Thursday, December 26, 2013

အမေ့ရဲ့ နောက်ဆုံးအချိန်



အမေဆုံးသွားပြီလို့ သိလိုက်ရချိန်မှာ အမေ့နားမှာ ရှိနေခဲ့ ကျမတို့မောင်နှစ်မသုံးယောက် အရုပ်ကြိုးပြတ် ဖြစ်သွားခဲ့ရတယ်။

အစ်ကိုအကြီးဆုံးက အရင်ဆုံးဖင်ထိုင်ရက်ပြုတ်ကျသွားခဲ့တယ် ညီမအငယ်လေးက တွေတွေကြီး ရပ်ပြီးပိုးပိုးပေါက်ပေါက် မျက်ရည်တွေကျနေခဲ့တယ်။

ကျမကတော့ ဒူးထောက်ရက်ပြုတ်ကျပြီး လောကကြီးနဲ့ခနတာ အဆက်အသွယ် ပြတ်တောက်သွားသလို ခံစားလိုက်ရတယ်။

ညီမ၀မ်းကွဲလေးက လာရောက်တွဲခေါ်ပြီး ငါတို့လုပ်စရာတွေ ရှိသေးတယ် နင်သတိရှိရှိနဲ့နေပေးပါလို့ သတိပေးစကားပြောလာမှ လုပ်စရာရှိတာတွေဆက်ပြီး လုပ်နိုင်ခဲ့ပါတယ်။



အမေ့ရဲ့အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာကို ကျမတို့ မောင်နှစ်တွေ အိမ်ကို ပြန်သည်ဖို့ပြင်ဆင်ကြတဲ့ အချိန်မှာတော့ အမေ ကျမတို့နားမှာ ရှိမနေတော့ဘူးဆိုတာ လက်ခံခဲ့မိတယ်။

ကျမတို့ပြန်လည်ခေါ်ဆောင်လာလို့ အမေကအိမ်ကို ပြန်ပါလာပေမဲ့ တည်ငြိမ်တိတ်ဆိတ်စွာနဲ့ ရီခြင်းပြုံးခြင်း ကင်းမဲ့စွာနဲ့လိုက်ပါလာခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ အမေဆုံးသွားတာကို ယူကြုံးမရစွာနဲ့ထပ်မံပြီး လက်ခံလိုက်ရပါတော့တယ်။

သူ့လက်ကို ကိုင်ပြီး သူ့ပါးနှစ်ဖက်ကို လက်လေးနဲ့ကိုင်ပြီးဖြစ်ညှစ်ကာ အမေနေကောင်းလားလို့ မေးလိုက်တိုင်း ကောင်းပါတယ်
အမေတို့အိမ်ကိုပြန်ကြရအောင်နော်လို့ တစ်ဖွဖွပြောနေတဲ့ အမေ့ကို အသက်နဲ့ခန္ဓာ တွဲလျက် ပြန်မခေါ်နိူင်ခဲ့တာ သမီးစိတ်ထဲမှာ ကုသလို့မရနိုင်တဲ့ အနာတစ်ခုလို ဖြစ်နေခဲ့တယ် အမေ.့့့့:(

လွမ်းဆွတ်ခြင်းများ


အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ
မပြန်ချင့်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်။

အပေါ်ထပ်နဲ့အောက်ထပ် အိမ်ကြီးထဲမှာ ဟိုး အရင့်အရင်နှစ်တွေက ကြီးကြီး

အဖေအမေနဲ့မောင်နှစ်မတွေ စုံစုံလင်ရှိနေခဲ့တယ်။

တစ်ယောက်တစ်ပေါက်နဲ့စည်ကားနေတဲ့အိမ်ကြီးမှာ ပျော်စရာတွေကောင်းနေခဲ့ပြီး

ကြားကာလအချိန်တွေမှာ သဘာဝတရားကြီးက မိသားစုတွေကိုတစ်စစီ ဖဲ့ချွေတာခံလိုက်ရတယ်။

သဘာဝတရားဆိုတာကြီးကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် မိသားစုထဲကနေ အရင်ဆုံးထွက်ခွာသွားသူက

ကျမအရမ်းချစ်တဲ့့ကြီးကြီးဖြစ်ခဲ့တယ်။

နောက်တော့ အဲဒီအိမ်ကြီးထဲကနေ မောင်ငယ်လေးက နူတ်မဆက်ဘဲထွက်သွားခဲ့ပြန်တယ်

မောင်ငယ်လေးထွက်သွားပြီး ၅လနဲ့၁၀ရက်အကြာမှာ အမေကထပ်ပြီးခွဲသွားခဲ့ပြန်တယ်။

ဝေဆာနေတဲ့အပင်ကြီးက အကိုင်းအခက်တွေတစ်စဆီ ပဲ့ထွက်သွားခဲ့ပြီး

လူနည်းသွားတဲ့အိမ်ကြီးမှာ ခြောက်သွေ့သွားခဲ့တယ်။

အကိုင်းအခက်တွေပဲ့သွားတဲ့ အပင်ကြီးမှာ နားခိုမှုတွေနည်းသွားခဲ့တယ်

အဲဒီကြားထဲကမှ ဧည့်သည်သွားဧည့်သည်လာ လုပ်နေတဲ့ကျမက

အဖော်မဲ့သွားတဲ့အဖေ့ကိုထားပြီး မိသားစုရှိရာကို ပြန်လာခဲ့ရတယ်။

ဆွေးမြေ့ခြောက်ကပ် ရီဝေနေတဲ့မျက်လုံးများနဲ့ ကျန်ခဲ့တဲ့အဖေ

နူတ်မဆက်ချင်ဘဲ နူတ်ဆက်စကားဆိုလိုက်တဲ့အဖေ

အဖေ့ကို ကန်တော့ရင်း အဖေပေးတဲ့ဆုတွေကိုယူရင်း

အလွမ်းအမောများနဲ့ သမီးပြန်ခဲ့ရတာပါ အဖေ

အိမ်မှာရှိနေခဲ့သော အဖေနဲ့အတူ မရှိတော့သောသူ ရှိသောသူအားလုံးကိုလွမ်းဆွတ်နေပါတယ်။

Mar Mar Lwin ( Tuu Mar   )
10;50AM
10/12/2013

Thursday, December 19, 2013

စောင့်လျှောက်ခြင်း


တရားကို စောင့်ရှောက်သောသူကို တရားက ပြန်၍စောင့်ရှောက်၏

ကျမဒီစာလေးကို ဘာလို့ရေးဖြစ်ခဲ့သလဲ  ရေးဖို့ကြိုးစားခဲ့သလဲဆိုရင် ကျမကိုယ်တိုင် အသက်အန္တရာယ်ကနေ သီသီလေး လွတ်ခဲ့တဲ့ အကြောင်းအရာလေးတွေကြောင့်ပါ။

