Sunday, August 31, 2014

ပျော်ရွှင်ဖွယ်ရာ blogger ဘဝ


ဘလော့ဂါဘ၀ဆိုတဲ့ ခေါင်းစဉ်ကိုရေးဖို့  တော်တော်လေးတော့ စဉ်းစားလိုက်ရပါတယ် ဒါပေမဲ့ အဖြေတစ်ခုတော့ ထွက်လာခဲ့ပါတယ်။

အဓိက ကျမရေးနေတာက ဟင်းချက်နည်းတွေရေးတဲ့ ဘလော့လေးဆိုတော့ မိသားစုကြားရယ် ဘလော့လာ မိတ်ဆွေများကြားရယ်မှာ ရယ်စရာ ပျော်စရာလေးတွေ ဖြစ်ပေါ်ခဲ့တာတွေကို  ရေးပြချင်ပါတယ်။

အရင်ဆုံး ကျမရေးနေတဲ့ ဘလော့လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ် စစချင်းတော့ ဟင်းချက် မုန့်လုပ်တဲ့ နည်းလေးတွေ ကိုယ်တတ်သမျှလေးတွေကို မျှဝေပေးချင်တဲ့ ဆန္ဒနဲ့ စိတ်၀င်စားစရာ မာမာ့ရဲ့ဝါသနာများဆိုပြီး ဟင်းချက်ဘလော့လေး ဖွင့်ခဲ့ပါတယ် နောက်တော့ တောက်တိုမယ်ရလေးတွေ ရေးခဲ့တဲ့ စာရေးတဲ့ တူးမာရဲ့မှတ်တမ်းဆိုတဲ့ ဘလော့လေးကို ဖွင့်ခဲ့ပါတယ်။

ဟင်းချက်ဘလော့လေး စဖွင့်တော့ စစချင်းစောက်နဲ့ထွင်းဆိုသလို ပြသနာက စလာခဲ့ပါတယ် မိသားစုလေးယောက်ဘဲရှိတဲ့အိမ်မှာ အစားအသောက်ကို အကြိုက်ချင်းပုံစံ မတူကြပါဘူး။

ကလေးတွေအဖေက အစပ်ပါရင် လုံး၀မစားသူ ကျမက အစပ်ဆို စပ်နိုင်သလောက်စပ် စပ်မှကြိုက်သူ သားဖြစ်သူက အစားအသောက်ကို အာဟာရ မျှတအောင် စားတတ်သူ သမီးဖြစ်သူက အသားဆိုမကြိုက်လို့ ကဂျီကချောင်နိုင်သူ အဲဒီလို လူတွေကြားမှာ ကျမ ဗျာများခဲ့ရပုံတွေများ ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်ပေါ့နော်။

မနက်အိပ်ယာက နိုးတာနဲ့ အဲဒီလေးယောက်စာအတွက် ကျမခေါင်းခဲ ခဲ့ရသလို ကျမရဲ့ဟင်းချက် ဘလော့လေးအတွက် ဘာဟင်းစပြီး တင်ရမလဲ ဆိုတာကိုပါ  ခေါင်းစားခဲ့တဲ့ စာရင်းထဲ ပါလာခဲ့ပါပြီ။

ဟင်းချက်နည်း စတင်ပြီဆိုကထဲက ချက်နည်းလေးလဲ ကောင်းရမယ် မြန်မြန်ချက်လို့ပြီးတဲ့ ဟင်းလဲဖြစ်ရမယ် အိမ်တိုင်းရဲ့ မီးဖိုဆောင်မှာရှိနေတတ်တဲ့ ဆီ ဆား နနွင်း ငရုတ်သီးမှုန့် အရသာမှုန့် မဆလာတို့လောက်နဲ့ ချက်လို့ဖြစ်နိူင်မဲ့ ဟင်းလေးတွေလဲ ဖြစ်ရမယ် ကျန်းမာရေးနဲ့ညီညွတ်ရမယ် ကလေးလူကြီး အကြိုက်လေးတွေလဲဖြစ်ရမယ်  နေ့စဉ်အလုပ်သွားကျောင်းသွား ယူသွားသူတွေအတွက် အဆင်ပြေမဲ့ဟင်းလေးလဲ ဖြစ်ရမယ်ပေါ့။

