Thursday, November 27, 2014

လွမ်းဆွတ်ခြင်းရဲ့ နေ့ရက်များ


ဒီနေ့ဆို အမေတယောက် သူချစ်တဲ့အမျိုးတွေရယ် ကျမတို့မောင်နှစ်မတွေနဲ့သူချစ်တဲ့ ကျမတို့အဖေကို စိတ်ချလက်ချ ထားရစ်ခဲ့တာ တနှစ်တင်းတင်းပြည့်တဲ့ နေ့လေးပါ။

ခလုတ်ထိမှ အမိတဆိုပေမဲ့ ကျမကတော့ ခလုတ်မထိလဲ အမေ့ကို တမ်းတနေမိတာပါ ကျမဘာလုပ်လုပ် ကျမအပေါ်အနွံတာခံခဲ့တဲ့ အမေ့ကို အချိန်တိုင်း သတိရပြီးလွမ်းနေမိတာကို ကျမကိုယ်တိုင်ဘဲ အသိဆုံးပါ။

အမေရှိစဉ်ကလဲ ကျမရဲ့ဘဝပေးအချေအနေကြောင့် အမေ့နားမှာနေရတဲ့ ရက်တွေအချိန်တွေက အရမ်းကိုနဲခဲ့ပါတယ် ဒါပေမဲ့ အမေက ကျမဘယ်လောက်ဘဲ ဝေးသီခေါင်လံတဲ့ အရပ်ဒေသကို ရောက်နေရောက်နေ သားသမီးဇော မြေးဇောတွေနဲ့ရောက်အောင် လာတတ်ပါတယ်။

တကယ်တမ်းကျတော့ ကျမအသက် ၄၉နှစ်မှာ အမေက ကျမတို့နားကနေ အပြီးထွက်သွားခဲ့တယ် သူ့သားသမီးတွေ လူလားမြောက်ကုန်ပြီလို့ အထင်နဲ့ထားရစ်ကာ ထွက်သွားသူပါ။

အမေထင်သလို သမီးတို့ မောင်နှစ်မတွေ လူလားမမြောက်သေးဘူး အမေရယ် အမေ့ကို လိုအပ်နေပါသေးတယ် လူ့လောကကြီးမှာ ဒုက္ခတွေ သောကတွေနဲ့ကြုံတိုင်း အမေ့ရင်ခွင်ထဲ ခေါင်း၀င်တိုးပြီး ပြောပြချင်နေသေးတာပါ အမေဆီက အေးချမ်းတဲ့ ဖြေသိမ့်သံတွေကို ကြားချင်နေသေးတာပါ အမေရယ်။

အမေပြောနေကျ စကားတွေထဲက ငါ့သား သမီးတွေရဲ့တွေ ဘဝလေး အေးချမ်းပါစေဆိုတဲ့အတိုင်း တခါတရံများ အေးချမ်းမှုနဲ့ဝေးရာ ပူလောင်နေတဲ့ အရိပ်မဲ့လမ်းပေါ် ရံဖန်ရံခါ လျောက်မိတိုင်းလဲ အမေရယ်လို့သာ တိုးတိုးတိတ်တိတ်လေး ရေရွတ်တမ်းတနေတယ် သမီးရေရွတ် တမ်းတ၆မိတဲ့အကြိမ်တိုင်း အခုတော့ အမေက သမီးတို့နဲ့ဝေးရာ ဟိုးအဝေးကို ရောက်နေခဲ့ပါပြီ။

သမီးတို့မောင်နှစ်မတွေလွမ်းသလို အဖေလဲအမေ့ကို လွမ်းနေမှာပါ အမေသူ့နားက ထွက်သွားတဲ့ညက အဖေစာတစ်ဆောင်ရေးပြီး အမေ့လက်ထဲလာထဲ့တာ အမေက မသိတော့ပေမဲ့ သမီးတို့ မောင်နှစ်မတွေ ဖတ်လိုက်ရတယ်အမေ။

အမေက သူ့အတွက် ကျေးဇူးရှင် အမေက သူ့အတွက် အဖော်မွန်းကောင်း အမေက သူ့အတွက် အကောင်းဆုံးမိတ်ဆွေ ပါတဲ့ အမေမရှိတဲ့နောက်ပိုင်း အဖေဟာ သိပ်အထီးကျန်သွားတယ်အမေ ဒါတွေကို အမေသာသိရင် သမီးတို့အားလုံးကို ထားရစ်ခဲ့ပြီး အမေအခုလို စောစီးစွာခွဲသွားနိုင်မှာ မဟုတ်ဖူးနော်။

အမေ့အတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ အလှူတွေအတွက် အမေ သာဓုအနေမာဒနာ ခေါ်နိုင်ပါစေလို့လဲ ဆုတောင်းပေးနေပါတယ် အမေရယ် ပေးဝေတဲ့အမျှ အမေရပါစေ။

ဒီနေ့မနက် သမီးတို့မောင်နှစ်မတွေ အမေ့အတွက် ရည်စူးပြီး လှူဒါန်းတဲ့ အလှူဒါန ကောင်းမှုကိုကုသိုလ် အမေရပါစေ အမေ။

အမျှ အမျှ အမျှ
သာဓု  သာဓု  သာဓု ။

မာမာလွင်
27/11/2014
ကြာသပတေးနေ့
အမေ ခွဲခွာသွားတာ တနှစ်ပြည့်တဲ့နေ့

Monday, September 8, 2014

မှီခိုအိမ်ရှင်မရဲ့ တနေ့တာ


မိသားစု သိပ်နည်းပါးလွန်းပါတယ်ဆိုတဲ့ ကျမမှာ ကိုယ်ပိုင်အချိန်တွေက အမြဲတမ်း ရှားပါးနေခဲ့ပါတယ် ကိုယ်ပိုင်အချိန်ဆိုတာကလဲ တစ်နေ့တာရဲ့နာရီတစ်ချို့တစ်၀က်ကိုသာ ပိုင်ဆိုင်ခဲ့သူပါ အဲဒါကိုဘဲ အိမ်ရှင်မလို့ခေါ်ပြီး အလုပ်လက်မဲ့မှီခိုလို့ ခေါ်ကြပြောကြ ပြန်တာပါလား။

မနက်စောစော အိပ်ယာက နိူးတာနဲ့ အိပ်ယာသိမ်းကာ အလင်းရောင်ရမဲ့ လိုက်ကာတွေ လိုက်ဖွင့်ပြီးတာနဲ့ ကိုယ်လက်သန့်စင်ခြင်းအလုပ်ကို ကျမအရင်ဆုံး လုပ်ပါတယ်။

ပြီးတာနဲ့ ဘုရားပန်းတော်ရေဆေး ပန်းအိုးရေဆေးပြီး ရေလဲခြင်း သောက်တော်ရေလဲခြင်းတို့ ပြုလုပ်ပြီး ဘုရားကို အရင်ဆုံးကပ်ပါတယ်။

ပြီးတာနဲ့ အိမ်အောက်ထပ်ကိုဆင်း အလင်းရောင်၀င်နိုင်မဲ့ မှန်တခါးတွေရဲ့လိုက်ကာတွေကို အရင်ဖွင့် လေ၀င်နိုင်မဲ့မှန်တခါးတွေကိုဖွင့်ပြီး လတ်ဆတ်တဲ့ လေ၀င်အောင်လုပ်ပြီးမှ မီးဖိုဆောင်ကို၀င်ကာ ဘုရားဆွမ်းတော်အတွက်ရယ် မိသားစုစားဖို့အတွက်ရယ်ကို တတ်စွမ်းသမျှ ကျမစီမံရပါတော့တယ်။

မနက်စောစောစာအတွက် အဆင်ပြေသလို ထမင်းကြော်တဲ့နေ့ကြော် ကော်ဖီနဲ့မုန့်နဲ့သောက်တဲ့နေ့ လဲရှိပါတယ် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်ပြီးတာနဲ့ အိမ်ဦးသခင်နဲ့ကလေးတွေအတွက် အလုပ်သွား ကျောင်းသွားရင် ယူသွားဖို့အတွက် စားစရာသောက်စရာတွေကို အဆင်သင့်ဖြစ်အောင် ချက်ပြုပ်ပြီး စီမံပေးရပါတယ်။

သူတို့အတွက် မစီမံခင်မှာ ဘုရားဆွမ်းတော်အတွက် အရင်ဆုံး ခူးခပ်ပြင်ဆင်ထားပြီးတော့မှ သူတို့သားအဖတွေအတွက် စီမံပေးပြီးပြန်တော့ ကြောင်လေးတွေ ငှက်ကလေးတွေကိုအစာကျွေးတဲ့ ဒီလိုအလုပ်လေးကလဲ လုပ်ရသေးပြန်တာဘဲ။

မနက်၈နာရီကျော်တာနဲ့ အလုပ်သွားတဲ့သူသွား ကျောင်းသွားတဲ့သူတွေ သွားကြပြီဆိုတော့မှ အောက်ထပ်တခါးတွေပိတ်ကာ အိမ်ပေါ်ကိုပြန်တက်ပြီး ဘုရားရှိခိုး ဆွမ်းတော်ကပ် သောက်တော်ရေကပ် ဆုတောင်းအမျှဝြေခင်းအလုပ်တွေကို ကျမစိတ်လက်အေးချမ်းစွာ ပြုလုပ်နိူင်ပါတယ်။

ကုသိုလ်တော်အတွက်ပြီးပြန်တော့ အိမ်ပေါ်ထပ်သန့်ရှင်းရေးကို တစ်ခါထဲဆက်ပြီး လုပ်ရပြန်ပါတယ် အိမ်သာဆေး ရေချိုးခန်းဆေး ဖုန်စုတ်စက်နဲ့ဖုန်စုတ် ပြီးတာနဲ့ ညက၀တ်ထားတဲ့ အ၀တ်တွေ မနေ့က ၀တ်ထားတဲ့ အ၀တ်တွေကိုယူပြီး လျှော်ရပြန်ပါတယ်။

အဝတ်တွေ လျှော်ပြီးပြန်တော့ နေရောင်နဲ့လှမ်းမှ အ၀တ်တွေကိုခြောက်တာ ကြိုက်တဲ့သူတို့အတွက် အိမ်အပြင်ထွက် အ၀က်တွေကိုလှန်းရပြန်ပါတယ်။

အ၀တ်တွေ လှန်းပြီးတာနဲ့အိမ်နောက်ဖေး စျေးဆိုင်တည် ဆိုတဲ့စကားအတိုင်း အိမ်နောက်ဖေးမှာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ရေလောင်းရင်း အပင်တွေနားမှာ ပေါက်နေတဲ့ မြက်ကလေးတွေကိုရှင်းရင်း လက်မြေတောင်ပေးတန်တာပေး လုပ်ရပြန်ပါတယ်။

အိမ်အပြင်က အလုပ်ပြီးတော့ အိမ်ပေါ်ပြန်တက်ပြီးတာနဲ့ ပိတ်ထားတဲ့ တခါးတွေပြန်ဖွင့်ပြီး
မနက်က စားသောက် ချက်ပြုပ်ထားတဲ့ အိုးတွေပန်းကန်တွေ ဆေးပြီးပြန်တော့ ချက်ထားပြုပ်ထားလို့ ပေနေတော့ မီးဖိုနဲ့အတူ အိမ်အောက်ထပ်ကိုသန့်ရှင်းရေးလုပ်ကာ မှန်တခါးတွေကို ဖုန်သုပ်ရပြန်တာပါဘဲ ဒါတွေပြီးလို့ နားရပြီများ ထင်သလားရှင် မနားရသေးပါဘူး။

နေ့လည်၁၂နာရီ ဒင်းဒေါင်ဆိုတာနဲ့ မနက်က ကပ်ထားတဲ့ ဆွမ်းတော်ကိုစွန့် ပန်းကန်တွေ ရေဆေးရေစစ်ပေါ့ ပြီးပြန်တော့ မနက်ကလှမ်းထားတဲ့ အ၀တ်တွေ ခြောက်တာနဲ့ရုတ်ပြီးမီးပူတိုက်ပြီးသားတွေကို ဆိုင်ရာဆိုင်ရာ ဘီဒိုတွေထဲ ထဲ့ရပြန်တာပါဘဲ။

