Tuesday, June 12, 2018

မွန်မြတ်သော လှူဒါန်းခြင်း



ကိုယ်တွေကလဲ ရီစရာက ပြောတတ်တတ် မနေ့က သမီးနဲ့ စကားပြောနေရင်း သူငယ်ချင်းရဲ့သားလေး မင်္ဂလာဆောင်တဲ့အကြောင်း ပြောဖြစ်သွားတယ်။

မင်္ဂလာ စုံတွဲအတွက် မနက်အစောကြီးမှာ မင်္ဂလာဆွမ်းကျွေးတယ် နေ့လည်ကျတော့ ဟိုတယ်မှာ မင်္ဂလာဆောင်တယ် ညကျတော့ ဟိုတယ်မှာ တခါထပ်ပြီး ဧည့်ခံပွဲ လုပ်ကျတယ် နောက်နေ့ကျတော့ ကမ်းခြေမှာ ထပ်ဆောင်တယ်တဲ့။

အဲဒီတော့ ကျမရဲ့သမီးကပြောတယ် မေ့သားကြီးကိုလဲ အဲဒီလို လုပ်ပေးလိုက်ပါလားတဲ့

ဒီတော့လဲ ကျမက ဟာသလေးနှောပြီး ပြန်ပြောမိတယ် တခါလောက်ဆောင်ရင် တော်ပြီပေါ့ဟယ် ဖိတ်ကြားခံရမဲ့ မိတ်ဆွေ သင်္ဂဟတွေ အမျိုးအဆွေတွေကို ဒုက္ခပေးသလို ဖြစ်နေပါ့မယ်လို့ ပြန်ပြောမိရင်းက ကော့ကရိတ်ဆေးရုံမှာ အတူနေခဲ့ဖူးတဲ့ အပျိုကြီးမမ ဆရာဝန်မတစ်ယောက် ပြောတာကို ပြေးသတိရမိတယ်။

ကိုယ်က လင်မယူမိတော့ ဆောင်ပေးစရာ သားသမီးကလဲမရှိ ဒီတော့ င်္မလာ ဆောင်ပေးစရာ သားသနီးကလဲ မရှိပြန်ဘူးတဲ့ မိတ်ဆွေတွေကလဲ ဆောင်တိုင်းဖိတ်တော့ ကိုယ့်လိုအပျိုကြီးတွေ ပြန်ရစရာ လမ်းစကလဲ မရှိလေတော့ ရှုံးလိုက်တာမှ ၀က်၀က်ကိုကွဲရောတဲ့။

ဆရာ၀န် မိသားစုဆိုတော့လဲ သွားလိုက်ရင် အနည်းဆုံး သောင်းဂဏန်းလေးမှ တင့်တယ်မှာမို့ စာအိတ်လေးထဲကို တုံတုံချိချိနဲ့ထည့် ဟိုရောက်တော့ ကိတ်မုန့်လေးကိုက်ပြီး ပြန်လာရတယ်တဲ့။

ဒီကြားထဲမှာ အာရုံမှာ မင်္ဂလာဦး ဆွမ်းကျွေးဆိုပြီး တခါဖိတ်တော့ အ၀တ်အစားကတစုံ ထပ်ချုပ်ရတယ် အာလင်းမှာ တခါဧည့်ခံပွဲ ဆိုပြီးဖိတ်တော့ အ၀တ်အစားက တစုံချုပ်ရပြန်တယ် အာချုပ်မှာ တခါ ဒင်နာဆိုတာကို ထပ်ဖိတ်လေတော့ အ၀တ်အစားက တစုံချုပ်ရပြန်တယ်တဲ့ အဲဒီမှာတင် ကိုယ်ကစပြီး ရှုံးနေတာတဲ့။

အဲလိုမျိုး သူပြောတော့လဲ ဟုတ်နေတာဘဲ မင်္ဂလာဆောင်ကို သွားရတဲ့ သူကလဲ မချိပြုံးလေးနဲ့သွားရ မင်္ဂလာဆောင် သူတို့သား သူတို့သမီး မိဘတွေကလဲ စိုက်ထုတ်ထားတဲ့ အရင်းလေးမှ ပြန်မရရင် ဒုက္ခဆိုပြီး မျက်ကြောသေလေးတွေနဲ့ ဧည့်ခံရ။

သူတို့သား သူတို့သမီးလေးတွေကလဲ လက်ဖွဲ့ပစ္စည်းတွေ မလာကြပါစေနဲ့ လက်ဖွဲ့ငွေတွေဘဲ လာကြပါစေလို့ ဆုတောင်းရင်း လက်ဖွဲ့လက်ခံ ကောင်တာနား ရစ်သီရစ်သီ လုပ်နေရတာလဲ အမောပေါ့။