ချက်ပြီးပြုပ်ပြီးပြန်တော့ တစ်ယောက်တစ်မျိုးစားတဲ့ ဟင်းလေးခွက်က ကြောင်စာကြွက်စာလေးတွေ ဖြစ်နေပြန်ပါလေရော ပန်းကန်ထဲ ထည့်လိုက်တာနဲ့ ဖိုးသိုးဖတ်သတ် ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ ဓါတ်ပုံရိုက်လို့မလှတော့ပြန်ပါဘူး အဲဒီတော့ ဘာလုပ်ရတယ်ထင်လဲဆိုတော့ကာ ကိုယ်ကဘဲ အားလုံးကို အလျှော့ပေးပြီး အသက်လောက်ချစ်ရတဲ့ အစပ်ဟင်းကို အမွေဖြတ်လိုက်ရပြီး ဟင်းပန်းကန်လေး လှပါစေတော့ရယ်ဆိုပြီး သူတို့ရဲ့ဟင်းတွေကြား ကိုယ်စားမဲ့ အစာလေးကို ပြန်ပေါင်းထုပ်ကာ ရောပြီးချက်လိုက်ရပါလေရော။

ဒီကြားထဲ ဟင်းလေးကျက်လို့ အားရ၀မ်းသာအားရနဲ့ကင်မရာကြီး လည်ပင်းမှာလွယ်ကာ ကိုယ်မို့လို့ ပန်းကန်ပြားထဲထည့်ပြီး လှတပတလေးပြင်နတေုံး အချိန်နဲ့ အလုပ်သွားရတဲ့ ကလေးတွေအဖေများ ရေမိုးချိုးပြင်ဆင်ပြီး အိမ်ပေါ်ထပ်ကနေ ဆင်းလာကာ ထမင်းဗူးထဲ့တဲ့ အိတ်ဆီကို ဦးတည်ပြီး လာနေတာတွေ့တာနဲ့ အချိန်နဲ့ အလုပ်သွားရတဲ့သူ နောက်မကျရလေအောင် ထမင်းဗူးထဲဟင်းတွေ ထဲ့ပေးလိုက်ရတဲ့နေ့မျိုးဆို ဓါတ်ပုံတောင် မရိုက်ရဘဲ အဲဒီဟင်းလေး ပါသွားပါလေရော။

တခါတရံ ဟင်းစောပြီး ကျက်ပြန်တော့ ဘလော့မှာတင်ဖို့ ဓါတ်ပုံရိုက်ရတော့မယ် ပုံလှလှလေးဖြစ်အောင် ရိုက်ရမယ် မရိုက်ခင် ဟင်းပွဲပြင်ထားတဲ့ ပန်းကန်မှာ  ပနေတဲ့ ဟင်းအဆီအနှစ်တွေကို သုတ်ရတာက တစ်ရှူးဆယ်ရွက်လောက်တော့ အနည်းဆုံးကုန်တတ်သလို ဓါတ်ပုံရိုက်ပြီးရင် ပန်းကန်တွေ ဆေးရတဲ့  ရေမီတာခကလဲ အရင်ကထက် တက်လာခဲ့ပါတယ် ဘလော့အတွက် ရင်းရတာလေးတွေပေါ့နော်။

အဲဒီလိုဟင်းပွဲလေးကို အလှပြင်ဆင်ကာ ဟင်းပန်ကန်ကို စားပွဲပေါ်တင်ပြီး ကင်မရာကိုဖွင့်ကာ တစ်ချွင်ချွင်နဲ့ရိုက်နေချိန်မှာ ကျမကို စချင်နောက်ချင်တဲ့ သားအဖတွေက ပြင်ထားတဲ့ ဟင်းပန်းကန်ထဲက ဟင်းတုံးလေးကို တစ်ယောက်တစ်တုံးလောက်များ ဇွန်းနဲ့ကော်သွားချိန်မှာတော့ ကျမရလိုက်တဲ့ပုံက မလှမပဆိုရင် အဲဒီနေ့အတွက် ဘလော့မှာ ဟင်းတင်စရာပုံ မရတော့ဘဲ မောတာလေးတွေသာ အဖတ်တင်ခဲ့ရတဲ့ ရက်တွေကလဲ အများသားပါ။