နာရီကြည့်လိုက်တော့ နေ့လည်တနာရီကျော်ပြီ ကိုယ်လဲနေ့လည်စာလေးစား ကြောင်၂ကောင်ကိုလဲ နေ့လည်စာကျွေးပြီးတာနဲ့ ကြောင်၂ကောင်ရဲ့ အစာပန်းကန်ရယ် ကိုယ်စားထားတဲ့ ပန်းကန်ရယ်ကို ဆေးကြောပြီး ရေစစ်ပေါ့။

ဒီကြားထဲ အားတဲ့အချိန်လေးတွေမှာ သမီးအတွက်အင်္ကျီချုပ် ဖန်စီလည်ဆွဲလေးတွေ သီချင်သီကာ သိုးမွှေးထိုးတာလေးတွေကို စိတ်ကူးရရင် ရသလိုလုပ်ပေးတတ်ပြန်ပါတယ် တခါတလေလဲ ကျမဝါသနာပါတဲ့ စာရေးချင်ရင်ရေး ကဗျာစပ်ချင်စိတ်ပေါ်ရင် ကဗျာစပ်ပေါ့။

တခါတလေလဲ ဟင်းချက်နည်းလေးတွေရေးတဲ့ blog လေးတွေဆီကို ၀င်ပြီးတာနဲ့စိတ်ကူးရရင် ရသလိုပုံတွေတင် စာတွေရေးပေါ့။

ပြီးပြန်တော့ ရာသီဥတုလေး သာယာတယ်ဆိုရင် ခြံထဲတစ်ခါထပ်ဆင်းပြီး ဝါသနာအလျှောက် စိုက်ထားတဲ့ အပင်လေးတွေဆီကိုသွားပြီး လိုချင်တာလေးတွေနူတ်တန်တာနူတ် ခူးတန်တာခူးပြီး ပြုပြင်သင့်တာပြုပြင် လုပ်ချင်လုပ်တတ်ပါသေးတယ် ဥယျာဉ်မှူးဆိုတာ ကိုယ်စိုက်တဲ့အပင်လေးတွေအတွက် ကြည့်ပြီးပီတိကို စားရသေးတာပေါ့နော်။

ဒီကြားထဲ တနေကုန်လာသမျှဖုန်းကို ဒိုင်ခံဖြေ ဒိုင်ခံပြောရသေးတာနော် အဲဒီလိုအချိန်မှာဘဲ သူတို့online က၀ယ်ထားမျှ လာသမျှပစ္စည်းကို ဒိုင်ခံလက်မှတ်ထိုးပြီး ယူရတာက အလုပ်တစ်လုပ်ပါ။

ဟော နေ့လည်ကျော်သွားပြီ မိုးတတ်မတ်တတ်ကနေ ညောင်းလာလို့ ခနထိုင်မယ် facebook လေးကြည့်မယ်ဆိုပြီး ဖွင့်မိပြန်တော့ စိတ်ထဲမှာ မမြင်ချင်တာတွေမြင်ရရင် စိတ်တွေကထွေသွားပြန်ရော ဒီနေရာ ဒီစာမျက်နှာလေးကလဲ ခက်သားကလားနော် ကိုယ်က သတင်းလေးဘာလေး သိချင်လို့ဖွင့်ပေမဲ့ သတင်းထက်အတင်းတွေကများ ရန်စောင်တာတွေကများ ပိုင်ဆိုင်တာတွေ ကြွားကြတာကများဆိုတော့ ကြည့်ရင်းကြည့်ရင်းက ကုသိုလ်တပဲ ငရဲတပိသာတွေကဖြစ်ရပြန်ပါလေရော။

ဒီစာမျက်နှာလေးကလဲ ပြောမဲ့သာပြောတာပါ ကိုယ်လိုချင်တာ ကိုသိချင်တာလေးကို တစ်ဆင့်တစ်ဆင့် share ထားတာလေးတွေတွေ့ပြန်တော့ သူ့ကိုလက်က မလွှတ်ချင်ပြန်ဆိုတာမျိုး ဖြစ်ရပြန်တာပေါ့ ငယ်ငယ်ထဲကဝေးနေတဲ့ သူငယ်ချင်းတွေ ကြီးမှခင်တဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ အတိတ်ဟောင်း အနာဂတ်အသစ်လေးတွေ ပြောကြဆိုကြလို့ အရမ်းအဆင်ပြေတော့ သူကလဲမြန်မာအများစု ငပိကြိုက်သလိုမျိုး မောင်ကြံတစ်တို့ဆိုသလိုဖြစ်ခဲ့တာပေါ့လေ။

အဲဒီလိုနဲ့ အချိန်တွေဖဲ့ဖဲ့စားသွားရင်းက ဗြုန်းဒိုင်းဆို ညနေကရောက်သွားပြီ ညနေစာအတွက်ဈေးပြေး ညနေစာနဲ့မနက်စာအတွက် ခေါင်းထဲပေါ်တာ၀ယ်ပြီး အိမ်ကိုကရောသောပါးပြန်ကာ ညနေစာကို ပြင်ဆင်ချက်ပြုပ်နေတုံး ကျောင်းသွား အလုပ်သွားသူတို့ဆင့်ကဲဆင့်ကဲပြန်လာကြပြီ။

ညနေစာကိုစားပွဲပေါ်အရောက်ပြင်ပြီးတာနဲ့ ရေမိုးချိုးကာ ထမင်းစားစာပွဲမှာထိုင်ကာ စားကြရင်းနဲ့က ငါးလုံးထက်မပိုသောစကားကိုပြောပြီး အသီးသီးစာကြည့်ခန်းကို၀င်သွားကြပြီ ကိုယ်ကတော့ ကြောင်လေးတွေကို ညနေစာကြွေးရင်း လုပ်စရာရှိတာဆက်လုပ်ပေါ့။

ထုံးစံအတိုင်း အိမ်ရှင်မဖြစ်ပြီး မှီခိုလို့ စာရွက်တွေမှာ ကွက်လပ်ဖြည့်ခြင်းခံရတဲ့ကျမ ညနေစာချက်ပြုပ် စားသောက်ထားတဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းကိုဆက်လုပ်ကာ မီးဖိုဆောင်တစ်ခုလုံး ရှင်းသွားအောင် သိမ်းတန်တာသိမ်းပြီးပြီဆိုတာနဲ့ အိမ်အောက်ထပ်မီးတွေမပိတ်ခင် တခါးတွေသေချာလိုက်စစ် အိုခေပြီဆိုတာနဲ့  မီးခလုပ်တွေ မီးတွေလိုက်ပိတ် မြင့်မားတဲ့လှေကားပေါ် လေးလံစွာတက်ပြီးသကာလ ကျမကိုယ်ပိုင်အချိန်လေး ဖြစ်ပြီလို့ထင်ပါသလား အဲဒါဆိုရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ် မဖြစ်သေးပါဘူးရှင်။

စာကျက်နေတဲ့ သမီးအတွက်ဝေယာ၀စ္စကို သူကမခိုင်းပေမဲ့ မိခင်ပီသစွာနဲ့ အချဉ်ပေါင်းလား လက်ဖက်သုပ်လား ကော်ဖီလား လက်ဖက်ရည်အချိုလား လက်ဖက်ရည်ကြမ်းလား သူစားချင်မယ်ထင်တာလေးတွေကို နာရီမလပ်လုပ်ပေးရပြန်တာပါဘဲ။

ကဲ ဒီကြားထဲမှာ အလုပ်မရှိ အကိုင်မရှိ မှီခိုဆိုတဲ့ကျမ အိပ်ယာမ၀င်ခင် ဘုရားရှိခိုးပြီးတာနဲ့ ရတဲ့ကိုယ်ပိုင်အချိန်လေးမှာ blog အတွက် တောက်တိုမယ်ရ စာလေးတွေရေးပါတယ် ဟင်းချက်နည်းလေးတွေရေးပြီး လိုအပ်မယ်ထင်တဲ့လူသားတွေအတွက် စေတနာ ပလပွနဲ့ တတ်သည့်ပညာကို မျှဝေကာ လှူဒါန်းပေးနေပါစဲလို့ ပြောကြားရင်း ကျမရဲ့တစ်နေ့တာ အမှတ်တရလေးကို ရေးဖြစ်ခဲ့ပါတယ်။

အားလုံးသောသတ္တဝါတွေ ကိုယ်စိတ်နှစ်လုံး အေးချမ်းကြပါစေလို့ ဆန္ဒပြုရင်း။

tuu mar (mar mar lwin )
5/9/2014
9:43 PM

Sunday, August 31, 2014

ပျော်ရွှင်ဖွယ်ရာ blogger ဘဝ


ဘလော့ဂါဘ၀ဆိုတဲ့ ခေါင်းစဉ်ကိုရေးဖို့  တော်တော်လေးတော့ စဉ်းစားလိုက်ရပါတယ် ဒါပေမဲ့ အဖြေတစ်ခုတော့ ထွက်လာခဲ့ပါတယ်။

အဓိက ကျမရေးနေတာက ဟင်းချက်နည်းတွေရေးတဲ့ ဘလော့လေးဆိုတော့ မိသားစုကြားရယ် ဘလော့လာ မိတ်ဆွေများကြားရယ်မှာ ရယ်စရာ ပျော်စရာလေးတွေ ဖြစ်ပေါ်ခဲ့တာတွေကို  ရေးပြချင်ပါတယ်။

အရင်ဆုံး ကျမရေးနေတဲ့ ဘလော့လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ် စစချင်းတော့ ဟင်းချက် မုန့်လုပ်တဲ့ နည်းလေးတွေ ကိုယ်တတ်သမျှလေးတွေကို မျှဝေပေးချင်တဲ့ ဆန္ဒနဲ့ စိတ်၀င်စားစရာ မာမာ့ရဲ့ဝါသနာများဆိုပြီး ဟင်းချက်ဘလော့လေး ဖွင့်ခဲ့ပါတယ် နောက်တော့ တောက်တိုမယ်ရလေးတွေ ရေးခဲ့တဲ့ စာရေးတဲ့ တူးမာရဲ့မှတ်တမ်းဆိုတဲ့ ဘလော့လေးကို ဖွင့်ခဲ့ပါတယ်။

ဟင်းချက်ဘလော့လေး စဖွင့်တော့ စစချင်းစောက်နဲ့ထွင်းဆိုသလို ပြသနာက စလာခဲ့ပါတယ် မိသားစုလေးယောက်ဘဲရှိတဲ့အိမ်မှာ အစားအသောက်ကို အကြိုက်ချင်းပုံစံ မတူကြပါဘူး။

ကလေးတွေအဖေက အစပ်ပါရင် လုံး၀မစားသူ ကျမက အစပ်ဆို စပ်နိုင်သလောက်စပ် စပ်မှကြိုက်သူ သားဖြစ်သူက အစားအသောက်ကို အာဟာရ မျှတအောင် စားတတ်သူ သမီးဖြစ်သူက အသားဆိုမကြိုက်လို့ ကဂျီကချောင်နိုင်သူ အဲဒီလို လူတွေကြားမှာ ကျမ ဗျာများခဲ့ရပုံတွေများ ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်ပေါ့နော်။

မနက်အိပ်ယာက နိုးတာနဲ့ အဲဒီလေးယောက်စာအတွက် ကျမခေါင်းခဲ ခဲ့ရသလို ကျမရဲ့ဟင်းချက် ဘလော့လေးအတွက် ဘာဟင်းစပြီး တင်ရမလဲ ဆိုတာကိုပါ  ခေါင်းစားခဲ့တဲ့ စာရင်းထဲ ပါလာခဲ့ပါပြီ။

