Saturday, October 12, 2013

အလွမ်းအမောများနဲ့ ဒေါနတောင်ချေ

လွမ်းမောဖွယ်ရာ ဒေါနတောင်တန်း

ကျမတို့ မိသားစု သုံးခွပြည်သူ့ဆေးရုံကြီးကနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို တာဝန်အရ ပြောင်းရွှေ့ခဲ့ရပါတယ်။

အချိန်ကာလ အတိုင်းအတာအားဖြင့် ကြည့်လိုက်ရင်တော့ အညိုရောင် နယ်မြေဖြစ်လို့ နေပါတယ် ဒါပေမဲ့လဲ ယောင်နောက် ဆံထုံးပါ ဆိုသလိုပါဘဲ ကျမနဲ့ ကျမသားလေးလဲ ထိုခရီးကို လိုက်သွားခဲ့ကြပါတယ်။

ခရီးက ကြမ်းသလို စိတ်လဲမောခဲ့ကြပါတယ် ခရီးစဉ် အစမှာကတည်းက အိမ်ထောင်ပရိဘောဂတွေရယ် ကျမတို့မိသားစု သုံးယောက်ရယ် ဘီအမ်ကားကြီးကို မောင်းပေးတဲ့ ကားဒရိုင်ဘာနဲ့ အကူ ဒရိုင်ဘာ နှစ်ယောက်ရယ် စုစုပေါင်း ခြောက်ယောက်ထဲပါတဲ့ ခရီးစဉ်ရဲ့ အစလို့ ဆိုရမှာပါဘဲ။

ကျမနဲ့ သားသားက ကားဆရာရဲ့ဘေးက ထိုင်ခုံမှာ ထိုင်လိုက်ပြီး အမျိုးသားရယ် အကူဒရိုက်ဘာ နှစ်ယောက်ရယ်က ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားထဲမှာ သုံးယောက်စာ ထိုင်လို့ ရတယ်ဆိုရုံလေး ကြပ်ကြပ်တည်းတည်း ထိုင်လိုက်ခဲ့ကြပါတယ်။

ရန်ကုန်က စထွက်ထဲက မီးခိုးတစ်အူအူနဲ့ ဘီအမ်ကားကြီးက သူ့တာဝန်ကို သူကျေအောင်တော့ ထမ်းခဲ့ပါတယ် ပဲခူးရောက်တော့ ထမင်းဆိုင်တွေရှေ့မှာ ခနရပ်ပြီး ညနေစာ စားကြတယ်။

ကားဆရာကြီးက ဆရာတို့ ခပ်သွက်သွက်လေး စားကြနော် ညနေမစောင်းခင် စစ်တောင်းတံတားကို ဖြတ်နိူင်ရင် ဟိုဘက်ကို ခရီးဆက်လို့ ရမယ်တဲ့။

ဒီလိုနဲ့ ခပ်သုတ်သုတ်စားပြီး ကားပေါ်တက်လိုက်ကြတယ် တံတားကို အချိန်မှီ ကူးနိူင်ဖို့ အသော့နှင်လာခဲ့ကြပေမဲ့ စစ်တောင်းတံတား မရောက်ခင်မှာဘဲ ကားတန်းရှည်ကြီး ပိတ်မိနေတဲ့အတွက် ကားတွေရပ်ပြီး စစ်တောင်းတံတားနားမှာ ညအိပ်နားလိုက်ရပါတော့တယ်။

ကားပေါ်မှာ ဖြစ်တဲ့အတွက် ဘယ်သူမှ အိပ်မပျော်ကြဘဲ ခြင်တွေကိုက်လို့ စိတ်ညစ်တာကတစ်မျိုး အပေါ့အပါး သွားစရာ နေရာမရှိလို့ ငိုချင်တာက တစ်ဖုံနဲ့ ပါလာတဲ့ ရေနဲ့မုန့်လေးစားလိုက် အပေါ့အပါး သွားချင်ရင် ကားဘေးနားမှာ ကပ်သွားပြီး ကားပေါ်ပြန်တက်လိုက်နဲ့ ရင်တုံပန်းတုန်တော့ ရှိခဲ့ပါတယ်။

မနက်လေးနာရီ အလင်းရောင် မပေါ်ခင် ပိတ်ထားတဲ့ တံတားကြီး ဖွင့်ပြီဆိုတော့မှ ကားတွေ တစ်စီးပြီး တစ်စီး အလှည့်ကျ မောင်းထွက်ခဲ့ပါတော့တယ်။

ခရီးစဉ် လမ်းတစ်လျှောက်မှာလဲ မြို့တော်တော်များများကို ဖြတ်မောင်းရင်း ဒူးရင်းသီးတွေ ပိန္နဲသီးတွေ ကြက်မောက်သီးတွေ ကားလမ်းဘေးမှာ ရောင်းနေတာတွေတွေ့တိုင်း ကားရပ်ရပ်ပြီး ဝယ်လိုက်ကြ စားလိုက်ကြနဲ့ ပျော်စရာ ကောင်းသလိုလိုတော့ ခံစားလာရပါတယ်။

ဒီလိုနဲ့ ခရီးဆက် လာလိုက်တာ တောလမ်းတွေ ရောက်လာတော့ ကားအသွားအလာတွေလဲ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး ဘေးနှစ်ဖက်မှာ တောင်တွေ ကာရံထားတဲ့ နေရာတွေ တောအုပ်လေးတွေကြည့်ရင်း ကြောထဲက စိမ့်လာသလိုလို ဒီလမ်းဒီခရီး လာမိတာ မှားပြီလားဆိုတဲ့ လားပေါင်းများစွာနဲ့ သားလေးကို ကျစ်ကျစ်ပါအောင် ပွေ့ချီထားရင်း ခရီးကို ဆက်ခဲ့ရပြန်တာပါဘဲ။

ထိုအချိန် အခါကက ဖားအံဘက်ကမ်းကို တိုက်ရိုက်သွားလို့ မရသေးတဲ့အတွက် မြိုင်ကလေးကနေတစ်ဆင့် ဇက်နဲ့ကူးကြရပါတယ် ဇက်ဆိပ်ကို ရောက်ပြန်တော့ ဟိုဘက်ကမ်းကို ကူးဖို့စောင့်နေတဲ့ ကားတွေလူတွေက အများကြီးရယ်ပါ။

ကိုယ့်ရှေ့မှာ စောင့်နေတဲ့သူတွေက အများကြီးဆိုတော့ ကိုယ်တွေအလှည့် တော်တော်နဲ့ မရောက်ဖူးဆိုတာ သိနေတော့ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ မိသားစုတွေရယ် ကားမှာပါလာတဲ့ သူတွေရယ် နားနေလိုက်ကြပါတယ်။

