Monday, February 8, 2016

မြတ်ဆရာ


ဆရာဟူသည်
စေတနာကို အဖော်ပြုရင်း
၀ါသနာကို ရှေ့တန်းတင်ကာ
အနစ်နာကို ရင်၀ယ်ပိုက်လို့
တပည့်အပေါင်းကို ထွန်းတောက်စေခဲ့သူ

ဆရာဟူသည်
တပည့်အပေါင်းကို ပန်းကလေးလို နူးညံ့သိမ်မွေ့စွာနဲ့ လှစေချင်သူ
တပည့်အပေါင်းကို ပွဲလည်တင့်စွာနဲ့ နေစေချင်သူ
တပည့်အပေါင်းကို ရဲဝံ့စွာနဲ့ နေစေချင်ခဲ့သူ

ဆရာဟူသည်
တပည့်တွေအတွက် ခေါင်းဆောင်မွန်
တပည့်များရဲ့ အားကိုးထိုက်သူ
တပည့်အပေါင်းတို့ရဲ့ လေးစားခြင်းကို ခံခဲ့ရသူ

ဆရာဟူသည်
တပည့်များအပေါ် ကြောသား ရင်သား မခွဲခြားတတ်သူ
တပည့်များအပေါ် စေတနာတခု အရင်းပြုလို့ သူ့ဘ၀ကို အပွန်းခံသူ
တပည့်များအပေါ် အောင်မြင်လိုမှု အကြောင်းပြု၍ အမုန်းခံကာ တိုက်ပွဲဆင်နွှဲသူ

ဆရာဟူသည်
သူပျိုးခဲ့တဲ့ တပည့်ပန်းတခင်းကို အမြဲတမ်း လန်းစေချင်သူ
သူထုဆစ်ခဲ့တဲ့ တပည့်တွေလျှောက်ခဲ့တဲ့ လမ်းမတခုကို အမြဲတမ်း ဖြောင့်ဖြူးနေစေချင်သူ
သူထွန်းညှိခဲ့တဲ့ တပည့်တွေအတွက် အလင်းတမ်းတခုကို အမြဲတမ်း တောက်ပနေစေချင်သူ

ဆရာဟူသည်
ဖြူစင်သော စိမ်းလန်းသော ၀တ်စုံတခုကို အရင်းပြုလို့
က ခ ဂ ဃ င ကို အသံကုန်ဟစ် ဟန်လွှဲလက်ပြစ် အဆိုတော်တယောက် ဖြစ်ခဲ့သူ
ဆိုးသွမ်းတပည့်အပေါ် သွန်သင်ဆုံးမ ပဲ့ပြင်ပြသူ တပည့်တို့အတွက် ဘုရားတဆူ

ဆိုပါ ရေးပါ အကြိမ်ကြိမ်အခါခါ အလင်းပြလို့
ပါရမီနည်းသူ တပည့်သူတို့အတွက် လက်ဆစ်ကိုခေါက် လူဆိုးထိမ်းကြီး လုပ်ခဲ့သူ
တပည့်သာ၀ကအပေါင်း လူပုံအလယ်မှာ ပွဲလယ်တင့်တာ မြင်ရပြန်တော့
ဒါဟာငါ့တပည့် ငါ့ရင်က ဖြစ်စေခဲ့တဲ့ သားတပည့်ဆိုပြီး
ပီတိမျက်ရည် လှိုင်လှိုင်ဝေကာ ဒိသာပေါက္ခကြီးလို ဂုဏ်ယူနေတတ်သူ

ဒါပေမဲ့လည်း
ဆရာဟူဟူက တပည့်မရှား တပြားမရှိလည်း ပိတိကိုစားရင်း ၀မ်းဝနေသူ
တပည့်ဆရာ၀န် အင်္ဂျင်နီယာ ပညာရှင် စီးပွားရေးလုပ်ငန်းရှင် ပြန်တမ်း၀င်အရာရှိ
စသည်စသည်တို့အတွက် ဂုဏ်တ၀င့်၀င့်နဲ့ ကြည့်တတ်ခဲ့သူ

ပညာပါရမီ နည်းလေသူတို့ ဘ၀ဇာတ်ခုံ အစုံစုံမှာ ကျင်လည်စွာကပြ
ချွေးသံတရွှဲရွှဲ ရုန်းကန်လေသူတို့နဲ့ တွေ့ပြန်တော့
အော် တပည့်ရယ် တတ်သည့်ပညာ မနေသာသလို ရိုးသားကြိုးစားပါ
တပည့်များအပေါ် ဂရုနာဒေါသော အပြည့်နှောလို့
ဘ၀ဆိုတာ တိုက်ပွဲပါဘဲ အကြိမ်ကြိမ်နွှဲလို့ လှေခွက်ကြီးကျန် အလံမလဲစေနဲ့ ချစ်တပည့်လို့
အားပေးကာ ဂုဏ်ပြုပေးတတ်သူ

ထိုထိုသူကား မြတ်ဆရာတည်းပင် ဖြစ်လေတော့သည်
ရေး၍ကားမကုန် မြတ်ဆရာဂုဏ်

သူငယ်တန်းလေးမှ အစပြု၍ ဒီနေ့ထိ ပညာမျိုးစုံ လက်ဆင့်ကမ်းပေးခဲ့သော သင်ဆရာ မြင်ဆရာ ကြားဆရာ မြတ်ဆရာများအား ဂုဏ်ပြုလျှက်
တပည့် မာမာလွင်
၉ /၂ /၂၀၁၆