကားမစပ် ကျမဘေးက ထိုင်နေတဲ့ 
မြို့တော်၀န်ရဲ့ မျက်လုံးတစ်စုံမှာ အဖြေတခုတော့ရှိတယ်
ကျမကတော့ သူ့မျက်ဝန်းတစ်စုံက အဖြေကို ကောင်းကောင်းကြီး ဖတ်နိူင်ခဲ့တယ် 
သင်တို့ရော ဖတ်နိူင်ပါသလား။

ဒီကြေးရုပ်ကြီး ရှိနေတဲ့မြို့က မြို့ခံလူတွေကတော့ 
ခင်မင်စရာကောင်းပြီး နွေးထွေးကြလို့ 
ကျမကတော့ အဲဒီမြို့လေးကို အရမ်းလေးစားမိခဲ့တယ်။

မာမာလွင်
10/12/2017

Friday, November 3, 2017

လူမှာအဝတ် တောင်းမှာအကွတ်


လူမှာအဝတ် တောင်းမှာအကွတ်

ကျောင်းသွားတဲ့ သမီးလေးရယ် စျေးသွားတဲ့ ကျမရယ်သားအမိ၂ယောက် နေ့လည်က စျေးမှာခန ဆုံကြတယ်၊
ဟိုကြည့်ဒီကြည့် ကြည့်နေရင်း ဂျင်းဘောင်းဘီလေး တထည်ကို သူကလာပြတယ်၊
ဒီဘောင်းဘီလေး လှတယ်လို့ ထင်မိလားတဲ့၊

လူငယ်သဘာ၀ သူက လှတယ်ထင်လို့ အမေကို မေးတာ ဖြစ်ကောင်းဖြစ်နိူင်ပါတယ်
ဒါပေမဲ့ ရှေ့နောက်ပြန်စွဲနေတဲ့ အမေက မလှဘူး သမီးရယ်
ဂျစ်ပဆီဆန်နေတယ်လို့ ပြောလိုက်တော့ သူတခုခု ပြန်ပြောချင်မှန်း သိလိုက်တယ်။

သူမပြောခင်မှာဘဲ ကျမက ဆက်ပြောလိုက်မိတယ်
တောင်းမှာအကွတ် လူမှာအ၀တ်တဲ့
လူတယောက် ဘယ်လောက်ဘဲ ပညာတတ်နေပါစေ
အဲလိုအ၀တ်အစားမျိုး ၀တ်လိုက်ရင် မေမေ့မျက်စေ့ထဲတော့ တန်ဖိုးမဲ့စေတဲ့ ပစ္စည်းလို့ မြင်မိတယ်လို့ ပြောလိုက်ရပါတော့တယ်။

တယောက်နဲ့တယောက် အမြင်တူချင်မှ တူလိမ့်မယ်ပေါ့
မမေ့အမြင် မေမေ့အထင်ကို ပြောပြတာလို့ ပြောပြလိုက်မိတယ်။

သမီးလေး ဘက်ကကြည့်ရင် လူငယ်သဘာ၀မို့လို့
သူပြတဲ့ ဘောင်းဘီတထည်လုံးက အပြဲပြဲ ဖြဲထားတဲ့ ဂျင်းဘောင်းဘီ တထည်က လှနေတယ်လို့ ထင်ချင် ထင်ပါလိမ့်မယ်။

အမေဘက်က ကြည့်ပြန်တော့ အမေသဘာ၀ သူ့ရဲ့လုံခြုံရေးအတွက်
အကောင်းဆုံးဖြစ်အောင် တားမြစ်ပေးတာ သူသဘောပေါက်အောင်လို့ ပြောပြနိူင်ရပါမယ်။

ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရတဲ့ ခေတ်ကြီးဖြစ်နေချိန်မှာ
ဒီ ခေတ်ကာလကြီးမှာ ကျားစာ အကျွေးမခံရအောင် ၀တ်တတ်စားတတ်ရပါမယ်
ကျားတကောင် မျက်စေ့ကျအောင် ဒီလိုလျှပ်ပေါ်လော်လီတဲ့ အ၀တ်တွေ မ၀တ်သင့်ပါဘူး။

အဖိုနဲ့အမဆိုတဲ့ ဆန့်ကျင်ဘက် လူသားဆိုတာ အသက် အရှက် ဂုဏ်သိက္ခာတွေကို မကြည့်ကြပါဘူး
လှတာတွေ့ရင်လဲ သမင်လည်ပြန် ကြည့်တတ်ကြတယ်
လျှပ်ပေါ်လော်လီတဲ့ အ၀တ်အစားတွေကြောင့်လဲ စားမတတ် ဝါးမတတ် ကြည့်တတ်ကြတယ်။

ဒါတွေဟာ ကိုယ့်အန္တရာယ်ကို ကိုယ်ဖိတ်ခေါ်သလို ဖြစ်ခဲ့တယ်ဆိုတာ သမီးလေးတွေ သိထားသင့်ပါသေးတယ်
ဒါကြောင့်မို့လို့ သမီးလေး သိအောင်လဲ ကျမက ရှင်းပြနိူင်ခဲ့တယ်
ကျမဘက်က သေသေချာချာ ရှင်းပြမှ သူ့ဘက်က လက်ခံလာတယ်။

တကယ်တမ်းကျတော့ ကျမဟာ သားတယောက် သမီးလေး တယောက်ရဲ့ မိခင်တယောက် ဖြစ်လေတော့
ကျမကို အရာရာတိုင်း တွေးပြီး စိတ်ပူနေတတ်ပြီး အမြဲတမ်းလိုလို ခေတ်နောက်ပြန်စွဲ အမေကြီး တယောက်လို့ မြင်သွားမှာထက် 
သမီးအတွက် အမေကောင်း တယောက်ပါလားလို့ သမီးဖက်က လက်ခံသွားတယ်ဆိုရင်ဘဲ ကျေနပ်စရာပါ။
မာမာလွင်
၃။၁၁။၁၇

Tuesday, October 31, 2017

ဒို့ရွာက ကထိန်ပွဲ


ဒို့ရွာက ကထိန်ပွဲ

မနက်ဖြန်ဆို တန်ဆောင်မုန်း လပြည့်နေ့ရောက်ပြီ
ငယ်ငယ်တုန်းက ရွာမှာ ဘုန်းကြီးကျောင်း ၆ကျောင်းရှိတယ်။

ကထိန်ပွဲတွေက တစ်ကျောင်းပြီး တစ်ကျောင်းပေါ့
ဓါတ်စက်သံတွေ ဝေဆာနေပြီး
ချာင်းရိုးအတိုင်း လေနဲ့ပါလာတဲ့ ဓါတ်စက်သံတွေက
ကထိန်ပွဲကို မလာလာအောင် လှုံ့စော်နေကြတာပေါ့။

တွံတေးသိန်းတန်ရဲ့ အမေနဲ့ရွာကိုလွမ်းတယ်ဆိုတဲ့ သီချင်း
ဗိုလ်အောင်ဒင် ပြန်လာပြီဆိုတဲ့ ဇာတ်လမ်း
မာမာအေးရဲ့ မြစိမ်းခွက်နဲ့ ပွဲတော်တယ်မယ်
စနေသားဆိုရင် ဂြိုလ်နဲ့လားရှင့်
ကိုသိန်းတန် စိုးစိုးသင်္ဘောပေါ်တက်ခဲ့မယ်ဆိုတဲ့ အသံလွှင့်ဇာတ်လမ်း
အဲဒါတွေက ဒီနေ့ထိ အလွတ်ရနေတုန်းပါဘဲ။

ငယ်အရိပ် ငယ်အတိတ်တွေပေါ့
ရွာဘုန်းကြီးကျောင်းရဲ့ ကထိန်မှာ စားခဲ့ကြတဲ့
ဆယ်နှစ်မျိုး ဟင်းချိုဟင်းနဲ့ငပိချက် 
တို့စရာအရွက်စုံနဲ့ ဝက်သားဟင်း
ဒါတွေအပြင် သူကြီးတူမ ပီပီ
ဘုန်းတော်ကြီး ပွဲကျကိုစောင့်ပြီး စားခဲ့တာလဲ အမှတ်တရပါဘဲ။

