Monday, February 26, 2018

မိတ်ဆွေတုများနဲ့ facebook လောက



ကိုယ့်အိမ်တွင်းရေး မိသားစုအရေးတွေကို အဆင်ပြေလို့ facebook မှာ ရေးပြီးတင်နေချိန် ကိုယ့်အကောင့်ထဲက မိတ်ဆွေက ဒီမိန်းမ သိပ်ကြွားတာဘဲဆိုပြီး မလိုမုန်းထားစိတ်တွေဖြစ်ပြီး စိတ်ပျော်စေရအောင် ကော်မန့်လေး တခုတလေကို ၀င်ရေးချင်မှ ရေးကြပါလိမ့်မယ်။

ကိုယ့်မိသားစုအရေး ကိုယ့်အိမ်တွင်းရေးတွေ အဆင်မပြေဘူးလို့ရေးပြီး တင်ကြည့်လိုက်တာနဲ့ မိန်းခလေးဘက်က မှားနေရင် အဲဒီမိန်းကလေး မကောင်းကြောင်းကို အူမချေးခါးကအစ အာလုပ်သံကြီးတွေနဲ့ ၀င်ရေးကြ ပြောကြလိမ့်မယ်။

ငယ်ကျိုးငယ်နာတွေပါ ဖော်လာကြလိမ့်မယ် ဒီမိန်းမမျိုးက အမျိုးယုတ် ဘာညာ ညာသကာဆိုပြီး အကုန်လုံးကို ဖော်ကောင်လုပ်လာကြလိမ့်မယ်။

ယောက်ျားလေးဘက်က မှားနေပြန်ရင်လဲ ဒီကောင်က နှစ်မချင်း ကိုယ်ချင်းမစာ အကျင့်က ဟိုးအောက်ရောက်နေတာက မျိုးမသန့်တာတွေက အစပြုလို့ နားနဲ့မဆန့်အောင် ပြောကြပါလိမ့်မယ် ရေးကြပါလိမ့်မယ်။

နောက်ဆုံးတော့ လေလှိုင်းပေါ်က စကားသွား စကားလာ စကားနာတွေရဲ့ထိုးနှက်မှုတွေကြောင့် အိမ်ထောင်ရေးတွေ ပြိုကွဲသွားပြီး မိသားစုတွေ အကွဲအပြဲပြဲတွေ ဖြစ်ကြပါလေရော။

ကော်မန့်တွေ ဖတ်မိတာနဲ့ ကာယကံရှင် မိန်းကလေးကလဲ မခံချင်စိတ်တွေနဲ့ မာနတွေ ပြလာမယ် ငါ single mother လုပ်ပြီး ငါ့သားသမီးကို ငါကျွေးမွေးမယ် ပြုစုမယ် ပျိုးထောင်မယ်ဆိုပြီး လက်မတွေ တက်မတွေထောင်ပြီး ဝိတိုရိယတွေ ဟိမ၀န္တာတွေ ဧ၀ရတ်တောင်ထိပ်တွေအထိ ကလေးကို ကြောပိုးပြီးတော့ တက်ကုန်ကြပါလေရော။

အဲလိုတွေ မတက်ကြပါနဲ့ ကိုယ့်မာနကြောင့် အဓိက မျက်စေ့သူငယ် နားသူငယ် ဖြစ်သွားကြရတာက မိမိတို့ရဲ့ ရင်ကဖြစ်တဲ့ ရင်သွေးလေးတွေပါ။

ယောက်ျားလေး ဖြစ်သူကလဲ ဘတပြန် ကျားတပြန် အောင်လအွန်းဆိုင်းလိုလို ဘာလိုလိုနဲ့ ငါကွယောက်ျားဆိုပြီး လက်ခမောင်းခတ်ကာ လှေခါးသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်ဆိုပြီး ပုဆိုးခါးထောင်းကျိုက်ပြီး ကရောသောပါး ဆင်းကုန်ကြပါလေရော အဆင်းတော်ရင်တော့ ကောင်းပါရဲ့ အဆင်းမတော်တော့ မထော်မနန်းတွေနဲ့ တွေ့ပြီး ဘ၀ပါ ပျက်ပါလေရော။

