Monday, September 8, 2014

မှီခိုအိမ်ရှင်မရဲ့ တနေ့တာ


မိသားစု သိပ်နည်းပါးလွန်းပါတယ်ဆိုတဲ့ ကျမမှာ ကိုယ်ပိုင်အချိန်တွေက အမြဲတမ်း ရှားပါးနေခဲ့ပါတယ် ကိုယ်ပိုင်အချိန်ဆိုတာကလဲ တစ်နေ့တာရဲ့နာရီတစ်ချို့တစ်၀က်ကိုသာ ပိုင်ဆိုင်ခဲ့သူပါ အဲဒါကိုဘဲ အိမ်ရှင်မလို့ခေါ်ပြီး အလုပ်လက်မဲ့မှီခိုလို့ ခေါ်ကြပြောကြ ပြန်တာပါလား။

မနက်စောစော အိပ်ယာက နိူးတာနဲ့ အိပ်ယာသိမ်းကာ အလင်းရောင်ရမဲ့ လိုက်ကာတွေ လိုက်ဖွင့်ပြီးတာနဲ့ ကိုယ်လက်သန့်စင်ခြင်းအလုပ်ကို ကျမအရင်ဆုံး လုပ်ပါတယ်။

ပြီးတာနဲ့ ဘုရားပန်းတော်ရေဆေး ပန်းအိုးရေဆေးပြီး ရေလဲခြင်း သောက်တော်ရေလဲခြင်းတို့ ပြုလုပ်ပြီး ဘုရားကို အရင်ဆုံးကပ်ပါတယ်။

ပြီးတာနဲ့ အိမ်အောက်ထပ်ကိုဆင်း အလင်းရောင်၀င်နိုင်မဲ့ မှန်တခါးတွေရဲ့လိုက်ကာတွေကို အရင်ဖွင့် လေ၀င်နိုင်မဲ့မှန်တခါးတွေကိုဖွင့်ပြီး လတ်ဆတ်တဲ့ လေ၀င်အောင်လုပ်ပြီးမှ မီးဖိုဆောင်ကို၀င်ကာ ဘုရားဆွမ်းတော်အတွက်ရယ် မိသားစုစားဖို့အတွက်ရယ်ကို တတ်စွမ်းသမျှ ကျမစီမံရပါတော့တယ်။

မနက်စောစောစာအတွက် အဆင်ပြေသလို ထမင်းကြော်တဲ့နေ့ကြော် ကော်ဖီနဲ့မုန့်နဲ့သောက်တဲ့နေ့ လဲရှိပါတယ် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်ပြီးတာနဲ့ အိမ်ဦးသခင်နဲ့ကလေးတွေအတွက် အလုပ်သွား ကျောင်းသွားရင် ယူသွားဖို့အတွက် စားစရာသောက်စရာတွေကို အဆင်သင့်ဖြစ်အောင် ချက်ပြုပ်ပြီး စီမံပေးရပါတယ်။

သူတို့အတွက် မစီမံခင်မှာ ဘုရားဆွမ်းတော်အတွက် အရင်ဆုံး ခူးခပ်ပြင်ဆင်ထားပြီးတော့မှ သူတို့သားအဖတွေအတွက် စီမံပေးပြီးပြန်တော့ ကြောင်လေးတွေ ငှက်ကလေးတွေကိုအစာကျွေးတဲ့ ဒီလိုအလုပ်လေးကလဲ လုပ်ရသေးပြန်တာဘဲ။

မနက်၈နာရီကျော်တာနဲ့ အလုပ်သွားတဲ့သူသွား ကျောင်းသွားတဲ့သူတွေ သွားကြပြီဆိုတော့မှ အောက်ထပ်တခါးတွေပိတ်ကာ အိမ်ပေါ်ကိုပြန်တက်ပြီး ဘုရားရှိခိုး ဆွမ်းတော်ကပ် သောက်တော်ရေကပ် ဆုတောင်းအမျှဝြေခင်းအလုပ်တွေကို ကျမစိတ်လက်အေးချမ်းစွာ ပြုလုပ်နိူင်ပါတယ်။