16/11/2013 နေ့မှာ ကျမမြန်မာပြည်ကို ပြန်ဖို့အကြောင်းက ပေါ်လာခဲ့ပါတယ် ညီအစ်မဝမ်းကွဲလေးဆီက ဖုန်းလာတယ် ဒေါ်ဒေါ်ဆေးရုံတင်လိုက်ရတယ် ပြန်လာနိုင်ရင် လာခဲ့ပါလားတဲ့ သူပြောတဲ့ ဒေါ်ဒေါ်ဆိုတာက ကျမရဲ့အမေ သူတို့ရဲ့ဒေါ်ဒေါ်ပါ။

သူနဲ့စကားပြောပြီးပြီးချင်း ကျမလေယာဉ်လက်မှတ်အတွက် စတင်ပြင်ဆင် ရပါတော့တယ် ကျမနေတဲ့မြို့ကနေ မြန်မာပြည်ကို ပြန်ဖို့လေယာဉ် သုံးဆင့်စီးမှ ရောက်ပါတယ်။

လေယာဉ်လက်မှတ် အဆင်ပြေတဲ့နေ့မှာ ကျမမြန်မာပြည်ကို ပြန်ခဲ့တယ် အိမ်ကစပြီး ထွက်ထဲက ကျမအမြဲတမ်းစွဲစွဲမြဲမြဲ ရွတ်ဖတ်လေ့ရှိတဲ့ သံဗုန္ဓေဂါထာတော်ကို ရွတ်ဖတ်လာခဲ့ပါတယ်။

လေဆိပ်ကို လိုက်ပို့တဲ့ မိသားစုကို နူတ်ဆက်အပြီးမှာ ဘုရားဂုဏ်တော် တရားဂုဏ်တော်တို့ကို ရွတ်ဖတ်ရင်းခရီးစဉ်ကို စတင်ခဲ့ပါတယ်။

ကျမတို့နေတဲ့မြို့ကနေ ဘရစ်စဘိန်းမြို့ကို တစ်နာရီကျော်အကြာ စီးရတဲ့လေယာဉ်ခရီးစဉ် စခဲ့ပါတယ် ရာသီဥတု ကောင်းတဲ့အတွက် သတ်မှတ်ထားတဲ့ နာရီအတွင်းမှာဘဲ ဘရစ်စဘိန်းမြို့ ကိုရောက်ခဲ့ပါတယ်။

ဘရစ်စဘိန်းမြို့ရဲ့ပြည်တွင်းလေဆိပ်ကနေ နိုင်ငံတကာလေဆိပ်ကို ကားတစ်ဆင့်စီးပြီး ကျမပြောင်းခဲ့တယ် ဘရစ်စဘိန်း နိုင်ငံတကာ လေဆိပ်ကနေ စင်္ကာပူရောက်အောင် လေယာဉ်ပြောင်ပြီး စီးရပြန်ပါတယ် သူတို့သတ်မှတ်ထားချိန်က ၇နာရီခွဲလောက်ဘဲ ကြာပေမဲ့ အဲဒီနေ့က ရှစ်နာရီကျော်လောက် စီးခဲ့ရပါတယ်။

ရာသီဥတု ဆိုးဝါးနေတာကြောင့် သြစတြေးလျား တိုက်ထဲမှာဘဲ လှည့်ပါတ်မောင်းနေခဲ့တဲ့ လေယာဉ်ဟာ
တစ်ချိန်လုံးလိုလို အရေးပေါ် အခြေအနေဲ့ ရာသီဥတု ဆိုးနေတယ် ခါးပါတ်ပါတ်ထားပေးပါ ဆိုတာကိုလဲ လေယာဉ်မယ်တွေ လေယာဉ်မောင်တွေက မကြာခန သတိပေး နေကြရတယ်။

အဲဒီအချိန်တွေမှာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတတ်ကြပြီး ကိုးကွယ်ယုံကြည်ရာ ဘုရားနဲ့တရားကိုသာ အာရုံပြုနေကြမယ်လို့ ကျမထင်မိပါတယ် ဘာဖြစ်လို့လဲဆိုရင် ကျမကိုယ်တိုင်လဲ အနန္တောအနန္တ ငါးပါးကို အာရုံပြုပြီး ဘုရားဂုဏ်တော် တရားဂုဏ်တော်တို့ကို ရွတ်ဖတ်ရင်း လိုက်ပါလာသူမို့ပါ။

သူတို့သတ်မှတ်တဲ့ အချိန်ကျော်ပြီးမှ စင်္ကာပူကို ရောက်ပေမဲ့ ဂုဏ်တော်တွေရဲ့ကျးဇူးကြောင့် ကျမတို့အားလုံး ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စင်္ကာပူလေဆိပ်ကို ရောက်ခဲ့ကြပါတယ်။

နောက်နေ့မနက်မှာ စင်္ကာပူကနေ ရန်ကုန်ကို ကျမခရီးဆက်ခဲ့တယ် လမ်းခရီးတစ်လျှောက် အဆင်ပြေချောမွေ့ခဲ့ပေမဲ့ ရန်ကုန်လေဆိပ် ဆင်းခါနီးမှာ ရာသီဥတုက ချက်ချင်းကြီး ဆိုးသွားခဲ့ပြန်တယ်.

မြန်မာ့မြေပေါ် ဆင်းခါနီး ဆယ့်ငါးမိနစ်လောက် အလိုမှာ  ရာသီဥတုက ရုတ်တရက်ကြီး ဆိုးလာတဲ့အတွက် ခါးပတ်ပါတ်ပေးထားပါ အမြင့်ပေ ဘယ်လောက်ထိ ပြန်တက်ပါ့မယ်လို့ ချက်ချင်းကြီး ကြေညာအပြီးမှာ ဝုန်းကနဲ ထိုးတက်သွားတဲ့  လေယာဉ်ရဲ့အရှိန်ကြောင့် ကျမကိုယ်တိုင် နားတွေချက်ချင်းပိတ်သွားခဲ့တယ် နားတွေကိုက်တက်လာပြီး နားစည်တွေပေါက် ထွက်မတတ် ဖြစ်လာခဲ့တယ် အသက်ရှူကြပ်သလို ခံစားလိုက်ရပါတယ်။

ရုတ်တရက် ဖြစ်ခဲ့တာပေမဲ့ ဂုဏ်တော်တွေ စောင့်ရှောက်ခဲ့တဲ့ ကျမတို့အားလုံး ဘေးအန္တရာယ်ကနေ လွတ်ခဲ့ကြပြီး လိုရာခရီးကို ရောက်ခဲ့ကြပါတယ်။

အပြန်ခရီးဖြစ်တဲ့ ရန်ကုန်စင်္ကာပူ ခရီးစဉ်ဟာ ဘုရားဂုဏ်တော်ကြောင့် ချောမောစွာနဲ့ သတ်မှတ်ချိန်နာရီအတွင်း ဆိုက်ရောက်ခဲ့ပါတယ် စင်္ကာပူမှာ ၆နာရီကြာနားခဲ့ပြီး နောက်တစ်မြို့ကိုပြောင်းစီးဖို့ ကျမပြင်ဆင်ရပါတယ်။