ထိုအချိန်မှာဘဲ ဝတ်စုံ အဖြူရောင်တွေနဲ့ ခြေထောက်မှာ သံကြိုးတစ်ခြွင်ခြွင်နဲ့ ခြေထိပ်ခတ်ထားတဲ့ အကျဉ်းသားတွေ ကျောက်ထုရာက ပြန်လာတာကို မြင်လိုက်ရပြန်တော့ တငေးတမောနဲ့ ကြည့်မိရင်းက သူတို့ဘာအပြစ်တွေ လုပ်ခဲ့ကြလို့ ပင်ပန်းဆင်းရဲစွာ ပေးဆပ်နေကြရပါလိမ့် အပြစ်တွေ မြန်မြန်ကျေကြပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်မိပါသေးတယ်။   

ဒီလိုနဲ့ ညနေက အတော်ကားလေး စောင်းလာပြီ ဇက်ကူးဖို့ရာ အဆင်ပြေဖို့နဲ့ မပြေဖို့က ငါးဆယ်ငါးဆယ် ဖြစ်နေလေတော့ ကားဆရာက ဆရာတို့မိသားစု ဟိုဘက်ကမ်းကို စက်လှေနဲ့ အရင်ကူးနှင့်ပါတဲ့

ဒီဘက်ကမ်းမှာ ညအိပ်ရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး ကျနော်တို့က ဇက်ကူးလို့ ရတာနဲ့ ကားမောင်းတင်ပြီး ကူးလာခဲ့မယ် 

ဘယ်နေရာက စောင့်ပါ ဘာညာပြောပြပြီး ညရှစ်နာရီထိုးလို့မှ ကားမလာရင် ဆရာတို့ ဖားအံမြို့ထဲကို အရောက်သွားပါလို့ ပြောလာတဲ့အတွက် ကိုယ်တွေသားအမိ သားအဖ သုံးယောက်က စက်တပ်လှေ သေးသေးလေးနဲ့ အရင်ကူးပြီး သူတို့ကို ထားခဲ့ကာ တစ်ဖက်ကမ်းကို ကူးလာခဲ့ကြပါတယ်။

ဖားအံဘက်ကမ်းကိုရောက်တော့ မှောင်ရီပျိုးစ ပြုနေပါပြီ လေးဘိန်းကားလေးငှားပြီး ဘားအံမြို့ထဲအထိ သွားကာ ကားဆရာကြီး မှာလိုက်တဲ့ လိပ်စာအတိုင်းသွားပြီး ကားပိုင်ရှင်ရဲ့အိမ်မှာ တစ်ညတာ နားခိုခဲ့ရပါတယ်။

နောက်နေ့မနက် ခပ်စောစောမှာ ပစ္စည်းတွေ တင်ထားတဲ့ကားက ကျမတို့မိသားစုကို လာခေါ်တဲ့အတွက် ခရီးဆက်ကြရပြန်ပါတယ်။

လမ်းကျော တစ်လျှောက်လုံးမှာလဲ တောတောင်တွေ သဘာဝ အလှတွေ ကျိုကြား ကျိုကြား တွေ့ရပြီး ရွာငယ်လေးတွေ  စာသင်ကျောင်းလေးတွေ စစ်တပ်အဆောက်အဦတွေကို တွေ့ရပါတယ်။

ထိုအချိန်ကာလက မငြိမ်းချမ်းသေးတဲ့ အချိန်ဖြစ်တဲ့အတွက် တောင်နံရံ ကြားထဲက အမှတ်မထင် ရွှီးကနည်း ပေါ်လာတဲ့ သေနပ်သံ ဝုန်းကနည်းကျလာတဲ့ လက်နက်ကြီးသံတွေကိုတော့ အမှတ်မထင် ကြားခဲ့ရတာတွေလဲ ရှိခဲ့ပါသေးတယ်။

ကျူံဒိုးရောက်တော့ ကားဆရာက ပုဇွန်ကြော်ဝယ်ပြီး ဆရာတို့ စားကြပါဆိုကာ လာပေးတော့ လတ်လတ်ဆတ်ဆတ် ပုဇွန်ကြော်ကြီးတွေကို စားကြကာ ရေနွေးကြမ်းလေး သောက်လိုက်ရတာကိုလဲ အခုတေ့ာ လွမ်းမိပါသေးတယ်။

ကျူံဒိုးက ထွက်လာပြီးတာနဲ့ ကားဆရာက ပြောလာတယ် ဆရာရေ လှိုင်ဝရောက်ပြီးရင် သိပ်မကြာတော့ဘူး ကော့ကရိတ်ကို ရောက်တော့မယ်တဲ့

ကော့ကရိတ် ရောက်တာနဲ့ ဆေးရုံကို တန်းမသွားသေးဘဲ ထမင်းဆိုင်တွေ ရှိတဲ့နေရာကို မောင်းပြီးပို့ပေးကာ ညနေစာကို ထမင်းဆိုင်မှာ စားခဲ့ကြပါတယ်။

ဒီလိုနဲ့ ညနေစာ စားအပြီး ခရီးနှင်လာလိုက်တာ ကရင်ပြည်နယ်ရဲ့ မြို့တစ်မြို့မှာရှိတဲ့ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံကြီးကို ညကြီးမိုးချုပ် မှာရောက်လာခဲ့ပါတော့တယ်။

ရောက်ရောက်ချင်း မြို့နယ်ဆရာဝန်ကြီးဆီ သတင်းပြေးပို့တော့ ဆရာဝန်ကြီးက လိုက်လာပြီး ဆရာတို့မိသားစု ဒီအိမ်ကြီးမှာ ခနနေပြီး နောက်နေ့မှ နေစရာအိမ်ရှာဖို့ ဆက်စီစဉ်ကြပါဆိုပြီး အိမ်သော့တွဲလေး ပေးလာခဲ့ပါတယ်။

ခရမ်းချဉ်သီး အရောင်သာသာ မီးလုံးလေးတစ်ပွင့်ရဲ့ အလင်းရောင်ကို အားယူပြီး လင်းနေခဲ့တဲ့ အိမ်ကြီးတစ်အိမ်ရဲ့ အရှေ့ကို အရောက်မှာတော့ သက်ပြင်းရှည်ရှည်ကြီး ချလိုက်ပြီးတာနဲ့

တာဝန်ဆိုတာကြီးကို ခေါင်းပေါ်ရွက်ပြီး ဆိုးဆိုးကောင်းကောင်း ငါတို့က နိူင်ငံ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိူင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ အသော့နှင်ပြီး ထွက်လာခဲ့တဲ့ ခရီးတစ်ခုလုံးရဲ့ ပင်ပန်းမှုတွေကို ထိုအိမ်ကြီးထဲမှာ ခနတာ အနားယူဖို့ ပြင်ဆင်ကြရပြန်ပါတယ်။