ဟင်းချက်နည်း စတင်ပြီဆိုကထဲက ချက်နည်းလေးလဲ ကောင်းရမယ် မြန်မြန်ချက်လို့ပြီးတဲ့ ဟင်းလဲဖြစ်ရမယ် အိမ်တိုင်းရဲ့ မီးဖိုဆောင်မှာရှိနေတတ်တဲ့ ဆီ ဆား နနွင်း ငရုတ်သီးမှုန့် အရသာမှုန့် မဆလာတို့လောက်နဲ့ ချက်လို့ဖြစ်နိူင်မဲ့ ဟင်းလေးတွေလဲ ဖြစ်ရမယ် ကျန်းမာရေးနဲ့ညီညွတ်ရမယ် ကလေးလူကြီး အကြိုက်လေးတွေလဲဖြစ်ရမယ်  နေ့စဉ်အလုပ်သွားကျောင်းသွား ယူသွားသူတွေအတွက် အဆင်ပြေမဲ့ဟင်းလေးလဲ ဖြစ်ရမယ်ပေါ့။

ချက်ပြီးပြုပ်ပြီးပြန်တော့ တစ်ယောက်တစ်မျိုးစားတဲ့ ဟင်းလေးခွက်က ကြောင်စာကြွက်စာလေးတွေ ဖြစ်နေပြန်ပါလေရော ပန်းကန်ထဲ ထည့်လိုက်တာနဲ့ ဖိုးသိုးဖတ်သတ် ဟိုချောင်ကပ် ဒီချောင်ကပ်နဲ့ ဓါတ်ပုံရိုက်လို့မလှတော့ပြန်ပါဘူး အဲဒီတော့ ဘာလုပ်ရတယ်ထင်လဲဆိုတော့ကာ ကိုယ်ကဘဲ အားလုံးကို အလျှော့ပေးပြီး အသက်လောက်ချစ်ရတဲ့ အစပ်ဟင်းကို အမွေဖြတ်လိုက်ရပြီး ဟင်းပန်းကန်လေး လှပါစေတော့ရယ်ဆိုပြီး သူတို့ရဲ့ဟင်းတွေကြား ကိုယ်စားမဲ့ အစာလေးကို ပြန်ပေါင်းထုပ်ကာ ရောပြီးချက်လိုက်ရပါလေရော။

ဒီကြားထဲ ဟင်းလေးကျက်လို့ အားရ၀မ်းသာအားရနဲ့ကင်မရာကြီး လည်ပင်းမှာလွယ်ကာ ကိုယ်မို့လို့ ပန်းကန်ပြားထဲထည့်ပြီး လှတပတလေးပြင်နတေုံး အချိန်နဲ့ အလုပ်သွားရတဲ့ ကလေးတွေအဖေများ ရေမိုးချိုးပြင်ဆင်ပြီး အိမ်ပေါ်ထပ်ကနေ ဆင်းလာကာ ထမင်းဗူးထဲ့တဲ့ အိတ်ဆီကို ဦးတည်ပြီး လာနေတာတွေ့တာနဲ့ အချိန်နဲ့ အလုပ်သွားရတဲ့သူ နောက်မကျရလေအောင် ထမင်းဗူးထဲဟင်းတွေ ထဲ့ပေးလိုက်ရတဲ့နေ့မျိုးဆို ဓါတ်ပုံတောင် မရိုက်ရဘဲ အဲဒီဟင်းလေး ပါသွားပါလေရော။

တခါတရံ ဟင်းစောပြီး ကျက်ပြန်တော့ ဘလော့မှာတင်ဖို့ ဓါတ်ပုံရိုက်ရတော့မယ် ပုံလှလှလေးဖြစ်အောင် ရိုက်ရမယ် မရိုက်ခင် ဟင်းပွဲပြင်ထားတဲ့ ပန်းကန်မှာ  ပနေတဲ့ ဟင်းအဆီအနှစ်တွေကို သုတ်ရတာက တစ်ရှူးဆယ်ရွက်လောက်တော့ အနည်းဆုံးကုန်တတ်သလို ဓါတ်ပုံရိုက်ပြီးရင် ပန်းကန်တွေ ဆေးရတဲ့  ရေမီတာခကလဲ အရင်ကထက် တက်လာခဲ့ပါတယ် ဘလော့အတွက် ရင်းရတာလေးတွေပေါ့နော်။

အဲဒီလိုဟင်းပွဲလေးကို အလှပြင်ဆင်ကာ ဟင်းပန်ကန်ကို စားပွဲပေါ်တင်ပြီး ကင်မရာကိုဖွင့်ကာ တစ်ချွင်ချွင်နဲ့ရိုက်နေချိန်မှာ ကျမကို စချင်နောက်ချင်တဲ့ သားအဖတွေက ပြင်ထားတဲ့ ဟင်းပန်းကန်ထဲက ဟင်းတုံးလေးကို တစ်ယောက်တစ်တုံးလောက်များ ဇွန်းနဲ့ကော်သွားချိန်မှာတော့ ကျမရလိုက်တဲ့ပုံက မလှမပဆိုရင် အဲဒီနေ့အတွက် ဘလော့မှာ ဟင်းတင်စရာပုံ မရတော့ဘဲ မောတာလေးတွေသာ အဖတ်တင်ခဲ့ရတဲ့ ရက်တွေကလဲ အများသားပါ။

ဓါတ်ပုံရိုက်ပြီးလို့ ထမင်းဗူးထဲ ထည့်ပေးချိန် အဆင်ပြေတဲ့နေ့ဆို အဲဒီဟင်းက ထမင်းဗူးထဲကို ရှောရှောရှူရှူနဲ့ ရောက်သွားတတ်ပေမဲ့ အဆင်မပြေတဲ့နေ့များဆို အဲဒီဟင်းပန်းကန်က လက်ကလွတ်ကျပြီ း ြမေခခဲ့ရတာလဲ အကြိမ်ကြိမ်ပါ။

ဟင်းပန်ကန်လေးများ ဂွမ်းကနဲ ကျကွဲသွားပြီဆိုရင်တော့ အိမ်ပေါ်ထပ်ကနေ အလုပ်သွားဖို့ဆင်းလာတဲ့ ကလေးတွေအဖေ ဆင်းမလာခင် တစ်ရှူးဘူး တစ်ဘူးလုံးကုန်အောင် အကွဲအရှတွေ ဟင်းတွေကို မြန်မြန်သိမ်းရင်းက ပန်းကန်ကွဲရှလို့ သွေးထွက်ခဲ့ရတာလဲ အကြိမ်ကြိမ်ပါ။

ဟင်းပန်းကန်အကွဲလေးကို ကျမလေမျာတသစွာနဲ့ကြည့်ပြီးတာနဲ့ ကလေးတွေအဖေ ဘာမှမမြင်လိုက်ခင် ထမင်းဗူးထဲကို အော်တိုမက်တစ် ငါးသေတ္တာဗူးလေး ဖောက်ထဲ့ပြီး ပေးလိုက်ရတဲ့ ရက်တွေကလဲ အကြိမ်ကြိမ်ပါဘဲ အဲဒါတွေကလဲ ကျမဘလော့ဂါ မာမာဘလော့ဂါ ဆိုတဲ့နံမည်လေးအတွက် အစပျိုးခဲ့တဲ့ နေ့ရက်တွေပါ။

တစ်ခါတလေကျပြန်တော့ ကိုယ်ကဟင်းစောစောကျက်လို့ ပန်းကန်ထဲထဲ့ ပြင်ဆင်ပြီးကာမှ အကြောင်းတစ်ခုခုပေါ်လာလို့ အဲဒီပန်းကန်လေးကို အသာလေး အုပ်ဆောင်းအောက် ခနထဲ့ပြီး လုပ်စရာရှိတာလေးပြေးပြီး လုပ်နေတုံးရှိသေး ဓါတ်ပုံရိုက်ပြီးပြီအထင်နဲ့ရယ် ကျမကို စချင်နောက်ချင်တာကြောင့်ရယ် ဇိုးဇိုးဇတ်ဇတ် ဟင်းကောက်မြည်းတတ်တဲ့ သူနဲ့များတွေ့သွားရင်တော့  သေပြီဆရာဘဲ။

ဓါတ်ပုံရိုက်မယ်ဟဲ့ဆိုပြီး အားရပါးရ ကင်မရာကို ချိန်လိုက်ချိန်မှာတော့ အလိုလေးလေး ဟင်းပန်းကန်က ဘေးနားတနေရာမှာ ချိုင့်ပြီးကွက်လပ်ကြီးကို ဖြစ်လို့နေပါပေါ့လား ဆိုပြီး ကင်မရာလေး အသာပြန်ချကာ မှိုင်တွေငေးမောကာနဲ့သက်ပြင်းရှည်ကြီးကို ဆွဲဆန့်လို့ ဘလော့ပေါ် မရောက်ခဲ့တဲ့ ဟင်းခွက်တွေကလဲ မနဲမနောပါဘဲ။

ဒီကြားထဲ အချိန်လုပြီးချက် အချိန်လုပြီးဟင်းပွဲပြင် အချိန်လုပြီးဓါတ်ပုံရိုက်ရတာမို့ ဟင်းပူပူက အငွေ့ဟပ်ပြီး ပျက်သွားခဲ့တဲ့ ကင်မရာလေးရယ် ပုံတင်လိုက် စာရေးလိုက်လုပ်လွန်းလို့ ပျက်သွားတဲ့ ဖူဂျစ်စုလက်ပ်တော့လေးတွေရယ်ကိုလဲ ပြန်တွေးတိုင်း သမျှောမိသားပေါ့နော်။

ဘလော့ပေါ်ရောက်သွားတဲ့ ဟင်းခွက်လေးကျပြန်တော့ ကံကောင်းရင် ချီးမွမ်းခံရပြီး ကံမကောင်းရင်တော့ အကဲ့ရဲ့ကြား မျောသွားခဲ့ပြန်တာလဲ ကြုံရပြန်တာပါဘဲ။

ကိုယ်ပေးတဲ့ ချက်နည်းလေးအတိုင်း ချက်လို့ အဆင်ပြေတယ်လို့ပြောတဲ့သူရှိရင်  ကျေနပ်ပီတိဖြစ်ရသလို ကိုယ်ကစေတနာနဲ့ တင်ပေးပေမဲ့ အဆင်မပြေဘူး ဘာလိုနေလဲမသိဘူးလို့  ပြောတဲ့သူများရှိရင်တော့ ငိုမဲ့မဲ့ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပါဘဲ။

ဒါပေမဲ့ နောက်ဆုံးတော့  ဖြေတွေးလေးတွေးလိုက်ပါတယ် ကိုယ့်အိမ်မှာတောင် လေးယောက်က တစ်ယောက်တစ်မျိုး စားနေတာ သီးခံ သီးခံဆိုပြီးတော့ဘဲ ရူးချင်ယောင် ဆောင်လိုက်ရတာလဲ အခါခါပါ။

ဒီကြားထဲ မမရေ မမချက်တာ ဘာငါးလဲ မမသုံးတာ ဘာငံပြာရည်လဲ ငပိပုလင်းလေးပြပါအုံးစသည်ဖြင့်ပေါ့နော် ကွန်မန့်လေးမှာတွေ့ပြန်ရင်လဲ အိမ်အလုပ်တွေ ခနဘေးချ သူတို့လိုချင်တာလေးတွေကို ဓါတ်ပုံရိုက်ပြီး အပြေးအလွှား ပြရပြန်တာကလဲ ဘလော့ဂါဆိုတဲ့ ကျမဘ၀ရဲ့ တစ်စိတ်တဒေသပါဘဲ သူများကို ကူညီရတာကိုမှ ကျမကဝါသနာပါမိခဲ့တာကို လေနော်။