စင်္ကာပူကနေ ဘရစ်စဘိန်းမြို့ကို ၇နာရီခွဲလောက်စီးရမှာမို့အလာတုံးကခရီးစဉ်လိုရာသီဥတု
ဆိုးမှာကို ကျမကြောက်နေခဲ့တယ် ဒါပေမဲ့လဲ မပြန်မဖြစ်တဲ့ ခရီးမို့ကျမကြောက်ကြောက်နဲ့ ပြန်ခဲ့ရပြန်
ပါတယ်။

စင်္ကာပူမှ ဘရစ်စဘိန်းခရီးစဉ်ဟာ အလာတုံးကလောက် မကြမ်းတမ်းပေမဲ့ စင်းလုံးတော့မချောခဲ့ပါဘူး
ဒါပေမဲ့ လူတိုင်းဟာ အန္တရာယ် တခုခုကိုဘယ်သူမှ မကြုံချင်ကြပါဘူး ဒါကြောင့်မို့ ကိုယ်ကိုးကွယ်
ယုံကြည်ရာဘာသာတရားကို အမြဲတမ်း လက်ကိုင်ထားကြတာတွေ့ရပါတယ်။

ကျမနဲ့ဘေးချင်းကပ်ရက်မှာ ထိုင်တဲ့တစ်ယောက်က ခရစ်ယာန်ဘာသာ၀င်တစ်ယောက်ပါ သူလဲ
လေယာဉ်စတင်ပျံသန်းထဲက ကျန်းစာအုပ်နဲ့မျက်နှာမခွာတမ်း ဖတ်လာပါတယ် ကျမလဲ ဘုရားဂုဏ်
တော်တွေကို ပွားပြီးလိုက်လာခဲ့ပါတယ် အသွားတုန်းကလောက် ရာသီဥတုမဆိုးပေမဲ့ ဝေဟင်ထဲမှာ
တစ်ခုခုဖြစ်လိုက်ရင်ဆိုတဲ့ အတွေးတော့ စိုးမိုးနေစဲ အကြောက်တရားကတော့ လွှမ်းမိုးနေစဲပါ။

အဲဒီလိုနဲ့ ၇နာရီခွဲလောက်စီးရတဲ့ ခရီးစဉ်တစ်ခု ကြောက်ကြောက်လန့်လန့်နဲ့ဘဲ အောင်မြင်စွာ
ဆိုက်ရောက်ခဲ့ပါတယ် ပါလာတဲ့ပစ္စည်းတွေအတွက်ကြေငြာအပြီး အင်မီဂရေးရှင်းဖြတ်အပြီး ခပ်သုပ်သုပ်
လမ်းလျှောက်အထုပ်တွေရွေးပြီးတာနဲ့ ကျမနေတဲ့မြို့ကိုပြန်ဖို့ လေဆိပ်ကို တခါပြေးရပြန်ပါတယ်။

ဘရစ်စဘိန်းလေဆိပ်ကနေ ကျမနေတဲ့မြို့ကို တနာရီကျော်ကျော်လောက် လေယာဉ်ထပ်စီးရပြန်ပါတယ်
တောမြို့လေးတွေကိုသွားတဲ့ လေယာဉ်မို့ လေယာဉ်တွေက မကြီးတော့ပါဘူး လု၅၀လောက်ဘဲ
စီးတဲ့သူ ပါပါတော့တယ်။

ပန်ကာလေယာဉ်တွေမို့ နဲနဲတော့ကြောက်စရာ ကောင်းပါတယ် ကျမစိတ်ထင် အထိမ်းအကွတ် မဲ့နေသလို
မျိုး စီးတိုင်းခံစားရပါတယ် ဖြစ်ချင်တော့ ကျမစီးတဲ့လေယာဉ်ဟာ  ပြေးလမ်းက တက်ကတည်းက
ရာသီဥတု ဆိုးတာနဲ့တိုးပါတော့တယ်။

နိမ့်ခြည်တခါ မြင့်ခြည်တလှည့်နဲ့ ပျံသန်းလာလိုက်တာ ကျမနေတဲ့မြို့ကို၀င်ဖို့ ဆယ်မိနစ်လောက်အလို
မှာ လေယာဉ်က ချက်ခြင်းလူးထွက်သွားပြီး ကြောက်စရာကောင်းတဲ့ အသံတွေ ထွက်လာပါတော့တယ်။

အဲဒီအချိန်မှာ ကျမကတော့ ဂုဏ်တော်တွေကို မျက်စိစုံမှိတ်ပြီး ရွတ်မြဲအတိုင်းရွတ်နေခဲ့ပါတယ် ကျမဘေးက
တစ်ယောက်က ကျမရဲ့လက်ကို လာပြီးဆုတ်ကိုင်ရင်း သူငိုပါတော့တယ် ကျမသူ့ကိုအားပေးစကားချက်
ခြင်းပြန်မပြောနိုင်ခဲ့ပေမဲ့ လေယာဉ်မယ်လေးရဲ့ ခါးပါတ်ကို ပါတ်ထားဖို့ သတိပေးသံကြားကနေ ကျမသူ့
လက်လေးကို အုပ်မိုးပြီးကိုင်ကာ ဂုဏ်တော်ကို ဆက်ပွားခဲ့ပါတယ်။

နောက်တော့ ဘုရားရဲ့ကျေးဇူးတော် လေယာဉ်မောင်တွေရဲ့ ကျွမ်းကျင်မှုတို့ကြောင့် ကျမနေတဲ့မြို့ရဲ့လေယာဉ်ကွင်းကို ကောင်းမွန်စွာနဲ့ဆင်းသက် ဆိုက်ရောက်လို့ လာခဲ့ပါတော့တယ်။

ခရီးစဉ်တစ်လျောက် အားလုံးကို ခြုံငုံပြီး ကြည့်လိုက်ရင် အသက်အန္တရာယ်နဲ့ သိပ်နီးကပ်ခဲ့တဲ့
ဝေဟင်ပေါ်က  လေယာဉ်ခရီးစဉ်တွေဟာ ရာသီဥတုကြောင့်သော်လည်းကောင်း စက်ချို့ယွင်းမှုကြောင့်
သော်လည်းကောင်း လူတဦး တစ်ယောက်ရဲ့ပယောဂကြောင့်သော်လည်းကောင်း အန္တရာယ်ကြီးပါတယ်။

ဒါကြောင့်မို့ အားလုံးသော အန္တရာယ်တွေက ကင်းလွတ်ခြင်းဟာ ဂုဏ်တော်တွေကို ကျမတို့က စောင့်ရှောက်ခဲ့လို့
ဂုဏ်တော်တွေက ကျမတို့ကို ပြန်လည်ပြီး စောင့်ရှောက်တယ်ဆိုတာ ကျမအကြွင်းမဲ့ ယုံကြည်ခဲ့ပါတယ် ယုံကြည်မှုသည်သာ ကိုယ့်ရဲ့အားကိုးရာ တစ်ခုပါ။

Mar Mar Lwin

Saturday, October 12, 2013

အလွမ်းအမောများနဲ့ ဒေါနတောင်ချေ

လွမ်းမောဖွယ်ရာ ဒေါနတောင်တန်း

ကျမတို့ မိသားစု သုံးခွပြည်သူ့ဆေးရုံကြီးကနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို တာဝန်အရ ပြောင်းရွှေ့ခဲ့ရပါတယ်။

