Friday, June 23, 2017

ROCKHAMPTON TO CAIRNS ( part 4)




ကျမတို့စီးလာတဲ့ ကားကြီးက ငြိမ့်ငြိမ့်ညောင်းညောင်းလေး မောင်းနှင်လာတဲ့အတွက် နေ့လည်ပိုင်းလောက်မှာ ကားပေါ်ပါ ခရီးသည်တွေဟာ နေ့လည်စာ စားအပြီးမှာ ငိုက်မြည်းစ ပြုလာကြပါပြီ။

ကားပေါ်မှာရတဲ့ ဝိုင်ဖိုင်ရယ် ကိုယ့်ထိုင်ခုံမှာဘဲ ဖုန်းမီးအားသွင်းလို့ ရနေတာကြောင့် အားလုံးက နားကြပ်ကိုယ်စီတပ်လို့ နှစ်သက်ရာကို နားထောင်ကြရင်း တိတ်စိတ်စွာ လိုက်ပါလာကြပါတယ်။

နောက်တမြို့ ၀င်ကာနီးမှာတော့ ကားဒရိုင်ဘာက ကျန်းမာရေးအတွက် ကားအောက်ကို ဆင်းဖို့သတိပေးပါတယ် အပေါ့အပါးသွားသူ မုန့်စားသူ ဆေးလိပ်သောက်သူတို့ အတွက် အချိန် နာရီ၀က်ထပ်ပေးတဲ့အတွက် ကားအောက်ကို ဆင်းကြရပြန်တယ်။

ကျမကတော့ ဆီးချိုရှိသူမို့ အခုလိုကားကို မကြာမကြာ ရပ်ပေးတာကို သဘောကျမိတယ် ကားရပ်တာနဲ့ရတဲ့အချိန်လေး ဓါတ်ပုံပြေးရိုက်ရင်း လမ်းလေးလျှောက်လိုက်ရတဲ့အတွက် စိတ်လက်ပေါ့ပါးသလို ခံစားမိပါတယ်။

မြို့တွေ၀င်တိုင်း သတိထားမိတာ တခုကတော့ သစ်ပင်တွေ ပေါများသလောက် အမှိုက်တစမှ မတွေ့မိတာပါဘဲ အားလုံးဟာ အနားသပ် ဘောင်ကွတ်ထားပြီး သပ်ရပ်နေတဲ့ ပန်းချီကား တချပ်လို မြင်နေရတာကိုက အံ့သြစရာပါဘဲ။

လမ်းတလျှောက် အိမ်တွေ အများစုဟာ တဖက်ခြမ်းက ပင်လယ်ဖြစ်နေတဲ့အတွက် တဖက်ခြမ်း တောင်စောင်းတွေမှာ အိမ်တွေကို ဆောက်ထားကြတာ များပါတယ်။

တမြို့၀င် တမြို့ထွက် မောင်းလာတဲ့ကားကြီးကတော့ သူ့တာ၀န်ကို သူကျေအောင် ဆောင်ရွက်ပေးခဲ့သလို ခရီးသည်တွေထဲမှာလဲ ကမ္ဘာလှည့် ခရီးသည် အများစုပါတဲ့အတွက် အားလုံးလိုလိုဟာ ကျမတို့သွားမဲ့ မြို့လေးဆီကိုဘဲ သွားကြမဲ့သူတွေ ဖြစ်နေပါတယ်။

ညကမှောင်စပြုလာပါပြီ ညမှောင်လေ တောကနက်လာလေ လမ်းဘေးမီးတိုင်တောင် မရှိတော့တဲ့ တောနက်ကြီးထဲမှာ အပြိုင်မောင်းမဲ့ ကားတွေမရှိသလို ကျော်တက်မဲ့ ကားလဲမရှိ အရှောင်အတိမ်း ကားလဲ မရှိသလောက် ရှားခဲ့ပါတယ်။

ည၇နာရီလောက်မှာတော့ ညစာအတွက် ပင်လယ်ကမ်းစပ်နားက ပင်လယ်စာ အစာဆိုင်မှာ ကားကိုရပ်ပါတယ် သမီးလုပ်သူက အစားနဲ့ပါတ်သက်ရင် တည်ငြိမ်သလောက် အမေကတော့ ဂဏန်းကောင်ကြီးတွေ့ထဲက သိပ်ပြီးဂနာက မငြိမ်ချင်တော့ပါဘူး။

