Thursday, December 26, 2013

အမေ့ရဲ့ နောက်ဆုံးအချိန်



အမေဆုံးသွားပြီလို့ သိလိုက်ရချိန်မှာ အမေ့နားမှာ ရှိနေခဲ့ ကျမတို့မောင်နှစ်မသုံးယောက် အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့ရတယ်။

အစ်ကိုအကြီးဆုံးက အရင်ဆုံးဖင်ထိုင်ရက်ပြုတ်ကျသွားခဲ့တယ် ညီမအငယ်လေးက တွေတွေကြီး ရပ်ပြီးပိုးပိုးပေါက်ပေါက် မျက်ရည်တွေကျနေခဲ့တယ်။

ကျမကတော့ ဒူးထောက်ရက်ပြုတ်ကျပြီး လောကကြီးနဲ့ခနတာ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားလိုက်ရတယ်။

ညီမ၀မ်းကွဲလေးက လာရောက်တွဲခေါ်ပြီး ငါတို့လုပ်စရာတွေ ရှိသေးတယ် နင်သတိရှိရှိနဲ့နေပေးပါလို့ သတိပေးစကားပြောလာမှ လုပ်စရာရှိတာတွေဆက်ပြီး လုပ်နိုင်ခဲ့ပါတယ်။



အမေ့ရဲ့အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာကို ကျမတို့ မောင်နှစ်တွေ အိမ်ကို ပြန်သည်ဖို့ပြင်ဆင်ကြတဲ့ အချိန်မှာတော့ အမေ ကျမတို့နားမှာ ရှိမနေတော့ဘူးဆိုတာ လက်ခံခဲ့မိတယ်။

ကျမတို့ပြန်လည်ခေါ်ဆောင်လာလို့ အမေကအိမ်ကို ပြန်ပါလာပေမဲ့ တည်ငြိမ်တိတ်ဆိတ်စွာနဲ့ ရီခြင်းပြုံးခြင်း ကင်းမဲ့စွာနဲ့လိုက်ပါလာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ အမေဆုံးသွားတာကို ယူကြုံးမရစွာနဲ့ထပ်မံပြီး လက်ခံလိုက်ရပါတော့တယ်။

သူ့လက်ကို ကိုင်ပြီး သူ့ပါးနှစ်ဖက်ကို လက်လေးနဲ့ကိုင်ပြီးဖြစ်ညှစ်ကာ အမေနေကောင်းလားလို့ မေးလိုက်တိုင်း ကောင်းပါတယ်
အမေတို့အိမ်ကိုပြန်ကြရအောင်နော်လို့ တစ်ဖွဖွပြောနေတဲ့ အမေ့ကို အသက်နဲ့ခန္ဓာ တွဲလျက် ပြန်မခေါ်နိူင်ခဲ့တာ သမီးစိတ်ထဲမှာ ကုသလို့မရနိုင်တဲ့ အနာတစ်ခုလို ဖြစ်နေခဲ့တယ် အမေ.့့့့:(

လွမ်းဆွတ်ခြင်းများ


အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ
မပြန်ချင့်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်။

အပေါ်ထပ်နဲ့အောက်ထပ် အိမ်ကြီးထဲမှာ ဟိုး အရင့်အရင်နှစ်တွေက ကြီးကြီး

အဖေအမေနဲ့မောင်နှစ်မတွေ စုံစုံလင်ရှိနေခဲ့တယ်။

တစ်ယောက်တစ်ပေါက်နဲ့စည်ကားနေတဲ့အိမ်ကြီးမှာ ပျော်စရာတွေကောင်းနေခဲ့ပြီး

ကြားကာလအချိန်တွေမှာ သဘာဝတရားကြီးက မိသားစုတွေကိုတစ်စစီ ဖဲ့ချွေတာခံလိုက်ရတယ်။

သဘာဝတရားဆိုတာကြီးကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် မိသားစုထဲကနေ အရင်ဆုံးထွက်ခွာသွားသူက

