Saturday, September 30, 2017

စာနာစိတ်


အသက်လေး ရလာတော့ အိမ်မှာနေရတာ တခါတလေ ညီးငွေ့လာသလိုလို ဖြစ်လာခဲ့တယ် ဘာသာရေးလုပ်ပါလို့ တိုက်တွန်းသူတွေအတွက် ပါးစပ်က အပြောကတော့ အရမ်းကို လွယ်ပါတယ်။

တရားတွေနာပါ အားထုတ်ပါလို့ ပြောတဲ့သူတွေ ပြောကြပေမဲ့ တကယ်တမ်း တရားအားထုတ်ဖို့ဆိုတာ နည်းပေး လမ်းညွှန်တတ်တဲ့ ဆရာကောင်းတော့ လိုပါတယ်။

စာအုပ်တွေဖတ်ပါ အခွေတွေဖွင့်ပြီး နာပါလို့ ပြောကောင်း ပြောကြပါလိမ့်မယ် တကယ်တမ်း လက်တွေ့မှာ ရာနူန်းပြည့်တော့ ဖြစ်မလာနိူင်ပါဘူး ကိုယ်မသိတာတွေ နားမလည်တာတွေ မေးဖို့ဆိုတာ ဆရာတဆူ ရှိမှသာ အဆင်ပြေပါတယ်။

အဲဒီလိုနဲ့ ကျမအသက် ၅၂နှစ်ကျော်မှာ ဘာသာရေး လူမှုရေးတွေနဲ့ ကင်းကွာကာ အထီးကျန်သလို ခံစားလာရလေတော့ သေဖို့ရက်လဲ နီးလာပြီ ငါတတ်နိူင်သလောက် လေးတော့ လုပ်အားဒါန အလှူလေး လုပ်အုံးမှပါဆိုပြီး စိတ်ဆုံးဖြတ်လိုက်တယ်။

တပါတ် ၂ရက်လောက်တော့ လုပ်အားအလှူလေး လှူမယ်ဆိုပြီး အဖိုးအဖွားတွေကို သီးသန့်ထားတဲ့ ရွာလေးကို ရောက်သွားခဲ့တယ် ရွာဆိုတာက တင်စားပြီး ပြောလိုက်တာပါ အိမ်လေးတွေ အဆောင်လေးတွေ အများကြီးဆောက်ထားပြီး တနေရာထဲမှာ သီးသန့်နေကြလို့ ခေါ်လိုက်တာပါ။

ပိုက်ဆံချမ်းသာတဲ့ သူတွေက အိမ်လုံးချင်းလေးတွေနဲ့ နေကြပြီး အဆင်မပြေ သူတွေကတော့ အဆောင်လေးတွေမှာ နေကြတယ်။

အဲဒီရောက်သွားတော့ စစတွေ့တွေ့ချင်း တရားသဘောလေး အရင်မြင်လိုက်မိတယ် အားလုံးဟာ အရွယ်လွန်ပြီး သေဖို့အတွက် နာရီ နေ့ ရက်ဆိုတဲ့ အချိန်ကို တန်းစီကာ စောင့်နေကြသူတွေ အများကြီးပါဘဲ အဲဒီမှာ ကျမပိုပြီး သိလိုက်ရတာက အို နာ သေပေါ့။

နောက်တော့ သူတို့စိတ်ကို ဖောက်ထွင်းမြင်လာတယ် အဲဒီအချိန်ကစလို့ အတွေးထဲကို ချက်ချင်း၀င်လာတယ် သူတို့ဟာ သားသမီးတွေ အပေါ်မှာ တာ၀န်မကျေခဲ့အတွက် အရှင်လတ်လတ် ၀ဋ်ခံစားနေကြရတဲ့ သူတွေဆိုတာပါဘဲ။

သားသမီးတွေကို အသက်၁၇နှစ် ၁၈နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဆိုပြီး ပြန်လှည့်မကြည့်တော့တဲ့ သူတို့အလေ့အထက သူတို့ကို ၀ဋ်လိုက်စေခဲ့လို့ ကျမမြင်မိသွားခဲ့တယ်။

သူတို့အသက်ကြီးလို့ ခိုကိုးရာမဲ့လာတဲ့အချိန်မှာ သားသမီးတွေကလဲ သူတို့ကို တဖန်ပြန်ပြီး ပြုစုယုယမှုတွေ ပြန်မပေးကြတော့ပါဘူး အဲဒီလိုနဲ့ဘဲ နွေးထွေးမှုမပါဘဲ တာ၀န် ၀တ္တရား အလုပ်ဆိုတာတွေထဲက ၀တ်ကျေတမ်းကျေဆိုတဲ့ နေရာတွေကို သူတို့တွေ ရောက်ကုန်ကြပါတယ်။

မိုးလင်းက မိုးချုပ် မစားချင်လဲ ငိုယိုပြီးစားရခြင်း ဆာလောင်နေလို့လဲ အစာကျွေးမဲ့ အချိန်ဆိုတာကြီးကို စောင့်ဆိုင်းနေရခြင်း ရေမချိုးချင်လဲ ငိုယိုပြီးချိုးရခြင်း စကားပြောချင်လို့လဲ စကားပြောဖော် မရှိခြင်း အစရှိတဲ့ နွေးထွေးမှု မရှိသော ရွာလေးထဲက အ်ိမ်ကြီး အိမ်ငယ်လေးတွေထဲမှာ တကိုယ်တည်း အဖော်မဲ့စွာ ဖြတ်သန်းနေကြရတဲ့ သူတွေရဲ့ ဘဝတွေပါ။