အချိန်ကာလ အတိုင်းအတာအားဖြင့် ကြည့်လိုက်ရင်တော့ အညိုရောင် နယ်မြေဖြစ်လို့ နေပါတယ် ဒါပေမဲ့လဲ ယောင်နောက် ဆံထုံးပါ ဆိုသလိုပါဘဲ ကျမနဲ့ ကျမသားလေးလဲ ထိုခရီးကို လိုက်သွားခဲ့ကြပါတယ်။

ခရီးက ကြမ်းသလို စိတ်လဲမောခဲ့ကြပါတယ် ခရီးစဉ် အစမှာကတည်းက အိမ်ထောင်ပရိဘောဂတွေရယ် ကျမတို့မိသားစု သုံးယောက်ရယ် ဘီအမ်ကားကြီးကို မောင်းပေးတဲ့ ကားဒရိုင်ဘာနဲ့ အကူ ဒရိုင်ဘာ နှစ်ယောက်ရယ် စုစုပေါင်း ခြောက်ယောက်ထဲပါတဲ့ ခရီးစဉ်ရဲ့ အစလို့ ဆိုရမှာပါဘဲ။

ကျမနဲ့ သားသားက ကားဆရာရဲ့ဘေးက ထိုင်ခုံမှာ ထိုင်လိုက်ပြီး အမျိုးသားရယ် အကူဒရိုက်ဘာ နှစ်ယောက်ရယ်က ပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားထဲမှာ သုံးယောက်စာ ထိုင်လို့ ရတယ်ဆိုရုံလေး ကြပ်ကြပ်တည်းတည်း ထိုင်လိုက်ခဲ့ကြပါတယ်။

ရန်ကုန်က စထွက်ထဲက မီးခိုးတစ်အူအူနဲ့ ဘီအမ်ကားကြီးက သူ့တာဝန်ကို သူကျေအောင်တော့ ထမ်းခဲ့ပါတယ် ပဲခူးရောက်တော့ ထမင်းဆိုင်တွေရှေ့မှာ ခနရပ်ပြီး ညနေစာ စားကြတယ်။

ကားဆရာကြီးက ဆရာတို့ ခပ်သွက်သွက်လေး စားကြနော် ညနေမစောင်းခင် စစ်တောင်းတံတားကို ဖြတ်နိူင်ရင် ဟိုဘက်ကို ခရီးဆက်လို့ ရမယ်တဲ့။

ဒီလိုနဲ့ ခပ်သုတ်သုတ်စားပြီး ကားပေါ်တက်လိုက်ကြတယ် တံတားကို အချိန်မှီ ကူးနိူင်ဖို့ အသော့နှင်လာခဲ့ကြပေမဲ့ စစ်တောင်းတံတား မရောက်ခင်မှာဘဲ ကားတန်းရှည်ကြီး ပိတ်မိနေတဲ့အတွက် ကားတွေရပ်ပြီး စစ်တောင်းတံတားနားမှာ ညအိပ်နားလိုက်ရပါတော့တယ်။

ကားပေါ်မှာ ဖြစ်တဲ့အတွက် ဘယ်သူမှ အိပ်မပျော်ကြဘဲ ခြင်တွေကိုက်လို့ စိတ်ညစ်တာကတစ်မျိုး အပေါ့အပါး သွားစရာ နေရာမရှိလို့ ငိုချင်တာက တစ်ဖုံနဲ့ ပါလာတဲ့ ရေနဲ့မုန့်လေးစားလိုက် အပေါ့အပါး သွားချင်ရင် ကားဘေးနားမှာ ကပ်သွားပြီး ကားပေါ်ပြန်တက်လိုက်နဲ့ ရင်တုံပန်းတုန်တော့ ရှိခဲ့ပါတယ်။

မနက်လေးနာရီ အလင်းရောင် မပေါ်ခင် ပိတ်ထားတဲ့ တံတားကြီး ဖွင့်ပြီဆိုတော့မှ ကားတွေ တစ်စီးပြီး တစ်စီး အလှည့်ကျ မောင်းထွက်ခဲ့ပါတော့တယ်။

ခရီးစဉ် လမ်းတစ်လျှောက်မှာလဲ မြို့တော်တော်များများကို ဖြတ်မောင်းရင်း ဒူးရင်းသီးတွေ ပိန္နဲသီးတွေ ကြက်မောက်သီးတွေ ကားလမ်းဘေးမှာ ရောင်းနေတာတွေတွေ့တိုင်း ကားရပ်ရပ်ပြီး ဝယ်လိုက်ကြ စားလိုက်ကြနဲ့ ပျော်စရာ ကောင်းသလိုလိုတော့ ခံစားလာရပါတယ်။

ဒီလိုနဲ့ ခရီးဆက် လာလိုက်တာ တောလမ်းတွေ ရောက်လာတော့ ကားအသွားအလာတွေလဲ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး ဘေးနှစ်ဖက်မှာ တောင်တွေ ကာရံထားတဲ့ နေရာတွေ တောအုပ်လေးတွေကြည့်ရင်း ကြောထဲက စိမ့်လာသလိုလို ဒီလမ်းဒီခရီး လာမိတာ မှားပြီလားဆိုတဲ့ လားပေါင်းများစွာနဲ့ သားလေးကို ကျစ်ကျစ်ပါအောင် ပွေ့ချီထားရင်း ခရီးကို ဆက်ခဲ့ရပြန်တာပါဘဲ။

ထိုအချိန် အခါကက ဖားအံဘက်ကမ်းကို တိုက်ရိုက်သွားလို့ မရသေးတဲ့အတွက် မြိုင်ကလေးကနေတစ်ဆင့် ဇက်နဲ့ကူးကြရပါတယ် ဇက်ဆိပ်ကို ရောက်ပြန်တော့ ဟိုဘက်ကမ်းကို ကူးဖို့စောင့်နေတဲ့ ကားတွေလူတွေက အများကြီးရယ်ပါ။

ကိုယ့်ရှေ့မှာ စောင့်နေတဲ့သူတွေက အများကြီးဆိုတော့ ကိုယ်တွေအလှည့် တော်တော်နဲ့ မရောက်ဖူးဆိုတာ သိနေတော့ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ မိသားစုတွေရယ် ကားမှာပါလာတဲ့ သူတွေရယ် နားနေလိုက်ကြပါတယ်။

ထိုအချိန်မှာဘဲ ဝတ်စုံ အဖြူရောင်တွေနဲ့ ခြေထောက်မှာ သံကြိုးတစ်ခြွင်ခြွင်နဲ့ ခြေထိပ်ခတ်ထားတဲ့ အကျဉ်းသားတွေ ကျောက်ထုရာက ပြန်လာတာကို မြင်လိုက်ရပြန်တော့ တငေးတမောနဲ့ ကြည့်မိရင်းက သူတို့ဘာအပြစ်တွေ လုပ်ခဲ့ကြလို့ ပင်ပန်းဆင်းရဲစွာ ပေးဆပ်နေကြရပါလိမ့် အပြစ်တွေ မြန်မြန်ကျေကြပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်မိပါသေးတယ်။   