ကျမအရမ်းချစ်တဲ့့ကြီးကြီးဖြစ်ခဲ့တယ်။

နောက်တော့ အဲဒီအိမ်ကြီးထဲကနေ မောင်ငယ်လေးက နူတ်မဆက်ဘဲထွက်သွားခဲ့ပြန်တယ်

မောင်ငယ်လေးထွက်သွားပြီး ၅လနဲ့၁၀ရက်အကြာမှာ အမေကထပ်ပြီးခွဲသွားခဲ့ပြန်တယ်။

ဝေဆာနေတဲ့အပင်ကြီးက အကိုင်းအခက်တွေတစ်စဆီ ပဲ့ထွက်သွားခဲ့ပြီး

လူနည်းသွားတဲ့အိမ်ကြီးမှာ ခြောက်သွေ့သွားခဲ့တယ်။

အကိုင်းအခက်တွေပဲ့သွားတဲ့ အပင်ကြီးမှာ နားခိုမှုတွေနည်းသွားခဲ့တယ်

အဲဒီကြားထဲကမှ ဧည့်သည်သွားဧည့်သည်လာ လုပ်နေတဲ့ကျမက

အဖော်မဲ့သွားတဲ့အဖေ့ကိုထားပြီး မိသားစုရှိရာကို ပြန်လာခဲ့ရတယ်။

ဆွေးမြေ့ခြောက်ကပ် ရီဝေနေတဲ့မျက်လုံးများနဲ့ ကျန်ခဲ့တဲ့အဖေ

နူတ်မဆက်ချင်ဘဲ နူတ်ဆက်စကားဆိုလိုက်တဲ့အဖေ

အဖေ့ကို ကန်တော့ရင်း အဖေပေးတဲ့ဆုတွေကိုယူရင်း

အလွမ်းအမောများနဲ့ သမီးပြန်ခဲ့ရတာပါ အဖေ

အိမ်မှာရှိနေခဲ့သော အဖေနဲ့အတူ မရှိတော့သောသူ ရှိသောသူအားလုံးကိုလွမ်းဆွတ်နေပါတယ်။

Mar Mar Lwin ( Tuu Mar   )
10;50AM
10/12/2013

Thursday, December 19, 2013

စောင့်လျှောက်ခြင်း


တရားကို စောင့်ရှောက်သောသူကို တရားက ပြန်၍စောင့်ရှောက်၏

ကျမဒီစာလေးကို ဘာလို့ရေးဖြစ်ခဲ့သလဲ  ရေးဖို့ကြိုးစားခဲ့သလဲဆိုရင် ကျမကိုယ်တိုင် အသက်အန္တရာယ်ကနေ သီသီလေး လွတ်ခဲ့တဲ့ အကြောင်းအရာလေးတွေကြောင့်ပါ။

16/11/2013 နေ့မှာ ကျမမြန်မာပြည်ကို ပြန်ဖို့အကြောင်းက ပေါ်လာခဲ့ပါတယ် ညီအစ်မဝမ်းကွဲလေးဆီက ဖုန်းလာတယ် ဒေါ်ဒေါ်ဆေးရုံတင်လိုက်ရတယ် ပြန်လာနိုင်ရင် လာခဲ့ပါလားတဲ့ သူပြောတဲ့ ဒေါ်ဒေါ်ဆိုတာက ကျမရဲ့အမေ သူတို့ရဲ့ဒေါ်ဒေါ်ပါ။

သူနဲ့စကားပြောပြီးပြီးချင်း ကျမလေယာဉ်လက်မှတ်အတွက် စတင်ပြင်ဆင် ရပါတော့တယ် ကျမနေတဲ့မြို့ကနေ မြန်မာပြည်ကို ပြန်ဖို့လေယာဉ် သုံးဆင့်စီးမှ ရောက်ပါတယ်။

လေယာဉ်လက်မှတ် အဆင်ပြေတဲ့နေ့မှာ ကျမမြန်မာပြည်ကို ပြန်ခဲ့တယ် အိမ်ကစပြီး ထွက်ထဲက ကျမအမြဲတမ်းစွဲစွဲမြဲမြဲ ရွတ်ဖတ်လေ့ရှိတဲ့ သံဗုန္ဓေဂါထာတော်ကို ရွတ်ဖတ်လာခဲ့ပါတယ်။