တစ်ခါတစ်လေလဲ ကိုယ့်ဘလော့လေးမှာ ကိုယ်လိုအပင်စိုက်တာဝါသနာတူသူတွေအတွက် အိမ်မှာ ကိုယ်တိုင်စိုက်တဲ့ သီးနှံလေးတွေဆီဆင်းပြီး ဓါတ်ပုံရိုက်နေတုံး ဘောက်ဖတ် ပင့်ကူ ကင်းလိပ်လျော မြွေတွေ့လို့ပြေးရတာလဲ အခါခါပေါ့။

နောက်ဆုံးပိတ်လေးကတော့ ဘလော့ဂါလုပ်မိတဲ့ ကျမကိုစာတွေရေးလွန်းရင် ကျမရဲ့ကျန်းမာရေး ထိခိုက်မှာဆိုးလို့ ခနခနစာမရေးဖို့  စေတနာနဲ့ပြောကြားတတ်တဲ့ ကလေးတွေရဲ့အဖေရယ် ကျမချက်သမျှ အကုန်အားပေးလာတဲ့ ကလေးတွေရယ် ဘလော့က မိတ်ဆွေတွေပြန်ပေးတဲ့ ပီတိကို ကျမစားရသလို  ကျမချက်တဲ့ ဟင်းလေးတွေကိုကြည့်ပြီး ချက်ရင်းက အဆင်ပြေစွာနဲ့ ဟင်းချက်သွားနိုင်ကြတယ်ဆိုတဲ့ အသံလေးတွေကြားနေရရင် ကျမပျော်ပါတယ်။

ဟင်းတွေချက်နေရရင် ပြီးပြည့်စုံနေတယ်လို့ ထင်နေမိတဲ့ ဘလော့ဂါကျမ ကျမဘလော့ဂါလေးပါလို့ ပြောကြားရင်း နိဂုံးလေးကို ချုပ်လိုက်ပါတယ်ရှင်။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်
Mar Mar Lwin (tuu mar)
စိတ်၀င်စားစရာ မာမာ့ရဲ့ဝါသနာများ
တူးမာရဲ့မှတ်တမ်း
30/8/2014

Tuesday, July 29, 2014

ပျက်အစဉ် ပြင်ခန


ဒီနေ့တော့ ကျမစာတိုပေစလေးတွေ ရေးဖြစ်နေတော့မယ်ထင်ပါတယ် အိမ်မှုကိစ္စအ၀၀တွေကြားကနေ ဝါသနာပါရာ ဟင်းချက်နည်းလေးတွေကို ကျမရေးပြီးမျှဝေသလို မတောက်တခေါက် စာလေးတွေလဲရေးတတ်ပါသေးတယ်။

ကျမလေ ကျမကိုယ်ကျမ စိတ်ဓါတ်မာကြောသူလို့ ထင်ခဲ့မိတာ တကယ်တမ်းကျတော့ ကျမစိတ်ဓါတ်တွေက ထင်သလို မာမနေခဲ့ပါဘူး ထိလွယ် ရှလွယ် ကျကွဲလွယ်တဲ့စိတ်မျိုးပါ။

ကိုယ်ကောင်းခဲ့သလို ကိုယ့်အပေါ်ပြန်လည်ကောင်းမပေးနိုင်တဲ့ လူတစ်ချို့ကြောင့် ကျမရဲ့စိတ်တွေ အပြိုပြိုအလဲလဲ ဖြစ်တာတွေနဲ့ကြုံတိုင်း ကျမကိုယ်ကျမ ငါရင့်ကျက်သင့်ပြီလို့ စဉ်းစားမိတာလဲ အခါခါပါ။

ခေတ်ကြောင့်လား လူတို့ကျင်လည်ရာတွေပြောင်းလာလို့လားတော့ မသိတော့ပါဘူး လူတစ်ချို့မှာ မေတ္တာတရားတွေခေါင်းပါလာတာကို တွေ့လာခဲ့ရပါတယ်။

ဖေးမချင်စိတ် ကူညီလိုစိတ် ကိုယ်ချင်းစာတတ်စိတ် အဲဒါတွေကို ကိုယ်နဲ့ဝေးရာကို တွန်းပို့လာတတ်ကြပြီး လူတစ်ယောက်ဒုက္ခရောက်အောင် ကျဉ်းထဲကျပ်ထဲရောက်အောင် ပါးပါးလေး ပုတ်ထုတ်လိုက်တာကြည့်မလား ခတ်ဆပ်ဆပ်လေး တောက်ထဲ့လိုက်တာကြည့်မလား နေရာတိုင်းမှာ ၉၀ရာနူံးရှိနေပါတယ်။

နောက်ဆုံးတော့ ကျမကောက်ချက်ချမိတယ် ကျန်တဲ့၁၀ရာခိုင်နူံးထဲမှာ ကိုပါအောင်ကျိုးစားရမယ် ကိုယ့်မိသားစုပါအောင် ကိုယ့်အသိုင်းအဝိုင်းပါအောင် ကိုယ့်ပါတ်၀န်းကျင်ပါအောင် ကျိုးစားသင့်တယ်လို့ ထင်မိလိုက်ပါတယ်။

အားလုံးသော သက်ရှိသတ္တဝါတွေက မသေခင်လေး ခနတွေ့ကြတာပါ ကိုယ့်ကြောင့်သူတပါး စိတ်ဒုက္ခရောက်အောင် တွန်းပို့ခြင်း သယ်ဆောင်ခြင်း ဖန်တီးပေးခြင်းတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း။

မိမိကိုယ်ကို ကောင်းအောင်ကျိုးစားနိုင်ကြပါစေ လူဆိုတာ မှားတတ်ပါတယ် ပျက်ရင်အစဉ် ပြင်ရင်ခနပါ။

သူငယ်ချင်းကောင်း မိတ်ဆွေစစ်


ဒီစာလေးကိုရေးဖို့ ကျမအတွေးထဲ ခနခန၀င်လာခဲ့ဖူးပါတယ် ဒါပေမဲ့ အတွေးထဲ စိတ်ကူးထဲမှာဘဲ ပျောက်ပျောက်သွားခဲ့တာကများပါတယ် ဒီနေ့တော့ ရေးချင်စိတ်လေးပေါ်လာတုံး ကျမရေးလိုက်ပါပြီ။

အခုရက်ထဲ စိတ်ထဲမှာ ကသိကအောက်ကလေးတွေ ခံစားရတာ များများလာခဲ့တော့ လူ့လောကကြီးကို စိတ်ကုန်ကုန်သလိုလိုနဲ့ အာရုံတွေ တကယ်ကိုဘဲ လွင့်ပျံ့လာခဲ့ရတာပါ။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်းဘဲ တစ်မိသားစုနဲ့တစ်မိသားစု ပေါက်ဖွားမွေးဖွား ကြီးပြင်းရာတွေ မတူညီကြတော့ ရွှေပင်နားတဲ့ရွှေကျေးက လိမ္မာမယ် ယဉ်ကျေးမယ် ပါးနပ်မယ် ရွှေပင်မဟုတ်တဲ့ကိုင်းမှာ နားမိသွားတဲ့ ကျေးသူငယ်ကတော့ သူနားမိတဲ့ကိုင်းက အလေ့ကျ အရိုင်းပင်တစ်ပင်မို့ နားမိတဲ့ကျေးသူငယ်ဟာ ရိုင်းလိမ့်မယ် ဆိုးသွမ်းလိမ့်မယ် ပါးနပ်မှုမရှိ အလိုလိုနေရင်း ဒေါသမာန်မာနတွေ ထွက်ခဲ့သူဖြစ်သွားခဲ့ရတာ ဒါသဘာ၀တရားပါ ဒီလိုဖြစ်သွားခဲ့ရတာကလဲ သူနားခိုခဲ့ရတာက အလေ့ကျအရိုင်းပင်မို့ပါ။

တခါတလေ လူတွေဟာ အသံကြောင့်ဖားသေ ဖြစ်ခဲ့ရတဲ့လူတွေ ဒုနဲ့ဒေးပါ ကိုယ့်အတွက်ရလာဒ်က ဘာလဲဆိုတာကို မကြည့်ဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ဒီကစကားကိုဟိုပို့ ဟိုကစကားကို ဒီသယ်လုပ်ပြီး ကြားလေသွေးတဲ့သူတွေကို ကျမကြောက်ခဲ့မိပါတယ် အဲလိုလူက ကျမအတွက် ဘယ်တော့မှ မိတ်ဆွေအစစ် မဖြစ်ခဲ့ရိုး အမှန်ပါ။

တယောက်နဲ့တယောက်ရိုင်းပင်းမယ် ကူညီမယ် စိတ်ဓါတ်ခွန်အားတွေ ပေးမယ်ဆိုရင် မိတ်ဆွေစစ်ပါဘဲ သူလိုလူက ဘယ်အချိန်ဘဲဖြစ်ဖြစ် ရေနစ်နေတဲ့သူကို ဝါးကူထိုးတဲ့သူ မဖြစ်နိုင်သလို ရေနစ်နေသူအတွက် အားကိုးတကြီး ကိုင်ဆွဲစရာ မြက်တပင်တော့ ဖြစ်နေခဲ့မှာ သေချာပါတယ်။

လူတွေဘာလို့ အမုန်းတရားတွေ ထားနေကြလဲလို့ ပြန်ပြန်ပြီး သုံးသပ်လိုက်တိုင်း အတ္တတွေကြောင့်ဆိုတာ ကျမသိလာခဲ့ရတယ် ဘာဖြစ်လို့လဲဆိုရင် ကျမလဲ အဲဒီအတ္တဆိုတာကြီးကို အမြဲတမ်းမဟုတ်ပေမဲ့ ရံဖန်ရံခါမှာ မက်မက်မောမောနဲ့ ဖက်တွယ်ထားဘူးလို့ပါ။

လူဆိုတာ သက်ရှိတွေထဲမှာ အသိဥာဏ်အရှိဆုံးပါ ဘာဘဲဖြစ်ဖြစ် လူတစ်ယောက် စိတ်သောက ရောက်နေချိန်မှာ ကျန်တယောက်က ဖေးမကူညီပေးသင့်တာပါ တစ်ယောက် အကူအညီ လိုနေချိန်မှာ ကျန်တစ်ယောက်က ကူညီပေးနိုင်တာကမှ မိတ်ဆွေစစ် သူငယ်ချင်းကောင်း ဖြစ်နိုင်မှာပါ မျက်နှာလွှဲခဲပြစ် သူ့ဘာသာသူ ဖြစ်ချင်ရာဖြစ် ငါနဲ့မဆိုင်ဘူး အနေသာကြီးပါဆိုပြီး နေလိုက်တဲ့သူ စိတ်ဓါတ်ခွန်အားလေးတောင် ပေးဖော်မရတဲ့သူကတော့ ကျမအတွက် သူငယ်ချင်းကောင်း မိတ်ဆွေစစ်ဆိုတာ  ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး ဒါက ကျမရဲ့ခံယူချက်ပါ။

ဘာလို့အခုလို တွေးမိရေးမိနေတာလဲလို့ ကျမကိုယ်ကျမ အဖြေရှာကြည့်တယ် ကျမအနားမှာ ကျီးအာသီးလို အခွံသာလှပြီး အတွင်းမနော ညစ်ပေမဲပုပ်ပြီး  မကောင်းသူတွေ လက်ခုတ်သီးလို အပြင်အခွံမလှပေမဲ့ အတွင်းသားက ချိုစိမ့်စိမ့်နဲ့ကောင်းနေသူတွေ ဒုနဲ့ဒေး ရှိနေခဲ့လို့ပါဘဲ။

မာမာလွင်
9:38 AM
30/7/2014

Tuesday, July 8, 2014

ရှုံးနိမ့်ခြင်း


ပြိုင်ပွဲတစ်ခုမှာ အနိုင်နဲ့အရှုံးကရှိပြီးသားဘဲလေ
သရည်ကျတယ်ဆိုတာက ဆယ်ခါတစ်ခါတောင် ကြုံချင်မှကြုံတတ်တာ။