အစားပိတ်မှာ အရသာရှိစွာ သုံးဆောင်ဖို့ရာ
ဝက်သနီချက် ထမင်းမှာမြုပ်လို့
မြေကြီးမှာ စောင့်ကြောင့်ထိုင်ကာ
သူငယ်ချင်းတစ်သိုက်နဲ့ လွေးခဲ့ကြတာကိုလဲ
မနေ့တစ်နေ့ကလိုဘဲ ရင်ထဲမှာရှိနေတုန်းဘဲပေါ့။

အဲဒီအချိန်တွေတုန်းက
အပူတွေလဲ ကင်းခဲ့တယ်
ပျော်စရာတွေလဲ ကောင်းခဲ့တယ်
စိတ်ချမ်းသာရာတွေလဲ ပိုင်ဆိုင်ခဲ့ရတယ်။

ဒါတွကေို ပြန်စဉ်းစားမိလို့ 
အတွေးထဲ ရောက်လာတယ် ဆိုရင်ဘဲ
အမေနဲ့ရွာကို လွမ်းသလို 
သူငယ်ချင်းတွေကိုလဲ သတိရလွန်းလို့
မွေးရပ်မြေကိုဘဲ ပြန်ချင်နေမိတယ်။
မာမာလွင်
12.43 PM
26/11/2012

ယုံကြည်ရာစိတ်


Facebook မှာ ရေးခဲ့ဖူးတာလေးတွေ အမှတ်တရအနေနဲ့ ပြန်စုပြီး ဒီနေရာလေးမှာ သိမ်းထားချင်တာနဲ့ ဒီနေ့တော့ ဟာသလေးတပုဒ်ကို ပြန်share ပါမယ်။

ဒီနေ့နေ့ခင်း စာအုပ်တွေ ရှင်းနေရင်းက မြန်မာဟာသ စာအုပ်လေး တအုတ်ကို တွေ့တာနဲ့ ဟိုလှန်ဒီလှန် လုပ်ရင်းက ကိုးတန်းနှစ်လောက်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတပုဒ်ကို ပြန်ပြီး သတိရမိသွားတယ်။

ကျမအပါအ၀င် ကျမတို့မြန်မာလူမျိုး အများစုက ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ဖို့ကို တော်တော်လေး ခက်ခဲတတ်ကြတယ်။

ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက် မှားသွားမလားဆိုတဲ့ ဒွိဟတွေနဲ့ နောက်ဆုံးတော့ ဝေလေလေ ဖြစ်သွားတတ်ကြသလို သူများပြောတာ ဟုတ်များ ဟုတ်နေမလားဆိုတဲ့ အတွေးတွေနဲ့ အမှန်လို့ ထင်တတ်ကြပြန်ပါတယ်။

ကိုးကွယ်မှု ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့လဲ တော်တော်လေး သက်ဆိုင်ပါတယ် ကျမဆို ဗမာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်ပါ ဒါပေမဲ့ မြတ်စွာဘုရားကို အမြဲတမ်း ဦးထိပ်မှာ ထားသလို နတ်ဆိုတာကိုလဲ သင့်တင့်သလောက်တော့ အလေးထားပါတယ်။

နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့ ရွှေတိဂုံဘိုးဘိုးကြီး ဆူးလေဘိုးဘိုးကြီးကြီး ရွှေညောင်ပင် ( ထောက်ကြံ့ဘိုးဘိုးကြီး) မှော်ဘီဘိုးဘိုးကြီးတို့ ဆိုတာ ရွှေတိဂုံ ဘုရားသမိုင်းအကြောင်း ဖတ်ဖူးလေ့လာဖူးတဲ့သူတွေ သိကြမှာပါ။

ကျမတို့ မိသားစုကိုယ်တိုင်လဲ ရွှေတိဂုံဘိုးဘိုးကြီး ဆူးလေဘိုးဘိုးကြီး ထောက်ကြံ့ဘိုးဘိုးကြီး မှော်ဘီဘိုးဘိုးကြီးတို့ကို ဘာအလုပ် လုပ်လုပ် တိုင်တည်ပြီးမှ လုပ်ကြသူတွေပါ။

စကားမစပ်ပေါ့နော် နတ်တွေအကြောင်းပြောတော့ ကျမဖတ်ဖူးတဲ့ ဟာသလေး ပြေးသတိရမိတယ် ယုံကြည်ရာ ကိုးကွယ်ရာ အစွန်းမရောက်သင့်တာလေးတွေ မရောက်ရအောင် ရေးထားတာလေးပါ။

တရက်တော့ ရွာတရွာမှာ နတ်ကိုအရမ်းကိုးကွယ် အရမ်းယုံကြည်ကြတဲ့ ရွာသူရွာသားတွေက နတ်ကတော်တွေခေါ် ဆိုင်းတွေဝိုင်းတွေနဲ့ နတ်ပွဲကကြလေရဲ့ နတ်ကတော်ဆိုတာကြီးကလဲ ခေါင်းပေါင်းနီနီကြီးပေါင်း တောက်တောက်ပြောင်ပြောင် အ၀တ်အစားတွေ၀တ်ပြီး ရွာသားတွေအကြိုက် ကိုကြီးကျော်လိုက် မနှဲလေးလိုက် တလှည့်စီ မရှေးမနှောင်း ဘိန်းဘောင်းစီးပြီး ၃၁မင်းကုန်အောင် ကပြရတာပေါ့။

နတ်ကဏ္ဌားတို့ သဘာ၀ ၇ရက်၇လီဆိုတော့ အိမ်ရှင်ကလဲ အဆင်ပြေအောင် အသားဟင်းတမယ် အရည်သောက် ပဲဟင်း ချဉ်ဟင်းတွေ အလှည့်ကျ ချက်ကျွေးရတာပေါ့ ရက်ရှည်စားလာရတဲ့ နတ်ကတော်ကလဲ တကယ်တမ်း ပုထုစဉ်လူသားဆိုတော့ သူစားခဲ့သမျှ ၀မ်းနူးစာတွေက တရက်မှာ လူပုံအလယ် ကပြနေတုန်း သူ့ဗိုက်က ဆန္ဒပြလေသတဲ့။

ကိုကြီးကျော်ကလဲ အရှိန်တက်နေ တဖက်က ကြက်ကိုပိုက် တဖက်က အရက်ပုလင်းပိုက်ပြီး ဘိန်းဒေါင်းဘိန်းဒေါင်း တီးလုံးသံအကြားမှာ ခုန်လိုက်ပေါက်လိုက် ကပါလေရော။

ကတဲ့အရှိန်က တက်လာပြီ ရွှေဗိုက်တော်ကလဲ ဆန္ဒပြလေပြီ ဒီအချိန်မှာ သူအိမ်သာပြေးရင် ရွာသားတွေရဲ့ ယုံကြည်မှုက ပျက်တော့မယ် ယုံကြည်မှုပျက်ရင် သူ့စားပေါက်က ပိတ်တော့မယ်။

ဒီတော့ကာ ယုံကြည်မှုတော့ အပျက်မခံနိူင်ဘူးဆိုပြီး အရက်ပုလင်းနဲ့ကြက်ကိုကိုင်ကာ အပေါ်ကို မြှောက်မြှောက်ပြီး အရှိန်ယူပြီး သကာလ ဆိုင်းသံနှင့်တမျှ အီအီးတွေ တဗျစ်ဗျစ် ပါချလိုက်ပါလေရော။