မေမေက ပင်လယ်စာစားမယ် ဘာညာညာသကာပြောပြီး စားမိပေမဲ့ သမီးကတော့ အာလူးကြော်တထုတ် အအေးတပုလင်းနဲ့ ကျေနပ်နှစ်သိမ့်ကာ ခရီးဆက်ကြပြန်ပါတယ်။

တောနက်နက် လမ်းတလျှောက်မှာတော့ ကားမီးရောင်ကြောင့် မြင်နေရတဲ့ သားပိုက်ကောင် လမ်းဖြတ်ကူးသည့်နေရာများ ငှက်ကုလားအုပ်များ လမ်းဖြတ်ကူးသည့် နေရာများအတွက် သတိပေး ဆိုင်းဘုတ်လေးတွေကတော့ လမ်းတလျှောက်လုံးရဲ့  ကားလမ်းဘေး ဝဲယာမှာ ပြည့်နှက်လို့ နေပါတယ်။

သစ်ပင်တွေကို အလားဟသပ် ခုတ်မပြစ်သလို တောရိုင်းတိရစ္ဆာန်လေးတွေ အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးနိူင်သလို မောင်းနှင်းလာတဲ့ ကားတွေလဲ တောရိုင်းတိရစ္ဆာန်တွေကြောင့် အန္တရာယ်ကင်းစွာ မောင်းနှင်းနိူင်အောင် ဆိုင်းဘုတ်လေးတွေ ထောင်ထားတာကလဲ အတုယူစရာပါ။

ညမှောင်မှောင်ထဲ မောင်းလာတဲ့ကားဟာ ည၁၀နာရီအကျော်လောက်မှာ ကျမတို့သွားလိုရာ မြို့လေးကို ရောက်ဖို့ နာရီ၀က်အလိုမှာ ဒရိုင်ဘာဆီက Cairns မြို့ကို မကြာခင် ရောက်ပါတော့မယ် မြို့ရဲ့ ညအလှကို ခံစားနိူင်အောင် ကြိုတင်အသိပေးပါတယ်ဆိုတဲ့ စကားကို ကြားလို့အပြီးမှာတော့ အားလုံးသော ခရီးသည်တွေက လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပါပြီ။

အလှပြင်သူကပြင် ကားပေါ်မှာဘဲ အ၀တ်အစားလဲသူကလဲ စကားတွေပြောကြနဲ့ စာသိုက်ကို ဒုတ်နဲ့ထိုးသလိုမျိုး ဖြစ်လာခဲ့ပါတော့တယ်။

အဲဒီအချိန်မှာဘဲ သမီးတို့အဖေဆီက ဖုန်း၀င်လာပါတယ် အခုဘယ်နားလောက် ရောက်ပြီလဲ ဖေဖေကတော့ ကားဂိတ်နားကို ရောက်နေပြီပေါ့ သိပ်မကြာခင် ရောက်လာတော့မယ် ပြောပြီး ဖုန်းပိတ်ကာ မြို့အ၀င်ကို ငေးလိုက်မိတော့

အလို မြို့အ၀င်လေးက လှလိုက်တာ သစ်ပင်တွေမှာ မီးလုံးလေးတွေ အလှဆင်ထားတာ စင်္ကာပူနဲ့တူလိုက်တာ
ဟယ် ကပ်ပတိန်ကွတ် အရုပ်ကြီးကလဲ အကြီးကြီးပါလား အဲတော့ လေဆိပ်က မြို့လယ်ခေါင်မှာတော့ ဟယ် နိုက်မားကက်ဆိုပါလား ညဆယ်နာရီကျော်တာတောင် စားသောက်ဆိုင်တွေမှာ လူတွေအပြည့်ပါလား။

ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်နေတုန်း ဟဲ့ဟဲ့ ဟိုမှာ ဖေဖေ ဖေဖေ သမီးလုပ်သူက မမြင် ကိုယ်ကအရင်မြင်တာ 😀

သမီးက ကားပေါ်ကနေ ပြူးတူးပြဲတဲ ရှာနေတုန်း ကားကဆက်မောင်းသွားတော့ သူကမမြင်လိုက်ဘဲ ကိုယ်ကအရင်မြင်လို့ ကိုယ့်ကိုကိုယ် ဂုဏ်တွေတောင် ယူမိသေး 😀