ဒီကြားထဲ မင်္ဂလာဆောင်လို့လဲပြီးရော ငွေစိုက်ထုတ်တဲ့ဘက်က ပစ္စည်းတွေငွေတွေ ကားပေါ်အကုန်တင်ပြီး ပြန်သွားကြလေသောအခါ မင်္ဂလာမောင်နှံ အဲဒီမှာ ပြသနာကစပြီ။

စလည်၀င် ဖင်မမည်းခင်က တယောက်နဲ့တယောက် မျက်စောင်းတွေထိုးကြပြီ ဒါဘာသဘောလဲ နင့်မိဘက ဘာလုပ်တတ်လဲဆိုပြီး ဘာလဲညာလဲတွေ ဖြစ်ကုန်ကြရော။

တချို့က ကြပြန်တော့လဲ လက်ဖွဲ့ခြင်း သီးခံပါဆိုပြီး ရေးထားပေမဲ့ ဖိတ်စာအောက်နားလေးမှာတော့ လာရောက်ချီးမြှင့်ပါဆိုပြီး ရေးကြပြန်တယ် အဲဒီနောက်ကွယ်မှာ ဆွေမျိုးမိတ်ဆွေ အရင်းအခြာတွေက ပိုပြီးအခက်တွေ့ရပြန်တယ် ဖိတ်စာမှာ ဘာမှမရေးရင် ကိစ္စမရှိဘူး အများနည်းတူဘဲ ရောပြီးလက်ဖွဲ့လို့ရတယ်။

လက်ဖွဲ့ခြင်း သီးခံပါလို့လဲ ပြောထားသေး လာရောက်ချီးမြှင့်ပါဆိုတော့ တော်ရုံနဲ့ မရတော့ဘူး ဒီတော့လဲ အနံကြီးတဲ့သူလဲ ကွင်းကျယ်ကျယ်တွေ ချီးမြှင့်ဖို့ စီစဉ်ရပြန်တာပါဘဲ။

တချို့ကြတော့လဲ သတင်းစာထဲမှာ မင်္ဂလာဆောင် ကြော်ငြာတွေ့တာနဲ့ ငါ့ကျတော့ မဖိတ်ဘူ သူ့ကျတော့ ဖိတ်တယ် အဆင့်တန်းခွဲတာလား ဘာလားဆိုပြီး ဖြစ်ကြပြန်ရော။

တချို့ကျတော့လဲ မင်္ဂလာဆောင် ဖိတ်မိပြန်ရင်လဲ ဆောင်ဘဲဆောင်နိူင်လွန်းတယ်တော် ကိုယ့်လုပ်စာ ကိုယ်မစားရဘူး သူတို့ကိုဘဲပေးနေရတာ ဆိုတာမျိုးတွေကိုလဲ ကြားဖူးတယ်။

မိတ်မပျက်အောင် လက်ဖွဲ့ငွေလေး သွားဖွဲ့ရပေမဲ့ ဆန်လေး ဆီလေး၀ယ်လိုက်နိူင်ရင် ဒီလတော့ တော်တော်လေး အဆင်ပြေမှာဆိုပြီး တွေးမိသူတွေလဲ ရှိကြမှာပါဘဲ။

ဒါကြောင့်မို့လို့ ကိုယ်တွေ အာဝါဟ ဝိဟာရ လုပ်တဲ့ပွဲက သူများကို စိတ်ဒုက္ခပေးသလို မဖြစ်မိအောင်တော့ သတိထားသင့်တယ်လို့ ထင်မိတာပါဘဲ။

အကောင်းဆုံးကတော့ မင်္ဂလာဆောင် ကုန်ကျမဲ့ငွေကို အသုံးလိုနေတဲ့ တနေရာရာမှာလှူပြီး မှတ်တမ်းလေးတင်လိုက်ရင် ကိုယ်လဲကုသိုလ်ရ လိုအပ်နေတဲ့ နေရာလေးလဲ ပြည့်စုံသင့်သလောက် ပြည့်စုံသွားပြီး တယောက်နဲ့တယောက် စိတ်ခုစရာတွေလဲ ကင်းသွားရော။

အဲဒါမှ မင်္ဂလာအတိနဲ့ ပြည့်ဝနေတဲ့ မင်္ဂလာဆောင်ခြင်းက မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားပြီး မွန်မြတ်သော လှူဒါန်းခြင်း မည်မယ်လို့ ထင်လိုက်မိတော့တာပါဘဲရှင်။ 
၁၂။၆။၁၈