ဒီလိုနဲ့ ညနေက အတော်ကားလေး စောင်းလာပြီ ဇက်ကူးဖို့ရာ အဆင်ပြေဖို့နဲ့ မပြေဖို့က ငါးဆယ်ငါးဆယ် ဖြစ်နေလေတော့ ကားဆရာက ဆရာတို့မိသားစု ဟိုဘက်ကမ်းကို စက်လှေနဲ့ အရင်ကူးနှင့်ပါတဲ့

ဒီဘက်ကမ်းမှာ ညအိပ်ရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး ကျနော်တို့က ဇက်ကူးလို့ ရတာနဲ့ ကားမောင်းတင်ပြီး ကူးလာခဲ့မယ် 

ဘယ်နေရာက စောင့်ပါ ဘာညာပြောပြပြီး ညရှစ်နာရီထိုးလို့မှ ကားမလာရင် ဆရာတို့ ဖားအံမြို့ထဲကို အရောက်သွားပါလို့ ပြောလာတဲ့အတွက် ကိုယ်တွေသားအမိ သားအဖ သုံးယောက်က စက်တပ်လှေ သေးသေးလေးနဲ့ အရင်ကူးပြီး သူတို့ကို ထားခဲ့ကာ တစ်ဖက်ကမ်းကို ကူးလာခဲ့ကြပါတယ်။

ဖားအံဘက်ကမ်းကိုရောက်တော့ မှောင်ရီပျိုးစ ပြုနေပါပြီ လေးဘိန်းကားလေးငှားပြီး ဘားအံမြို့ထဲအထိ သွားကာ ကားဆရာကြီး မှာလိုက်တဲ့ လိပ်စာအတိုင်းသွားပြီး ကားပိုင်ရှင်ရဲ့အိမ်မှာ တစ်ညတာ နားခိုခဲ့ရပါတယ်။

နောက်နေ့မနက် ခပ်စောစောမှာ ပစ္စည်းတွေ တင်ထားတဲ့ကားက ကျမတို့မိသားစုကို လာခေါ်တဲ့အတွက် ခရီးဆက်ကြရပြန်ပါတယ်။

လမ်းကျော တစ်လျှောက်လုံးမှာလဲ တောတောင်တွေ သဘာဝ အလှတွေ ကျိုကြား ကျိုကြား တွေ့ရပြီး ရွာငယ်လေးတွေ  စာသင်ကျောင်းလေးတွေ စစ်တပ်အဆောက်အဦတွေကို တွေ့ရပါတယ်။

ထိုအချိန်ကာလက မငြိမ်းချမ်းသေးတဲ့ အချိန်ဖြစ်တဲ့အတွက် တောင်နံရံ ကြားထဲက အမှတ်မထင် ရွှီးကနည်း ပေါ်လာတဲ့ သေနပ်သံ ဝုန်းကနည်းကျလာတဲ့ လက်နက်ကြီးသံတွေကိုတော့ အမှတ်မထင် ကြားခဲ့ရတာတွေလဲ ရှိခဲ့ပါသေးတယ်။

ကျူံဒိုးရောက်တော့ ကားဆရာက ပုဇွန်ကြော်ဝယ်ပြီး ဆရာတို့ စားကြပါဆိုကာ လာပေးတော့ လတ်လတ်ဆတ်ဆတ် ပုဇွန်ကြော်ကြီးတွေကို စားကြကာ ရေနွေးကြမ်းလေး သောက်လိုက်ရတာကိုလဲ အခုတေ့ာ လွမ်းမိပါသေးတယ်။

ကျူံဒိုးက ထွက်လာပြီးတာနဲ့ ကားဆရာက ပြောလာတယ် ဆရာရေ လှိုင်ဝရောက်ပြီးရင် သိပ်မကြာတော့ဘူး ကော့ကရိတ်ကို ရောက်တော့မယ်တဲ့

ကော့ကရိတ် ရောက်တာနဲ့ ဆေးရုံကို တန်းမသွားသေးဘဲ ထမင်းဆိုင်တွေ ရှိတဲ့နေရာကို မောင်းပြီးပို့ပေးကာ ညနေစာကို ထမင်းဆိုင်မှာ စားခဲ့ကြပါတယ်။

ဒီလိုနဲ့ ညနေစာ စားအပြီး ခရီးနှင်လာလိုက်တာ ကရင်ပြည်နယ်ရဲ့ မြို့တစ်မြို့မှာရှိတဲ့ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံကြီးကို ညကြီးမိုးချုပ် မှာရောက်လာခဲ့ပါတော့တယ်။

ရောက်ရောက်ချင်း မြို့နယ်ဆရာဝန်ကြီးဆီ သတင်းပြေးပို့တော့ ဆရာဝန်ကြီးက လိုက်လာပြီး ဆရာတို့မိသားစု ဒီအိမ်ကြီးမှာ ခနနေပြီး နောက်နေ့မှ နေစရာအိမ်ရှာဖို့ ဆက်စီစဉ်ကြပါဆိုပြီး အိမ်သော့တွဲလေး ပေးလာခဲ့ပါတယ်။

ခရမ်းချဉ်သီး အရောင်သာသာ မီးလုံးလေးတစ်ပွင့်ရဲ့ အလင်းရောင်ကို အားယူပြီး လင်းနေခဲ့တဲ့ အိမ်ကြီးတစ်အိမ်ရဲ့ အရှေ့ကို အရောက်မှာတော့ သက်ပြင်းရှည်ရှည်ကြီး ချလိုက်ပြီးတာနဲ့

တာဝန်ဆိုတာကြီးကို ခေါင်းပေါ်ရွက်ပြီး ဆိုးဆိုးကောင်းကောင်း ငါတို့က နိူင်ငံ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိူင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ အသော့နှင်ပြီး ထွက်လာခဲ့တဲ့ ခရီးတစ်ခုလုံးရဲ့ ပင်ပန်းမှုတွေကို ထိုအိမ်ကြီးထဲမှာ ခနတာ အနားယူဖို့ ပြင်ဆင်ကြရပြန်ပါတယ်။

ရောက်ရောက်ချင်း ဝန်ထမ်းအိမ်ယာ လစ်လပ်တဲ့နေရာ မရှိတဲ့အတွက် နေစရာအိမ် အခက်အခဲကြောင့် ကျမတို့ ရောက်တဲ့ညက ခနတာ တည်းခိုခဲ့တဲ့ ရာဝန်တစ်ယောက်ရဲ့ အိမ်မှာကျမတို့ မိသားစု ခနတာ နေခဲ့ကြရပါတယ်။