အဲဒီလို မိဘနှစ်ပါးက မာနအလံ ထူနေချိန်မှာ အဓိက ခံစားရတာက ကြားထဲက သားသမီးတွေပါဘဲ ဘယ်လောက်ဘဲ အမေက ပြုစုပျိုးထောင် ပျိုးထောင် တောင်ထိပ်မှာ တက်ထား တက်ထား သူတို့စိတ်ထဲမှာ မိသားစုဆိုတာ မရှိတော့လို့ နာကြင်စရာတွေက ပြည့်နှက်နေကြမှာပါဘဲ။

အချိန်တန်လို့မှ အမေအဖေလို့ ခေါ်စရာ မရှိတော့သလို ပြသနာ တစုံတရာပေါ်လာတိုင်း နွေးနွေးထွေးထွေး ဖြေရှင်းပေးမဲ့ အမေက ဘယ်မှာလဲ ကျားကျားယားယား ဖြေရှင်းပေးမဲ့ အဖေက ဘယ်မှာလဲ။

သူငယ်ချင်းတွေ ကြားထဲမှာ ငါ့အဖေကဒါ ငါ့အမေက ဒါပါလို့ ပြစရာ ရှိမလာတော့သလို ပြသနာ တစ်စုံတစ်ရာ ကြုံလာရင်လဲ ငါ့အဖေကို တိုင်ပင်ရမယ် ငါ့အမေကို တိုင်ပင်ရမယ်ဆိုပြီး အားကိုးစရာ အဖေအမေက ဘယ်မှာလဲ။

အကြောင်းတရား တစ်ခုခု တိုက်ဆိုင်လို့ ငါ့အဖေအတွက် လက်ဆောင်ပေးရမယ် ငါ့အမေအတွက် လက်ဆောင်ပေးရမယ်လို့ အတွေးထဲမှာ ပေါ်လာခဲ့ရင်လဲ ဘယ်မှာလဲ အဖေ ဘယ်မှာလဲ အမေ။

သူတို့တွေရဲ့ အောင်မြင်မှုတွေ ရလာတဲ့အချိန်မှာ ငါ့အဖေနဲ့ ဘယ်သွားမယ် ငါ့အမေနဲ့ ဘယ်သွားမယ် အစရှိသည်ဖြင့် ဒီလိုမျိုး ပြောစရာ စကားတွေ သူငယ်ချင်းတွေအကြား လူ့အသိုင်းအဝိုင်းတွေအကြားမှာ ပြောခွင့်မရလေလေ သူတို့လေးတွေမှာ စိတ်ညှိုးနွမ်းရလေလေပါဘဲ။

ဒါကြောင့်မို့လို့ ညီမငယ်လေးတွေ သမီးငယ်လေးတွေ မောင်ငယ်လေးတွေ သားငယ်လေးတွေကို ပြောချင်တာက ကိုယ့်မိသားစု အဆင်မပြေတိုင်း facebook ကြီးပေါ်မှာ မတင်ကြပါနဲ့လို့ ပြောချင်နေမိခဲ့ပါတယ်။

ပြသနာ တစ်စုံတစ်ရာ ပေါ်လာတိုင်း ကာယကံရှင်နှစ်ဦး အရင်ဆုံး တိုးတိုးတိတ်တိတ် ဖြေရှင်းကြပါ အကြောင်းအရာ နက်နဲလာပါက ကိုယ့်ရဲ့အရင်းနှီးဆုံး နှစ်ဖက်မိဘ လူကြီးလူကောင်းတွေနဲ့သာ တိုင်ပင်ကြပါ ဖြေရှင်းကြပါလို့သာ ပြောချင်ပါတယ်။