ကဲ ရောက်ပါပြီ Cairns မြို့ကို ကားပေါ်ပါသူ အားလုံးဟာ ကိုယ့်အထုတ်ကိုယ်စွဲပြီး ကားအောက်ကိုဆင်း ကိုယ့်ပစ္စည်း ကိုယ်ရွေးပြီး ခရီးဆက်ကြလေသတည်း။

Thursday, June 22, 2017

ROCKHAMPTON TO CAIRNS (part 3)





လမ်းတလျှောက် ငေးချင်ရာငေးလာခဲ့တာ တမြို့နဲ့တမြို့ သိပ်မကြာလှဘူး ထင်ရပေမဲ့ လမ်းတလျှောက်က မြင်လာရတဲ့ ကြံခင်းတွေ သရက်ခင်းတွေကတော့ ရှုမျှော်လို့ကို မဆုံးနိူင်ခဲ့ပါ။

မြေကွက်လပ်ဆိုတာ မရှိသလောက်ကို စိုက်ထားတဲ့ အစောင့်မရှိတဲ့ ကြံခင်းတွေကိုကြည့်ရင်း အတွေးထဲ ဆိုးဝါးတဲ့ အတွေးတခုက ၀င်လာခဲ့ပြန်ရော အော် ဒို့မြန်မာပြည်ဆို အစောင့်မရှိတဲ့ အခင်းတွေ ခိုးခုတ်တာနဲ့တင် ကုန်မှာဆိုတဲ့ အတွေးလေးပါ။

ကြံခင်းဘေးမှာ ကားခနရပ်တော့ကြံလေး တချောင်းလောက် ဆင်းချိုးပြီး တဂွမ်းဂွမ်းနဲ့ အခွံခွာကာ ကြံစုတ်လိုက်ရရင် သိပ်ကောင်းမှာလို့ ကိုယ်ကိုတိုင်တောင် စိတ်နဲ့ပြစ်မှားမိခဲ့သေးတာလေ။

ဟိုး ဝေးဝေးကို မျှော်မိပြန်တော့ တောင်မြင့်မြင့်တွေမှာ ပေါက်နေတဲ့ သစ်တောအုပ်တွေက စိမ်းလန်းစိုပြေလို့ နေပြန်ပါတယ် ဘာမဆိုင် ညာမဆိုင် ငယ်ငယ်က ခြံထဲသွားရင် မြင်နေရတဲ့ စိမ်းစိုအုန့်မှိုင်းနေတဲ့ ပဲခူးရိုးမတောကြီးကို လွမ်းမိပြန်ရော အခုလောက်ဆို ပဲခူးရိုးမတောကြီးလဲ ကတုံးပြောင်နေလောက်ပြီ ထင်ပါရဲ့။

ကားပေါ်မှာ စပယ်ယာ မပါသလို မောင်းသူဒရိုင်ဘာ တယောက်ဘဲ ပါပါတယ် ခရီးသည် အများစုက ကမ္ဘာလှည့် ခရီးသည်တွေ ပါတဲ့အတွက် တလမ်းလုံးမှာ ဒရိုင်ဘာက ရောက်ရှိရာမြို့အကြောင်းကို ကားမောင်းရင်း ပြောပြပါတယ်။

စကားမစပ် ခန့်မှန်းချေ၂၇နာရီ ခရီးကို ဒရိုင်ဘာ လေးယောက်ချိန်းပါတယ် ခရီးစဉ်က Brisbane ကနေစထွက်ပြီး Rockhampton မှာ ဒရိုင်ဘာ တယောက် ချိန်းပြီး Rockhampton ကနေ Townsville မှာ ဒရိုင်ဘာ တယောက် လဲပါတယ်။

ဒရိုင်ဘာ လူချင်းချိန်းရာမှာလဲ သူတို့လူချင်း ချိန်းမဲ့နေရာမှာ ကုမ္ပဏီက ကားလေးနဲ့ ချိန်းမဲ့သူက စောင့်နေပြီး ကားကြီးမောင်းသူနဲ့ချိန်းကာ အရင်ကားကြီး မောင်းလာသူက ကုမ္ပဏီက ကားလေးနဲ့ သူ့ကုမ္ပဏီကုန် ပြန်ရုံပါဘဲ လမ်းခရီးတလျှောက် ဒရိုင်ဘာ၄ယောက်က ထိုနည်းအတိုင်းဘဲ ချိန်းသွားပါတယ်။