ရောက်ရောက်ချင်း ဝန်ထမ်းအိမ်ယာ လစ်လပ်တဲ့နေရာ မရှိတဲ့အတွက် နေစရာအိမ် အခက်အခဲကြောင့် ကျမတို့ ရောက်တဲ့ညက ခနတာ တည်းခိုခဲ့တဲ့ ရာဝန်တစ်ယောက်ရဲ့ အိမ်မှာကျမတို့ မိသားစု ခနတာ နေခဲ့ကြရပါတယ်။

ဒါပေမဲ့ ကျမတို့ မိသားစုအတွက် အခက်အခဲ မရှိခဲ့ပါဘူး ကျမအမျိုးသားနဲ့ သင်တန်းတစ်ခုမှာ အတူတက်ဖူးခဲ့ကြသလို ကျမအစ်ကိုနဲ့ တစ်နှစ်ထဲကျောင်းပြီးခဲ့တဲ့ အစ်ကိုရဲ့ သူငယ်ချင်း အထူးကု ဆရာဝန် နေနေတဲ့ အိမ်ဖြစ်နေတဲ့အတွက် ပိုပြီး အဆင်ပြေတယ်လို့ဘဲ ပြောလို့ရပါတယ်။

ကော့ကရိတ်မြို့ကို ကျမတို့မိသားစု ရောက်တဲ့အချိန်မှာ အိမ်ရှင် ‌ဆရာကဖောင်ကြီးမှာ မွမ်းမံသင်တန်း သုံးလသွားတက်နေတဲ့ အချိန်ကာလနဲ့ ကြုံခဲ့ရတဲ့အတွက် နောက်ထပ်ဝန်ထမ်းအိမ် မရမချင်း ကျမတို့ မိသားစု သူ့အိမ်မှာ နေခဲ့ရပါတယ်။ 

သူနေတဲ့ ဆေးရုံဝန်ထမ်းအိမ်က အိပ်ခန်း အခန်းကျယ်ကြီး သုံးခန်းရှိပြီး ဧည့်ခန်း ရေချိုးခန်း မီးဖိုဆောင် ထမင်းစားခန်းဆိုပြီး သပ်သပ်စီရှိနေခဲ့ပါတယ်။

အိမ်ကစစ်ကျန်ခေတ်က အိမ်ကြီးဖြစ်ပြီး သူ့တည်ဆောက်ပုံ ကခေတ်မှီပါတယ် အိမ်ရဲ့နံရံတွေမှာ နံရံကပ်ဘီဒိုတွေ ရှိနေခဲ့တယ် တစ်အိမ်လုံး ကျွန်းသစ်တွေနဲ့ ဆောက်ထားပြီး ဆေးရောင်အမဲတွေ သုတ်ထားပါတယ် ဒါကြောင့်မို့ ကျမတို့က အဲဒီအိမ်ကြီးကို အိမ်မဲကြီးလို့ ခေါ်ခဲ့ကြပါတယ်။

အိမ်မဲကြီး အိပ်ခန်းတွေရဲ့အောက်မှာ မြေကြီးတွေကို တူးထားတဲ့ ပုန်းကျင်းကြီး သုံးကျင်းရှိနေခဲ့တယ် အဲဒီပုန်းကျင်းထဲကို အလွယ်တကူ ဆင်းနိုင်ဖို့အတွက် အိမ်ရဲ့ ကြမ်းခင်းတွေကို တံခါးသဖွယ် ဖောက်ထားတာတွေက သေသပ်လွန်းတဲ့အတွက် တော်ရုံကြည့်ရင် အိမ်အောက်ထဲက ပုန်းကျင်းထဲကို ဆင်းလို့ရတဲ့ တံခါးလို့ မထင်ရသလို ကြမ်းခင်းအတိုင်းဘဲ တွေ့ရပါတယ်။

ဆေးရုံကတော့ ကော့ကရိတ်မြို့ရဲ့ အမြင့်ဆုံလို့ ယူဆရတဲ့ တောင်ကုန်းပေါ်မှာမို့ ရာသီဥတုရဲ့ဒဏ် တောတွင်းမှာ နေတဲ့ သူတွေရဲ့ဒဏ်ကို မြို့ထဲကလူတွေထက် ပိုပြီးအရမ်းခံကြရပါတယ်။

တောထဲမှာနေတဲ့ သူတွေက မြို့ထဲကို လက်နက်ကြီးနဲ့ ပြစ်တော့မယ်ဆိုရင် ကျမတို့နေတဲ့ ဆေးရုံကုန်းကို ချိန်ပြီးမှအမြဲ ပြစ်တတ်ပါတယ် ဘာလို့လဲဆိုတော့ မြို့ရဲ့အမြင့်ဆုံး တောင်ကုန်းဖြစ်တဲ့ ဆေးရုံကုန်းရဲ့ တောင်အောက်မှာ စစ်တပ်တွေ ရှိနေလို့ပါဘဲ။

ဆေးရုံဟာ ကုန်းမြင့်မြင့် တောင်ကုန်းပေါ်မှာ ရှိနေတာမို့လို့ ရာသီဥတုရဲ့ ဒဏ်ကိုလဲ ကောင်းကောင်းကြီး ခံရတတ်ပါတယ်။

လေခပ်ထန်ထန် တိုက်လာရင် ယူကလစ်ပင်တွေရဲ့ အရွက်တွေက လေထဲမှာ တရွှီးရွှီး တရွှမ်းရွှမ်းနဲ့ပဲ့တင်ထပ်ပြီး  အော်လာတာမို့လို့ မသိခဲ့ရင်တော့ ဝိဥာဉ်တစ်အုပ်ရဲ့ ကျီဇယ်ခြင်းကို ခံနေရသလိုပါဘဲ ကို့အနားကို ရောက်လာလိုက် ပျောက်သွားလိုက်နဲ့ပေါ့။



မိုးရာသီဆိုရင်တော့ လျှပ်စီးနဲ့မိုးကြိုး အများဆုံး အပြစ်ခံရတဲ့ နေရာဖြစ်ခဲ့ပြီး ဖျန်းကနဲ လက်လိုက်တဲ့ လျပ်စီးဟာ ဆေးရုံတောင်ကုန်း တစ်ခုလုံး ပွက်ပွက်ဆူနေတဲ့ သံရည်ပူအိုးထဲ ကျသလိုခံစားရ တတ်ပါတယ်။

သူ့ရဲ့နောက်ကနေ ကပ်လိုက်လာပြီး ပြစ်ချလိုက်တဲ့ မိုးကြိုးသံ တစ်ချက်ရဲ့ တုန်ခါမှုဟာ တောင်တစ်တောင် လုံး ကွဲအက်ပြီး ပြိုကျမတတ် တုန်ခါပြီးတော့လဲ ကျန်နေခဲ့ တတ်ပါတယ်။