ပါးစပ်ကလဲ အော်ပါလေသတဲ့ လူချီး လူချီး မဟုတ်ရပါရှင့် နတ်ချီး နတ်ချီး ဖြစ်ပါလေသရှင့်ပေါ့ သူလဲ အဲဒီလိုအော်ရော နတ်ပွဲကြည့်နေတဲ့ လူထုကြီးက ပွဲခင်းထဲ အလုအယက်၀င်ကာ တယောက်တတို့ ကောက်ခါယူကာ နတ်ချီးဆိုပြီး စားကြလေသတဲ့။

အလိမ်အညာတတ်တဲ့ နတ်ကတော်ကတော့ အရှက်လဲ မကွဲတဲ့အပြင် ယုံကြည်လွယ် အားကိုးလွယ် ကိုယ်ပိုင်မဆုံးဖြတ်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အလယ်မှာ လူတွေရဲ့ ယုံကြည်မှုတောင် ပိုပြီးရသွားသတဲ့။

ပုံပြင်လေးတော့ ဒါပါဘဲကွယ်။

အရှင်ကြီး အရှင်မြတ်များ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ဘုရား (ရေးပြီးမှ ကြောက်တာ ကြောက်တာ ပြောမနေပါနဲ့တော့ 😀 😀 )

မာမာလွင်
၃၁။၁၀။၁၇

Saturday, September 30, 2017

စာနာစိတ်


အသက်လေး ရလာတော့ အိမ်မှာနေရတာ တခါတလေ ညီးငွေ့လာသလိုလို ဖြစ်လာခဲ့တယ် ဘာသာရေးလုပ်ပါလို့ တိုက်တွန်းသူတွေအတွက် ပါးစပ်က အပြောကတော့ အရမ်းကို လွယ်ပါတယ်။

တရားတွေနာပါ အားထုတ်ပါလို့ ပြောတဲ့သူတွေ ပြောကြပေမဲ့ တကယ်တမ်း တရားအားထုတ်ဖို့ဆိုတာ နည်းပေး လမ်းညွှန်တတ်တဲ့ ဆရာကောင်းတော့ လိုပါတယ်။

စာအုပ်တွေဖတ်ပါ အခွေတွေဖွင့်ပြီး နာပါလို့ ပြောကောင်း ပြောကြပါလိမ့်မယ် တကယ်တမ်း လက်တွေ့မှာ ရာနူန်းပြည့်တော့ ဖြစ်မလာနိူင်ပါဘူး ကိုယ်မသိတာတွေ နားမလည်တာတွေ မေးဖို့ဆိုတာ ဆရာတဆူ ရှိမှသာ အဆင်ပြေပါတယ်။

အဲဒီလိုနဲ့ ကျမအသက် ၅၂နှစ်ကျော်မှာ ဘာသာရေး လူမှုရေးတွေနဲ့ ကင်းကွာကာ အထီးကျန်သလို ခံစားလာရလေတော့ သေဖို့ရက်လဲ နီးလာပြီ ငါတတ်နိူင်သလောက် လေးတော့ လုပ်အားဒါန အလှူလေး လုပ်အုံးမှပါဆိုပြီး စိတ်ဆုံးဖြတ်လိုက်တယ်။

တပါတ် ၂ရက်လောက်တော့ လုပ်အားအလှူလေး လှူမယ်ဆိုပြီး အဖိုးအဖွားတွေကို သီးသန့်ထားတဲ့ ရွာလေးကို ရောက်သွားခဲ့တယ် ရွာဆိုတာက တင်စားပြီး ပြောလိုက်တာပါ အိမ်လေးတွေ အဆောင်လေးတွေ အများကြီးဆောက်ထားပြီး တနေရာထဲမှာ သီးသန့်နေကြလို့ ခေါ်လိုက်တာပါ။

ပိုက်ဆံချမ်းသာတဲ့ သူတွေက အိမ်လုံးချင်းလေးတွေနဲ့ နေကြပြီး အဆင်မပြေ သူတွေကတော့ အဆောင်လေးတွေမှာ နေကြတယ်။

အဲဒီရောက်သွားတော့ စစတွေ့တွေ့ချင်း တရားသဘောလေး အရင်မြင်လိုက်မိတယ် အားလုံးဟာ အရွယ်လွန်ပြီး သေဖို့အတွက် နာရီ နေ့ ရက်ဆိုတဲ့ အချိန်ကို တန်းစီကာ စောင့်နေကြသူတွေ အများကြီးပါဘဲ အဲဒီမှာ ကျမပိုပြီး သိလိုက်ရတာက အို နာ သေပေါ့။

နောက်တော့ သူတို့စိတ်ကို ဖောက်ထွင်းမြင်လာတယ် အဲဒီအချိန်ကစလို့ အတွေးထဲကို ချက်ချင်း၀င်လာတယ် သူတို့ဟာ သားသမီးတွေ အပေါ်မှာ တာ၀န်မကျေခဲ့အတွက် အရှင်လတ်လတ် ၀ဋ်ခံစားနေကြရတဲ့ သူတွေဆိုတာပါဘဲ။

သားသမီးတွေကို အသက်၁၇နှစ် ၁၈နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဆိုပြီး ပြန်လှည့်မကြည့်တော့တဲ့ သူတို့အလေ့အထက သူတို့ကို ၀ဋ်လိုက်စေခဲ့လို့ ကျမမြင်မိသွားခဲ့တယ်။

သူတို့အသက်ကြီးလို့ ခိုကိုးရာမဲ့လာတဲ့အချိန်မှာ သားသမီးတွေကလဲ သူတို့ကို တဖန်ပြန်ပြီး ပြုစုယုယမှုတွေ ပြန်မပေးကြတော့ပါဘူး အဲဒီလိုနဲ့ဘဲ နွေးထွေးမှုမပါဘဲ တာ၀န် ၀တ္တရား အလုပ်ဆိုတာတွေထဲက ၀တ်ကျေတမ်းကျေဆိုတဲ့ နေရာတွေကို သူတို့တွေ ရောက်ကုန်ကြပါတယ်။

မိုးလင်းက မိုးချုပ် မစားချင်လဲ ငိုယိုပြီးစားရခြင်း ဆာလောင်နေလို့လဲ အစာကျွေးမဲ့ အချိန်ဆိုတာကြီးကို စောင့်ဆိုင်းနေရခြင်း ရေမချိုးချင်လဲ ငိုယိုပြီးချိုးရခြင်း စကားပြောချင်လို့လဲ စကားပြောဖော် မရှိခြင်း အစရှိတဲ့ နွေးထွေးမှု မရှိသော ရွာလေးထဲက အ်ိမ်ကြီး အိမ်ငယ်လေးတွေထဲမှာ တကိုယ်တည်း အဖော်မဲ့စွာ ဖြတ်သန်းနေကြရတဲ့ သူတွေရဲ့ ဘဝတွေပါ။

သားသမီးဆိုတာမျိုးကလဲ သူတို့တုန်းက ဥပေက္ခာပြုခဲ့တဲ့ မိဘဆိုသူတွေအတွက် သူတို့ရဲ့ တုန့်ပြန်မှုကလဲ မကောင်းတတ်လို့ လာကြည့်ပေမဲ့ သဘောလောက်ပါဘဲ မိဘနေမကောင်းလို့ လာကြည့်လဲ မိုးတိုးမတ်တတ် ၅မိနစ်လောက်ပါဘဲ။

တခါတရံမှာ သူတို့ဟာ ဟိုးအဝေးကြီးကို လှမ်းမျြှော်ကည့်နေတတ်သလို ရံဖန်ရံခါမှာတော့ ခေါင်းငိုက်စိုက်ချပြီး ဘာစကားမှ မပြောဘဲ တွေဝေနေတတ်ပါတယ်။