ကုသိုလ်တော်အတွက်ပြီးပြန်တော့ အိမ်ပေါ်ထပ်သန့်ရှင်းရေးကို တစ်ခါထဲဆက်ပြီး လုပ်ရပြန်ပါတယ် အိမ်သာဆေး ရေချိုးခန်းဆေး ဖုန်စုတ်စက်နဲ့ဖုန်စုတ် ပြီးတာနဲ့ ညက၀တ်ထားတဲ့ အ၀တ်တွေ မနေ့က ၀တ်ထားတဲ့ အ၀တ်တွေကိုယူပြီး လျှော်ရပြန်ပါတယ်။

အဝတ်တွေ လျှော်ပြီးပြန်တော့ နေရောင်နဲ့လှမ်းမှ အ၀တ်တွေကိုခြောက်တာ ကြိုက်တဲ့သူတို့အတွက် အိမ်အပြင်ထွက် အ၀က်တွေကိုလှန်းရပြန်ပါတယ်။

အ၀တ်တွေ လှန်းပြီးတာနဲ့အိမ်နောက်ဖေး စျေးဆိုင်တည် ဆိုတဲ့စကားအတိုင်း အိမ်နောက်ဖေးမှာ စိုက်ပျိုးထားတဲ့ အပင်လေးတွေကို ရေလောင်းရင်း အပင်တွေနားမှာ ပေါက်နေတဲ့ မြက်ကလေးတွေကိုရှင်းရင်း လက်မြေတောင်ပေးတန်တာပေး လုပ်ရပြန်ပါတယ်။

အိမ်အပြင်က အလုပ်ပြီးတော့ အိမ်ပေါ်ပြန်တက်ပြီးတာနဲ့ ပိတ်ထားတဲ့ တခါးတွေပြန်ဖွင့်ပြီး
မနက်က စားသောက် ချက်ပြုပ်ထားတဲ့ အိုးတွေပန်းကန်တွေ ဆေးပြီးပြန်တော့ ချက်ထားပြုပ်ထားလို့ ပေနေတော့ မီးဖိုနဲ့အတူ အိမ်အောက်ထပ်ကိုသန့်ရှင်းရေးလုပ်ကာ မှန်တခါးတွေကို ဖုန်သုပ်ရပြန်တာပါဘဲ ဒါတွေပြီးလို့ နားရပြီများ ထင်သလားရှင် မနားရသေးပါဘူး။

နေ့လည်၁၂နာရီ ဒင်းဒေါင်ဆိုတာနဲ့ မနက်က ကပ်ထားတဲ့ ဆွမ်းတော်ကိုစွန့် ပန်းကန်တွေ ရေဆေးရေစစ်ပေါ့ ပြီးပြန်တော့ မနက်ကလှမ်းထားတဲ့ အ၀တ်တွေ ခြောက်တာနဲ့ရုတ်ပြီးမီးပူတိုက်ပြီးသားတွေကို ဆိုင်ရာဆိုင်ရာ ဘီဒိုတွေထဲ ထဲ့ရပြန်တာပါဘဲ။

နာရီကြည့်လိုက်တော့ နေ့လည်တနာရီကျော်ပြီ ကိုယ်လဲနေ့လည်စာလေးစား ကြောင်၂ကောင်ကိုလဲ နေ့လည်စာကျွေးပြီးတာနဲ့ ကြောင်၂ကောင်ရဲ့ အစာပန်းကန်ရယ် ကိုယ်စားထားတဲ့ ပန်းကန်ရယ်ကို ဆေးကြောပြီး ရေစစ်ပေါ့။