ဆောငျးရာသီဆိုရင်တော့ ရေပြတ်တတ်ပြီး နွေရဲ့သရုပ်ကိုဖော်နေခဲ့တဲ့ တံလျပ်အသွင် ဆောင်နေခဲ့တဲ့ ပူလွန်းတဲ့နေရယ် တိုက်ခတ်လာတဲ့ လေပူတွေရယ် ကြွေကျလွင့်မျောနေတဲ့ ယူကလစ်ရွက်ခြောက် လေးတွေရယ်ကြောင့် တောမီးလောင်မှာကို အကြောက်ရဆုံးသော နေရာလေးပေါ့။

စိုးရိမ်ထိတ်လန့်မှုတွေ အပြည့်ရှိနေတဲ့ အဲဒီမြို့လေးကို ကျမတို့ရောက်ပြီး တစ်လအကြာမှာ တောထဲကနေပြီး လက်နက်ကြီးနဲ့ ပြစ်ခတ်တာကို စပြီးခံရပါတော့တယ် အသံနက်နက်ကြီးတွေ ကြားရပေမဲ့အတွေ့အကြုံ မရှိတဲ့ကျမတို့ တွေကတော့ အိမ်ထဲမှာ အေးအေးဆေးဆေးဘဲ သားနဲ့မိုနိုပိုလီ ကစားမပျက်ဘဲ ဆက်ကစားနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ အတွေ့အကြုံက စကားပြောခဲ့ပါတယ် ကျမတို့ နေတဲ့အိမ်မှာရှိတဲ့ ခွေးတွေရယ်
ကြောင်တွေရယ်ဟာ ဝရုန်းသုန်းကားနဲ့ အကုန်ထွက်ပြေးပြီး အိမ်အောက်က ပုန်းကျင်းထဲကို ပြေးကြပါတယ် ကျမကတော့ ဘာမှန်းမသိလိုက်ပေမဲ့ တရိစ္ဆာန်တို့ရဲ့ သဘာဝ ပြေးလွှားစော့ကစားကြတယ်လို့ဘဲ ထင်လိုက်မိပါတယ်။

ခနကြာတော့မှ ဓါတ်ခွဲခန်းဘက်က ဓါတ်ခွဲဆရာက လှမ်းအော်ပါတော့တယ် ဖိုးခွားနဲ့အနောရေ ပြေးတော့လေလို့ လှမ်းအော်တာနဲ့ ခွေးတွေကြောင်တွေရဲ့နောက်ကို အပြေးလေး အသော့နှင်ခဲ့ရတယ် အခုပြေန်တွေးရင်အခု သည်းထိတ်ရင်ဖို ခံစားခဲ့ရပါတယ်။

သူတို့တွေ ပြစ်ကြခတ်ကြလို့ ပြီးသွားပြီဆိုတာနဲ့ သိပ်မကြာခင်မှာဘဲ ဆိုင်ကယ်တွေကားတွေနဲ့ လက်နက်ထိတဲ့သူတွေ သယ်လာတာတွေ့ရပါတော့တယ်  သွေးသံရဲရဲ တွေကြားထဲမှာ အပြစ်မဲ့တဲ့ မြို့ခံတွေခံရတာတွေ့ရတော့ စိတ်မကောင်းလဲ အရမ်းဖြစ်ခဲ့ရပါတယ်။

နောက်တစ်ခါ ကြုံရတာကတော့ ကျမတို့ မိသားစုအတွက် အသက်နဲ့ အရမ်းနီးခဲ့တဲ့ အဖြစ်လေးပါ သမီးကိုကိုယ်ဝန် လွယ်ထားတဲ့၇လလောက်မှာပါ။

နွေကလဲပူပူ လေကပူပူ တွေကြားထဲ မနက်ပိုင်းစောစော အချိန်ကြီးမှာဘဲ ဝုန်းကနဲအသံနက်ကြီး ကြားလိုက်ရပါတယ်။

ကျမရဲ့အမျိုးသားကပြောတယ် နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်တယ်လို့ လှမ်းအော်တယ် ကျမလဲသားနဲ့နှစ်ယောက်သား မုန့်ထိုင်စားရာကနေ အသံကို နားစွင့်နေမိခဲ့တယ်။

ကျလာတဲ့အသံက ကျမတို့အိမ်ရဲ့ အနောက်တဲ့တဲ့ကို ကျလာတာမို့လို့ အသံက တောင်တစ်တောင်လုံး ကွဲထွက်မတတ် အရမ်းကို ကျယ်လောင်ခဲ့ပါတယ်။

အဲဒီနေ့ရဲ့ ရက်စွဲကိုတော့ ကျမမေ့သွားခဲ့ပြီး အမှတ်ရနေတာတော့ ၁၉၉၆ ခုရဲ့စနေနေ့ မနက်ဆိုတာတော့ သိနေခဲ့ပါတယ်။

ထူးထူးခြားခြား ပိုပြီးမှတ်မိနေတာက အဲဒီစနေ့ မနက်မှာ မြန်မာတစ်နိုင်ငံလုံး နေကြတ်တာကို ခံစားရတဲ့နေ့ဖြစ်နေခဲ့သလို ကော့ကရိတ် တစ်မြို့လုံး မှောင်အတ်ိ ကျနေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။

သိပ်မကြာခင် အချိန်မှာဘဲ မှောင်နေတဲ့ အမှောင်ထုကို ဖောက်ခွင်းပြီး ဆူညံတဲ့ အသံတွေ ကြားလာရပါတယ် ဆရာနဲ့ ဆရာကတော် ဖိုးခွားကိုချီပြီ ဆေးရုံထဲကိုရောက်အောင် အမြန်ပြေးပါဆိုပြီး အော်သံတွေ ကြားလိုက်ရပါတယ်။

အဲဒီအော်သံတွေရဲ့ အနောက်မှာလဲ တစ်ဝုန်းဝုန်းနဲ့ ကျလာတဲ့ လက်နက်ကြီး ကျသံတွေက ပိုပိုပြီးစိတ်လာခဲ့ပါတယ်။

အဲဒီအချိန်ကျမှ ကျမရဲ့အမျိုးသားက သားကိုချီပြီး အရှေ့ကနေ ပြေးပါတယ် ကျမက ကျမရဲ့ဗိုက်ကို မပြီး ပြေးခဲ့ရတယ်။