လွမ်းလွမ်းဆွေးဆွေး သီချင်းလေးဖွင့်ပြီး ကတုန်ကရင်နဲ့ လောကကြီးကို ဖြတ်သန်းနေသူတွေ အိပ်ယာဘေးမှာ ရေဒီယိုလေးဖွင့်ပြီး သတင်းနားထောင်နေတဲ့သူတွေ ရှိတတ်သလို အစာမစားချင်လို့ ရှိတဲ့အားအင်လေးနဲ့ ပါးစပ်ကို အတင်းစေ့ထားသူတွေ ရေမချိုးချင်လို့ ချိနဲ့နေတဲ့ လက်အစုံနဲ့ ကုတင်ဘောင်ကို အတင်းကုတ်တွယ်ထားသူတွေ ဝေဒနာ ခံစားနေရလို့ ငါ့ကိုကယ်ကြပါဆိုပြီး အော်နေတဲ့သူတွေ ဒါတွေကို မြင်ရတာ ကျမအတွက်တော့ တကဲ့ကို အနိဌာရုံတွေပါဘဲ။

ဒီလိုလူတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ နေရာတွေမှာ နွေးထွေးအရိပ်အယောင်တွေ မရှိသလောက် ရှားပါးကြပြီး ဘယ်လိုတွေ ဆက်ဆံကြတယ် ဘယ်လိုတွေ ပြုမူကြတယ် ဆိုတာကို မြင်မိတဲ့ ကျမအတွက်တော့ တကဲ့ကို ငရဲခန်းကြီး တခုထဲ ရောက်နေရသလိုပါဘဲ။

လူတိုင်းလူတိုင်း ပြေးမလွတ်နိူင်တဲ့ အို နာ သေဆိုတဲ့ တရားသဘောကြီးကိုလဲ သူတို့က ပြပေးနေသလို သူတို့ရွာလေးကို ခပ်ဝေးဝေးက မြင်လိုက်ရတာနဲ့ စိတ်မကောင်းခြင်း များစွာတို့ကိုလဲ ဖြစ်စေခဲ့ပြန်ပါတယ်။

သူတို့အတွက် နောက်ဆုံးရလာဘ်ကတော့ ခန္ဓာနဲ့ဝေဒနာဟာ ဆက်စပ်နေသလို ခန္ဓာနဲ့ စိတ်ကလဲ မသေသေးသ၍ အစဉ်တွဲနေတယ် ဆိုတာပါဘဲ ခန္ဓာမှာ ဝေဒနာပေါ်လာတိုင်း သူတို့စိတ် အစဉ်မှာလဲ သူတို့က မပေးခဲ့လို့ ပြန်မရခဲ့တဲ့ ချစ်ခြင်း မေတ္တာ စေတနာ ဂရုဏာ ပြုစုခြင်း ယုယခြင်း ကြင်နာခြင်းတွေကို သူတို့ အရမ်းကို လိုနေချိန် တမ်းတနေချိန်မှာ သူတို့သိတာ အရမ်းကို နောက်ကျသွားခဲ့ကြပါပြီ။

အခုလို ရေးမိတဲ့အတွက် သူတို့လုပ်နေတဲ့ အလုပ်ကို ထိခိုက်ခြင်းမဟုတ်ပါ အပြုသဘောနဲ့သာ ဖတ်ပေးစေချင်ပါတယ် တရားဆိုတာ ပြပေးသူက ပြပေးမှသာ ယူတတ်သူက ရလာတယ် ဆိုတာကို သိစေချင်လို့ ရေးလိုက်ခြင်းမျှသာပါ။

အားလုံးဘဲ စိတ်လက်ရွှင်လန်း ချမ်းမြေ့ကြပါစေ လောကကြီးမှာ ပေးတတ်သူနဲ့ယူတတ်သူ ရယူသူနဲ့ ပြန်လည်ဝေငှသူများသာ ရှိကြပါစေလို့ ဆန္ဒပြုရင်းဖြင့် ဤအဖိုးအဖွားများသည် ကျမအတွက် တရားပြပေးသူများ ဖြစ်လာခဲ့ပါတော့တယ်။

၃၀။၉။၁၇

Friday, June 23, 2017

ROCKHAMPTON TO CAIRNS ( part 4)




ကျမတို့စီးလာတဲ့ ကားကြီးက ငြိမ့်ငြိမ့်ညောင်းညောင်းလေး မောင်းနှင်လာတဲ့အတွက် နေ့လည်ပိုင်းလောက်မှာ ကားပေါ်ပါ ခရီးသည်တွေဟာ နေ့လည်စာ စားအပြီးမှာ ငိုက်မြည်းစ ပြုလာကြပါပြီ။

ကားပေါ်မှာရတဲ့ ဝိုင်ဖိုင်ရယ် ကိုယ့်ထိုင်ခုံမှာဘဲ ဖုန်းမီးအားသွင်းလို့ ရနေတာကြောင့် အားလုံးက နားကြပ်ကိုယ်စီတပ်လို့ နှစ်သက်ရာကို နားထောင်ကြရင်း တိတ်စိတ်စွာ လိုက်ပါလာကြပါတယ်။

နောက်တမြို့ ၀င်ကာနီးမှာတော့ ကားဒရိုင်ဘာက ကျန်းမာရေးအတွက် ကားအောက်ကို ဆင်းဖို့သတိပေးပါတယ် အပေါ့အပါးသွားသူ မုန့်စားသူ ဆေးလိပ်သောက်သူတို့ အတွက် အချိန် နာရီ၀က်ထပ်ပေးတဲ့အတွက် ကားအောက်ကို ဆင်းကြရပြန်တယ်။

ကျမကတော့ ဆီးချိုရှိသူမို့ အခုလိုကားကို မကြာမကြာ ရပ်ပေးတာကို သဘောကျမိတယ် ကားရပ်တာနဲ့ရတဲ့အချိန်လေး ဓါတ်ပုံပြေးရိုက်ရင်း လမ်းလေးလျှောက်လိုက်ရတဲ့အတွက် စိတ်လက်ပေါ့ပါးသလို ခံစားမိပါတယ်။

မြို့တွေ၀င်တိုင်း သတိထားမိတာ တခုကတော့ သစ်ပင်တွေ ပေါများသလောက် အမှိုက်တစမှ မတွေ့မိတာပါဘဲ အားလုံးဟာ အနားသပ် ဘောင်ကွတ်ထားပြီး သပ်ရပ်နေတဲ့ ပန်းချီကား တချပ်လို မြင်နေရတာကိုက အံ့သြစရာပါဘဲ။

လမ်းတလျှောက် အိမ်တွေ အများစုဟာ တဖက်ခြမ်းက ပင်လယ်ဖြစ်နေတဲ့အတွက် တဖက်ခြမ်း တောင်စောင်းတွေမှာ အိမ်တွေကို ဆောက်ထားကြတာ များပါတယ်။

တမြို့၀င် တမြို့ထွက် မောင်းလာတဲ့ကားကြီးကတော့ သူ့တာ၀န်ကို သူကျေအောင် ဆောင်ရွက်ပေးခဲ့သလို ခရီးသည်တွေထဲမှာလဲ ကမ္ဘာလှည့် ခရီးသည် အများစုပါတဲ့အတွက် အားလုံးလိုလိုဟာ ကျမတို့သွားမဲ့ မြို့လေးဆီကိုဘဲ သွားကြမဲ့သူတွေ ဖြစ်နေပါတယ်။

ညကမှောင်စပြုလာပါပြီ ညမှောင်လေ တောကနက်လာလေ လမ်းဘေးမီးတိုင်တောင် မရှိတော့တဲ့ တောနက်ကြီးထဲမှာ အပြိုင်မောင်းမဲ့ ကားတွေမရှိသလို ကျော်တက်မဲ့ ကားလဲမရှိ အရှောင်အတိမ်း ကားလဲ မရှိသလောက် ရှားခဲ့ပါတယ်။

ည၇နာရီလောက်မှာတော့ ညစာအတွက် ပင်လယ်ကမ်းစပ်နားက ပင်လယ်စာ အစာဆိုင်မှာ ကားကိုရပ်ပါတယ် သမီးလုပ်သူက အစားနဲ့ပါတ်သက်ရင် တည်ငြိမ်သလောက် အမေကတော့ ဂဏန်းကောင်ကြီးတွေ့ထဲက သိပ်ပြီးဂနာက မငြိမ်ချင်တော့ပါဘူး။