အဲဒီ မသေချာတဲ့ ပြိုင်ပွဲကြီးကို လောင်းကြေးအထပ် ထပ်ပြီး
ကံကို ဇာတ်ဆရာ လုပ်မိတဲ့ သူတွေအတွက်တော့
နိုင်သွားခဲ့ပြီလား ရှုံးသွားခဲ့ပြီလား။

ရလာဘ်ကဘာလဲ
ကိုယ့်အတွက် ဘာကျန်ခဲ့လည်း။

စကားနောက်တရား ပါသွားပြီလား
လူကိုခင်လို့ မူကို ပြင်သွားပြီလား
တရားခွင်ထဲမှာ ခေါင်းကိုမော့ပြီး ရင်ကိုကော့နိုင်ခဲ့ပြီလား
တရားခွင်ကအထွက် ခေါင်းငုံ့ကာ တုံ့ဆိုင်းခဲ့ရပြီလား။

ဘာတွေလဲ ဘာတွေများလဲ
သေချာတာကတော့ ဒီပွဲမှာ
ကိုယ်အရှုံးကြီး ရှုံးနိမ့်သွားခဲ့ပြီ ဆိုတာပါဘဲ။

Tuu Mar
9/7 /2014
8:54 AM

Monday, April 21, 2014

အနိူင်နဲ့ အရှုံး


တားဆီး ပိတ်ပင်ထားတဲ့ ကြားက
တိုးထွက် စီးကျလာတဲ့ မျက်ရည်တစ်စက်
အဲဒီမျက်ရည် တစ်ပေါက်ကျလေတိုင်း
ငါဟာ အရှုံးကြီး ရှုံးနိမ့်ခဲ့ရတာပါဘဲ။

နင်ဟာ မာနနဲ့အတ္တကို အဖော်ပြု
မာနကိုလက်မှာစွဲ အတ္တကိုလမ်းခင်း
အမြဲတမ်း ရဲရဲကြီးကြီး နင်းချေသွားတတ်တဲ့ သူတဲ့။

နင်ထင်သလို မဟုတ်ဘဲ
အဲဒီ မာနရဲ့အောက်မှာ ငါကျဆုံးနေခဲ့တာ
ကြာနေပါပြီ ဒါတွေကို နင်မှမသိဘဲ။

တစ်ခါတစ်ရံမှာ နင်ပေးခဲ့တဲ့ စိတ်အရောင်
ချဉ်ပေါင်ရိုးရောင် ခပ်ရင့်ရင့်က ငါ့ရင်ထဲကိုစူးရှ
ငါ့ရဲ့အသဲကို တလွှာခြင်းတလွှာခြင်း
ခပ်ပါးပါး လွှာကာချနေ သလိုပါဘဲ။

ငါ့ ရင်ထဲ အဲဒီ စိတ်အရောင် ရောက်ချိန်
ငါ့ နှစ်လုံးသားထဲမှာ ခြောက်သွေ့ကွဲအက်
သွေးကြောတွေ ပျက်သုဉ်းခဲ့ရတာ
နင်က မြင်မှ မမြင်ခဲ့တာဘဲ။

ငါဟာ လမ်းပျောက်ခဲ့သူ
ငါဟာ ရှုံးနိမ့်ခဲ့သူ
ငါဟာ ဟိုးအဝေးကို ထွက်ခွာသွားရမဲ့သူ
ငါဟာ အရာရာအားလုံးကို စွန့်ရတော့မဲ့သူ။

ငါဟာ တစ်ကြိမ်လောက်တော့ အောင်နိုင်ဖူးချင်သူ
ငါ့ ဘ၀သမိုင်း မရိုင်းရအောင်
နင် ခနခနပြောတဲ့ မာနနဲ့အတ္တကို ရောလို့
ငါ့ လက်မှာ တင်းတင်းဆုပ်ကာ
အဲဒီအလံကို ငါကိုယ်တိုင်
နင့်ရဲ့ နှစ်လုံးသားမှာ
အမှတ်တရ ကမ္ဘာဖြစ်အောင်
ထိုးစိုက် လွှင့်ထူခဲ့မှာပါ။

အဲဒီအချိန်မှာ အရှုံးတွေထဲက ရအောင်ရုန်းထွက်ရင်း
ငါက နင်ပြောသလို အောင်နိုင်သူကြီးပေါ့။

Mar Mar Lwin (Tuu Mar)
11:07 PM
21.4.2014

Sunday, April 20, 2014

စိတ်​၏စေရာ


ဆောင်းလေလေးက တစ်ဖြူးဖြူးတိုက်နေချိန်
ညဥ့်ကလည်း တော်တော်နက်လာလေပြီ
ငါ တရေးမှ အိပ်မပျော်သေးချိန်
အခန်းတခါးရဲ့ လိုက်ကာကို
သာသာလေး ဖွင့်ဟလို့
လမ်းမကြီးဆီကို
ငေးမိတယ်။

ဆောင်းလေ ငြိမ့်ငြိမ့်လေးကြားက
ငါ ကြားနေရတဲ့ လေတိုးသံရယ်
တိတ်ဆိတ်စွာ ညိမ်သက်နေတဲ့
ညရဲ့ အမှောင်ထုကြားကို
ထိုးထွင်းပြီး ဖောက်လို့
စိတ်အစဉ်ကို ဖမ်းစား
စေစားစေခဲ့တယ်။

ဝှေ့လာတဲ့ တစ်ချက်လေညှင်းရယ်ကြောင့်
အေးစက်ညင်သာတဲ့ အထိအတွေ့ရယ်
အမှောင်ကိုခွင်းကာ လင်းလာလိုက်
မှောင်သွားလိုက် ကောင်းကင်က
လမင်းသာ ဖျတ်ကနဲပေါ်လာကာ
သူလေ ကလူကာ
ကျီဆယ်တာမို့။

လရောင်ကြောင့် အသက်၀င်လာတဲ့ည
လေညှင်းခတ်လို့ ကျလာတဲ့သစ်ရွက်
ငါ့ရဲ့မှန်တခါးရှေ့ ညင်သာစွာကျခဲ့
ဖျတ်ကနဲ ခုန်သွားမိတဲ့ ရင်ကို
ကလူဧ။်သို့
မြူဧ။်သို့။

ဆောင်းလေကြောင့် ထူးတဲ့
ငါ့ဘ၀ရဲ့ ဒီတစ်ညတာ
ဆောင်းတွင်း အိမ်မက်
ဂယောက် ဂယက်နဲ့
နိုးထခြင်း တစ်၀က်ရဲ့
အိမ်မက်ဆိုးတွေနဲ့
စိတ်ဧ။်စေရာသို့

ရှင်သန်ကာ နေထိုင်ရအုံး မှာပါလား။

Tuu Mar
20.4.2014

Wednesday, March 12, 2014

ရာစုနှစ်ရဲ့ ထက်ဝက်ကို ပိုင်ဆိုင်ခဲ့သူ


ဒီစာလေးကို အမှတ်တရအနေနဲ့ ကျမရေးလို့ပြီးချိန်မှာ ရာစုနှစ်ရဲ့တစ်၀က် သက်တမ်း
တစ်ခုအတွင်းက ရက် လ နှစ် နေ့ရက်ဆိုတဲ့ ကမ္ဘာလေးတစ်ခုကို ကျမပိုင်ဆိုင်သွားခဲ့ပါပြီ။

သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ဘဝလေးတစ်ခုကို ရခဲ့သူပါ  လူ့လောကထဲကို သည်ဆောင်ပေးလာတဲ့ မိဘနှစ်ပါးကို ဘ၀ဆက်တိုင်း မေ့နိုင်မှာ မဟုတ်သလို ရင်ထဲမှာ  မပျောက်ပျက်သွားအောင် ကိန်းအောင်းထားမှာပါ ဘ၀တစ်ခုအတွက် အလှတရားတွေအပြည့်နဲ့ နေနိုင်အောင် ကြံဆောင်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ် မွေးနေ့အခါသမယနေ့လေးမှာ အဖေနဲ့အမေ့ကို ကန်တော့ပန်းဆင်လိုက်ပါ တယ် ကျေးဇူး အနန္တပါ အဖေနဲ့အမေ။

နောက်ထပ် ကျမဘ၀ကို ပျော်စရာတလှည့်  စိတ်ချမ်းသာစရာတဖုံ  ရီစရာမောစရာတလှည့်
ပြုံးရွှင်စရာတဖုံ ရင်မောစရာတမျိုး ငိုရှိုက်စရာတစ်ဒင်္ဂတွေ ပေးတတ်တဲ့ ကျမရဲ့မိသားစုလေးကို ကျေးဇူးတင်ပါတယ်။

လူ့့လောကဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ ကျမကျင်လည်ခဲ့ရတာမို့ ကျမဘ၀ နှစ်၅၀ဆိုတဲ့ အချိန်အပိုင်းအခြားလေး တစ်ခုအတွင်းမှာ ပျော်စရာတွေကိုလဲ တနင့်တပိုးကြီးရခဲ့ပါတယ် ၀မ်းနည်းစရာတွေလဲ ရေတွက်လို့မရအောင် ကြုံရခဲ့ဖူးပါတယ် တကဲ့ကို ငိုတလှည့်ရီတလှည့် ကျင်လည်ခဲ့ရတဲ့ ဘ၀ကို ပိုင်ဆိုင်ခဲ့သူပါ။

ကျမကို သားနဲ့သမီးလိုမျိုး ဖြူစင်သန့်ရှင်းတဲ့မေတ္တာတွေပေးထားခဲ့ပြီး တစ်မိသားစုလုံးအပေါ် တာ၀န်ကျေတဲ့ သားနဲ့သမီးတို့ရဲ့အဖေ ကြောင့်ကျမ စိတ်ချမ်းသာခဲ့ရသလိုေ ပျာ်ရွှင်မှုတွေကိုလဲ ကျမအများကြီး ပိုင်ဆိုင်ခဲ့ရတဲ့ အချိန်အပိုင်းအခြား တစ်ခုပါ။

ဒါကြောင့်မို့ အခုပိုင်ဆိုင်ခဲ့တဲ့ ဘဝလေးတစ်ခုကို ကျမကျေနပ်ခဲ့မိတယ် ကျမကို ဒီနေ့ထိ ကလေးငယ် တစ်ယောက်လို အလိုလိုက်ပြီး လိုချင်တာဖြည့်စည်းပေးခဲ့တဲ့ ကျမရဲ့ခင်ပွန်း ကျမနားမှာရှိနေခဲ့ပါတယ်
မိသားစုအပေါ် တာ၀န်ကျေလွန်းတဲ့ ဖခင်ကောင်း တစ်ယောက်ရဲ့ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာ နေခဲ့ရတဲ့အတွက် ကျမကံကောင်းပါတယ်။

နောက်ထပ်တစ်ခုက အမေအပေါ် နားလည်ပေးခြင်း ချစ်ခြင်း ပျော်ရွှင်ခြင်းတွေပေးတတ်ပြီး လိမ္မာယဉ်ကျေးတဲ့ သားတစ်ယောက်ကို ကျမပိုင်ဆိုင်ခဲ့တာပါဘဲ သူ့ကို ကျမကိုယ်၀န်ဆောင်ချိန်ကစလို့ဒီနေ့ သူ့အသက် ၂၄နှစ်တိုင်အောင် ကျမစိတ်ဆင်းရဲခြင်းဆိုတဲ့ အရာကို မခံစားခဲ့ဖူးသလို ယနေ့ထိအောင်လဲ မိဘအပေါ် သိတတ်သူလေးမို့ စိတ်ရဲ့ချမ်းသာခြင်းတွေကို ကျမအပြည့်အ၀ရခဲ့ပါတယ်။