ဒီကြားထဲ အားတဲ့အချိန်လေးတွေမှာ သမီးအတွက်အင်္ကျီချုပ် ဖန်စီလည်ဆွဲလေးတွေ သီချင်သီကာ သိုးမွှေးထိုးတာလေးတွေကို စိတ်ကူးရရင် ရသလိုလုပ်ပေးတတ်ပြန်ပါတယ် တခါတလေလဲ ကျမဝါသနာပါတဲ့ စာရေးချင်ရင်ရေး ကဗျာစပ်ချင်စိတ်ပေါ်ရင် ကဗျာစပ်ပေါ့။

တခါတလေလဲ ဟင်းချက်နည်းလေးတွေရေးတဲ့ blog လေးတွေဆီကို ၀င်ပြီးတာနဲ့စိတ်ကူးရရင် ရသလိုပုံတွေတင် စာတွေရေးပေါ့။

ပြီးပြန်တော့ ရာသီဥတုလေး သာယာတယ်ဆိုရင် ခြံထဲတစ်ခါထပ်ဆင်းပြီး ဝါသနာအလျှောက် စိုက်ထားတဲ့ အပင်လေးတွေဆီကိုသွားပြီး လိုချင်တာလေးတွေနူတ်တန်တာနူတ် ခူးတန်တာခူးပြီး ပြုပြင်သင့်တာပြုပြင် လုပ်ချင်လုပ်တတ်ပါသေးတယ် ဥယျာဉ်မှူးဆိုတာ ကိုယ်စိုက်တဲ့အပင်လေးတွေအတွက် ကြည့်ပြီးပီတိကို စားရသေးတာပေါ့နော်။

ဒီကြားထဲ တနေကုန်လာသမျှဖုန်းကို ဒိုင်ခံဖြေ ဒိုင်ခံပြောရသေးတာနော် အဲဒီလိုအချိန်မှာဘဲ သူတို့online က၀ယ်ထားမျှ လာသမျှပစ္စည်းကို ဒိုင်ခံလက်မှတ်ထိုးပြီး ယူရတာက အလုပ်တစ်လုပ်ပါ။

ဟော နေ့လည်ကျော်သွားပြီ မိုးတတ်မတ်တတ်ကနေ ညောင်းလာလို့ ခနထိုင်မယ် facebook လေးကြည့်မယ်ဆိုပြီး ဖွင့်မိပြန်တော့ စိတ်ထဲမှာ မမြင်ချင်တာတွေမြင်ရရင် စိတ်တွေကထွေသွားပြန်ရော ဒီနေရာ ဒီစာမျက်နှာလေးကလဲ ခက်သားကလားနော် ကိုယ်က သတင်းလေးဘာလေး သိချင်လို့ဖွင့်ပေမဲ့ သတင်းထက်အတင်းတွေကများ ရန်စောင်တာတွေကများ ပိုင်ဆိုင်တာတွေ ကြွားကြတာကများဆိုတော့ ကြည့်ရင်းကြည့်ရင်းက ကုသိုလ်တပဲ ငရဲတပိသာတွေကဖြစ်ရပြန်ပါလေရော။

ဒီစာမျက်နှာလေးကလဲ ပြောမဲ့သာပြောတာပါ ကိုယ်လိုချင်တာ ကိုသိချင်တာလေးကို တစ်ဆင့်တစ်ဆင့် share ထားတာလေးတွေတွေ့ပြန်တော့ သူ့ကိုလက်က မလွှတ်ချင်ပြန်ဆိုတာမျိုး ဖြစ်ရပြန်တာပေါ့ ငယ်ငယ်ထဲကဝေးနေတဲ့ သူငယ်ချင်းတွေ ကြီးမှခင်တဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ အတိတ်ဟောင်း အနာဂတ်အသစ်လေးတွေ ပြောကြဆိုကြလို့ အရမ်းအဆင်ပြေတော့ သူကလဲမြန်မာအများစု ငပိကြိုက်သလိုမျိုး မောင်ကြံတစ်တို့ဆိုသလိုဖြစ်ခဲ့တာပေါ့လေ။