မေမေက ပင်လယ်စာစားမယ် ဘာညာညာသကာပြောပြီး စားမိပေမဲ့ သမီးကတော့ အာလူးကြော်တထုတ် အအေးတပုလင်းနဲ့ ကျေနပ်နှစ်သိမ့်ကာ ခရီးဆက်ကြပြန်ပါတယ်။

တောနက်နက် လမ်းတလျှောက်မှာတော့ ကားမီးရောင်ကြောင့် မြင်နေရတဲ့ သားပိုက်ကောင် လမ်းဖြတ်ကူးသည့်နေရာများ ငှက်ကုလားအုပ်များ လမ်းဖြတ်ကူးသည့် နေရာများအတွက် သတိပေး ဆိုင်းဘုတ်လေးတွေကတော့ လမ်းတလျှောက်လုံးရဲ့  ကားလမ်းဘေး ဝဲယာမှာ ပြည့်နှက်လို့ နေပါတယ်။

သစ်ပင်တွေကို အလားဟသပ် ခုတ်မပြစ်သလို တောရိုင်းတိရစ္ဆာန်လေးတွေ အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးနိူင်သလို မောင်းနှင်းလာတဲ့ ကားတွေလဲ တောရိုင်းတိရစ္ဆာန်တွေကြောင့် အန္တရာယ်ကင်းစွာ မောင်းနှင်းနိူင်အောင် ဆိုင်းဘုတ်လေးတွေ ထောင်ထားတာကလဲ အတုယူစရာပါ။

ညမှောင်မှောင်ထဲ မောင်းလာတဲ့ကားဟာ ည၁၀နာရီအကျော်လောက်မှာ ကျမတို့သွားလိုရာ မြို့လေးကို ရောက်ဖို့ နာရီ၀က်အလိုမှာ ဒရိုင်ဘာဆီက Cairns မြို့ကို မကြာခင် ရောက်ပါတော့မယ် မြို့ရဲ့ ညအလှကို ခံစားနိူင်အောင် ကြိုတင်အသိပေးပါတယ်ဆိုတဲ့ စကားကို ကြားလို့အပြီးမှာတော့ အားလုံးသော ခရီးသည်တွေက လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပါပြီ။

အလှပြင်သူကပြင် ကားပေါ်မှာဘဲ အ၀တ်အစားလဲသူကလဲ စကားတွေပြောကြနဲ့ စာသိုက်ကို ဒုတ်နဲ့ထိုးသလိုမျိုး ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီအချိန်မှာဘဲ သမီးတို့အဖေဆီက ဖုန်း၀င်လာပါတယ် အခုဘယ်နားလောက် ရောက်ပြီလဲ ဖေဖေကတော့ ကားဂိတ်နားကို ရောက်နေပြီပေါ့ သိပ်မကြာခင် ရောက်လာတော့မယ် ပြောပြီး ဖုန်းပိတ်ကာ မြို့အ၀င်ကို ငေးလိုက်မိတော့

အလို မြို့အ၀င်လေးက လှလိုက်တာ သစ်ပင်တွေမှာ မီးလုံးလေးတွေ အလှဆင်ထားတာ စင်္ကာပူနဲ့တူလိုက်တာ
ဟယ် ကပ်ပတိန်ကွတ် အရုပ်ကြီးကလဲ အကြီးကြီးပါလား အဲတော့ လေဆိပ်က မြို့လယ်ခေါင်မှာတော့ ဟယ် နိုက်မားကက်ဆိုပါလား ညဆယ်နာရီကျော်တာတောင် စားသောက်ဆိုင်တွေမှာ လူတွေအပြည့်ပါလား။

ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်နေတုန်း ဟဲ့ဟဲ့ ဟိုမှာ ဖေဖေ ဖေဖေ သမီးလုပ်သူက မမြင် ကိုယ်ကအရင်မြင်တာ 😀

သမီးက ကားပေါ်ကနေ ပြူးတူးပြဲတဲ ရှာနေတုန်း ကားကဆက်မောင်းသွားတော့ သူကမမြင်လိုက်ဘဲ ကိုယ်ကအရင်မြင်လို့ ကိုယ့်ကိုကိုယ် ဂုဏ်တွေတောင် ယူမိသေး 😀

ကဲ ရောက်ပါပြီ Cairns မြို့ကို ကားပေါ်ပါသူ အားလုံးဟာ ကိုယ့်အထုတ်ကိုယ်စွဲပြီး ကားအောက်ကိုဆင်း ကိုယ့်ပစ္စည်း ကိုယ်ရွေးပြီး ခရီးဆက်ကြလေသတည်း။

Thursday, June 22, 2017

ROCKHAMPTON TO CAIRNS (part 3)





လမ်းတလျှောက် ငေးချင်ရာငေးလာခဲ့တာ တမြို့နဲ့တမြို့ သိပ်မကြာလှဘူး ထင်ရပေမဲ့ လမ်းတလျှောက်က မြင်လာရတဲ့ ကြံခင်းတွေ သရက်ခင်းတွေကတော့ ရှုမျှော်လို့ကို မဆုံးနိူင်ခဲ့ပါ။

မြေကွက်လပ်ဆိုတာ မရှိသလောက်ကို စိုက်ထားတဲ့ အစောင့်မရှိတဲ့ ကြံခင်းတွေကိုကြည့်ရင်း အတွေးထဲ ဆိုးဝါးတဲ့ အတွေးတခုက ၀င်လာခဲ့ပြန်ရော အော် ဒို့မြန်မာပြည်ဆို အစောင့်မရှိတဲ့ အခင်းတွေ ခိုးခုတ်တာနဲ့တင် ကုန်မှာဆိုတဲ့ အတွေးလေးပါ။

ကြံခင်းဘေးမှာ ကားခနရပ်တော့ကြံလေး တချောင်းလောက် ဆင်းချိုးပြီး တဂွမ်းဂွမ်းနဲ့ အခွံခွာကာ ကြံစုတ်လိုက်ရရင် သိပ်ကောင်းမှာလို့ ကိုယ်ကိုတိုင်တောင် စိတ်နဲ့ပြစ်မှားမိခဲ့သေးတာလေ။

ဟိုး ဝေးဝေးကို မျှော်မိပြန်တော့ တောင်မြင့်မြင့်တွေမှာ ပေါက်နေတဲ့ သစ်တောအုပ်တွေက စိမ်းလန်းစိုပြေလို့ နေပြန်ပါတယ် ဘာမဆိုင် ညာမဆိုင် ငယ်ငယ်က ခြံထဲသွားရင် မြင်နေရတဲ့ စိမ်းစိုအုန့်မှိုင်းနေတဲ့ ပဲခူးရိုးမတောကြီးကို လွမ်းမိပြန်ရော အခုလောက်ဆို ပဲခူးရိုးမတောကြီးလဲ ကတုံးပြောင်နေလောက်ပြီ ထင်ပါရဲ့။

ကားပေါ်မှာ စပယ်ယာ မပါသလို မောင်းသူဒရိုင်ဘာ တယောက်ဘဲ ပါပါတယ် ခရီးသည် အများစုက ကမ္ဘာလှည့် ခရီးသည်တွေ ပါတဲ့အတွက် တလမ်းလုံးမှာ ဒရိုင်ဘာက ရောက်ရှိရာမြို့အကြောင်းကို ကားမောင်းရင်း ပြောပြပါတယ်။

စကားမစပ် ခန့်မှန်းချေ၂၇နာရီ ခရီးကို ဒရိုင်ဘာ လေးယောက်ချိန်းပါတယ် ခရီးစဉ်က Brisbane ကနေစထွက်ပြီး Rockhampton မှာ ဒရိုင်ဘာ တယောက် ချိန်းပြီး Rockhampton ကနေ Townsville မှာ ဒရိုင်ဘာ တယောက် လဲပါတယ်။