လေဆိပ်ကို လိုက်ပို့တဲ့ မိသားစုကို နူတ်ဆက်အပြီးမှာ ဘုရားဂုဏ်တော် တရားဂုဏ်တော်တို့ကို ရွတ်ဖတ်ရင်းခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ကျမတို့နေတဲ့မြို့ကနေ ဘရစ်စဘိန်းမြို့ကို တစ်နာရီကျော်အကြာ စီးရတဲ့လေယာဉ်ခရီးစဉ် စခဲ့ပါတယ် ရာသီဥတု ကောင်းတဲ့အတွက် သတ်မှတ်ထားတဲ့ နာရီအတွင်းမှာဘဲ ဘရစ်စဘိန်းမြို့ ကိုရောက်ခဲ့ပါတယ်။

ဘရစ်စဘိန်းမြို့ရဲ့ပြည်တွင်းလေဆိပ်ကနေ နိုင်ငံတကာလေဆိပ်ကို ကားတစ်ဆင့်စီးပြီး ကျမပြောင်းခဲ့တယ် ဘရစ်စဘိန်း နိုင်ငံတကာ လေဆိပ်ကနေ စင်္ကာပူရောက်အောင် လေယာဉ်ပြောင်ပြီး စီးရပြန်ပါတယ် သူတို့သတ်မှတ်ထားချိန်က ၇နာရီခွဲလောက်ဘဲ ကြာပေမဲ့ အဲဒီနေ့က ရှစ်နာရီကျော်လောက် စီးခဲ့ရပါတယ်။

ရာသီဥတု ဆိုးဝါးနေတာကြောင့် သြစတြေးလျား တိုက်ထဲမှာဘဲ လှည့်ပါတ်မောင်းနေခဲ့တဲ့ လေယာဉ်ဟာ
တစ်ချိန်လုံးလိုလို အရေးပေါ် အခြေအနေဲ့ ရာသီဥတု ဆိုးနေတယ် ခါးပါတ်ပါတ်ထားပေးပါ ဆိုတာကိုလဲ လေယာဉ်မယ်တွေ လေယာဉ်မောင်တွေက မကြာခန သတိပေး နေကြရတယ်။

အဲဒီအချိန်တွေမှာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတတ်ကြပြီး ကိုးကွယ်ယုံကြည်ရာ ဘုရားနဲ့တရားကိုသာ အာရုံပြုနေကြမယ်လို့ ကျမထင်မိပါတယ် ဘာဖြစ်လို့လဲဆိုရင် ကျမကိုယ်တိုင်လဲ အနန္တောအနန္တ ငါးပါးကို အာရုံပြုပြီး ဘုရားဂုဏ်တော် တရားဂုဏ်တော်တို့ကို ရွတ်ဖတ်ရင်း လိုက်ပါလာသူမို့ပါ။

သူတို့သတ်မှတ်တဲ့ အချိန်ကျော်ပြီးမှ စင်္ကာပူကို ရောက်ပေမဲ့ ဂုဏ်တော်တွေရဲ့ကျးဇူးကြောင့် ကျမတို့အားလုံး ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စင်္ကာပူလေဆိပ်ကို ရောက်ခဲ့ကြပါတယ်။

နောက်နေ့မနက်မှာ စင်္ကာပူကနေ ရန်ကုန်ကို ကျမခရီးဆက်ခဲ့တယ် လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ခဲ့ပေမဲ့ ရန်ကုန်လေဆိပ် ဆင်းခါနီးမှာ ရာသီဥတုက ချက်ချင်းကြီး ဆိုးသွားခဲ့ပြန်တယ်.

မြန်မာ့မြေပေါ် ဆင်းခါနီး ဆယ့်ငါးမိနစ်လောက် အလိုမှာ  ရာသီဥတုက ရုတ်တရက်ကြီး ဆိုးလာတဲ့အတွက် ခါးပတ်ပါတ်ပေးထားပါ အမြင့်ပေ ဘယ်လောက်ထိ ပြန်တက်ပါ့မယ်လို့ ချက်ချင်းကြီး ကြေညာအပြီးမှာ ဝုန်းကနဲ ထိုးတက်သွားတဲ့  လေယာဉ်ရဲ့အရှိန်ကြောင့် ကျမကိုယ်တိုင် နားတွေချက်ချင်းပိတ်သွားခဲ့တယ် နားတွေကိုက်တက်လာပြီး နားစည်တွေပေါက် ထွက်မတတ် ဖြစ်လာခဲ့တယ် အသက်ရှူကြပ်သလို ခံစားလိုက်ရပါတယ်။