တစ်ကဲ့ကိုဘဲ ငိုချင်စရာကောင်းခဲ့တယ် ငို၍ရယ်၍ မရသော မျက်နှာနဲ့ ပြေးလဲပြေး ကျလာတဲ့ လက်နက်ရဲ့တို့ရဲ့ဒဏ်ကိုလဲ လွတ်လိုလွတ်ညား ခေါင်းငုံ့ငုံ့ပြီး ရှောင်ခဲ့ရတာလဲ မြေကြီးနဲ့မျက်နှာ ထိတော့မတတ်ပါဘဲ။

ဒါပေမဲ့ ကျမတို့တွေ သိပ်ကံကောင်းခဲ့ပါတယ် ကျမဗိုက်ထဲက ကလေးနဲ့အတူ ကျမတို့ မိသားစု ဘာမှမဖြစ်ခဲ့ကြပါဘူး။

အဲဒီလို ပြေးရင်းလွှားရင်း ဆေးရုံထဲကို ရောက်သွားခဲ့တယ် ကော့ကရိတ်ဆေးရုံက အရမ်းကို ခိုင်မာတဲ့ ကျောက်သား ထူထူတွေနဲ့ တည်ဆောက်က်ထားတာမို့လို့ တော်ရုံတန်ရုံ လက်နက်တွေ ကျလာရင် ဘေးအန္တရာယ် ကင်းကင်းနဲ့ ခိုလို့ရ တဲ့နေရာလေးပါ။

ကျမတို့ မိသားစုနည်းတူ ဆေးရုံကုန်းပေါ်မှာ နေကြတဲ့ ဝန်ထမ်းမိသားစုတွေ ဆေးရုံထဲကို ဖယိုဖရဲ ရောက်လာကြပြီး နာရီဝက်လောက် အကြာမှာတော့ လက်နက်သံတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။

ထိုအချိန်မှာဘဲ တိတ်ဆိတ်သွားတဲ့ လက်နက်သံတွေရဲ့အစား လက်နက်ကြီး ထိမှန်သွားကြတဲ့ လူနာတွေကို သယ်ဆောင်လာကြတဲ့ ကားသံ ဆိုင်ကယ်သံတွေ ဆူညံစွာနဲ့ ဆေးရုံကို လူနာတွေရယ် လူနာတွေရဲ့ မိသားစုဝင်တွေရယ် ဝုန်းဒိုင်းကျဲ ရောက်လာကြပါတော့တယ်။ 

အသားတွေ ပဲ့ထွက်တဲ့သူ ပဲ့ထွက်ကြပြီး ခြေတွေလက်တွေ ပြတ်တဲ့သူတွေ ပြတ်ကုန်ပါတယ် အဲဒီ အနိဒ္ဓါရုံတွေကို ကြည့်ရင်း ကျမလေ ကျမနေတဲ့ အိမ်ရဲ့အနောက်ဖက်ကနေ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ဒေါနတောင်တန်း စိမ်းစိမ်းကြီးကို ကျမ အရင်ကထက် ပိုပြီးတော့ ကြောက်ကြောက် လာခဲ့မိပါတယ်။

ကျမနေ့စဉ်လိုလို လွမ်းလွမ်းမောမောနဲ့ ကြည့်နေတတ်ခဲ့တဲ့ ဒေါနတောင်တန်းကြီးက ကျမအတွက် အဆိပ်ရည်တွေ လူးသွားခဲ့ရတယ်လို့ ထင်မိသွားသလို အဲဒီဒေါန တောင်တန်းကြီးကနေ တိုက်ခတ်လာတဲ့ လေတွေက လေနုအေးအေးလေးတွေက အေးမြနေတဲ့ လေမဟုတ်တော့ဘဲ သွေးနံ့စူစူးတွေနဲ့ ညှီစို့စို့အနံ့တွေ ရလာသလို ခံစားမိခဲ့ပါတော့တယ်။

လေထဲမှာ ပါလာတတ်တဲ့ ယူကလစ်ရွက်တို့ရဲ့  မွှေးရနံ့တို့က ရင်ကိုမအေးမြစေတော့ဘဲ ရူလိုက်တိုင်းရလာတဲ့ လေရဲ့ရနံ့ဟာ ကျမအတွက် အဆိပ်အတောက်တွေလို ဖြစ်သွားစေခဲ့ပါတော့တယ်။

ဒါပေမဲ့လဲ တကယ်တမ်းကြတော့လဲ စိမ်းလန်းစိုပြေပြီး တောတောင်သာဝ အလှတွေနဲ့ ပြည့်နှက်နေတဲ့ ဒေါနတောင်တန်းကြီးမှာ အပြစ်မရှိခဲ့ပါဘူး။

ဒေါနတောင်တန်းကြီးရဲ့အလှကို အရောင်ဆိုးနေတဲ့ သူတွေကြောင့်သာ တောင်တန်းကြီးက အလှတွေမဲ့ပြီး ရနံ့တွေ ပျက်ပျယ်သွားခဲ့ရတာပါ။

သို့ပေမဲ့လည်းပေါ့လေ ဘယ်သူတွေ ဘယ်လောက်ဘဲ အရောင်ဆိုးဆိုး ခဲမှန်ဖူးတဲ့ သူတွေရဲ့ ရင်ထဲမှာတော့ ဒေါနတောင်တန်းကြီးဟာ အဆိပ်ရည်လူးပြီး ညစ်ထေးနေစေခဲ့ပါတယ်။

ဒါပေမဲ့လဲ သဘာဝ တရားကြီးက ဖန်တီးပေးထားတဲ့ တောတောင် သဘာဝအလှကို ပိုင်ဆိုင်ထားခဲ့တဲ့ ဒေါနတောင်တန်းဆိုတဲ့ ကရင်ပြည်နယ်ရဲ့ အလှဘုရင်မကတော့ စိမ်းလန်းမြဲ စိုပြေမြဲ လန်းဆန်းနေဆဲ အလှသရဖူကို ယခုထိတိုင် ဆောင်းထားမြဲပါဘဲ။

ကျမသည်လဲ နေ့စဉ်အလွမ်းပြေ ထွက်ထွက်ပြီး ကြည့်တတ်တဲ့ ဒေါနတောင်တန်းကြီးကို ကြည့်ရင်း တောတောင်ရေမြေ သဘာဝ အလှတရားကို ဖျက်ဆီးပြစ်ဖို့ ထိုထိုဤဤသော လူသားတွေ ထပ်ထပ်ပြီး ပေါ်ပေါက် မလာပါစေနဲ့ ဆုတောင်းလိုက် ရပါတယ်ရှင်။

မာမာလွင်
13/10/2013
10:32 PM

Friday, October 11, 2013

ငိုအားထက် ရယ်အားသန်



  1. ဒီနေ့မနက် အမေရိကားမှာနေတဲ့ သူငယ်ချင်း တစ်ယောက်က သေနပ်နှစ်လက်ကိုင်ပြီး ပျော်စေပျက်စေ သဘောမျိုးနဲ့ facebook ပေါ်တက်လာတယ်။
    သူ့သေနပ်တွေကိုမြင်တော့ လွန်ခဲ့တဲ့၁၉၉၅ခုနှစ်တုံးက ကြုံဖူးတာလေးသွားပြီး သတိရမိတယ်