သားသမီးမကောင်းရင် မိဘခေါင်းလို့ဆိုတဲ့ဆောင်ပုဒ်ကို ကျမရဲ့သားကြောင့် ကျမတို့မရခဲ့ဖူးပါဘူး
လိမ္မာသိတတ်တဲ့သားဖြစ်ခဲ့လို့ ကျမတို့မိဘနှစ်ပါးဟာ သားဖြစ်သူကြောင့် ပွဲလယ်တင့်ခဲ့ကြရပါတယ်
သူ့ရဲ့ရိုးသားမှု ကြိုးစားမှု ကူညီတတ်မှု စာနာတတ်မှု လှူတန်းမှု ယိုင်းပင်းတတ်မှု စတာတွေဟာ
ကျမရဲ့မွေးနေ့အတွက် နှစ်စဉ်နှစ်တိုင်း သားပေးတဲ့ အမွန်မြတ်ဆုံး လက်ဆောင်တွေဖြစ်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ကျမရဲ့ hero လို့သတ်မှတ်ခံရသူ ကျမရဲ့သမီးငယ်လေးပါ သူကတော့ ကျမရဲ့အကောင်းဆုံး မိတ်ဆွေ ကျမရဲ့ အကောင်းဆုံးသူငယ်ချင်း ကျမရဲ့အကောင်းဆုံးတစ်ဦးတည်းသော သမီးငယ်လေးပါ သူ့ကြောင့်ကျမဟာ စိတ်ဓါတ်ရွှင်လန်းတက်ကြွနေတတ်တယ် သူမကြောင့် ကျမဟာ ကျန်းမာဖြတ်လတ်နေခဲ့ရတယ် သူမကြောင့် ကျမဟာအမြဲတမ်းကျန်းမာပျော်ရွှင်ခဲ့ရပါတယ်။

သူမဟာအမြဲတမ်းလိုလို အောင်မြင်ခြင်းတွေကိုသာ လိုချင်ခဲ့သလို ရအောင်လဲကျိုးစားတတ်သူမို့
ကျမအားကျ ဂုဏ်ယူခဲ့ရတဲ့ သမီးလေးလဲဆိုလဲမမှားခဲ့ပါဘူး သူတို့မောင်နှစ်မအတွက်ကျမတို့ မိဘနှစ်ပါးပေးတဲ့ ပညာအမွေကို ထိုက်ထိုက်တန်တန်ရယူသူလေးတွေမို့ ကျမရခဲ့တဲ့ သားနဲ့သမီးဟာ ကျမတို့အတွက် ကောင်းမြတ်တဲ့ ဆုတော်လာဘ်တော်လေးတွေပါ။

သမီးဖြစ်သူဟာ အမေအနားမှာ အချိန်တိုင်းရှိနေတတ်သူလေးမို့ ကျမအတွက် အဖော်မွန်ဆိုလဲမမှားခဲ့ပါဘူး ဆိုးတိုင်ပင်ကောင်းတိုင်ပင်မို့ သူကကျမရဲ့အားဆေးကောင်းလေးတစ်ခွက်ပါ ကျမလဲနေရင် သူထူပေးပါတယ်စိတ်ဓါတ်ခွန်အားတွေ တနင့်တပိုးကြီးသူပေးတတ်ပြီး ကျမရဲ့ လက်သုံးတော် တောင်ဝှေးလေး တစ်ချောင်းလဲဖြစ်ခဲ့ပါတယ်။

သူတို့မောင်နှစ်မနှစ်ယောက်အတွက် ကျမရဲ့ ရန်ဖန်ရန်ခါ စိတ်ပူရခြင်းဟာ ကျန်းမာရေးပါဘဲ သားဖြစ်သူဟာ ငယ်ငယ်လေးထဲက သူ့ထူးသူချွန်ကြိုးစားခဲ့သူမို့ ကျန်တာတွေ မပူရပေမဲ့ သူရဲ့ဂီလာန ရောဂါငယ်လေး တွေကြောင့် အဝေးကနေ ပူပင်မိတဲ့ မိခင်ရဲ့သောကဟာ မျက်ရည်ပါဘဲ အားပေးစကားပြောရုံကလွဲလို့ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် ကျခဲ့ရတဲ့ မျက်ရည်တွေပါ။

အားလုံးကိုခြုံငုံလိုက်ရင် ကျမရဲ့နှစ် ၅၀ဆိုတဲ့ ဘ၀ဇာတ်ခုံကြီးပေါ်မှာ မိသားစုကြောင့်ရော ပါတ်၀န်းကျင်ေ ရာကြောင့်ပါ အရီအမောတွေ အလွမ်းအဆွေးတွေ ကောင်းခြင်းမကောင်းခြင်းတွေ သာယာခြင်းမသာယာခြင်း တွေ နှစ်မျို့ခြင်းမနှစ်မျို့ခြင်းတွေဟာ ရာစုနှစ်ရဲ့ တစ်၀က်အတွင်းမှာ အများကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။

ဒါပေမဲ့ ရလာခဲ့တဲ့ဘဝလေးကို ကျမတန်ဖိုးထားခဲ့ပါတယ် ဒီနေ့မှာကျရောက်တဲ့ ကျမရဲ့ နှစ်၅၀ပြည့်မွေးနေ့အတွက် မွေးနေ့မတိုင်ခင်ကတည်းကကြိုတင်ပြီး ဆုမွန်ကောင်းတောင်းပေးသူများ မွေးနေ့မှာပါ  ဆုမွန်ကောင်းတောင်းပေးသူ ဆွေမျိုး ညာတကာ မိတ်ဆွေ သူငယ်ချင်း အားလုံးကို ဒီစာလေးနဲ့အတူ ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ် တစ်ယောက်ခြင်း ကျေးဇူးတင်စကားပြန်ခဲ့တဲ့နေရာ မှာလဲ ကျန်ရစ်ခဲ့တာရှိရင် နားလည်ပေးပါလို့လည်းပြောချင်ပါတယ်။

မာမာ့ကို ချစ်ခင်သူအားလုံး ကိုယ်စိတ်နှစ်လုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ မာမာကလည်းပြန်လည် ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။

FB စာမျက်နှာနှင့် မက်ဆေ့မှသော်လည်းကောင်း ဂျီမေးလ် ဂျီတော့မှသော်လည်းကောင်း viber message viber call မှသော်လည်းကောင်း ဖုန်းနှင့်သော်လည်းကောင်း မွေးနေ့ဆုတောင်းပေးသူများအားလုံးကို ကျေးဇူးအများကြီးတင်ကြောင်း ဒီနေရာလေးကနေ ပြောလိုက်ပါတယ်။
အားလုံးဘဲ လိုအင်ဆန္ဒ တစ်လုံးတစ်၀ထဲ ပြည့်ဝြကပါစေ။

ဟုတ်ကဲ့ ကျမရဲ့အသက် ၅၀ပြည့်သွားခဲ့ပါပြီ။

Saturday, February 22, 2014

မောင်ကြင် နှစ်မကြင်


မာမာခပ်ငယ်ငယ်က လူကြီးတွေပြောပြောနေတဲ့ မောင်ကြင်မရှိဘူး နှစ်မကြင်ဘဲရှိတယ်ဆိုတဲ့ စကားလေးကို နားထဲမှာ အမြဲကြားနေတတ်သလို အသိစိတ်ထဲမှာလည်း စွဲနေခဲ့ပါတယ်။

သူတို့ ဘာ့ကြောင့်ပြောတာလဲဆိုတာကို ကလေးသဘာဝအမြဲတမ်းလည်း စပ်စပ်စုစုမေးတတ်ခဲ့ပါတယ်
မေးလိုက်တိုင်းလည်း လူကြီးတွေဆီက ရတဲ့အဖြေကကြားနေကြ ဓါတ်ပြားဟောင်းကြီးလိုပါဘဲ။

မိသားစုတစ်စုမှာ မိန်းကလေနဲ့ယောင်္ကျားလေး မောင်နှစ်မရှိခဲ့ရင် အကို ဒါမှမဟုတ် မောင်ဖြစ်သူဟာ ညီမ ဒါမှမဟုတ် အစ်မ အပေါ်ကို ဘယ်တော့မှ စာနာနားလည်စိတ်မရှိတတ်ကြသလို ကြင်ကြင်နာနာ မရှိတတ်ဘူးလို့ ပြောတတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီစကားက မာမာ့သမီးနဲ့သားကြီး လက်ထက်မှာ ပြောင်းလဲသွားခဲ့တယ်လို့ ထင်ပါတယ် ဘာလို့လည်းဆိုရင် သားနဲ့သမီးဟာ တစ်ယောက်နဲ့တစ်ယောက် ၇နှစ်ကွာကြပါတယ် နောက်ပြီး သူတို့နှစ်ယောက်ဟာ အနေဝေးကြပါတယ် သမီးငယ်ငယ်လေးရှိသေးချိန်မှာ သားကနိုင်ငံခြားထွက်သွား ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အဝေးဆုံးမှာရှိနေကြပေမဲ့ စိတ်ချင်းတော့ မောင်နှစ်မအချစ်က အမြဲတမ်း သံယောဇဉ်ကြီးတတ်ကြပါတယ် သမီးဖြစ်သူက ငယ်ငယ်လေးထဲက ကဗျာရေးတယ် ပန်းချီဆွဲတယ်
သူ့အကိုဆီကို သူကဗျာလေးတွေရေးပြီး ပုံလေးတွေ အမြဲတမ်းဆွဲပြီးပို့တတ်သလို သူ့အကိုကလည်း အဝေးတစ်နေရာကနေ သူ့ညီမလေးအတွက် ပုံဆွဲစာအုပ် ဖတ်စာအုပ် ကာတွန်း ပုံပြင်စာအုပ်ကအစ စာတိုက်ကတဖုံ သူငယ်ချင်းလူကြုံနဲ့တစ်မျိုး အမြဲတမ်းလိုလို မပြတ်ပို့ပေးခဲ့ပါတယ်။

အမြဲတမ်းလည်း အဝေးကနေ စာသင်ပေးတတ်သလို သူဘယ်လောက်ဘဲ အလုပ်မှာ ပင်ပန်းပင်ပန်း သူ့ညီမလေးကို ညစဉ်မပျက် ဖုန်းနဲ့သော်လည်းကောင်း မက်ဆေ့နဲ့သော်လည်းကောင်း အဆက်အသွယ်လုပ်ပြီး နေကောင်းလား ဒီနေ့ဘာစာတွေသင်လည်း ဘာတွေနားမလည်ဘူးလည်း
ဆိုပြီး မသိတာတွေကို အဝေးတစ်နိုင်ငံကနေ စာတွေရှင်းပြ သင်ပြပေးတတ်ခဲ့ပါတယ်။

သူ့ရဲ့ ကြင်နာတတ်တဲ့စိတ်လေးက မိဘနှစ်ပါးအတွက် ပိတိအရမ်းဖြစ်ရပါတယ် သူဟာ အပြောကို လက်တွေ့နဲ့ အမြဲဘဲ သက်သေပြတတ်ပါတယ် သူအမြဲတမ်းပြောတဲ့ စကားတစ်ခွန်းက သူဘာဘဲလုပ်လုပ်
သားညီမလေးအတွက်ဘဲ ရည်ရွယ်ပြီးလုပ်တာလို့ အမြဲတမ်းပြောတတ်ပါတယ်။

ဒီနေ့လည်း မောင်နှစ်မနှစ်ယောက် ဖုန်းပြောနေတာ အမေဖြစ်သူ မာမာတစ်ယောက် နားထောင်နေမိတယ်
တနင်္လာနေ့မှာ တက္ကသိုလ်တက်တော့မဲ့ သူ့ညီမလေးကို မှာတမ်းတွေ အမျိုးမျိုး ခြွေပြီး ဆုံးမစကားတွေပြောနေ တာအရမ်းနားထောင်လို့ေ ကာင်းနေခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသူဖြစ်တော့မဲ့ သူ့ညီမလေးကို သူယ်တန်းကလေးလို လိုအပ်တာတွေ အကုန်ဝယ်ပေးနေ တာခဲချွန်စက်ကစပြီး  ခဲဖျက်အဆုံးထိ တိုလီမွေလီတွေကအစ ပါလို့ မာမာတစ်ယောက် ပြုံးတော်မူခဲ့ရပါ တော့တယ်။