ခရီသွား ပြည်သူလူထုတွေအပေါ် အလေးထားတဲ့ စိတ်လေးကတော့ အတုယူစရာ အရမ်းကောင်းပါတယ် ကားခနနားပြီး မုန့်စား အလေးအပေါ့သွားပြီး ကားထွက်ကာနီးတိုင်း ဒရိုင်ဘာက စာရွက်ကိုင်ကာ လူစစ်ပါတယ် လူပြည့်ပြီဆိုမှ ကားထွက်ပါတယ်။

လမ်းခရီးတလျှောက် အများဆုံးတွေ့ရတာကတော့ လွမ်းမောဖွယ်ရာ သစ်ပင်တွေ အုံးစိုင်းနေတဲ့ တောင်တန်းကြီးတွေ ကြံခင်း သရက်ခြံ ဂျုံခင်း စပါးခင်းနဲ့ ဆိပ်ကမ်းတွေပါဘဲ

R0CKHAMPTON TO CAIRNS ( part 2)




ကျမတို့ စီးလာတဲ့ကားက ညဘက်ကြီး ထွက်လာတဲ့ကားဖြစ်တာမို့ မိုးသောက်ချိန်လဲကျရော မနက်အာရုံဦး နေနဲ့အတူ ကားပေါ်ပါ ခရီးသည်အားလုံးကို လန်းဆန်းစေခဲ့တာတော့ အမှန်ပါဘဲ။

အာရုံကျင်း အလင်းဆောင်ပြီဆိုတော့ ကီလိုမီတာ ၅၀ကျော်နဲ့မောင်းနေတဲ့ ကားကြီးပေါ်မှာ အိပ်ပျော်နေတဲ့သူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြပြီ အဲဒီတော့ ကိုယ်လဲဘုမသိ ဘမသိ လိုက်ပြီးလှုပ်ရတာပေါ့။

ခနနေတော့မှ ကားဒရိုင်ဘာက ဘယ်မြို့ကို ရောက်ပါပြီ မနက်စာစားမယ် အလေးအပေါ့လျှော့မယ် နာရီ၀က် အချိန်ပေးမယ်ဆိုတော့ ကားပေါ်က ခပ်သုတ်သုတ်ဆင်းပြီး လုပ်စရာရှိတာတွေ လုပ်ကြတယ် အဲဒီနာရီ၀က်အတွင်းမှာ အခက်က စတွေ့ပြီ ကိုယ်ကဘာလေးမြင်မြင် ဓါတ်ဆရာက လုပ်ချင်သေးတာ။

သမီးကို အရင်သွားခိုင်းကာ စားစရာပါ ၀ယ်ခိုင်းပြီး ကိုယ်ကတော့ မြင်မြင်သမျှ ဓါတ်ရိုက်ဓါတ်ဆင် လုပ်နေတုန်း ကားကြီးက ဘာမပြော ညာမပြော ဝူးကနည်း ထွက်သွားပါလေရော။

ဟယ် ကားကြီးထွက်သွားပြီ ငါကျန်ခဲ့ဆိုပြီး မျက်စေ့သူငယ် နားသူငယ်နဲ့ သမီးကိုဖုန်းခေါ် သမီးကလဲ မုန့်၀ယ်ပြီးလို့ဆိုင်ကထွက်အလာ အမေနဲ့ကားကြီးမတွေ့တော့ အမေကို ဖုန်းခေါ်။

မေမေဘယ်ရောက်နေလဲပေါ့ အမေကလဲ ငိုမဲ့မဲ့နဲ့ အမေကြံခင်းနားမှာ ဓါတ်ပုံရိုက်နေတာ ကျန်နေခဲ့ပြီ ပြောနေတုန်း ကားကြီးက ဝေါကနည်းဆိုပြီး စရပ်တဲ့နေရာကို ပြန်ပြီးထိုး၀င်လာ အဲဒီတော့မှ ကြံခင်းနာကနေ သမီးကိုကြည့်လိုက်တော့ သူကမုန့်ဆိုင်ထဲက မုန့်ထုတ်တွေနဲ့ ထွက်လာနေတုန်း အမေက သမီးကိုစိတ်ပူ သမီးက အမေကို စိတ်ပူနဲ့ ဒီလမ်းဒီခရီး ကျန်နေခဲ့ရင် ဒုက္ခ။