    ကရင်ပြည်နယ်ကော့ကရိတ်ဆေးရုံမှာ အမျိုးသားတာဝန်ကျတုံးပါ အဲဒီတုံးက ကော့ကရိတ်မြို့က အညိုရောင်နယ်မြေလို့ သတ်မှတ်ထားခြင်း ခံထားရတဲ့ အချိန်ပေါ့။

    ကော့ကရိတ်မြို့ကိုစပြီး ပြောင်းတဲ့နေ့ထဲက ကျမတို့မိသားစုရဲ့အကြောင်းလေးတွေက အစထဲကယဉ်သကိုဇာတ်လမ်းနဲ့စခဲ့ရတယ် လမ်းပန်းဆက်သွယ်ရေးကလဲ အခုလို မကောင်းသေးတဲ့ အချိန်အခါပါ။

    နယ်မြေကလဲ မအေးချမ်းသေးတာမှ တော်တော်ကို မအေးချမ်းသေးတာ အဲဒီအချိန် ကာလတစ် ခုမှာ BMကားပေါ် အိမ်အသုံးအဆောင်တွေတင်ပြီး မနက်စောစောထဲက ရန်ကုန်ကနေ ခရီးစပြီးထွက်ခဲ့ကြတယ်။

    ကားမောင်းတဲ့ဦးလေးက အန္တရာယ်များလွန်းတဲ့ခရီးမို့ ကလေးနဲ့ကျမလိုက်လာတာကို သိပ်သဘောမကျချင်ဘူး ဒါပေမဲ့ မိသားစုဆိုတော့လဲ သူမပြောသာဘူးပေါ့ တစ်လမ်းလုံးစကား တစ်ပြောပြောနဲ့မောင်းလာလိုက်တာ တစ်မြို့ဝင်တစ်ရွာ ထွက်နဲ့စားလိုက်သောက် လိုက်ပေါ့ပါးပေါ့ပါးပါးနဲ့ပါဘဲ။

    စပြီးအခက်အခဲတွေ့တာက စစ်တောင်းတံတားမှာ ညနေလေးနာရီနောက်ပိုင်းပေး မဖြတ်တော့တဲ့အချိန် လမ်းဘေးကားထိုးရပ်ပြီး လမ်းဘေးဆိုင်မှာ ထမင်းစားပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားပေါ်မှာဘဲ အိပ်ခဲ့ရတယ်။

    မနက်စောစော တံတားဖွင့်တာနဲ့ ခရီးဆက်ကြတယ် တစ်လမ်းလံ ေးဒေသထွက် အစာတွေ ဝယ်စားလိုက် ကားဆက်မောင်းလိုက်နဲ့ လမ်းတစ်လျှောက် စားခဲ့အထဲ ပရစ်ကြော်နဲ့ ပုဇွန်ကောင်လုံး အကြွတ်ကြော်ကို သတိအရမိဆုံးပါဘဲ။

    အဲဒီလိုခရီးဆက်လာလိုက်တာ ရေလမ်းတစ်တန်ကားလမ်းကတစ်တန်ပေါ့သံလွင်ကိုဖြတ်ဖို့ မြိုင်ကလေး ဆိပ်ကမ်းမှာ ဇက်သင်္ဘောပေါ်ကို ကားမောင်းတင်ပြီး ကူးတဲ့အချိန်မှာ ကျမနဲနဲလေး ကြောက်စပြုလာပြီ ကလေးကိုကျစ်ကျစ်ပါအောင်ဖက်ထဲပြီး ရသမျှဘုရားစာကိုအဆက်မပြတ် ရွတ်ရတော့တာပေါ့။

    လှိုင်းလေကြီးတဲ့ရေထဲမှာ ဝန်တွေမချိမဆန့်တင်ထားတဲ့ ဇက်သင်္ဘာက လူးလိမ့်သွားရင်ကျမ အကြောက်ဆုံးက ငါ့ကိုငါးတွေဝိုင်းတွတ်ရင် ဒုက္ခဆိုပြီး ဇီးရွက်လောက် မျက်နှာလေးနဲ့ ယောက်ျားကိုလှမ်းလှမ်းကြည့်ပြီး အားပေးစကားယူချင်ပေမဲ့လဲ သူလဲကျမလိုဘဲ ကြောက်နေခဲ့ တာတွေ့ရတယ်။

    အဲဒီရေလမ်းခရီးပြီးပြန်တော့ ကော့ကရိတ်ကို ခရီးဆက်တဲ့ လမ်းတစ်လျှောက်မှာ တောကနက်လေ စိတ်ကခြောက်ခြားလာလေပါဘဲ တစ်လမ်းလုံးလဲ မြေကတုတ် ကျင်းလေးတွေထဲကနေ ဟေ့ ရပ်ဆိုရင်း ကားကိုရပ်ရရင်းပေါ့ သူတို့လက်ထဲမှာကလဲ တိုတိုတွေရောရှည်ရှည်တွေပါကိုင်ထားတော့ ကြောက်မိတာတော့အမှန်ပါဘဲ။

    ရင်တုန်ပန်းတုန် ခရီးလမ်းတစ်လျှောက်မှာ တစ်ဖြေးဖြေးနဲ့ စားခဲ့ရတဲ့ ပရစ်ကြော်ရယ် ဂျိုင်းမြစ်ကူးတဲ့အချိန်မှာ စားခဲ့ရတဲ့့ပုဇွန်ကောင်လုံးကြော်ကြီးတွေလဲ ဘယ်ရောက်လို့ရောက်မှန်း မသိတော့ဘူးဖြစ် သွားခဲ့ရတယ် ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့မျက်နှာကလဲ ဇီးရွက်လောက်ကနေ ဇီးစေ့လောက်ဖြစ်လာခဲ့ရတယ်။

    ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ကော့ကရိတ်မြို့ ဝင်ခါနီး လှိုင်ဝရွာ အဝင်နားမှာ ကျမတို့စီးလာတဲ့ကားရဲ့ အနောက်ဖက်ကနေ ဒိုင်းကနဲအသံနဲ့ထပ်တူ ဝုန်းကနဲအသံက ဆက်တိုက်ကြားလိုက်ရတယ်။

    ကားမောင်းတဲ့ ဦးလေးကြီးက ကားမောင်းနေရင်းက သူ့နားမှာ ထိုင်နေတဲ့ ကျမနဲ့ကလေးကို လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီး အောက်ဖက်ကို အတင်းငုံ့ခိုင်းခဲ့တယ် ပါးစပ်ကလဲ ကျန်တဲ့သူတွေအတွက် သတိပေးရင်း သူအော်နေတယ်။