ရုတ်တရက် ဖြစ်ခဲ့တာပေမဲ့ ဂုဏ်တော်တွေ စောင့်ရှောက်ခဲ့တဲ့ ကျမတို့အားလုံး ဘေးအန္တရာယ်ကနေ လွတ်ခဲ့ကြပြီး လိုရာခရီးကို ရောက်ခဲ့ကြပါတယ်။

အပြန်ခရီးဖြစ်တဲ့ ရန်ကုန်စင်္ကာပူ ခရီးစဉ်ဟာ ဘုရားဂုဏ်တော်ကြောင့် ချောမောစွာနဲ့ သတ်မှတ်ချိန်နာရီအတွင်း ဆိုက်ရောက်ခဲ့ပါတယ် စင်္ကာပူမှာ ၆နာရီကြာနားခဲ့ပြီး နောက်တစ်မြို့ကိုပြောင်းစီးဖို့ ကျမပြင်ဆင်ရပါတယ်။

စင်္ကာပူကနေ ဘရစ်စဘိန်းမြို့ကို ၇နာရီခွဲလောက်စီးရမှာမို့အလာတုံးကခရီးစဉ်လိုရာသီဥတု
ဆိုးမှာကို ကျမကြောက်နေခဲ့တယ် ဒါပေမဲ့လဲ မပြန်မဖြစ်တဲ့ ခရီးမို့ကျမကြောက်ကြောက်နဲ့ ပြန်ခဲ့ရပြန်
ပါတယ်။

စင်္ကာပူမှ ဘရစ်စဘိန်းခရီးစဉ်ဟာ အလာတုံးကလောက် မကြမ်းတမ်းပေမဲ့ စင်းလုံးတော့မချောခဲ့ပါဘူး
ဒါပေမဲ့ လူတိုင်းဟာ အန္တရာယ် တခုခုကိုဘယ်သူမှ မကြုံချင်ကြပါဘူး ဒါကြောင့်မို့ ကိုယ်ကိုးကွယ်
ယုံကြည်ရာဘာသာတရားကို အမြဲတမ်း လက်ကိုင်ထားကြတာတွေ့ရပါတယ်။

ကျမနဲ့ဘေးချင်းကပ်ရက်မှာ ထိုင်တဲ့တစ်ယောက်က ခရစ်ယာန်ဘာသာ၀င်တစ်ယောက်ပါ သူလဲ
လေယာဉ်စတင်ပျံသန်းထဲက ကျန်းစာအုပ်နဲ့မျက်နှာမခွာတမ်း ဖတ်လာပါတယ် ကျမလဲ ဘုရားဂုဏ်
တော်တွေကို ပွားပြီးလိုက်လာခဲ့ပါတယ် အသွားတုန်းကလောက် ရာသီဥတုမဆိုးပေမဲ့ ဝေဟင်ထဲမှာ
တစ်ခုခုဖြစ်လိုက်ရင်ဆိုတဲ့ အတွေးတော့ စိုးမိုးနေစဲ အကြောက်တရားကတော့ လွှမ်းမိုးနေစဲပါ။

အဲဒီလိုနဲ့ ၇နာရီခွဲလောက်စီးရတဲ့ ခရီးစဉ်တစ်ခု ကြောက်ကြောက်လန့်လန့်နဲ့ဘဲ အောင်မြင်စွာ
ဆိုက်ရောက်ခဲ့ပါတယ် ပါလာတဲ့ပစ္စည်းတွေအတွက်ကြေငြာအပြီး အင်မီဂရေးရှင်းဖြတ်အပြီး ခပ်သုပ်သုပ်
လမ်းလျှောက်အထုပ်တွေရွေးပြီးတာနဲ့ ကျမနေတဲ့မြို့ကိုပြန်ဖို့ လေဆိပ်ကို တခါပြေးရပြန်ပါတယ်။