ဒါပေမဲ့ ကျမတို့ မိသားစုအတွက် အခက်အခဲ မရှိခဲ့ပါဘူး ကျမအမျိုးသားနဲ့ သင်တန်းတစ်ခုမှာ အတူတက်ဖူးခဲ့ကြသလို ကျမအစ်ကိုနဲ့ တစ်နှစ်ထဲကျောင်းပြီးခဲ့တဲ့ အစ်ကိုရဲ့ သူငယ်ချင်း အထူးကု ဆရာဝန် နေနေတဲ့ အိမ်ဖြစ်နေတဲ့အတွက် ပိုပြီး အဆင်ပြေတယ်လို့ဘဲ ပြောလို့ရပါတယ်။

ကော့ကရိတ်မြို့ကို ကျမတို့မိသားစု ရောက်တဲ့အချိန်မှာ အိမ်ရှင် ‌ဆရာကဖောင်ကြီးမှာ မွမ်းမံသင်တန်း သုံးလသွားတက်နေတဲ့ အချိန်ကာလနဲ့ ကြုံခဲ့ရတဲ့အတွက် နောက်ထပ်ဝန်ထမ်းအိမ် မရမချင်း ကျမတို့ မိသားစု သူ့အိမ်မှာ နေခဲ့ရပါတယ်။ 

သူနေတဲ့ ဆေးရုံဝန်ထမ်းအိမ်က အိပ်ခန်း အခန်းကျယ်ကြီး သုံးခန်းရှိပြီး ဧည့်ခန်း ရေချိုးခန်း မီးဖိုဆောင် ထမင်းစားခန်းဆိုပြီး သပ်သပ်စီရှိနေခဲ့ပါတယ်။

အိမ်ကစစ်ကျန်ခေတ်က အိမ်ကြီးဖြစ်ပြီး သူ့တည်ဆောက်ပုံ ကခေတ်မှီပါတယ် အိမ်ရဲ့နံရံတွေမှာ နံရံကပ်ဘီဒိုတွေ ရှိနေခဲ့တယ် တစ်အိမ်လုံး ကျွန်းသစ်တွေနဲ့ ဆောက်ထားပြီး ဆေးရောင်အမဲတွေ သုတ်ထားပါတယ် ဒါကြောင့်မို့ ကျမတို့က အဲဒီအိမ်ကြီးကို အိမ်မဲကြီးလို့ ခေါ်ခဲ့ကြပါတယ်။

အိမ်မဲကြီး အိပ်ခန်းတွေရဲ့အောက်မှာ မြေကြီးတွေကို တူးထားတဲ့ ပုန်းကျင်းကြီး သုံးကျင်းရှိနေခဲ့တယ် အဲဒီပုန်းကျင်းထဲကို အလွယ်တကူ ဆင်းနိုင်ဖို့အတွက် အိမ်ရဲ့ ကြမ်းခင်းတွေကို တံခါးသဖွယ် ဖောက်ထားတာတွေက သေသပ်လွန်းတဲ့အတွက် တော်ရုံကြည့်ရင် အိမ်အောက်ထဲက ပုန်းကျင်းထဲကို ဆင်းလို့ရတဲ့ တံခါးလို့ မထင်ရသလို ကြမ်းခင်းအတိုင်းဘဲ တွေ့ရပါတယ်။

ဆေးရုံကတော့ ကော့ကရိတ်မြို့ရဲ့ အမြင့်ဆုံလို့ ယူဆရတဲ့ တောင်ကုန်းပေါ်မှာမို့ ရာသီဥတုရဲ့ဒဏ် တောတွင်းမှာ နေတဲ့ သူတွေရဲ့ဒဏ်ကို မြို့ထဲကလူတွေထက် ပိုပြီးအရမ်းခံကြရပါတယ်။

တောထဲမှာနေတဲ့ သူတွေက မြို့ထဲကို လက်နက်ကြီးနဲ့ ပြစ်တော့မယ်ဆိုရင် ကျမတို့နေတဲ့ ဆေးရုံကုန်းကို ချိန်ပြီးမှအမြဲ ပြစ်တတ်ပါတယ် ဘာလို့လဲဆိုတော့ မြို့ရဲ့အမြင့်ဆုံး တောင်ကုန်းဖြစ်တဲ့ ဆေးရုံကုန်းရဲ့ တောင်အောက်မှာ စစ်တပ်တွေ ရှိနေလို့ပါဘဲ။

ဆေးရုံဟာ ကုန်းမြင့်မြင့် တောင်ကုန်းပေါ်မှာ ရှိနေတာမို့လို့ ရာသီဥတုရဲ့ ဒဏ်ကိုလဲ ကောင်းကောင်းကြီး ခံရတတ်ပါတယ်။

လေခပ်ထန်ထန် တိုက်လာရင် ယူကလစ်ပင်တွေရဲ့ အရွက်တွေက လေထဲမှာ တရွှီးရွှီး တရွှမ်းရွှမ်းနဲ့ပဲ့တင်ထပ်ပြီး  အော်လာတာမို့လို့ မသိခဲ့ရင်တော့ ဝိဥာဉ်တစ်အုပ်ရဲ့ ကျီဇယ်ခြင်းကို ခံနေရသလိုပါဘဲ ကို့အနားကို ရောက်လာလိုက် ပျောက်သွားလိုက်နဲ့ပေါ့။



မိုးရာသီဆိုရင်တော့ လျှပ်စီးနဲ့မိုးကြိုး အများဆုံး အပြစ်ခံရတဲ့ နေရာဖြစ်ခဲ့ပြီး ဖျန်းကနဲ လက်လိုက်တဲ့ လျပ်စီးဟာ ဆေးရုံတောင်ကုန်း တစ်ခုလုံး ပွက်ပွက်ဆူနေတဲ့ သံရည်ပူအိုးထဲ ကျသလိုခံစားရ တတ်ပါတယ်။

သူ့ရဲ့နောက်ကနေ ကပ်လိုက်လာပြီး ပြစ်ချလိုက်တဲ့ မိုးကြိုးသံ တစ်ချက်ရဲ့ တုန်ခါမှုဟာ တောင်တစ်တောင် လုံး ကွဲအက်ပြီး ပြိုကျမတတ် တုန်ခါပြီးတော့လဲ ကျန်နေခဲ့ တတ်ပါတယ်။



ဆောငျးရာသီဆိုရင်တော့ ရေပြတ်တတ်ပြီး နွေရဲ့သရုပ်ကိုဖော်နေခဲ့တဲ့ တံလျပ်အသွင် ဆောင်နေခဲ့တဲ့ ပူလွန်းတဲ့နေရယ် တိုက်ခတ်လာတဲ့ လေပူတွေရယ် ကြွေကျလွင့်မျောနေတဲ့ ယူကလစ်ရွက်ခြောက် လေးတွေရယ်ကြောင့် တောမီးလောင်မှာကို အကြောက်ရဆုံးသော နေရာလေးပေါ့။