သားသမီးဆိုတာမျိုးကလဲ သူတို့တုန်းက ဥပေက္ခာပြုခဲ့တဲ့ မိဘဆိုသူတွေအတွက် သူတို့ရဲ့ တုန့်ပြန်မှုကလဲ မကောင်းတတ်လို့ လာကြည့်ပေမဲ့ သဘောလောက်ပါဘဲ မိဘနေမကောင်းလို့ လာကြည့်လဲ မိုးတိုးမတ်တတ် ၅မိနစ်လောက်ပါဘဲ။

တခါတရံမှာ သူတို့ဟာ ဟိုးအဝေးကြီးကို လှမ်းမျြှော်ကည့်နေတတ်သလို ရံဖန်ရံခါမှာတော့ ခေါင်းငိုက်စိုက်ချပြီး ဘာစကားမှ မပြောဘဲ တွေဝေနေတတ်ပါတယ်။

လွမ်းလွမ်းဆွေးဆွေး သီချင်းလေးဖွင့်ပြီး ကတုန်ကရင်နဲ့ လောကကြီးကို ဖြတ်သန်းနေသူတွေ အိပ်ယာဘေးမှာ ရေဒီယိုလေးဖွင့်ပြီး သတင်းနားထောင်နေတဲ့သူတွေ ရှိတတ်သလို အစာမစားချင်လို့ ရှိတဲ့အားအင်လေးနဲ့ ပါးစပ်ကို အတင်းစေ့ထားသူတွေ ရေမချိုးချင်လို့ ချိနဲ့နေတဲ့ လက်အစုံနဲ့ ကုတင်ဘောင်ကို အတင်းကုတ်တွယ်ထားသူတွေ ဝေဒနာ ခံစားနေရလို့ ငါ့ကိုကယ်ကြပါဆိုပြီး အော်နေတဲ့သူတွေ ဒါတွေကို မြင်ရတာ ကျမအတွက်တော့ တကဲ့ကို အနိဌာရုံတွေပါဘဲ။

ဒီလိုလူတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ နေရာတွေမှာ နွေးထွေးအရိပ်အယောင်တွေ မရှိသလောက် ရှားပါးကြပြီး ဘယ်လိုတွေ ဆက်ဆံကြတယ် ဘယ်လိုတွေ ပြုမူကြတယ် ဆိုတာကို မြင်မိတဲ့ ကျမအတွက်တော့ တကဲ့ကို ငရဲခန်းကြီး တခုထဲ ရောက်နေရသလိုပါဘဲ။

လူတိုင်းလူတိုင်း ပြေးမလွတ်နိူင်တဲ့ အို နာ သေဆိုတဲ့ တရားသဘောကြီးကိုလဲ သူတို့က ပြပေးနေသလို သူတို့ရွာလေးကို ခပ်ဝေးဝေးက မြင်လိုက်ရတာနဲ့ စိတ်မကောင်းခြင်း များစွာတို့ကိုလဲ ဖြစ်စေခဲ့ပြန်ပါတယ်။

သူတို့အတွက် နောက်ဆုံးရလာဘ်ကတော့ ခန္ဓာနဲ့ဝေဒနာဟာ ဆက်စပ်နေသလို ခန္ဓာနဲ့ စိတ်ကလဲ မသေသေးသ၍ အစဉ်တွဲနေတယ် ဆိုတာပါဘဲ ခန္ဓာမှာ ဝေဒနာပေါ်လာတိုင်း သူတို့စိတ် အစဉ်မှာလဲ သူတို့က မပေးခဲ့လို့ ပြန်မရခဲ့တဲ့ ချစ်ခြင်း မေတ္တာ စေတနာ ဂရုဏာ ပြုစုခြင်း ယုယခြင်း ကြင်နာခြင်းတွေကို သူတို့ အရမ်းကို လိုနေချိန် တမ်းတနေချိန်မှာ သူတို့သိတာ အရမ်းကို နောက်ကျသွားခဲ့ကြပါပြီ။

အခုလို ရေးမိတဲ့အတွက် သူတို့လုပ်နေတဲ့ အလုပ်ကို ထိခိုက်ခြင်းမဟုတ်ပါ အပြုသဘောနဲ့သာ ဖတ်ပေးစေချင်ပါတယ် တရားဆိုတာ ပြပေးသူက ပြပေးမှသာ ယူတတ်သူက ရလာတယ် ဆိုတာကို သိစေချင်လို့ ရေးလိုက်ခြင်းမျှသာပါ။

အားလုံးဘဲ စိတ်လက်ရွှင်လန်း ချမ်းမြေ့ကြပါစေ လောကကြီးမှာ ပေးတတ်သူနဲ့ယူတတ်သူ ရယူသူနဲ့ ပြန်လည်ဝေငှသူများသာ ရှိကြပါစေလို့ ဆန္ဒပြုရင်းဖြင့် ဤအဖိုးအဖွားများသည် ကျမအတွက် တရားပြပေးသူများ ဖြစ်လာခဲ့ပါတော့တယ်။

၃၀။၉။၁၇