ဓါတ်ပုံရိုက်ပြီးလို့ ထမင်းဗူးထဲ ထည့်ပေးချိန် အဆင်ပြေတဲ့နေ့ဆို အဲဒီဟင်းက ထမင်းဗူးထဲကို ရှောရှောရှူရှူနဲ့ ရောက်သွားတတ်ပေမဲ့ အဆင်မပြေတဲ့နေ့များဆို အဲဒီဟင်းပန်းကန်က လက်ကလွတ်ကျပြီ း ြမေခခဲ့ရတာလဲ အကြိမ်ကြိမ်ပါ။

ဟင်းပန်ကန်လေးများ ဂွမ်းကနဲ ကျကွဲသွားပြီဆိုရင်တော့ အိမ်ပေါ်ထပ်ကနေ အလုပ်သွားဖို့ဆင်းလာတဲ့ ကလေးတွေအဖေ ဆင်းမလာခင် တစ်ရှူးဘူး တစ်ဘူးလုံးကုန်အောင် အကွဲအရှတွေ ဟင်းတွေကို မြန်မြန်သိမ်းရင်းက ပန်းကန်ကွဲရှလို့ သွေးထွက်ခဲ့ရတာလဲ အကြိမ်ကြိမ်ပါ။

ဟင်းပန်းကန်အကွဲလေးကို ကျမလေမျာတသစွာနဲ့ကြည့်ပြီးတာနဲ့ ကလေးတွေအဖေ ဘာမှမမြင်လိုက်ခင် ထမင်းဗူးထဲကို အော်တိုမက်တစ် ငါးသေတ္တာဗူးလေး ဖောက်ထဲ့ပြီး ပေးလိုက်ရတဲ့ ရက်တွေကလဲ အကြိမ်ကြိမ်ပါဘဲ အဲဒါတွေကလဲ ကျမဘလော့ဂါ မာမာဘလော့ဂါ ဆိုတဲ့နံမည်လေးအတွက် အစပျိုးခဲ့တဲ့ နေ့ရက်တွေပါ။

တစ်ခါတလေကျပြန်တော့ ကိုယ်ကဟင်းစောစောကျက်လို့ ပန်းကန်ထဲထဲ့ ပြင်ဆင်ပြီးကာမှ အကြောင်းတစ်ခုခုပေါ်လာလို့ အဲဒီပန်းကန်လေးကို အသာလေး အုပ်ဆောင်းအောက် ခနထဲ့ပြီး လုပ်စရာရှိတာလေးပြေးပြီး လုပ်နေတုံးရှိသေး ဓါတ်ပုံရိုက်ပြီးပြီအထင်နဲ့ရယ် ကျမကို စချင်နောက်ချင်တာကြောင့်ရယ် ဇိုးဇိုးဇတ်ဇတ် ဟင်းကောက်မြည်းတတ်တဲ့ သူနဲ့များတွေ့သွားရင်တော့  သေပြီဆရာဘဲ။

ဓါတ်ပုံရိုက်မယ်ဟဲ့ဆိုပြီး အားရပါးရ ကင်မရာကို ချိန်လိုက်ချိန်မှာတော့ အလိုလေးလေး ဟင်းပန်းကန်က ဘေးနားတနေရာမှာ ချိုင့်ပြီးကွက်လပ်ကြီးကို ဖြစ်လို့နေပါပေါ့လား ဆိုပြီး ကင်မရာလေး အသာပြန်ချကာ မှိုင်တွေငေးမောကာနဲ့သက်ပြင်းရှည်ကြီးကို ဆွဲဆန့်လို့ ဘလော့ပေါ် မရောက်ခဲ့တဲ့ ဟင်းခွက်တွေကလဲ မနဲမနောပါဘဲ။

ဒီကြားထဲ အချိန်လုပြီးချက် အချိန်လုပြီးဟင်းပွဲပြင် အချိန်လုပြီးဓါတ်ပုံရိုက်ရတာမို့ ဟင်းပူပူက အငွေ့ဟပ်ပြီး ပျက်သွားခဲ့တဲ့ ကင်မရာလေးရယ် ပုံတင်လိုက် စာရေးလိုက်လုပ်လွန်းလို့ ပျက်သွားတဲ့ ဖူဂျစ်စုလက်ပ်တော့လေးတွေရယ်ကိုလဲ ပြန်တွေးတိုင်း သမျှောမိသားပေါ့နော်။