    အဲဒီလိုနဲ့ငြိမ်ငြိမ်လေး ဆယ့်ငါးမိနစ်လောက် နေပေမဲ့ ဘာမှထပ ပြီး်မထူးလာတာနဲ့ ကားမောင်းတဲ့ ဦးလေးကြီးက သူအရင်ဆုံး ခေါင်းမော့ကြည့်တယ် ဘာမှမထူးတာနဲ့ သူကားပေါ်ကနေဆင်းလိုက် တယ် ဘေးဘီဘာညာသူကြည့်လိုက်တယ်။

    ကျမတို့အဖြစ်က ငိုအားထက် ရယ်အားသန်ပါဘဲ ရန်သူဆီက လာတဲ့လက်နက်ကြီး မဟုတ်ဘဲ ကျမတို့ အိမ်ပြောင်းလို့ သယ်လာတဲ့ သံရေတိုင်ကီကြီး အရှိန်ပြင်းပြင်းနဲ့ပြုတ် ကျသွားတာ ဖြစ်နေခဲ့တယ်။

    အဲဒါကတော့ ကျမတို့မိသားစုရဲ့ အညိုရောင်နယ်မြေထဲမှာ စတင်ပြီးတာဝန်ထမ်းဖို့ ထွက်ခဲ့ရတဲ့ခရီး တစ်ခုရဲ့ အစပါ နောက်ပိုင်းတွေ့ကြုံခဲ့ရတဲ့ ဒိထက်ဆိုးတာတွေ အမှတ်တရအနေနဲ့ ကျမပြောပြချင်ပါသေးတယ်။

    ငိုချင်ရက်လက်တို့ခံခဲ့ရတာတွေရော ငိုအားထက် ရယ်အားသန်ခဲ့ရတာတွေရော
    ငို၍ရယ်၍ မရခဲ့သော မျက်နှာများအကြောင်း အားလုံးကို အလျဉ်းသင့်သလို ပြောပြသွားပါမယ်။

Saturday, October 5, 2013

နာကျင်ဖူးတဲ့ငှက်ငယ်



နာကျင်ဖူးတဲ့ငှက်

လေးမှန်ဘူးတဲ့ ငှက်တွေထဲမှာ အတောင်ကျိုးဖူးတဲ့ငှက်လေးဟာ သူများတွေလို သူလွတ်လတ်စွာ အမြင့်ကို မပြန်သန်းနိုင်ရှာတော့ဘူး။
ခြေကျိုးဖူးတဲ့ ငှက်လေးဟာ သူများတွေလို သူခုန်ပေါက်ပြီး မကနိုင်ရှာတော့ဘူး။
နူတ်သီးကို ခဲထိမှန်ထားဖူးတဲ့ငှက် သူများတွေလို သူ့ဝမ်းဝအောင် အစာကို မကောက်နိူင်ရှာတော့ဘူး။
မျက်လုံးကို ခဲမှန်ထားဖူးတဲ့ငှက်  သူများတွေလိုသူ  ဘယ်မှာမိတ်ဆွေ ဘယ်မှာရန်သူ ရှိတယ်ဆိုတာကို ခွဲခြားပြီ းမသိရှာနိုင်တောဘူး။

အဲဒီလိုပါဘဲ

အတောင်တစ်ဖက် ကျိုးဖူးတဲ့ငှက်ကလေးဟာ  နောက်အတောင်တစ်ဖက် ထပ်ပြီးကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
ခြေတစ်ဖက်ကျိုးဖူးတဲ့ငှက် နောက်ထပ်ခြေတစ်ဖက်ကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
နူတ်သီးမှန်ဖူးတဲ့ငှက် ပဲ့နေတဲ့နူတ်သီး ထပ်ပြီးပဲ့သွားမှာ အရမ်းကြောက်နေလိမ့်မယ်။
မျက်လုံးတစ်ဖက် ခဲမှန်ဖူးတဲ့ငှက် နောက်ထပ်မျက်လုံးတစ်ဖက် ထပ်မှန်မှာ အရမ်းကြောက်နေလိမ့်မယ်။

Mar Mar Lwin
4/09/2013

ဇရာနဲ့ မဲ့ပြုံး

မဲ့ပြုံး

ငယ်ငယ်တုံးက 
လမ်းလျှေက်ရင်း 
မတော်တဆ 
ချော်လဲရင် အနားမှာ 
လူရှိလား မရှိလား 
ကြည့်လိုက်တယ်။

လူရှိရင် 
အားကိုးတကြီးနဲ့ 
ငိုလိုက်တယ် 
မြင်တဲ့သူက 
လာထူပေးမလားလို့ပေါ့။

လူမရှိရင်တော့ 
ကိုယ့်ဘာသာကို 
ကိုယ့်အားကိုယ်ကိုးကာ 
ကုန်းရုန်းထပြီး 
လိုရာခရီးကို 
ဆက်လိုက်တယ်။

အခုအသက်ကြီးလာတော့ 
မတော်တဆ ချော်လဲခဲ့ရင် 
အနားမှာ လူရှိလား မရှိလား 
ကြည့်လိုက်မိတယ်။

လူရှိရင် ရှက်တက်တဲ့
မဲ့ပြုံးလေးနဲ့ 
ရယ်ပြလိုက်တယ်။

လူမရှိရင်တော့ 
ကိုယ့်ဘာသာကို 
လိုရာခရီးကို 
ဆက်နိူင်ဖို့ နေနေသာသာ 
ကုန်းရုန်းထဖို့တောင် 
မနည်းဘဲ 
ကျိုးစားလာရတယ်  
ဇရာဆိုတာ 
ညာလို့မှ 
မရခဲ့တာဘဲလေ။

Mar Mar Lwin
10/5/2013
6:53 AM

Thursday, October 3, 2013

အိမ်လွမ်းနေသူ



မနေ့ကညနေကမိုးတွေကတစ်အုန်းအုန်းနဲ့ခြိမ်းပြီး မိုးကြိုးတွေကတဒိုင်းဒိုင်းနဲ့ပြစ်နေတယ် ရွာလိုက်တဲ့မိုးကလဲနွေဦးရာသီကြီးမှာ ဘယ်အညိုးနဲ့ရွာလိုက်လေတယ်မသိ မိုးစက်ပိုးပေါက်တွေက ကဆုန်ပေါက်ပြီးကျလာလိုက်တာသူ့ထက်ငါ အပြိုင်အဆိုင်ပါဘဲ။

