ဒီနေ့မှ ထူးထူးခြားခြား သတိတွေ ရနေတာ မဟုတ်ဘဲ နေ့တိုင်းလိုလို ကျမသတိရနေတတ်တဲ့ သူတစ်ယောက် ရှိခဲ့ပါတယ် သူကတော့ ကျမတို့ အရမ်းချစ်ရတဲ့ အမေ့ရဲ့ အစ်မအကြီးဆုံးပါ။
ဒီနေ့က ကျမရဲ့မွေးနေ့ပါ မွေးနေ့မှာ အဖေနဲ့အမေ့ဆီကို ဖုန်းဆက်ဖြစ်ပါတယ် အဖေနဲ့အမေ နေထိုင်ကောင်း ကြတယ်ဆိုတာ သိရတော့ အရမ်းကိုလဲ စိတ်ချမ်းသာခဲ့ရပါတယ် အဖေနဲ့အမေ့ကို ဖုန်းထဲကနေဘဲ ကန်တော့လိုက်ပြီး အမေနဲ့အဖေတို့ပေးတဲ့ဆုတွေကို တစ်သီကြီး ယူလိုက်မိပါတယ်။
ပြီးတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမရဲ့အဖွားနဲ့ကြီးကြီးကို စိတ်ထဲကနေမှန်းပြီ းကန်တော့ပါတယ် သူတို့ပေးတဲ့ ဆုတွေကိုကျမ မကြားနိူင်ပေမဲ့ စိတ်ထဲကရည်မှန်းပြီးဘဲ ယူလိုက်မိပါတယ်။
ကျမအတွက်တော့ သူတို့နှစ်ယောက်က အမြဲစောင့်ရှောက်နေတယ်လို့ ခံစားနေရတဲ့ ကျမမှာ ဘာစိတ်ညစ်စရာတွေဘဲရှိရှိ သူတို့နှစ်ယောက်ကို စိတ်ထဲက ရည်မှန်းပြီး တိုင်တည်လိုက်ရင် အမြဲတမ်း အဆင်ပြေသွားတတ်တာတွေက ကျမအတွက် သက်သေတွေ ရှိနေလို့ပါ။
ကျမက အမေ့ရဲ့အမေနဲ့ အစ်မအကြီးဆုံးရဲ့လက်ထဲမှာ ကြီးခဲ့ရတာမို့ အဖွားနဲ့ကြီးကြီးက ဘယ်သောအခါမှ ကျမကို မေ့ထားမှာ မဟုတ်ဘူးဆိုတာလဲ သိနေတဲ့အတွက် ကျမရဲ့ အခက်အခဲတွေကို တိုင်တည်မိတာလဲ ကျမမမှားဘူးလို့ ထင်ခဲ့မိပါတယ်။
ကြီးကြီးက အပျိုကြီးပီပီ စည်းကမ်းကြီးပါတယ် သူ့ရဲ့စည်းကမ်းအောက်မှာ နေခဲ့ရတဲ့ ကျမတို့တွေက ကြီးကြီးလို ဘာကိုမဆို ခေါက်ရိုးကျနေခဲ့တာကလဲ ဆန်းမယ်မထင်ပါဘူးရှင် ကျမတို့မောင်နှစ်မ ငါးယောက်လုံးဟာ အဖေအမေ ဝန်ထမ်းတွေရဲ့သားသမီးတွေမို့ အဖွားရယ် ကြီးကြီးအပျိုကြီးနဲ့ အကူအဖော်တွေနဲ့နေခဲ့ရတာ များပါတယ်။
အဖွားက လေဖြတ်ထားလို့ လမ်းမလျှောက်နိူင်ပေမဲ့ ကျမတို့မောင်နှစ်မငါးယောက်စလုံးကို သူကိုယ်တိုင် နို့ဘူးဖျော်ပြီး တိုက်ခဲ့တာပါ သန့်ရှင်းသပ်ရပ်လွန်းတဲ့ အဖွားဟာ မိုးလင်းတာနဲ့ ကလေးတွေ အစာအတွက် ဓါတ်ဘူးလေးငါးလုံးနဲ့ အလုပ်တွေရှုပ်နေတတ်တာ ကျမတို့ရဲ့ ငယ်ပုံရိပ်တွေမှာ မေ့မရတဲ့ အရာတစ်ခုပါ