ဒရိုင်ဘာ လူချင်းချိန်းရာမှာလဲ သူတို့လူချင်း ချိန်းမဲ့နေရာမှာ ကုမ္ပဏီက ကားလေးနဲ့ ချိန်းမဲ့သူက စောင့်နေပြီး ကားကြီးမောင်းသူနဲ့ချိန်းကာ အရင်ကားကြီး မောင်းလာသူက ကုမ္ပဏီက ကားလေးနဲ့ သူ့ကုမ္ပဏီကုန် ပြန်ရုံပါဘဲ လမ်းခရီးတလျှောက် ဒရိုင်ဘာ၄ယောက်က ထိုနည်းအတိုင်းဘဲ ချိန်းသွားပါတယ်။

ခရီသွား ပြည်သူလူထုတွေအပေါ် အလေးထားတဲ့ စိတ်လေးကတော့ အတုယူစရာ အရမ်းကောင်းပါတယ် ကားခနနားပြီး မုန့်စား အလေးအပေါ့သွားပြီး ကားထွက်ကာနီးတိုင်း ဒရိုင်ဘာက စာရွက်ကိုင်ကာ လူစစ်ပါတယ် လူပြည့်ပြီဆိုမှ ကားထွက်ပါတယ်။

လမ်းခရီးတလျှောက် အများဆုံးတွေ့ရတာကတော့ လွမ်းမောဖွယ်ရာ သစ်ပင်တွေ အုံးစိုင်းနေတဲ့ တောင်တန်းကြီးတွေ ကြံခင်း သရက်ခြံ ဂျုံခင်း စပါးခင်းနဲ့ ဆိပ်ကမ်းတွေပါဘဲ

R0CKHAMPTON TO CAIRNS ( part 2)




ကျမတို့ စီးလာတဲ့ကားက ညဘက်ကြီး ထွက်လာတဲ့ကားဖြစ်တာမို့ မိုးသောက်ချိန်လဲကျရော မနက်အာရုံဦး နေနဲ့အတူ ကားပေါ်ပါ ခရီးသည်အားလုံးကို လန်းဆန်းစေခဲ့တာတော့ အမှန်ပါဘဲ။

အာရုံကျင်း အလင်းဆောင်ပြီဆိုတော့ ကီလိုမီတာ ၅၀ကျော်နဲ့မောင်းနေတဲ့ ကားကြီးပေါ်မှာ အိပ်ပျော်နေတဲ့သူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြပြီ အဲဒီတော့ ကိုယ်လဲဘုမသိ ဘမသိ လိုက်ပြီးလှုပ်ရတာပေါ့။

ခနနေတော့မှ ကားဒရိုင်ဘာက ဘယ်မြို့ကို ရောက်ပါပြီ မနက်စာစားမယ် အလေးအပေါ့လျှော့မယ် နာရီ၀က် အချိန်ပေးမယ်ဆိုတော့ ကားပေါ်က ခပ်သုတ်သုတ်ဆင်းပြီး လုပ်စရာရှိတာတွေ လုပ်ကြတယ် အဲဒီနာရီ၀က်အတွင်းမှာ အခက်က စတွေ့ပြီ ကိုယ်ကဘာလေးမြင်မြင် ဓါတ်ဆရာက လုပ်ချင်သေးတာ။

သမီးကို အရင်သွားခိုင်းကာ စားစရာပါ ၀ယ်ခိုင်းပြီး ကိုယ်ကတော့ မြင်မြင်သမျှ ဓါတ်ရိုက်ဓါတ်ဆင် လုပ်နေတုန်း ကားကြီးက ဘာမပြော ညာမပြော ဝူးကနည်း ထွက်သွားပါလေရော။

ဟယ် ကားကြီးထွက်သွားပြီ ငါကျန်ခဲ့ဆိုပြီး မျက်စေ့သူငယ် နားသူငယ်နဲ့ သမီးကိုဖုန်းခေါ် သမီးကလဲ မုန့်၀ယ်ပြီးလို့ဆိုင်ကထွက်အလာ အမေနဲ့ကားကြီးမတွေ့တော့ အမေကို ဖုန်းခေါ်။

မေမေဘယ်ရောက်နေလဲပေါ့ အမေကလဲ ငိုမဲ့မဲ့နဲ့ အမေကြံခင်းနားမှာ ဓါတ်ပုံရိုက်နေတာ ကျန်နေခဲ့ပြီ ပြောနေတုန်း ကားကြီးက ဝေါကနည်းဆိုပြီး စရပ်တဲ့နေရာကို ပြန်ပြီးထိုး၀င်လာ အဲဒီတော့မှ ကြံခင်းနာကနေ သမီးကိုကြည့်လိုက်တော့ သူကမုန့်ဆိုင်ထဲက မုန့်ထုတ်တွေနဲ့ ထွက်လာနေတုန်း အမေက သမီးကိုစိတ်ပူ သမီးက အမေကို စိတ်ပူနဲ့ ဒီလမ်းဒီခရီး ကျန်နေခဲ့ရင် ဒုက္ခ။

ကားပေါ်ရောက်တော့ ဆိုင်က၀ယ်လာတာတွေစားပြီး ကိုယ်ကငေးချင်ရာငေး တွေးချင်ရာတွေး ဘေးကသမီးလုပ်သူက မေမေဆေးသောက်လိုက်အုံး သတိပေးမှ ဆေးသောက်ဖြစ်သလို ကိုယ်က ခရီးသွားနေရင် ရောဂါဆိုတာလဲမေ့ ဝေဒနာဆိုတာလဲ မပေါ်။

သမီးက မေမေ ထိုင်ရတာ အဆင်ပြေရဲ့လား ခြေထောက်နေရတာ အိုကေလား ခါးနာလား တဖွဖွမေးပေမဲ့ ဝေဒနာဆိုတာ မေ့နေတဲ့ အမေက အိုကေတယ်ကြီးဘဲ ပြောလာပေမဲ့ တနေရာရောက်လို့ တခါကားအောက်ကို ဆင်းကာနီးတိုင်း ညောင်းနေတဲ့ ခြေထောက်ကို မနည်းဆန့် နာနေတဲ့ခါးကိုလက်ကလေးနဲ့အသာဖိလို့ မတ်တတ်ရပ်တိုင်း ကော့ကလန် ကန်ကားဖြစ်နေတဲ့ ကိုယ့်အဖြစ်က တကယ်တော့ သနားစရာပါ။

ဒါပေမဲ့လဲ အဆင်မပြေရင်ပြောနော် ဆိုတဲ့သမီးရဲ့စကားက ကိုယ့်အတွက်တော့ အကိုက်အခဲ ပျောက်ဆေး မသောက်ဘဲ သက်သာနေသလိုမျိုးပါ

ROCKHAMPTON TO CAIRNS (part 1 )



အိမ်ပြောင်းလာတုန်းက ၁၈နာရီ ခရီးကို ကားစီးပြီး လာကြတဲ့ သားအမိ၂ယောက်ရဲ့ လမ်းခရီးတလျှောက် ရီရတာလေးတွေ သတိတရ ပြန်ပြောပြအုံးမယ်။

ခရီးစဉ် တခုလုံး ဟိုတယ်က စမထွက်ခင်ထဲက ဥဥ့်၁နာရီ ကားထစီးရမှာမို့ စင်္ကာပူက သားကြီးက မေမေက ခပ်စောစောလေး အရင်အိပ် မီးမီးက မေမေနိုးရင် ခနအိပ်ဆိုပြီး အစီအစဉ်ဆွဲ မောင်နှမ၂ယောက် ဖုန်းတဂွမ်ဂွမ်ဆက်။