ဘရစ်စဘိန်းလေဆိပ်ကနေ ကျမနေတဲ့မြို့ကို တနာရီကျော်ကျော်လောက် လေယာဉ်ထပ်စီးရပြန်ပါတယ်
တောမြို့လေးတွေကိုသွားတဲ့ လေယာဉ်မို့ လေယာဉ်တွေက မကြီးတော့ပါဘူး လု၅၀လောက်ဘဲ
စီးတဲ့သူ ပါပါတော့တယ်။

ပန်ကာလေယာဉ်တွေမို့ နဲနဲတော့ကြောက်စရာ ကောင်းပါတယ် ကျမစိတ်ထင် အထိမ်းအကွတ် မဲ့နေသလို
မျိုး စီးတိုင်းခံစားရပါတယ် ဖြစ်ချင်တော့ ကျမစီးတဲ့လေယာဉ်ဟာ  ပြေးလမ်းက တက်ကတည်းက
ရာသီဥတု ဆိုးတာနဲ့တိုးပါတော့တယ်။

နိမ့်ခြည်တခါ မြင့်ခြည်တလှည့်နဲ့ ပျံသန်းလာလိုက်တာ ကျမနေတဲ့မြို့ကို၀င်ဖို့ ဆယ်မိနစ်လောက်အလို
မှာ လေယာဉ်က ချက်ခြင်းလူးထွက်သွားပြီး ကြောက်စရာကောင်းတဲ့ အသံတွေ ထွက်လာပါတော့တယ်။

အဲဒီအချိန်မှာ ကျမကတော့ ဂုဏ်တော်တွေကို မျက်စိစုံမှိတ်ပြီး ရွတ်မြဲအတိုင်းရွတ်နေခဲ့ပါတယ် ကျမဘေးက
တစ်ယောက်က ကျမရဲ့လက်ကို လာပြီးဆုတ်ကိုင်ရင်း သူငိုပါတော့တယ် ကျမသူ့ကိုအားပေးစကားချက်
ခြင်းပြန်မပြောနိုင်ခဲ့ပေမဲ့ လေယာဉ်မယ်လေးရဲ့ ခါးပါတ်ကို ပါတ်ထားဖို့ သတိပေးသံကြားကနေ ကျမသူ့
လက်လေးကို အုပ်မိုးပြီးကိုင်ကာ ဂုဏ်တော်ကို ဆက်ပွားခဲ့ပါတယ်။

နောက်တော့ ဘုရားရဲ့ကျေးဇူးတော် လေယာဉ်မောင်တွေရဲ့ ကျွမ်းကျင်မှုတို့ကြောင့် ကျမနေတဲ့မြို့ရဲ့လေယာဉ်ကွင်းကို ကောင်းမွန်စွာနဲ့ဆင်းသက် ဆိုက်ရောက်လို့ လာခဲ့ပါတော့တယ်။

ခရီးစဉ်တစ်လျောက် အားလုံးကို ခြုံငုံပြီး ကြည့်လိုက်ရင် အသက်အန္တရာယ်နဲ့ သိပ်နီးကပ်ခဲ့တဲ့
ဝေဟင်ပေါ်က  လေယာဉ်ခရီးစဉ်တွေဟာ ရာသီဥတုကြောင့်သော်လည်းကောင်း စက်ချို့ယွင်းမှုကြောင့်
သော်လည်းကောင်း လူတဦး တစ်ယောက်ရဲ့ပယောဂကြောင့်သော်လည်းကောင်း အန္တရာယ်ကြီးပါတယ်။

ဒါကြောင့်မို့ အားလုံးသော အန္တရာယ်တွေက ကင်းလွတ်ခြင်းဟာ ဂုဏ်တော်တွေကို ကျမတို့က စောင့်ရှောက်ခဲ့လို့
ဂုဏ်တော်တွေက ကျမတို့ကို ပြန်လည်ပြီး စောင့်ရှောက်တယ်ဆိုတာ ကျမအကြွင်းမဲ့ ယုံကြည်ခဲ့ပါတယ် ယုံကြည်မှုသည်သာ ကိုယ့်ရဲ့အားကိုးရာ တစ်ခုပါ။

Mar Mar Lwin