လေဖြတ်ထားလို့ လမ်းမလျှောက်နိုင်ပေမဲ့ အဖွားရဲ့သန်စွမ်းနေတဲ့ လက်ချောင်းလေးနဲ့ ဖျော်တဲ့နို့ဗူးကို သောက်ပြီးကျမတို့မောင်နှစ်မတွေ အားတွေပြည့်ခဲ့ရတာပါ။
ကျမ၇တန်းနှစ်မှာအဖွားဆုံးသွားပါတယ် အဖွားဆုံးတော့ကျမတို့မောင်နှစ်မတွေရဲ့တာဝန်ကိုကြီးကြီးက ယူခဲ့ပြန်ပါတယ် ကြီးကြီးလက်ပေါ်မှာကြီးခဲ့တဲ့ကျမကသမီးမိန်းကလေးအကြီးဆုံးမို့ ကြီးကြီးသွားလေရာ ပါတတ်ပါတယ်။
ကြီးကြီးခြံထဲသွားရင်ပါတတ်သလို ဘုရားသွားကျောင်းတက်ရင်လဲရင်လဲပါတတ်ခဲ့ပါတယ်
အိပ်ရင်လဲကြီးကြီးနဲ့ဘဲအတူတူအိပ်ခဲ့ပါတယ် ကြီးကြီးကကျမအတွက်အိပ်ယာဝင်ပုံပြင်များကို မရိုးနိူင်အောင်ပြောပြတတ်သူလဲဖြစ်ပါတယ်။
မနက်တစ်ခါ ညနေတစ်ခါ ဘုရားရှိခိုး တတ်အောင်လဲ ငယ်ငယ်ကတည်းက သင်ပေးခဲ့ပြီးဘုရား တရား သံဃာ မိဘ ဆရာသမားတို့ကို မမေ့မလျှော့အောင်လဲ သင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။
လူကြီးမိဘတွေကို ရိုသေတတ်အောင် ငယ်ရွယ်သူတွေကို ကူညီတတ်အောင်လဲ သွန်သင်တတ်ခဲ့တဲ့ သူတွေကြားမှာ ကြီးပြင်းခဲ့တဲ့ သူတွေပါ။
တူ တူမတွေအတွက် လိုလေသေး မရှိခဲ့တဲ့ ကြီးကြီးကို ကျမတို့ တစ်နေ့မှ မမေ့ခဲ့ပါဘူး ကျမတို့ အနားမှာ အမြဲတမ်း ရှိနေစေချင်ခဲ့ပြီ းအမြဲတမ်းလဲ လိုအပ်နေခဲ့သလို ခံစားရပါတယ် သူမရှိတော့ပေမဲ့ သူ့ရဲ့အိပ်ယာဝင်ပုံပြင်တွေက ဒီနေ့ထိ ကျမကို လွှမ်းမိုးထားနိုင်တုံးပါ။
အာရုံဆွမ်းအတွက် မနက်မနက် ဆွမ်းထချက်ရင် ဘယ်တော့မှ ကျမတို့ကို သူဘက်က ဘယ်သူထ ဘယ်ဝါထပါ လို့မနိုးပေမဲ့ ကြီးကြီးရဲ့အအိပ်ကြီးသောသူ အစားကြီးသောသူ သူများကျွန်မျိုးနဲ့တူလို့ ကြီးကြီးဆိုလိုက်တာနဲ့ သူ့ကိုဝိုင်းကူဖို့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်ပြီး မီးဖိုဆောင်ရှိရာကို လှမ်းခဲ့ရတဲ့နေ့တွေကလဲ ကျမတို့အတွက် အမှတ်အရဆုံးသော ကြီးကြီးရဲ့ ပညာသားပါပါ အိပ်ယာက နိုးခြင်းလေးတစ်ခုကတော့ အမှတ်ရစရာလေး တစ်ခုပါဘဲ။
ဒါပေမဲ့လဲ ကြီးကြီးဟာ သူ့ကိုကျမအမြဲတမ်း လိုအပ်နေမှန်းသိရက်နဲ့ ကျမအသက်၃၁နှစ်မှာ သူ ကျမတို့မောင်နှစ်မတွေကို အပြီးအပိုင် နူတ်မဆက်ဘဲနဲ့ ခွဲသွားခဲ့ပါတော့တယ်။
Mar Mar Lwin
12/3/2011