အိမ်ထောင်ရေး အဆင်မပြေလို့ facebook ပေါ်တင်လိုက်တာနဲ့ မြှောက်ထိုးပင့်ငေါ် စာသားတွေကြောင့် ယိုင်နဲ့နေတဲ့ အိမ်ထောင်ရေးက ဝုန်းကနည်း လဲကျသွားပါလိမ့်မယ် လင်ကိုယ်မယား ကွဲကွာသွားကြပါလိမ့်မယ်။

ဒါကြောင့်မို့လို့ တယောက်ယောက်က လျှောက်နေကျ လမ်းလေးလွဲနေပြီ ဆိုတာကို ရိပ်မိတာနဲ့ ကိုယ်ချင်းကိုယ်ချင်း တယောက်နဲ့တယောက် မာနတွေ ခဝါချလို့ တိုးတိုးတိတ်တိတ် ဆွေးနွေးကြည့့်ပါ တိုင်ပင်ကြည့်ကြပါ။

တယောက်နဲ့တယောက် မုန်းတီးသွားကြပြီး တယောက်မျက်နှာတယောက် မကြည့်ချင်လောက်အောင် မုန်းနေပြီဆိုရင်လဲ ဒီအဖေအမေကြောင့် ဖြစ်တည်လာတဲ့ သားသမီးတွေအတွက် တယောက်ယောက်က မာနတွေကို လျှော့ပေးကြပါ။

ဒီကြားထဲကမှ တော်တော်လေး သီးမခံနိူင်ကြတော့လို့ ကွဲကြကွာကြပြီ ဆိုရင်လဲ အဖေရောအမေပါ ကောင်းကောင်းဆိုးဆိုး တချိန်တုန်းက သားသမီးတွေရဲ့ အဖေအမေ တော်စပ်ခဲ့ကြတဲ့အတွက် သားသမီးတွေနဲ့ တွေ့ခွင့်ပေးကြပါ အဖေအမေကတွေကလဲ သားသမီးတွေနဲ့  တွေ့နိူင်အောင် ကြိုးစားကြပါ သားသမီးတွေကလဲ အဖေအမေကို တွေ့ခွင့်ရအောင် ကျိုးစားကြပါ။

မိဘတွေ အနေနဲ့လဲ တယောက်နဲ့တယောက် သေလောက်အောင် မုန်းတီးနာကြည်းခဲ့ကြပါစေ တနေရာစီမှာ ခွဲခွာနေကြရတဲ့ သားသမီးတွေအတွက် နားလည်ခွင့်လွှတ်ပေးပြီး အဖေအမေ နေရာက နေရာယူပေးကြပါလို့သာ ပြောချင်ပါတော့တယ်။

ထပ်ပြီးပြောချင်တာလေးက မိသားစုကိစ္စ အဆင်မပြေတိုင်း face book ပေါ်မှာ မရေးမိဖို့ သတိလေးထားကြပါလို့ ပြောရင်း face bookမှာ ခင်နေတဲ့ သမီးလေးတယောက် မနေ့က မိသားစုအကြား ပြသနာတက်နေတဲ့ အကြောင်းလေး ရင်လာဖွင့်လို့ သူ့ကို မက်ဆင်ဂျာက ပြောဖြစ်ခဲ့တာလေးတွေကိုဘဲ ပြန်တင်ပေးလိုက်ခြင်းမျှသာပါ။

စေတနာ စစ်စစ်ဖြင့် ရေးသားခြင်း ဖြစ်တဲ့အတွက် စိတ်ထားတိုက်ဆိုင်သူများသာ ကော်မန့်၀င်ပြီး ရေးပေးကြပါရှင်။

လူတယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာ အတိတ်ကံက ဒီအချိန်မှာ ဒါဖြစ်ရမယ်ဆိုတာ ပါလာပြီးသားဖြစ်လို့ တယောက်နဲ့တယောက် ကဲ့ရယ်ခြင်း အပြစ်တင်ခြင်း ရှုံ့ချခြင်းတွေလဲ ကင်းဝေးကြပါေ


မာမာလွင်