ဟိုတယ်ခန်းထဲမှာ ကိုယ်ကအိပ်မပျော် ကားနောက်ကျမှာဆိုးပြီး စိတ်တွေကလောနေချိန် စင်္ကာပူက သားကြီးက နာရီ၀က်တခါ ဖုန်းခေါ်ကာ အိပ်ပျော်မယ်နော် အိပ်ပျော်နေမယ်နော်နဲ့ သတိပေး taxi ခေါ်ပြီးတာနဲ့ တယောက်က ပစ္စည်းတင်နေတုန်း တယောက်က taxi နံပါတ်ကို ဓါတ်ပုံရိုက် သားဆီကို အမြန်ပို့ပေးဖို့ သားလုပ်သူက ဖုန်းကနေမှာတာတွေ အမေကို လုပ်ပေးဖို့ မှာကြား။

နောက်ဆုံးတော့ တနာရီနီးပြီ အိပ်လို့လဲ မပျော်တဲ့အတူတူ အ၀တ်အစားလဲ ကော်ဖီသောက်ပြီး taxi ခေါ်ဖို့ သမီးကိုပြောတော့ သမီးက taxi ခေါ် ပြီးတာနဲ့ ကီလို ၁၆၀ကျော် သယ်လာတဲ့ ပစ္စည်းတွေကို သူကိုယ်တိုင် အခန်းပြင်ထုတ်ကာ ဖုန်းက ဓါတ်မီးလေးဖွင့်ပြီး ဟိုတယ်အခန်းသော့ ပြေးအပ် ပြန်လာပြီး သူကိုယ်တိုင် ပစ္စည်းတွေ ကားပေါ်တင်ကာ ကားဂိတ်ကို ထွက်လာကြတယ်။

Taxi ပေါ်ရောက်တာနဲ့ ကားနံပါတ် ဘာညာညာသကာ အမေက သားဆီလှမ်းပို့ တချိန်လုံး ဖုန်းနဲ့အင်တာနက် ဖွင့်ထားဖို့ သားကပြော သူကလဲ အချိန်ပြည့် မက်ဆေ့ပို့ ဒီလိုနဲ့ ကားဂိတ်ကို ရောက်လာပါလေရော။

ကားဂိတ်ရောက်တော့ ကားဂိတ်မှာ အိမ်ယာမဲ့ ဆေးသမားလေးတွေ တွေ့တော့ ပစ္စည်းတွေ ချပြီးကာမှ စိတ်တွေထဲ ကြောက်တာ ကြောက်တာဆိုတာ ပြောမနေပါနဲ့တော့ ကြောက်တာနဲ့ ကိုယ်စိတ်ဆက်စပ် ရောဂါက စလာကာ အိမ်သာတက်ချင်လာရော။

Taxi ဒရိုင်ဘာက ပစ္စည်းတွေ ချပေးပြီးပေမဲ့ ကားမလာမချင်း မိနစ်၂၀လောက် ကား၀င်းထဲမှာ စောင့်ပေးလို့ တော်သေးတယ် ခနနေတော့ ကားကြီးမောင်းမဲ့ ဒရိုင်ဘာရောက်လာတယ် ဒီမြို့ကတက်မှာ နင်တို့၂ယောက်ရယ် နောက်တယောက်ရယ်တဲ့ ကိုယ်ကတော့ စကားလဲ ပြန်မပြောနိုင် အိမ်သာတက်ချင်တာ မျက်စေ့မျက်နှာတွေ ပျက်နေပြီ။

နောက်တော့ မရတော့ဘူး သမီးကိုပြောတော့ သမီးက အိမ်သာလိုက်ရှာပေးတယ် မေမေရေ တွေ့ပြီ မြန်မြန်ပြေးဆိုတော့ ခပ်သုတ်သုတ်ပြေး ပြသနာကိုရှင်း ပြန်ထွက်လာတော့ ကားကရောက်နေပြီ ပစ္စည်းတွေ တင်ပြီးတာနဲ့ ကားက တန်းထွက်။

တလမ်းလုံး လူကြီးဖြစ်တဲ့ ကိုယ်က ကလေး ကလေးဖြစ်တဲ့ သမီးက လူကြီးဖြစ်ကာ အမေဂျီတိုက်သမျှ သည်းခံကာ စ်ိတ်ညစ်အကုန်ခံ မခံနိုင်တဲ့အဆုံး အကိုကို ဖုန်းခေါ်ပြီးတိုင် သားကြီးလဲ တညလုံးမအိပ်ရ။

တမြို့၀င်ရင် ကားကတခါရပ်တယ် မုန့်စား အလေးအပေါ့လျှော့ပေါ့ မုန့်စားချိန်တိုင်း ငါကဘိုစာတွေ မကြိုက်ဘူး စားချင်တာက မုန့်ဟင်းခါးဘဲစားချင်တာပြောပြီး သမီးကိုဂျီတွေတိုက် သမီးလုပ်သူက ဘိုတိုင်းပြည်မှာ ဘိုစာမစားလို့ မေမေဘာစားမလဲ ဆီးချို ဆေးသောက်ရမယ် မစားချင်လဲ ဖြစ်ညှစ်စားပါဆိုပြီး ဘာမှန်းမသိတဲ့ ပေါ့ရှပ်ရှပ် ဘိုစာတွေကိုကြည့်ရင်း မျက်ရည် ဗူးသီးလုံးလောက်ကြီးတွေကျပြီး မြိုမြိုချ ရတာလဲ အကြိမ်ကြိမ်။

တနေရာ တခါ ကားရပ်တိုင်း ဥစ္စာကခြောက်သေးတာ ပစ္စည်းထုတ်ကြီးသည်ပြီး အိမ်သာထဲရောက်ရင် ထားစရာ နေရာကမရှိလေတော့ သမီးကို ခနပေး အလေးအပေါ့လျှော့ အော် ကိုယ့်လောဘက ကိုယ့်ကိုပြန်သတ်နေတာများ အလေးအပေါ့တောင် ဇိမ်နဲ့မထုတ်ရပါလားပေါ့ 😀

Mar Mar Lwin

Friday, May 19, 2017

ချင့်ချိန်နိူင်ဖို့ရာ



အိပ်ယာ၀င်ခါနီး ရီစရာလေး တခုရေးလိုက်ပါအုံးမယ်

မာမာတို့ ခပ်ငယ်ငယ်က မာမာ့ဘကြီး တယောက် ပြောနေကျ ဟာသလေး တခုပါ။

ဟာသဆိုတာထက် ကရင်အဖိုးအို တယောက်ရဲ့ ရိုးသားမှုလို့ဘဲ ပြောရမလားပေါ့

အဲဒီအဖိုးအို နေတာက မာမာတို့ရွာရဲ့အလွန် ၂မိုင်ကျော်ကျော်မှာ ကရင်ရွာ ၂ရွာရှိတဲ့ အထဲက

 ရန်ကုန်ပြည် ကားလမ်းမကြီးဘေးက ကျွန်းချောင်းရွာမှာနေတဲ့ အဖိုးအိုပါ

တရက်တော့ အဲဒီအဖိုးက သူ့လယ်အတွက် လိုအပ်တာတွေကို မြို့တက်ပြီး ဈေး၀ယ်ပါတယ်တဲ့

အသွားတုန်းက သူနေတဲ့ရွာကနေ တိုက်ကြီးကိုသွားတာ ကားခ ၂၅ပြားပေးရတာ သူမှတ်ထားခဲ့ပုံ ရပါတယ်

အပြန်ကျတော့ ကားစပါယ်ယာက ကားပေါ်ကလူတွေဆီက ကားခတောင်းပါလေရော

အဲဒီအချိန် သူအရမ်းစိတ်၀င်စားတာတခု ရှိသွားခဲ့တယ်ထင်ပါရဲ့ စပါယ်ယာကို သူကမေးပါလေရောတဲ့