ဘလော့ပေါ်ရောက်သွားတဲ့ ဟင်းခွက်လေးကျပြန်တော့ ကံကောင်းရင် ချီးမွမ်းခံရပြီး ကံမကောင်းရင်တော့ အကဲ့ရဲ့ကြား မျောသွားခဲ့ပြန်တာလဲ ကြုံရပြန်တာပါဘဲ။

ကိုယ်ပေးတဲ့ ချက်နည်းလေးအတိုင်း ချက်လို့ အဆင်ပြေတယ်လို့ပြောတဲ့သူရှိရင်  ကျေနပ်ပီတိဖြစ်ရသလို ကိုယ်ကစေတနာနဲ့ တင်ပေးပေမဲ့ အဆင်မပြေဘူး ဘာလိုနေလဲမသိဘူးလို့  ပြောတဲ့သူများရှိရင်တော့ ငိုမဲ့မဲ့ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပါဘဲ။

ဒါပေမဲ့ နောက်ဆုံးတော့  ဖြေတွေးလေးတွေးလိုက်ပါတယ် ကိုယ့်အိမ်မှာတောင် လေးယောက်က တစ်ယောက်တစ်မျိုး စားနေတာ သီးခံ သီးခံဆိုပြီးတော့ဘဲ ရူးချင်ယောင် ဆောင်လိုက်ရတာလဲ အခါခါပါ။

ဒီကြားထဲ မမရေ မမချက်တာ ဘာငါးလဲ မမသုံးတာ ဘာငံပြာရည်လဲ ငပိပုလင်းလေးပြပါအုံးစသည်ဖြင့်ပေါ့နော် ကွန်မန့်လေးမှာတွေ့ပြန်ရင်လဲ အိမ်အလုပ်တွေ ခနဘေးချ သူတို့လိုချင်တာလေးတွေကို ဓါတ်ပုံရိုက်ပြီး အပြေးအလွှား ပြရပြန်တာကလဲ ဘလော့ဂါဆိုတဲ့ ကျမဘ၀ရဲ့ တစ်စိတ်တဒေသပါဘဲ သူများကို ကူညီရတာကိုမှ ကျမကဝါသနာပါမိခဲ့တာကို လေနော်။

တစ်ခါတစ်လေလဲ ကိုယ့်ဘလော့လေးမှာ ကိုယ်လိုအပင်စိုက်တာဝါသနာတူသူတွေအတွက် အိမ်မှာ ကိုယ်တိုင်စိုက်တဲ့ သီးနှံလေးတွေဆီဆင်းပြီး ဓါတ်ပုံရိုက်နေတုံး ဘောက်ဖတ် ပင့်ကူ ကင်းလိပ်လျော မြွေတွေ့လို့ပြေးရတာလဲ အခါခါပေါ့။

နောက်ဆုံးပိတ်လေးကတော့ ဘလော့ဂါလုပ်မိတဲ့ ကျမကိုစာတွေရေးလွန်းရင် ကျမရဲ့ကျန်းမာရေး ထိခိုက်မှာဆိုးလို့ ခနခနစာမရေးဖို့  စေတနာနဲ့ပြောကြားတတ်တဲ့ ကလေးတွေရဲ့အဖေရယ် ကျမချက်သမျှ အကုန်အားပေးလာတဲ့ ကလေးတွေရယ် ဘလော့က မိတ်ဆွေတွေပြန်ပေးတဲ့ ပီတိကို ကျမစားရသလို  ကျမချက်တဲ့ ဟင်းလေးတွေကိုကြည့်ပြီး ချက်ရင်းက အဆင်ပြေစွာနဲ့ ဟင်းချက်သွားနိုင်ကြတယ်ဆိုတဲ့ အသံလေးတွေကြားနေရရင် ကျမပျော်ပါတယ်။

ဟင်းတွေချက်နေရရင် ပြီးပြည့်စုံနေတယ်လို့ ထင်နေမိတဲ့ ဘလော့ဂါကျမ ကျမဘလော့ဂါလေးပါလို့ ပြောကြားရင်း နိဂုံးလေးကို ချုပ်လိုက်ပါတယ်ရှင်။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်
Mar Mar Lwin (tuu mar)
စိတ်၀င်စားစရာ မာမာ့ရဲ့ဝါသနာများ
တူးမာရဲ့မှတ်တမ်း
30/8/2014