ကားပေါ်ရောက်တော့ ဆိုင်က၀ယ်လာတာတွေစားပြီး ကိုယ်ကငေးချင်ရာငေး တွေးချင်ရာတွေး ဘေးကသမီးလုပ်သူက မေမေဆေးသောက်လိုက်အုံး သတိပေးမှ ဆေးသောက်ဖြစ်သလို ကိုယ်က ခရီးသွားနေရင် ရောဂါဆိုတာလဲမေ့ ဝေဒနာဆိုတာလဲ မပေါ်။

သမီးက မေမေ ထိုင်ရတာ အဆင်ပြေရဲ့လား ခြေထောက်နေရတာ အိုကေလား ခါးနာလား တဖွဖွမေးပေမဲ့ ဝေဒနာဆိုတာ မေ့နေတဲ့ အမေက အိုကေတယ်ကြီးဘဲ ပြောလာပေမဲ့ တနေရာရောက်လို့ တခါကားအောက်ကို ဆင်းကာနီးတိုင်း ညောင်းနေတဲ့ ခြေထောက်ကို မနည်းဆန့် နာနေတဲ့ခါးကိုလက်ကလေးနဲ့အသာဖိလို့ မတ်တတ်ရပ်တိုင်း ကော့ကလန် ကန်ကားဖြစ်နေတဲ့ ကိုယ့်အဖြစ်က တကယ်တော့ သနားစရာပါ။

ဒါပေမဲ့လဲ အဆင်မပြေရင်ပြောနော် ဆိုတဲ့သမီးရဲ့စကားက ကိုယ့်အတွက်တော့ အကိုက်အခဲ ပျောက်ဆေး မသောက်ဘဲ သက်သာနေသလိုမျိုးပါ

ROCKHAMPTON TO CAIRNS (part 1 )



အိမ်ပြောင်းလာတုန်းက ၁၈နာရီ ခရီးကို ကားစီးပြီး လာကြတဲ့ သားအမိ၂ယောက်ရဲ့ လမ်းခရီးတလျှောက် ရီရတာလေးတွေ သတိတရ ပြန်ပြောပြအုံးမယ်။

ခရီးစဉ် တခုလုံး ဟိုတယ်က စမထွက်ခင်ထဲက ဥဥ့်၁နာရီ ကားထစီးရမှာမို့ စင်္ကာပူက သားကြီးက မေမေက ခပ်စောစောလေး အရင်အိပ် မီးမီးက မေမေနိုးရင် ခနအိပ်ဆိုပြီး အစီအစဉ်ဆွဲ မောင်နှမ၂ယောက် ဖုန်းတဂွမ်ဂွမ်ဆက်။

ဟိုတယ်ခန်းထဲမှာ ကိုယ်ကအိပ်မပျော် ကားနောက်ကျမှာဆိုးပြီး စိတ်တွေကလောနေချိန် စင်္ကာပူက သားကြီးက နာရီ၀က်တခါ ဖုန်းခေါ်ကာ အိပ်ပျော်မယ်နော် အိပ်ပျော်နေမယ်နော်နဲ့ သတိပေး taxi ခေါ်ပြီးတာနဲ့ တယောက်က ပစ္စည်းတင်နေတုန်း တယောက်က taxi နံပါတ်ကို ဓါတ်ပုံရိုက် သားဆီကို အမြန်ပို့ပေးဖို့ သားလုပ်သူက ဖုန်းကနေမှာတာတွေ အမေကို လုပ်ပေးဖို့ မှာကြား။

နောက်ဆုံးတော့ တနာရီနီးပြီ အိပ်လို့လဲ မပျော်တဲ့အတူတူ အ၀တ်အစားလဲ ကော်ဖီသောက်ပြီး taxi ခေါ်ဖို့ သမီးကိုပြောတော့ သမီးက taxi ခေါ် ပြီးတာနဲ့ ကီလို ၁၆၀ကျော် သယ်လာတဲ့ ပစ္စည်းတွေကို သူကိုယ်တိုင် အခန်းပြင်ထုတ်ကာ ဖုန်းက ဓါတ်မီးလေးဖွင့်ပြီး ဟိုတယ်အခန်းသော့ ပြေးအပ် ပြန်လာပြီး သူကိုယ်တိုင် ပစ္စည်းတွေ ကားပေါ်တင်ကာ ကားဂိတ်ကို ထွက်လာကြတယ်။