ဟေ့ကောင်လေးပေါ့ မင်းအခုန ကားခပိုက်ဆံ လိုက်ယူနေတာ ငါကြားလိုက်တယ် တိုက်ကြီးကနေ ကျွန်းချောင်းကိုလဲ ၂၅ပြား တိုက်ကြီးကနေ မြောင်းတကာအထိလဲ ၂၅ပြား မြောင်းတကာကျော်မှ မှော်ဘီထိ ပြား၅၀ဘဲ ယူတာလားလို့ မေးလိုက်တယ်တဲ့

စပါယ်ယာလေးကလဲ သူမေးတဲ့အတိုင်း ဟုတ်တယ်ဖထီးဆိုပြီး ပြန်ပြောတာပေါ့

အဲဒီတော့ သူဘာပြန်ပြောတယ်မှတ်လဲ ၂၅ပြားပေးရတာခြင်းအတူတူ ငါ မြောင်းတကာထိ လိုက်စီးမယ်ဆိုပြီး လိုက်လာလေသတဲ့

မြောင်းတကာနဲ့ ကျွန်ချောင်းက ၂မိုင်ကျော်ကျော် ဝေးနေတာကို သူမစဉ်းစားဘဲ တန်တယ်ဆိုပြီး စီးလာလိုက်တာ မြောင်းတကာလဲရောက်ရော ကားပေါ်ကဆင်းကာနီး ဈေး၀ယ်လာတာတွေကို ကားပေါ်ကချရင်းနဲ့ ပါးစပ်ကလဲ တဖွဖွပြောလေရဲ့ပေါ့။

ခွီးကနည်းမှဘဲ ၂၅ပြားပေးရတာခြင်း အတူတူ တန်လိုက်တာ ကားပိုပြီး စီးလိုက်ရလို့ သူအရမ်းကို ပျော်နေတာပေါ့။

တန်လိုက်တာ တန်လိုက်တာ ပြောရင်းက စပါယာယာလေးကို သူဈေး၀ယ်လာတဲ့ အထုတ်ကြီး ပုခုံးပေါ် မပြီး တင်ခိုင်းချိန် စပါယ်ယာလေးကမေးတယ် ဖထီး ကျွန်းချောင်းကို ဘယ်လိုပြန်မလဲ မေးလိုက်တော့ ကုန်းကြောင်းလျှောက်ပြီး ပြန်မယ်တဲ့လေ 😀

ကဲ ဖထီးတယောက် တန်လှပါချည့်ရဲ့ဆိုပြီး သူစီးလာတဲ့ ကားလမ်းခရီးကို သူ့ခြေထောက် သူအားကိုးပြီ မချိမဆန့် ပြန်လျှောက်ရမှာကို ဘေးလူတွေက မြင်ရတာ မသက်သာပေမဲ့ သူကတော့ သူရဲ့ရိုးသားခြင်းကို အဖော်ပြုလို့ မြောင်းတကာနဲ့ ကျွန်းချောင်းကို လေလေး တချွန်ချွန်နဲ့ လမ်းလျှောက်ပြီး ပြန်လေသတည်းပေါ့နော် 😀

၁၉။၅။၁၇

ငါးဇင်ရိုင်းအကြောင်း တစေ့တစောင်း


ဒီဟာသလေးက face book မှာ ရေးခဲ့တာလေးပါ အမှတ်တရအနေနဲ့ ဘလော့လေးမှာ ပြန်သိမ်းထားချင်လို့. share လာခဲ့ပါ။

ကျမငယ်ငယ်က ငါးဇင်ရိုင်းဆို အရမ်းကြိုက်တာ အရိုးလေးတွေကို ကျေနေအောင် ဝါးစားရတာကအစ နှစ်ခြိုက်ခဲ့ဖူးပါတယ်။

ရေကျော်တိုက်နယ်ဆေးရုံကို ပြောင်းတော့ လပြည့်နေ့ဆို ပင်လယ်က ရေတက်လာရင် ငါးဇင်ရိုင်းတွေ တန်းစီပြီးရေတက်နဲ့ပါလာတတ်ပါတယ် ရေကတရိပ်ရိပ်တက်လာလေ ငါးဇင်ရိုင်းတွေက နူတ်ခမ်းမွှေးအကားသားနဲ့ ရေတက်နဲ့အတူ အုပ်စုလိုက်ကြီး အလိပ်လိုက် ပါလာတတ်တယ်။

တောက အိမ်သာတွေက မြေကြီးပေါ်မှာ ပက်လက် ပါပြီးသား အပုံတွေက တောင်ပို့လိုပုံနေတာပေမဲ့ တောသဘာ၀မို့ မြင်နေကျ အသားကျလာတော့ ရိုးလာသလို ဖြစ်လာခဲ့တယ်။

ဒါပေမဲ့လဲ တလတခါ ရေတက်ဦး ငါးဇင်ရိုင်းတို့က လာလာပြီး သန့်ရှင်းရေးလုပ်ပေးတော့ ညနေစောစော တက်တဲ့ရေမှာ ပါလာတဲ့ ငါးဇင်ရိုင်းအုပ်ကြီးက ပလပ်ပလပ်နဲ့ လာစားကြတော့ ညဦးပိုင်း ရေလဲပြန်အကျ အိမ်သာအောက်လေးလဲ သန့်ရှင်းပြီး ကျန်ခဲ့တာပေါ့။

နောက်တခါ ကော့ဘိန်းတိုက်နယ်ဆေးရုံကို ပြောင်းတော့ သားကြီးက သင်္ဘောစီးချင်တယ်ဆိုတာနဲ့ ရန်ကုန်ကနေ မော်လမြိုင်ကို သင်္ဘောနဲ့သွားကြတယ် ရွာတရွာရောက်တော့ ထုံးအိုင်ရွာလို့ထင်တယ် သင်္ဘောက ခနရပ်ပေးတယ် ထမင်းစားချင်တဲ့သူ ဆင်းစားလို့ရတယ်ဆိုတော့ ကမ်းဘေးနားက ဆိုင်လေးမှာ ဆင်းစားကြတာပေါ့နော်။

မြစ်ငါးဇင်ရိုင်း အရမ်းဆူတယ်ဆိုလို့ မှာစားမိတယ် တကယ်လဲ စားလို့ကောင်းတယ် တောချက်လေး ငရုတ်သီး ဖိုးသိုးဖတ်သပ်လေးတွေနဲ့ ချက်ထားတာဆိုတော့ စားကောင်းကောင်းနဲ့စားလိုက်တာ ထမင်းက ၃ခါလောက် ထပ်ထည့်ရတယ်ပေါ့နော် နောက်ဆုံး အစာပိတ်မှ တွယ်မယ်ဆိုပြီး ငါးဇင်ရိုင်းတကောင် ချန်ထားတာကို ဟင်းအနှစ်ထဲက ဇွန်းနဲ့ ခပ်ထည့်လိုက်တာ ငါးဇင်ရိုင်းမဟုတ်ဘဲ ဘာကြီးဖြစ်နေတယ် ထင်မိလဲရှင် 😀

ဖိုးသိုးဖတ်သပ် ငရုပ်သီးဖတ်နဲ့ကြက်သွန်အနှစ်တွေ ကြားထဲမှာ ပင်စိမ်းရွက်ကို မိမိရနဲ့စုတ်ကိုင်ပြီး ပိုးလိုးပက်လက်လန်ကာ အမြှီးငုတ်တုတ် ဖြစ်နေရှာတဲ့ အိမ်မြှောင်ကြီး ဖြစ်နေပါရော့လား 😀

အန်လိုက်ရတာ ပြောမနေပါနဲ့တော့ စားထားတဲ့ ဖိုးသိုးဖတ်သပ်လေးတွေ ချက်ခြင်းဆိုသလို ကုန်သွားပါလေရော။

အော် ကျမနဲ့ ငါးဇင်ရိုင်း ရာဇ၀င်က ရိုင်းရက်လေခြင်းရယ်လို့ အဲဒီထဲက ငါးဇင်ရိုင်း မစားတော့တာ ခုထိဘဲဆိုပါတော့ရှင်