အော် လူကြီးတွေပြောပြောနေတဲ့ မောင်ကြင်မရှိဘူးဆိုတာကို ဆန့်ကျင်နေတဲ့ စာသားလေးကို  အခုတော့ မာမာတွေ့လိုက်ရပါတယ် မာမာ့သားကြီးဟာ သူ့ညီမလေးအတွက် အကိုကြင် မောင်ကြင်လေးဆိုတာ တွေ့လိုက်ရပါတော့တယ်။

အခုတော့ ရှေးထုံးလေးကို ပယ်ရပါတော့မယ် နှစ်မလေးအတွက် မောင်ကြင်လေးကို မာမာမွေးခဲ့ရတာ
မွေးရကြိုးလေး နပ်ခဲ့ရပါတော့တယ်။

Tuesday, February 18, 2014

အိုဘဲ့ နှင်းဆီ


အိုဘယ့်နှင်းဆီ

အကာအရံတွေကြား
သူမွေးဖွားလည်း
တောက်ပ ပျိုမဒီ
အိုဘယ့် နှင်းဆီ။

ဆူးတွေရံကာ
ထားပါသော်ညား
အလှမာန်ဝင့်ဝင့်
ဟန်ချီတင့်သည်
အိုဘယ့် နှင်းဆီ။

အချိန်တန်
အရွယ်ရောက်
လူလားမြောက်ပြီ
ပန်းသွေးရောင်ဆီ
လှသွေးကြွယ်သည်
အိုဘယ့် နှင်းဆီ။

နူးညံ့ပွင့်ဖတ်
တန်ဖိုးဖြတ်သော်
အိုဘယ့် နှင်းဆီ
သင်သည် ဒီအမိနဲ့ဒီအဖအတွက်
အဖိုးအနဂ္ဂ ထိုက်ပါသည်။

သင်းပျံ့မွှေးရနံ့
တန်ဖိုးမှတ်သော်
အိုဘယ့် နှင်းဆီ
သင်သည် ဝေယံကောင်းကင်
လောက တစ်ခွင်တွင်
မွှေးပျံ့သင်းရနံ့
ထုံသင်းပျံ့သည်
ထာဝရမွှေးပျံ့ပါစေသော်(ဝ်)။

မာမာလွင်
24/2/2014 ရက်နေ့မှာ တက္ကသိုလ်တက်တော့မဲ့ သမီးငယ်လေးအတွက် အမှတ်တရ။

Saturday, February 8, 2014

တွေးမိခြင်း


တွေးမိတယ်

တွေးနေမိတယ်

တွေးဆနေတယ်

တွေးဆနေမိတယ်

တွေးလိုက်တိုင်း

အဲဒီအတွေးက ချာချာလည်သွားတယ်

သက်ရှိထင်ရှား ရှိနေစဉ်ခနလေးမှာ

ဘာကြောင့်များ

နားလည်မှုတွေ ဘာလို့လွဲမှားနေကြတာလည်း

ခွင့်လွှတ်မှုတွေ ဘာလို့များရှိမနေကြတာလည်း

လူတိုင်း လူတိုင်းမှာ ရှိနေသင့်တဲ့

လွတ်လတ်မှုဆိုတာကို

ဘာလို့များ တားဆီးပိတ်ပင်နေချင်ကြတာလည်း

ဘာအတွက်များ ဝင်စွတ်ဖက်ချင်ကြတာလည်း

ကြိုးစားပြီး နားလည်ပေးလို့မရဘူးလား

စိတ်ဓါတ်တွေ စိတ်ဓါတ်တွေ

မြင့်မလိုလိုနဲ့ နိမ့်နေကြတယ်

တိမ်မရောင်နဲ့ နက်နေကြပြန်တယ်

ဘာကြောင့်လည်း ဘာအတွက်လည်း

တွေးနေတယ် တွေးနေမိတုန်းပါဘဲကွယ်

Saturday, January 18, 2014

ကျမရဲ့ HERO


*ကျမရဲ့ Hero*
ဒီစာလေးက ကျမရဲ့သမီးလေးအတွက်ပါ 
အမြဲတမ်းလိုလို ကြိုးစားမှုတွေက သူ့ရဲ့ရင်ထဲမှာရှိနေတတ်ခဲ့တယ်
နူးညံ့သိမ်မွေ့ခြင်းတွေ သူမမှာရှိနေတတ်ခဲ့သလို
ရဲရင့်ခက်ထန်တဲ့ မာန်တွေလဲ သူမမှာရှိနေတတ်တယ်။

ထိတ်လန့်ခြင်းတွေကို သူမ မနှစ်သက်သလို
ကြောက်ရွံ့ခြင်းတွေကို သူမ စက်ဆုတ်နေတတ်တယ်။

အရာရာကို သူမ အရှုံးမပေးတတ်သလို
အရှုံးပေးခြင်းဆိုတဲ့ အလုပ်ကို သူမ မုန်းတီးတတ်တယ်။

လောကကြီးကို အကောင်းမြင်တတ်တဲ့ဘက်က သူမကြည့်တတ်ခဲ့သလို
တစ်ဖက်သော လူသားတွေကို ပြစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ခြင်းတွေကို သူမရှောင်ရှားတတ်ခဲ့တယ်။

သူမရဲ့့ဖြူစင်စိတ်ထားတွေ
သူမရဲ့ကြိုးစားမှုတွေ
သူမရဲ့ရဲရင့်မှုတွေ
သူမရဲ့ရိုးသားမှုတွေကြောင့်
*သူမဟာ ကျမရဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်*

တူးမာ

စိန်ခေါ်သူရဲ့ အရှုံး


လိုက်တဲ့သူက လိုက်နေမှန်းသိရင် 
ပြေးတဲ့သူက
မနားတမ်းပြေးနေလိမ့်မယ်
သူရှုံးမှာ ကြောက်လို့ပေါ့။

လိုက်တဲ့သူက မလိုက်ဘဲ ရပ်နေလိုက်ရင်
ပြေးတဲ့သူက ရပ်ပြီးစောင့်ပြီး စောင့်နေလိမ့်မယ်
လိုက်တဲ့သူကို ပန်းပေးပြီး
သူအရှုံးခံသွားလိမ့်မယ်။

တူးမာ

လောကရဲ့ နိယာမ



ခရီးသည်


လျှောက်ခဲ့ရတဲ့ ခရီး
.
.
.
ခရီးကပန်း
လမ်းကကြမ်းတော့
.
.
.
.
ပင်ပန်းမောဟိုက်
ခရီးဆိုက်ဖို့ရာ
.
.
.
ဘယ်ဆီသောင်ကမ်း
ကပ်ရပါ့

ဘဝအမောများ ပြေပါစေ




Facebook ရဲ့မိတ်ဆွေဖြစ်တဲ့သမီးငယ်လေး Hnin Myat ရေးတဲ့ စာလေးကျမဖတ်လိုက်ရတယ် သူရေးတဲ့စာရဲ့အောက်မှာ သူ့သူငယ်ချင်းတွေက ကွန်မန့်၀င်ရေးကြတယ်။

သူတို့ရေးတာလေးတွေဖတ်ပြီး ကျမစိတ်မကောင်းဖြစ်မိသလို ကျန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်လေးတစ်ခုကို ပြေးပြီး သတိရလိုက်မိတယ်။

အဲဒီအချိန်က ကျမသမီးအငယ်ဆုံးလေး ပထမတန်း တက်တဲ့အချိန်လောက်ကပါ ကလေးကို နေ့တိုင်းကျောင်းပို့ကျောင်းကြိုလုပ် တတ်တဲ့ ကျမနဲ့သမီးတက်တဲ့ကျောင်းက ဆရာမလေးတွေနဲ့အမြင်ကြာလာတော့ ခင်လာခဲ့တယ်။

သူတို့ကဒေသခံတွေမဟုတ်တဲ့အတွက် အခက်အခဲ မျိုးစုံကို သူတို့ရင်ဆိုင်ကြရပါတယ် နေရေးထိုင်ရေး သွားရေးလာရေး ကအစပေါ့ တောင်ဒဂုံ မြောက်ဒဂုံ တောင်ဥက္ကလာ မြောက်ဥက္ကလာ အဲဒီလို နေရာတွေကနေ နေ့တိုင်းလိုလို ကျောင်းကိုလာခဲ့ရတဲ့ ဆရာမလေးတွေရဲ့ဒုက္ခက တစ်ကယ်မသေးခဲ့ပါဘူး။

သူတို့ရတဲ့ လစာက နေ့စဉ် အသွားအပြန်ခရီးစရိတ်ဖိုးတောင် မရခဲ့ကြပါဘူး အဲဒီအတွက် သူတို့ခရီးစရိတ်သက်သာအောင် ကိုယ်ပိုင်ကားတို့ အဝေးပြေးကားကြီးတွေတို့ အဲဒီလို ကားမျိုးကို အောက်ကျို့ခံကာ ကားကိုတားပြီး စီးကြရပါတယ်။

သူတို့ကို ခင်မိနေတဲ့ကျမ တတ်နိုင်သလောက် အကူအညီပေးခဲ့တယ် ကိုယ်နဲ့ခင်မင်ရာ အသိမိတ်ဆွေတွေရဲ့ ကားတွေနဲ့ကြုံရင်ကျမစီစဉ်ပေးပြီး ထဲ့ပေးတတ်ပါတယ် ဆရာမငယ်ငယ်လေးတွေ အနေနဲ့ ကိုယ်ပိုင်ကားတွေကို တားတားစီးနေတာ ကျမတစ်ကယ် မကြည့်ရက်ခဲ့ပါဘူး။

အခုဒီစာကိုရေးလိုက်တာကလဲ သမီးငယ် Hnin Myat အတူ တောနယ်တွေမှာ တာဝန်ထမ်းနေကြတဲ့ ဆရာ ဆရာမလေးတွေ ဘ၀အမောတွေပြေအောင် လွမ်းမောစရာ ရီစရာလေး ပြောချင်လို့ပါ ။

ကားစောင့်နေကျ တစ်ရက်မှာ ဖြစ်ချင်တော့ တောင်ဒဂုံ ကိုပြန်ရမဲ့ဆရာမလေး နှစ်ယောက် အိမ်ပြန်ဖို့ ကားစောင့်ကြတယ် တားသမျှကားတွေကလဲ ဘယ်ကိုယ်ပိုင်ကားကမှ ရပ်မပေးကြဘူး နေကလဲစောင်းလာပြီ သူတို့စိတ်တွေ ဂယောက်ဂယက် ဖြစ်လာခဲ့တယ်။

ကျမက အိမ်မှာလိုက်အိပ်ဖို့ ခေါ်ပေမဲ့သူတို့အိမ်တွေက စိတ်ပူမှာဆိုးလို့အိမ်ကိုဘဲ ပြန်ချင်နေကြတယ် အဲဒီခေတ် အဲဒီအခါက အခုလို ဆက်သွယ်ရလွယ်ကူတဲ့ အင်တာနက်တို့ လက်ကိုင်ဖုန်းတို့ကလဲ ပေါပေါများများ မပေါ်သေးဘူးဆိုတော့ ဆက်သွယ်ရတာ ခက်ခဲတဲ့ခေတ်ကြီး ဖြစ်ခဲ့တာကို။

ခနနေတော့ ဟိုးဝေးဝေးကနေ တောင်းအေ့ကားတစ်စီးလာတာ မြင်လိုက်တယ် သူတို့အရမ်းပျော်သွားတယ် တားလို့ရရင် ငါအရင်တက်မယ် သူအရင်တက်မယ်နဲ့ပြောနေတုံး ကားကလဲနဲနဲနီးလာပြီ မှောင်ရီကလဲ ပျိုးနေပြီ သူတို့နှစ်ယောက် အရဲစွန့်ကာ ကားလမ်းမပေါ်တက်ပြီး ကားကိုတားလိုက်တယ်။