Taxi ပေါ်ရောက်တာနဲ့ ကားနံပါတ် ဘာညာညာသကာ အမေက သားဆီလှမ်းပို့ တချိန်လုံး ဖုန်းနဲ့အင်တာနက် ဖွင့်ထားဖို့ သားကပြော သူကလဲ အချိန်ပြည့် မက်ဆေ့ပို့ ဒီလိုနဲ့ ကားဂိတ်ကို ရောက်လာပါလေရော။

ကားဂိတ်ရောက်တော့ ကားဂိတ်မှာ အိမ်ယာမဲ့ ဆေးသမားလေးတွေ တွေ့တော့ ပစ္စည်းတွေ ချပြီးကာမှ စိတ်တွေထဲ ကြောက်တာ ကြောက်တာဆိုတာ ပြောမနေပါနဲ့တော့ ကြောက်တာနဲ့ ကိုယ်စိတ်ဆက်စပ် ရောဂါက စလာကာ အိမ်သာတက်ချင်လာရော။

Taxi ဒရိုင်ဘာက ပစ္စည်းတွေ ချပေးပြီးပေမဲ့ ကားမလာမချင်း မိနစ်၂၀လောက် ကား၀င်းထဲမှာ စောင့်ပေးလို့ တော်သေးတယ် ခနနေတော့ ကားကြီးမောင်းမဲ့ ဒရိုင်ဘာရောက်လာတယ် ဒီမြို့ကတက်မှာ နင်တို့၂ယောက်ရယ် နောက်တယောက်ရယ်တဲ့ ကိုယ်ကတော့ စကားလဲ ပြန်မပြောနိုင် အိမ်သာတက်ချင်တာ မျက်စေ့မျက်နှာတွေ ပျက်နေပြီ။

နောက်တော့ မရတော့ဘူး သမီးကိုပြောတော့ သမီးက အိမ်သာလိုက်ရှာပေးတယ် မေမေရေ တွေ့ပြီ မြန်မြန်ပြေးဆိုတော့ ခပ်သုတ်သုတ်ပြေး ပြသနာကိုရှင်း ပြန်ထွက်လာတော့ ကားကရောက်နေပြီ ပစ္စည်းတွေ တင်ပြီးတာနဲ့ ကားက တန်းထွက်။

တလမ်းလုံး လူကြီးဖြစ်တဲ့ ကိုယ်က ကလေး ကလေးဖြစ်တဲ့ သမီးက လူကြီးဖြစ်ကာ အမေဂျီတိုက်သမျှ သည်းခံကာ စ်ိတ်ညစ်အကုန်ခံ မခံနိုင်တဲ့အဆုံး အကိုကို ဖုန်းခေါ်ပြီးတိုင် သားကြီးလဲ တညလုံးမအိပ်ရ။

တမြို့၀င်ရင် ကားကတခါရပ်တယ် မုန့်စား အလေးအပေါ့လျှော့ပေါ့ မုန့်စားချိန်တိုင်း ငါကဘိုစာတွေ မကြိုက်ဘူး စားချင်တာက မုန့်ဟင်းခါးဘဲစားချင်တာပြောပြီး သမီးကိုဂျီတွေတိုက် သမီးလုပ်သူက ဘိုတိုင်းပြည်မှာ ဘိုစာမစားလို့ မေမေဘာစားမလဲ ဆီးချို ဆေးသောက်ရမယ် မစားချင်လဲ ဖြစ်ညှစ်စားပါဆိုပြီး ဘာမှန်းမသိတဲ့ ပေါ့ရှပ်ရှပ် ဘိုစာတွေကိုကြည့်ရင်း မျက်ရည် ဗူးသီးလုံးလောက်ကြီးတွေကျပြီး မြိုမြိုချ ရတာလဲ အကြိမ်ကြိမ်။

တနေရာ တခါ ကားရပ်တိုင်း ဥစ္စာကခြောက်သေးတာ ပစ္စည်းထုတ်ကြီးသည်ပြီး အိမ်သာထဲရောက်ရင် ထားစရာ နေရာကမရှိလေတော့ သမီးကို ခနပေး အလေးအပေါ့လျှော့ အော် ကိုယ့်လောဘက ကိုယ့်ကိုပြန်သတ်နေတာများ အလေးအပေါ့တောင် ဇိမ်နဲ့မထုတ်ရပါလားပေါ့ 😀

Mar Mar Lwin