Friday, July 29, 2016

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး


ချစ်သားကြီး အောင်ဇွဲထက်ကျော်အတွက် မွေးနေ့အမှတ်တရ

ပျော်ရွှင်ဖွယ်ရာ မွေးနေ့အချိန်ခါ သမယမှာ
ကိုယ် စိတ် နှစ်လုံး ရွှင်ပြုံးပါစေ
ကျန်းမာခြင်းဆိုတဲ့ သုခ ပြည့်၀ပါစေ
လိုအင်ဆိုဆန္ဒ တလုံးတ၀ထဲ ပြည့်ပါစေလို့ ဆုမွန်ခြွေရင်း။

သားဆိုတာ အမေ့အတွက် အားတဲ့
သားဦးလေးမွေးတော့ ကျလာတဲ့ ပီတိမျက်ရည်
အမေ့အတွက် လက်ကိုင်ဒုတ်လေး တချောင်း
အမေ အပိုင်ရပြီပေါ့။

သားဆိုတာ အမေ့အတွက် ရတနာတပါး
သားဦး ရတနာတဲ့
ပီတိတွေဟာ ရင်မှာ ချက်ခြင်း ပြည့်လျှံညီးစေခဲ့တယ်
ပျော်တာပေါ့ သားရယ်
အမေဟာ သားဦးအမေ ဖြစ်ခဲ့ရပြီလေ။

သားဆိုတာ အမေ့အတွက် သခင်တပါး
အမေ အားကိုးထိုက်တဲ့ သား
ရင်မှာ ကျစ်ကျစ်ပါအောင် ပွေ့ထားရင်းက
မောပန်းခဲ့သမျှ ပြေပျောက်ခဲ့ရတယ်။

ဒီမှာလေ ဒို့တွေအတွက် ကောင်းခြင်းတွေကို သယ်ဆောင်လာသူတဲ့
နီရဲနေတဲ့ နူတ်ခမ်းလေးကို လှမ်းထိကြည့်တော့
အူဝဲဆိုတဲ့ သားရဲ့နူတ်ဆက်စကားက
အမေ့ရဲ့ ရင်၀ယ်ပီတိ ဂွမ်းဆီထိသလိုများ
တအိအိနဲ့ ပျော်၀င်သွားလိုက်တာ
ဒီကမ္ဘာမှာ အပျော်ဆုံးလူသားက အမေတယောက်ထဲများလား။

သားဆိုတာ အမေ့အတွက် ကဗျာတပုဒ်
ချစ်ခြင်းတွေ အကြင်နာတွေ
ဂရုဏာတွေ မုဒိတာတွေနဲ့
အိမ်ဆိုတဲ့ မိသားစု ကမ္ဘာလေးကို
သာယာစေအောင် သီကုံးခဲ့သူ

သားဆိုတာ အမေ့အတွက် ရသစုံပါတဲ့ ၀တ္ထုတပုဒ်
စေတနာ မေတ္တာ အကြင်နာတွေနဲ့
မိသားစုဆိုတဲ့ အိမ်ဂေဟာလေးကို
တည်ဆောက်ပေးခဲ့သူ

သားဟာ ဒို့တွေဘ၀ကို
စိုးမိုးတော့မဲ့ သူ
သားဟာ ဒို့တွေဘ၀အတွက်
အဓိပ္ပါယ်ပေါင်းများစွာ သယ်ဆောင်လာမဲ့သူ
သူဟာ မိဘအတွက် ထီးလိုမင်းလိုလူ

ဒီလို လူသား ကို
၃၀ /၇ /၁၉၈၉ဆိုတဲ့ နေ့မြတ် ချိန်ခါမှာ
အမေတို့လက်ထဲ အပ်နှင်းခြင်း ခံရသူ

Happy birthday to you
ပျော်ရွှင်ဖွယ် မွေးနေ့ကစလို့
နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
ဘ၀ကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိူင်ပါစေ ။

ဖေဖေဒေါက်တာအေးကျော် မေမေမာမာလွင်
ညီမလေး ပန်းဆုပြည့်ကျော်
၃၀ /၇ /၂၀၁၆