Facebook မှာ ရေးခဲ့ဖူးတာလေးတွေ အမှတ်တရအနေနဲ့ ပြန်စုပြီး ဒီနေရာလေးမှာ သိမ်းထားချင်တာနဲ့ ဒီနေ့တော့ ဟာသလေးတပုဒ်ကို ပြန်share ပါမယ်။
ဒီနေ့နေ့ခင်း စာအုပ်တွေ ရှင်းနေရင်းက မြန်မာဟာသ စာအုပ်လေး တအုတ်ကို တွေ့တာနဲ့ ဟိုလှန်ဒီလှန် လုပ်ရင်းက ကိုးတန်းနှစ်လောက်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဟာသလေးတပုဒ်ကို ပြန်ပြီး သတိရမိသွားတယ်။
ကျမအပါအ၀င် ကျမတို့မြန်မာလူမျိုး အများစုက ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ဖို့ကို တော်တော်လေး ခက်ခဲတတ်ကြတယ်။
ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက် မှားသွားမလားဆိုတဲ့ ဒွိဟတွေနဲ့ နောက်ဆုံးတော့ ဝေလေလေ ဖြစ်သွားတတ်ကြသလို သူများပြောတာ ဟုတ်များ ဟုတ်နေမလားဆိုတဲ့ အတွေးတွေနဲ့ အမှန်လို့ ထင်တတ်ကြပြန်ပါတယ်။
ကိုးကွယ်မှု ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့လဲ တော်တော်လေး သက်ဆိုင်ပါတယ် ကျမဆို ဗမာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်ပါ ဒါပေမဲ့ မြတ်စွာဘုရားကို အမြဲတမ်း ဦးထိပ်မှာ ထားသလို နတ်ဆိုတာကိုလဲ သင့်တင့်သလောက်တော့ အလေးထားပါတယ်။
နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့ ရွှေတိဂုံဘိုးဘိုးကြီး ဆူးလေဘိုးဘိုးကြီးကြီး ရွှေညောင်ပင် ( ထောက်ကြံ့ဘိုးဘိုးကြီး) မှော်ဘီဘိုးဘိုးကြီးတို့ ဆိုတာ ရွှေတိဂုံ ဘုရားသမိုင်းအကြောင်း ဖတ်ဖူးလေ့လာဖူးတဲ့သူတွေ သိကြမှာပါ။
ကျမတို့ မိသားစုကိုယ်တိုင်လဲ ရွှေတိဂုံဘိုးဘိုးကြီး ဆူးလေဘိုးဘိုးကြီး ထောက်ကြံ့ဘိုးဘိုးကြီး မှော်ဘီဘိုးဘိုးကြီးတို့ကို ဘာအလုပ် လုပ်လုပ် တိုင်တည်ပြီးမှ လုပ်ကြသူတွေပါ။
စကားမစပ်ပေါ့နော် နတ်တွေအကြောင်းပြောတော့ ကျမဖတ်ဖူးတဲ့ ဟာသလေး ပြေးသတိရမိတယ် ယုံကြည်ရာ ကိုးကွယ်ရာ အစွန်းမရောက်သင့်တာလေးတွေ မရောက်ရအောင် ရေးထားတာလေးပါ။
တရက်တော့ ရွာတရွာမှာ နတ်ကိုအရမ်းကိုးကွယ် အရမ်းယုံကြည်ကြတဲ့ ရွာသူရွာသားတွေက နတ်ကတော်တွေခေါ် ဆိုင်းတွေဝိုင်းတွေနဲ့ နတ်ပွဲကကြလေရဲ့ နတ်ကတော်ဆိုတာကြီးကလဲ ခေါင်းပေါင်းနီနီကြီးပေါင်း တောက်တောက်ပြောင်ပြောင် အ၀တ်အစားတွေ၀တ်ပြီး ရွာသားတွေအကြိုက် ကိုကြီးကျော်လိုက် မနှဲလေးလိုက် တလှည့်စီ မရှေးမနှောင်း ဘိန်းဘောင်းစီးပြီး ၃၁မင်းကုန်အောင် ကပြရတာပေါ့။
နတ်ကဏ္ဌားတို့ သဘာ၀ ၇ရက်၇လီဆိုတော့ အိမ်ရှင်ကလဲ အဆင်ပြေအောင် အသားဟင်းတမယ် အရည်သောက် ပဲဟင်း ချဉ်ဟင်းတွေ အလှည့်ကျ ချက်ကျွေးရတာပေါ့ ရက်ရှည်စားလာရတဲ့ နတ်ကတော်ကလဲ တကယ်တမ်း ပုထုစဉ်လူသားဆိုတော့ သူစားခဲ့သမျှ ၀မ်းနူးစာတွေက တရက်မှာ လူပုံအလယ် ကပြနေတုန်း သူ့ဗိုက်က ဆန္ဒပြလေသတဲ့။
ကိုကြီးကျော်ကလဲ အရှိန်တက်နေ တဖက်က ကြက်ကိုပိုက် တဖက်က အရက်ပုလင်းပိုက်ပြီး ဘိန်းဒေါင်းဘိန်းဒေါင်း တီးလုံးသံအကြားမှာ ခုန်လိုက်ပေါက်လိုက် ကပါလေရော။
ကတဲ့အရှိန်က တက်လာပြီ ရွှေဗိုက်တော်ကလဲ ဆန္ဒပြလေပြီ ဒီအချိန်မှာ သူအိမ်သာပြေးရင် ရွာသားတွေရဲ့ ယုံကြည်မှုက ပျက်တော့မယ် ယုံကြည်မှုပျက်ရင် သူ့စားပေါက်က ပိတ်တော့မယ်။
ဒီတော့ကာ ယုံကြည်မှုတော့ အပျက်မခံနိူင်ဘူးဆိုပြီး အရက်ပုလင်းနဲ့ကြက်ကိုကိုင်ကာ အပေါ်ကို မြှောက်မြှောက်ပြီး အရှိန်ယူပြီး သကာလ ဆိုင်းသံနှင့်တမျှ အီအီးတွေ တဗျစ်ဗျစ် ပါချလိုက်ပါလေရော။
ပါးစပ်ကလဲ အော်ပါလေသတဲ့ လူချီး လူချီး မဟုတ်ရပါရှင့် နတ်ချီး နတ်ချီး ဖြစ်ပါလေသရှင့်ပေါ့ သူလဲ အဲဒီလိုအော်ရော နတ်ပွဲကြည့်နေတဲ့ လူထုကြီးက ပွဲခင်းထဲ အလုအယက်၀င်ကာ တယောက်တတို့ ကောက်ခါယူကာ နတ်ချီးဆိုပြီး စားကြလေသတဲ့။
အလိမ်အညာတတ်တဲ့ နတ်ကတော်ကတော့ အရှက်လဲ မကွဲတဲ့အပြင် ယုံကြည်လွယ် အားကိုးလွယ် ကိုယ်ပိုင်မဆုံးဖြတ်တတ်တဲ့ ပရိတ်သတ်ကြီးရဲ့ အလယ်မှာ လူတွေရဲ့ ယုံကြည်မှုတောင် ပိုပြီးရသွားသတဲ့။
ပုံပြင်လေးတော့ ဒါပါဘဲကွယ်။
အရှင်ကြီး အရှင်မြတ်များ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ ဘုရား (ရေးပြီးမှ ကြောက်တာ ကြောက်တာ ပြောမနေပါနဲ့တော့ 😀 😀 )
မာမာလွင်
၃၁။၁၀။၁၇