အဲဒီလိုနဲ့ အချိန်တွေဖဲ့ဖဲ့စားသွားရင်းက ဗြုန်းဒိုင်းဆို ညနေကရောက်သွားပြီ ညနေစာအတွက်ဈေးပြေး ညနေစာနဲ့မနက်စာအတွက် ခေါင်းထဲပေါ်တာ၀ယ်ပြီး အိမ်ကိုကရောသောပါးပြန်ကာ ညနေစာကို ပြင်ဆင်ချက်ပြုပ်နေတုံး ကျောင်းသွား အလုပ်သွားသူတို့ဆင့်ကဲဆင့်ကဲပြန်လာကြပြီ။

ညနေစာကိုစားပွဲပေါ်အရောက်ပြင်ပြီးတာနဲ့ ရေမိုးချိုးကာ ထမင်းစားစာပွဲမှာထိုင်ကာ စားကြရင်းနဲ့က ငါးလုံးထက်မပိုသောစကားကိုပြောပြီး အသီးသီးစာကြည့်ခန်းကို၀င်သွားကြပြီ ကိုယ်ကတော့ ကြောင်လေးတွေကို ညနေစာကြွေးရင်း လုပ်စရာရှိတာဆက်လုပ်ပေါ့။

ထုံးစံအတိုင်း အိမ်ရှင်မဖြစ်ပြီး မှီခိုလို့ စာရွက်တွေမှာ ကွက်လပ်ဖြည့်ခြင်းခံရတဲ့ကျမ ညနေစာချက်ပြုပ် စားသောက်ထားတဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းကိုဆက်လုပ်ကာ မီးဖိုဆောင်တစ်ခုလုံး ရှင်းသွားအောင် သိမ်းတန်တာသိမ်းပြီးပြီဆိုတာနဲ့ အိမ်အောက်ထပ်မီးတွေမပိတ်ခင် တခါးတွေသေချာလိုက်စစ် အိုခေပြီဆိုတာနဲ့  မီးခလုပ်တွေ မီးတွေလိုက်ပိတ် မြင့်မားတဲ့လှေကားပေါ် လေးလံစွာတက်ပြီးသကာလ ကျမကိုယ်ပိုင်အချိန်လေး ဖြစ်ပြီလို့ထင်ပါသလား အဲဒါဆိုရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ် မဖြစ်သေးပါဘူးရှင်။

စာကျက်နေတဲ့ သမီးအတွက်ဝေယာ၀စ္စကို သူကမခိုင်းပေမဲ့ မိခင်ပီသစွာနဲ့ အချဉ်ပေါင်းလား လက်ဖက်သုပ်လား ကော်ဖီလား လက်ဖက်ရည်အချိုလား လက်ဖက်ရည်ကြမ်းလား သူစားချင်မယ်ထင်တာလေးတွေကို နာရီမလပ်လုပ်ပေးရပြန်တာပါဘဲ။

ကဲ ဒီကြားထဲမှာ အလုပ်မရှိ အကိုင်မရှိ မှီခိုဆိုတဲ့ကျမ အိပ်ယာမ၀င်ခင် ဘုရားရှိခိုးပြီးတာနဲ့ ရတဲ့ကိုယ်ပိုင်အချိန်လေးမှာ blog အတွက် တောက်တိုမယ်ရ စာလေးတွေရေးပါတယ် ဟင်းချက်နည်းလေးတွေရေးပြီး လိုအပ်မယ်ထင်တဲ့လူသားတွေအတွက် စေတနာ ပလပွနဲ့ တတ်သည့်ပညာကို မျှဝေကာ လှူဒါန်းပေးနေပါစဲလို့ ပြောကြားရင်း ကျမရဲ့တစ်နေ့တာ အမှတ်တရလေးကို ရေးဖြစ်ခဲ့ပါတယ်။

အားလုံးသောသတ္တဝါတွေ ကိုယ်စိတ်နှစ်လုံး အေးချမ်းကြပါစေလို့ ဆန္ဒပြုရင်း။

tuu mar (mar mar lwin )
5/9/2014
9:43 PM