ကျမအခုဆက်ပြောရမှာ ငိုအားထက်ရီအားသန်လို့ဘဲ ပြောရမလား ရီအားထက်ငိုအားသန်လို့ဘဲပြောရမလား သူတို့တားတဲ့ကား ကမရပ်ဘဲ ရှေးတူရှူကို ဆက်မောင်းသွားခဲ့တယ် ကျမအတူ ဆရာမလေးနှစ်ယောက် ပါးစပ်လေးတွေဟပြီး တစ်ယောက်ကိုတစ်ယောက် ဘာမှမပြောနိုင်အောင် ဖြစ်သွားခဲ့ကြတယ်။

ဘာဖြစ်လို့လဲလို့ သိချင်ကြမှာဘဲနော် ကျမ ထိန်ချန်ပြီး မထားတော့ပါဘူး မျှော်လင့်ချက်တွေ ပေးပြီး မကြာမီ လာမည် မျှော်လို့လဲ မပြောတော့ပါဘူး။

သူတို့နှစ်ယောက်တားလိုက်တဲ့ကားက အနားရောက်ပြီး ကျော်သွားကာမှ ဘွားကနည်းတွေ့လိုက်ရတဲ့ကားဖြူဖြူလေးဟာ နိဗ္ဗာန်ယာဉ်ကြီး ဖြစ်နေလို့နေခဲ့ပါတယ်။

ကဲ ဘယ်လောက်ဆိုးလိုက်သလဲနော်။

သမီးငယ် Hnin Myat နဲ့အတူ D,E အဆင့် နယ်မြေမှာ သွားရောက် တာ၀န်ထမ်းဆောင်နေကြတဲ့ ကျောင်းဆရာမ သမီးငယ်လေးတွေ ဒီစာကိုဖတ်ပြီး ဘ၀အမောတွေ ပြေပါစေ မည်သူ့ကိုမှတော့ မရည်ရွယ်ပါ တိုက်ဆိုင်သွားရင် နားလည်ပေးစေချင်ပါတယ်။

အမေ့အတွက် အမှတ်တရ




ပျော်စရာတွေတွေ့ရင် တစ်ပွေ့တစ်ပိုက် ပွေ့ကာပိုက်ပြီး
အမေ့ဘေးပြေးထိုင် မမောနိုင်မပန်းနိုင် သမီးပြောခဲ့ဖူးတယ် အမေ။

စိတ်ရဲ့ဒုက္ခ ဗျာပါရတွေ ကြုံပြန်ရင်လည်း တိတ်တိတ်ယူဆောင်
အမေ့ရင်ခွင်ထဲ ခေါင်း၀တ်ငုံ့လှိူး သိမ့်သိမ့်တုန်အောင်
သမီးငိုခဲ့ဖူးတယ် အမေ။

သမီးပျော်ရွှင် အမေကြည်နူး
အရီ(ရယ်)မျက်လုံး အပြုံးနူတ်ခမ်းနဲ့
အားတက်သရော ရီ(ရယ်)မောပေးတတ်တဲ့အမေ။

သမီးသောက အပူမျမျနဲ့
ကျလာမျက်ရည် လွမ်းငွေ့ဝေရင်

ရီဆွေးမျက်လုံး အဝေးကိုငေးမျှော်
သမီးရဲ့သောက ဗျာပါရတွေကို
အမေမျှယူ ခံစားပေးဖူးခဲ့ပါတယ်။

ဒီနေ့ အမေများနေ့တဲ့ အမေရယ်
သမီးအတွက်တော့ စက္ကန့်တိုင်း မိနစ်တိုင်း
နာရီတိုင်း နေ့ရက်တိုင်းဟာ
အမေဆိုတာ လိုအပ်နေခဲ့တဲ့
အမေများနေ့ပါ အမေရယ်။

27/11/2013 နေ့မှာ သူချစ်သော မိသားစု
သူ့ကိုချစ်သော မိသားစုကို အပြီးအပိုင်ခွဲခွာသွားတဲ့ ချစ်လှစွာသော အမေသို့

သတိရခြင်း တမ်းတခြင်း လွမ်းမောခြင်းများနဲ့ပါ။

mar mar lwin (တူးမာ

Wednesday, January 1, 2014

မျှော်လင့်ခြင်း မနက်ဖြန်


ငါ့ရှေ့တည့်တည့်ကနေကြည့် ကြည့်ပါ ၂၀၁၃ ဆိုတဲ့ သူငယ်ချင်း
နင့်ရှေ့မှာ ငါရှိနေတယ်

ဒီနေ့မှာ မနက်ဖြန်အတွက်
ငါအဟောင်း အဆိုးတွေကိုထားခဲ့တော့မယ်

မနက်ဖြန်ဆိုတာ ငါ့အတွက်
အရာရာအားလုံး သစ်လွင်တောက်ပနေစေရမယ်

ကံမကောင်း အကြောင်းမလှလို့
အဆိုးတွေနဲ့ကြုံခဲ့ရရင်တော့
So sorry ပါ ၂၀၁၄ ရယ်

ငါဟာ အမြဲတမ်း ကံမကောင်းနေခဲ့သူမို့ပါ။

တူးမာ

ယုံကြည်ခြင်း




2013 ရေ ဘိုင့်ဘိုင်

အဆိုးအကောင်းတွေကို နင်သယ်ဆောင်လာပြီး
ဆယ့်နှစ်လဆိုတဲ့ တစ်နှစ်တာအတွင်း
နင်၀င်ရောက်မွှေနှောက်သွားခဲ့တာ
စိတ်ဓါတ်ရော အားအင်တွေပါ
ငါကုန်ခမ်းခဲ့ရတယ်။

အခုတော့ ငါလေနင့်ကို
ကောင်းသောနုတ်ဆက်ခြင်းနဲ့နုတ်ဆက်ခဲ့ပါတယ်
ဘိုင့်ဘိုင်ပါ 2013 ရယ်
ကောင်းမွန်စွာနဲ့နေရစ်ခဲ့ပါတော့နော်။

ငါလေ နှစ်သစ်ဖြစ်တဲ့ 2014 ကို
ပျော်ရွှင်စွာနဲ့ကြိုလိုက်ပါအုံးမယ်
ငါ့အတွက် သယ်ဆောင်လာပေးပါ 2014
အောင်မြင်ခြင်းတွေ
ပျော်ရွှင်ခြင်းတွေ
လွတ်လပ်ခြင်းတွေ
ရယူနိုင်ခြင်းတွေ ကိုပေါ့။

ကြိုဆိုပါတယ် နှစ်သစ်ရယ်
နင်ဟာ ငါ့ကို လှပတဲ့အားသစ်တွေပေးလိမ့်မယ်
နင်ဟာ ငါ့ကို ပြည့်၀တဲ့ခွန်အားတွေပေးလိမ့်မယ်။

ငါယုံကြည်ပါတယ်
နင့်ကြောင့်ငါ ပျော်ရွှင်ရလိမ့်မယ်ဆိုတာကိုပေါ့

တူးမာ

ပျော်ရွှင်နိူင်ပါစေ




မကြာခင် နာရီပိုင်းအတွင်းမှာ နှစ်သစ်ကို ရောက်တော့မယ် သူငယ်ချင်း
၂၀၁၃ကို နင်ရောငါပါ တည်ငြိမ်အေးချမ်းစွာနဲ့နုတ်ဆက်လိုက်ရအောင်နော်။

ငြိမ်းချမ်းစွာနဲ့နေရစ်ခဲ့ပါတော့၂၀၁၃ ရယ်

မကြာခင်ရောက်လာမဲ့ နှစ်သစ်၂၀၁၄ကို
နင်ရယ်ငါရယ် ပြံးရယ်ပျော်ရွှင်စွာနဲ့ကြိုဆိုလိုက်ကြရအောင်နော်။

အေးချမ်းသာယာစွာနဲ့ လှမ်းလာခဲ့ပါတော့ ၂၀၁၄ရေ။

၂၀၁၄မှာ ငါတို့အပေါ် ကျရောက်လာမဲ့ အဆိုးအကောင်းတွေကို
နင်ရောငါပါ ရဲရင့်စွာ ရင်ဆိုင်နိုင်လိမ့်မယ်
နင်ရောငါပါ ကောင်းမွန်စွာ ဖြေရှင်းနိုင်လိမ့်မယ်
နင်ရောငါပါ အောင်မြင်စွာ ဖြတ်သန်းနိုင်လိမ့်မယ်လို့ ငါယုံကြည်နေခဲ့တယ်။

၂၀၁၄မှာ ပျော်ရွှင်ခြင်းတွေရပါစေ
၂၀၁၄မှာ ငြိမ်းချမ်းမှုတွေရပါစေ
၂၀၁၄မှာ အေးချမ်းသာယာစွာနေနိုင်ပါစေ

မာမာ့ သူငယ်ချင်း မိတ်ဆွေအားလုံးအတွက်ပါ
ပျော်ရွှင်ပါစေ သူငယ်ချင်းတို့ရေ

တူးမာ
HAPPY NEW YEAR!

နေရစ်ခဲ့ပါတော့ ၂၀၁၃


ဒဏ်ရာ ပလပွနဲ့ငါ့ရင်ကို နာကြင်စေခဲ့တဲ့ ၂၀၁၃

ငါသိပ်ချစ်ရတဲ့အမေကို ငါ့တို့ဆီကနေထုတ်ယူသွားခဲ့တယ်

ငါသိပ်ချစ်ရတဲ့မောင်ငယ်လေးကို ငါတို့ဘ၀ထဲကနေ ခေါ်ဆောင်သွားခဲ့တယ်

ငါ့ရဲ့ခန္ဓာကိုမှာ ကုသမရတဲ့ဝေဒနာတွေ ရစေခဲ့တယ်

ငါ ငိုပြီးရင်းငိုခဲ့ရတယ်

မျက်ရည်တွေနဲ့တိုက်ပွဲအမျိုးမျိုး နွဲခဲ့ရတယ်

ဒီနေ့တော့ နင့်ရဲ့ပြုစားမှုအောက်ကနေ ငါရုန်းထွက်လို့ရတော့မယ်

နေရစ်ခဲ့ပါတော့

မချိတင်ကဲ ငါပြုံးခဲ့ရတဲ့အပြုံးတွေနဲ့ဘဲ နင်ကျေနပ်လိုက်ပါတော့

ကြိုးဝိုင်းပေါ်မှ ဘဝဇာတ်ခုံ



google မှကူးယူဖော်ပြထားပါသည်
၂၀၁၄ ၂၀၁၄နဲ့ နှစ်သစ်ကိုကြိုကြ
ရောက်လာခဲ့ပါပြီ။

ပေါင်း နုတ် မြှောက် စား
ပေါင်းသင့်တာပေါင်း
နုတ်သင့်တာနုတ်
မြှောက်သင့်တာမြှောက်
စားသင့်တာစားနဲ့

တစ်နှစ်တာဆိုတဲ့ ကြိုးဝိုင်းထဲကိုတက်

ပေါင်းနုတ်မြှောက်စားကို ကျွမ်းကျင်အောင်လေ့ကျင့်ရင်း
ပြိုင်ဘက်ဆိုတဲ့ ၂၀၁၄ကို အလဲထိုးနိုင်ဖို့
သက်လုံကောင်းဖို့လဲ လိုလာခဲ့တယ်။

၂၀၁၄ဆိုတဲ့ သက္ကရာဇ်ကြီး မကုန်ခင်
မှောက်ရက်လဲကျပြီး ဒိုင်ပွဲဘဲ ရပ်တာခံရမလား
ပုဝါမကူ ရေမရူဘဲ လက်ခမောင်းဘဲ ခတ်နိုင်မလား
ဘ၀ဇာတ်ခုံပေါ်မှာ ရှူ့စားရအုံးမှာပေါ့လေ။

တူးမာ