နဂိုကတည်းကမှ မိုးသံလေသံကြားရင်ခြည်တိုင်လွမ်းတတ်တဲ့ကျမ အိမ်ကိုပြန်ချင်စိတ်ကချက်ခြင်းပေါ် လာခဲ့တယ် အိမ်ရှေ့မှန်တံခါးကနေမြင်နေရတဲ့ မိုးစက်မိုးပေါက်တွေကြားထဲမှာ ကျမရဲ့စိတ်ကရီးလေးခိုပြီးပါ သွားခဲ့တယ် တစ်ဝှီးဝှီးတိုက်လာတဲ့လေတွေရဲ့နောက်ကနေ ကျမမျောပါသွားခဲ့တယ်။

မိုးထစ်ခြုံးသံ မိုးကြိုးပြစ်သံတွေကြားရင်အလိုလိုနေရင်းကြောက်တတ်နေပေမဲ့ အဲဒီအသံတွေကြားကနေဘဲ ကျမသွားလိုရာခရီးကို လျပ်စီးလက်လိုက်ရင် ပြိုးကနဲပျက်ကနဲအရောင်တွေကြားမှာ ကျမရဲ့ခေါင်းကို ငုံ့လှိူးပြီးကျမခရီးနှင်နေမိခဲ့တယ်။

အဲဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင်ကျမရဲ့တူမလေးဘုတ်ဘုတ်က ဖုန်းခေါ်လာခဲ့တယ် ကျမဖုန်းကိုယူပြီး သူနဲ့စကားပြောလိုက်တယ် ဘုတ်ဘုတ်ရေ ဘာဖြစ်လို့လဲဆိုတော့ ကြီးကြီး ပြန်မလာသေးဘူးလားတဲ့ ကျမငိုချင်ရက်လက်တို့တာ ခံလိုက်ရတယ် ကျမမျက်လုံးအိမ်မှာဝေ့ကနဲ တက်လာတဲ့မျက်ရည်ကို ကျမပုတ်ခတ်ပြီး ထုတ်ပလိုက်တယ်။

တိမ်သွားတဲ့ကျမရဲ့အသံကိုပြန်မြှင့်လိုက်တယ် ကြီးကြီးပြန်လာချင်တာပေါ့ လာနိုင်အောင်လဲကြိုးစားနေ တယ်လို့ကျမသူ့ကိုပြောလိုက်တယ် သူက ခလေးပီပီပွင့်လင်းတယ် ကြီးကြီးပြန်လာရင်ဖိုးဖိုးက အမွေခွဲပေးမယ်လို့ပြောတယ် ဒါကြောင့်မို့ ကြီးကြီးမြန်မြန်ပြန်လာခဲ့ပါတဲ့။

ကျမငိုအားထက်ရယ်အားသန်သွားခဲ့ရတယ် ကြီးကြီးမလာလဲ ခွဲပေးလို့ရတာဘဲ ဖိုးဖိုးကိုပြောပေါ့လို့ပြော လိုက်တော့  ဖိုးဖိုးက ကြီးကြီးလာမှလို့ပြောတယ်တဲ့ အဲဒါကြောင့်ကြီးကြီးပြန်လာခဲ့ပါတဲ့
ပြီးတော့သူဆက်ပြောတယ် ကြီးကြီးရတဲ့အမွေတွေဘာလုပ်မလဲတဲ့ ကျမက ကြီးကြီးမလိုဘူးလေ လိုချင်တဲ့သူကိုပေးလိုက်မယ်လို့ပြောတော့ သမီးကိုပေးမလားတဲ့။

အရမ်းပွင့်လင်းတဲ့တူမလေးပါ သမီးကဘာလိုချင်တာလဲဆိုတော့ လိုချင်တဲ့ပစ္စည်းက တန်ဖိုးကြီးတယ်တဲ့
လိုချင်တာပြောကြီးကြီးပေးမယ်လို့ပြောပြီးတော့ သူနဲ့စကားတွေဆက်ပြောနေမိတယ် ကျမကသူ့ကိုပြော မိတယ်ဖိုးဖိုးဆီမှာသမီးလဲ အမွေတောင်းလေလို့ပြောတော့ ဖိုးဖိုးက မြေးတွေကိုမပေးဘူး သူ့သားသမီးတွေကိုဘဲပေးမယ်လို့ပြောတယ်တဲ့ ကျမဒီဘက်ကနေ သူ့ရဲ့ပွင့်လင်းမှုလေးကိုသဘောတွေ ကျနေမိတယ်။

သူကကျမနဲ့အထက်အောက်မောင်က မွေးတဲ့သမီးလေး တက္ကသိုလ်တက်နေရင်းနဲ့ကျောင်းမပြီးသေးဘူး အိမ်ထောင်ကျသွားတဲ့ကျမရဲ့တူမလေးပါ ဟန်ဆောင်မှုကင်းလို့ကျမသူ့ကိုချစ်ပါတယ်။

ပြီးတော့သူကကျမရဲ့အဖေကို ပြောသေးတယ် ဖိုးဖိုးကို မနိုင်ဘူးကြီးကြီးရေတဲ့  သူ့ကိုဆိုရင်လဲ အသက်ငယ်ငယ်နဲ့ယောက်ျားယူလို့ ဆရာကတော်လို့ခေါ်တယ်တဲ့ ကျမကပြန်ပြောလိုက်တယ် ဖိုးဖိုးကသမီးကိုခေါ်တာလေးချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တော့ ဖိုးဖိုးကိုတော့ မနိုင်ပါဘူး ကြီးကြီးရာတဲ့
သူ့ကိုဆရာကတော်လို့ခေါ်တဲ့ ကျမရဲ့ အဖေကို သူချစ်စနိုးလေးနဲ့ ပြောသွားတဲ့ လေသံလေးပါ။

ဘာဘဲပြောပြော မနေ့ကမိုးသံလေသံကြောင့် ခြည်တိုင်လွမ်းခဲ့တဲ့ ကျမအတွက် တူမလေးရဲ့ စကားသံတွေက အလွမ်းတွေ ပြေစေခဲ့တယ်

မိသားစုကိုလွမ်းနေမိတဲ့ကျမ မိုးသီးမိုးပေါက်တွေကြားထဲမှာ သူ့စကားသံကြောင့် ကျမအတွက် နွေးထွေးမှုကိုရစေခဲ့တယ်။

မိသားစုရှိရာကို သွားချင်နေတဲ့ ကျမအတွက် လျပ်စီးနဲ့ မိုးကြိုးသံတွေ ကြားထဲကနေ ကျမငုံ့လှိူး ပြေးလွှားခဲ့ရတဲ့ အမောတွေ ပြေစေခဲ့ရတယ် ဒါပေမဲ့လဲ အိမ်ပြန်ချင်တဲ့ စိတ်လေးကတော့ တားမရခဲ့ဘူးပေါ့။

Tuu mar
4/10/3013
9:43 AM