စိုးရိမ်ထိတ်လန့်မှုတွေ အပြည့်ရှိနေတဲ့ အဲဒီမြို့လေးကို ကျမတို့ရောက်ပြီး တစ်လအကြာမှာ တောထဲကနေပြီး လက်နက်ကြီးနဲ့ ပြစ်ခတ်တာကို စပြီးခံရပါတော့တယ် အသံနက်နက်ကြီးတွေ ကြားရပေမဲ့အတွေ့အကြုံ မရှိတဲ့ကျမတို့ တွေကတော့ အိမ်ထဲမှာ အေးအေးဆေးဆေးဘဲ သားနဲ့မိုနိုပိုလီ ကစားမပျက်ဘဲ ဆက်ကစားနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ အတွေ့အကြုံက စကားပြောခဲ့ပါတယ် ကျမတို့ နေတဲ့အိမ်မှာရှိတဲ့ ခွေးတွေရယ်
ကြောင်တွေရယ်ဟာ ဝရုန်းသုန်းကားနဲ့ အကုန်ထွက်ပြေးပြီး အိမ်အောက်က ပုန်းကျင်းထဲကို ပြေးကြပါတယ် ကျမကတော့ ဘာမှန်းမသိလိုက်ပေမဲ့ တရိစ္ဆာန်တို့ရဲ့ သဘာဝ ပြေးလွှားစော့ကစားကြတယ်လို့ဘဲ ထင်လိုက်မိပါတယ်။

ခနကြာတော့မှ ဓါတ်ခွဲခန်းဘက်က ဓါတ်ခွဲဆရာက လှမ်းအော်ပါတော့တယ် ဖိုးခွားနဲ့အနောရေ ပြေးတော့လေလို့ လှမ်းအော်တာနဲ့ ခွေးတွေကြောင်တွေရဲ့နောက်ကို အပြေးလေး အသော့နှင်ခဲ့ရတယ် အခုပြေန်တွေးရင်အခု သည်းထိတ်ရင်ဖို ခံစားခဲ့ရပါတယ်။

သူတို့တွေ ပြစ်ကြခတ်ကြလို့ ပြီးသွားပြီဆိုတာနဲ့ သိပ်မကြာခင်မှာဘဲ ဆိုင်ကယ်တွေကားတွေနဲ့ လက်နက်ထိတဲ့သူတွေ သယ်လာတာတွေ့ရပါတော့တယ်  သွေးသံရဲရဲ တွေကြားထဲမှာ အပြစ်မဲ့တဲ့ မြို့ခံတွေခံရတာတွေ့ရတော့ စိတ်မကောင်းလဲ အရမ်းဖြစ်ခဲ့ရပါတယ်။

နောက်တစ်ခါ ကြုံရတာကတော့ ကျမတို့ မိသားစုအတွက် အသက်နဲ့ အရမ်းနီးခဲ့တဲ့ အဖြစ်လေးပါ သမီးကိုကိုယ်ဝန် လွယ်ထားတဲ့၇လလောက်မှာပါ။

နွေကလဲပူပူ လေကပူပူ တွေကြားထဲ မနက်ပိုင်းစောစော အချိန်ကြီးမှာဘဲ ဝုန်းကနဲအသံနက်ကြီး ကြားလိုက်ရပါတယ်။

ကျမရဲ့အမျိုးသားကပြောတယ် နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်တယ်လို့ လှမ်းအော်တယ် ကျမလဲသားနဲ့နှစ်ယောက်သား မုန့်ထိုင်စားရာကနေ အသံကို နားစွင့်နေမိခဲ့တယ်။

ကျလာတဲ့အသံက ကျမတို့အိမ်ရဲ့ အနောက်တဲ့တဲ့ကို ကျလာတာမို့လို့ အသံက တောင်တစ်တောင်လုံး ကွဲထွက်မတတ် အရမ်းကို ကျယ်လောင်ခဲ့ပါတယ်။

အဲဒီနေ့ရဲ့ ရက်စွဲကိုတော့ ကျမမေ့သွားခဲ့ပြီး အမှတ်ရနေတာတော့ ၁၉၉၆ ခုရဲ့စနေနေ့ မနက်ဆိုတာတော့ သိနေခဲ့ပါတယ်။

ထူးထူးခြားခြား ပိုပြီးမှတ်မိနေတာက အဲဒီစနေ့ မနက်မှာ မြန်မာတစ်နိုင်ငံလုံး နေကြတ်တာကို ခံစားရတဲ့နေ့ဖြစ်နေခဲ့သလို ကော့ကရိတ် တစ်မြို့လုံး မှောင်အတ်ိ ကျနေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။

သိပ်မကြာခင် အချိန်မှာဘဲ မှောင်နေတဲ့ အမှောင်ထုကို ဖောက်ခွင်းပြီး ဆူညံတဲ့ အသံတွေ ကြားလာရပါတယ် ဆရာနဲ့ ဆရာကတော် ဖိုးခွားကိုချီပြီ ဆေးရုံထဲကိုရောက်အောင် အမြန်ပြေးပါဆိုပြီး အော်သံတွေ ကြားလိုက်ရပါတယ်။

အဲဒီအော်သံတွေရဲ့ အနောက်မှာလဲ တစ်ဝုန်းဝုန်းနဲ့ ကျလာတဲ့ လက်နက်ကြီး ကျသံတွေက ပိုပိုပြီးစိတ်လာခဲ့ပါတယ်။

အဲဒီအချိန်ကျမှ ကျမရဲ့အမျိုးသားက သားကိုချီပြီး အရှေ့ကနေ ပြေးပါတယ် ကျမက ကျမရဲ့ဗိုက်ကို မပြီး ပြေးခဲ့ရတယ်။

တစ်ကဲ့ကိုဘဲ ငိုချင်စရာကောင်းခဲ့တယ် ငို၍ရယ်၍ မရသော မျက်နှာနဲ့ ပြေးလဲပြေး ကျလာတဲ့ လက်နက်ရဲ့တို့ရဲ့ဒဏ်ကိုလဲ လွတ်လိုလွတ်ညား ခေါင်းငုံ့ငုံ့ပြီး ရှောင်ခဲ့ရတာလဲ မြေကြီးနဲ့မျက်နှာ ထိတော့မတတ်ပါဘဲ။

ဒါပေမဲ့ ကျမတို့တွေ သိပ်ကံကောင်းခဲ့ပါတယ် ကျမဗိုက်ထဲက ကလေးနဲ့အတူ ကျမတို့ မိသားစု ဘာမှမဖြစ်ခဲ့ကြပါဘူး။

အဲဒီလို ပြေးရင်းလွှားရင်း ဆေးရုံထဲကို ရောက်သွားခဲ့တယ် ကော့ကရိတ်ဆေးရုံက အရမ်းကို ခိုင်မာတဲ့ ကျောက်သား ထူထူတွေနဲ့ တည်ဆောက်က်ထားတာမို့လို့ တော်ရုံတန်ရုံ လက်နက်တွေ ကျလာရင် ဘေးအန္တရာယ် ကင်းကင်းနဲ့ ခိုလို့ရ တဲ့နေရာလေးပါ။

ကျမတို့ မိသားစုနည်းတူ ဆေးရုံကုန်းပေါ်မှာ နေကြတဲ့ ဝန်ထမ်းမိသားစုတွေ ဆေးရုံထဲကို ဖယိုဖရဲ ရောက်လာကြပြီး နာရီဝက်လောက် အကြာမှာတော့ လက်နက်သံတွေ တိတ်ဆိတ်သွားခဲ့ပါတယ်။

ထိုအချိန်မှာဘဲ တိတ်ဆိတ်သွားတဲ့ လက်နက်သံတွေရဲ့အစား လက်နက်ကြီး ထိမှန်သွားကြတဲ့ လူနာတွေကို သယ်ဆောင်လာကြတဲ့ ကားသံ ဆိုင်ကယ်သံတွေ ဆူညံစွာနဲ့ ဆေးရုံကို လူနာတွေရယ် လူနာတွေရဲ့ မိသားစုဝင်တွေရယ် ဝုန်းဒိုင်းကျဲ ရောက်လာကြပါတော့တယ်။ 

အသားတွေ ပဲ့ထွက်တဲ့သူ ပဲ့ထွက်ကြပြီး ခြေတွေလက်တွေ ပြတ်တဲ့သူတွေ ပြတ်ကုန်ပါတယ် အဲဒီ အနိဒ္ဓါရုံတွေကို ကြည့်ရင်း ကျမလေ ကျမနေတဲ့ အိမ်ရဲ့အနောက်ဖက်ကနေ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ဒေါနတောင်တန်း စိမ်းစိမ်းကြီးကို ကျမ အရင်ကထက် ပိုပြီးတော့ ကြောက်ကြောက် လာခဲ့မိပါတယ်။

ကျမနေ့စဉ်လိုလို လွမ်းလွမ်းမောမောနဲ့ ကြည့်နေတတ်ခဲ့တဲ့ ဒေါနတောင်တန်းကြီးက ကျမအတွက် အဆိပ်ရည်တွေ လူးသွားခဲ့ရတယ်လို့ ထင်မိသွားသလို အဲဒီဒေါန တောင်တန်းကြီးကနေ တိုက်ခတ်လာတဲ့ လေတွေက လေနုအေးအေးလေးတွေက အေးမြနေတဲ့ လေမဟုတ်တော့ဘဲ သွေးနံ့စူစူးတွေနဲ့ ညှီစို့စို့အနံ့တွေ ရလာသလို ခံစားမိခဲ့ပါတော့တယ်။

လေထဲမှာ ပါလာတတ်တဲ့ ယူကလစ်ရွက်တို့ရဲ့  မွှေးရနံ့တို့က ရင်ကိုမအေးမြစေတော့ဘဲ ရူလိုက်တိုင်းရလာတဲ့ လေရဲ့ရနံ့ဟာ ကျမအတွက် အဆိပ်အတောက်တွေလို ဖြစ်သွားစေခဲ့ပါတော့တယ်။

ဒါပေမဲ့လဲ တကယ်တမ်းကြတော့လဲ စိမ်းလန်းစိုပြေပြီး တောတောင်သာဝ အလှတွေနဲ့ ပြည့်နှက်နေတဲ့ ဒေါနတောင်တန်းကြီးမှာ အပြစ်မရှိခဲ့ပါဘူး။

ဒေါနတောင်တန်းကြီးရဲ့အလှကို အရောင်ဆိုးနေတဲ့ သူတွေကြောင့်သာ တောင်တန်းကြီးက အလှတွေမဲ့ပြီး ရနံ့တွေ ပျက်ပျယ်သွားခဲ့ရတာပါ။

သို့ပေမဲ့လည်းပေါ့လေ ဘယ်သူတွေ ဘယ်လောက်ဘဲ အရောင်ဆိုးဆိုး ခဲမှန်ဖူးတဲ့ သူတွေရဲ့ ရင်ထဲမှာတော့ ဒေါနတောင်တန်းကြီးဟာ အဆိပ်ရည်လူးပြီး ညစ်ထေးနေစေခဲ့ပါတယ်။

ဒါပေမဲ့လဲ သဘာဝ တရားကြီးက ဖန်တီးပေးထားတဲ့ တောတောင် သဘာဝအလှကို ပိုင်ဆိုင်ထားခဲ့တဲ့ ဒေါနတောင်တန်းဆိုတဲ့ ကရင်ပြည်နယ်ရဲ့ အလှဘုရင်မကတော့ စိမ်းလန်းမြဲ စိုပြေမြဲ လန်းဆန်းနေဆဲ အလှသရဖူကို ယခုထိတိုင် ဆောင်းထားမြဲပါဘဲ။

ကျမသည်လဲ နေ့စဉ်အလွမ်းပြေ ထွက်ထွက်ပြီး ကြည့်တတ်တဲ့ ဒေါနတောင်တန်းကြီးကို ကြည့်ရင်း တောတောင်ရေမြေ သဘာဝ အလှတရားကို ဖျက်ဆီးပြစ်ဖို့ ထိုထိုဤဤသော လူသားတွေ ထပ်ထပ်ပြီး ပေါ်ပေါက် မလာပါစေနဲ့ ဆုတောင်းလိုက် ရပါတယ်ရှင်။

မာမာလွင်
13/10/2013
10:32 PM

Friday, October 11, 2013

ငိုအားထက် ရယ်အားသန်



  1. ဒီနေ့မနက် အမေရိကားမှာနေတဲ့ သူငယ်ချင်း တစ်ယောက်က သေနပ်နှစ်လက်ကိုင်ပြီး ပျော်စေပျက်စေ သဘောမျိုးနဲ့ facebook ပေါ်တက်လာတယ်။
    သူ့သေနပ်တွေကိုမြင်တော့ လွန်ခဲ့တဲ့၁၉၉၅ခုနှစ်တုံးက ကြုံဖူးတာလေးသွားပြီး သတိရမိတယ်

    ကရင်ပြည်နယ်ကော့ကရိတ်ဆေးရုံမှာ အမျိုးသားတာဝန်ကျတုံးပါ အဲဒီတုံးက ကော့ကရိတ်မြို့က အညိုရောင်နယ်မြေလို့ သတ်မှတ်ထားခြင်း ခံထားရတဲ့ အချိန်ပေါ့။

    ကော့ကရိတ်မြို့ကိုစပြီး ပြောင်းတဲ့နေ့ထဲက ကျမတို့မိသားစုရဲ့အကြောင်းလေးတွေက အစထဲကယဉ်သကိုဇာတ်လမ်းနဲ့စခဲ့ရတယ် လမ်းပန်းဆက်သွယ်ရေးကလဲ အခုလို မကောင်းသေးတဲ့ အချိန်အခါပါ။

    နယ်မြေကလဲ မအေးချမ်းသေးတာမှ တော်တော်ကို မအေးချမ်းသေးတာ အဲဒီအချိန် ကာလတစ် ခုမှာ BMကားပေါ် အိမ်အသုံးအဆောင်တွေတင်ပြီး မနက်စောစောထဲက ရန်ကုန်ကနေ ခရီးစပြီးထွက်ခဲ့ကြတယ်။

    ကားမောင်းတဲ့ဦးလေးက အန္တရာယ်များလွန်းတဲ့ခရီးမို့ ကလေးနဲ့ကျမလိုက်လာတာကို သိပ်သဘောမကျချင်ဘူး ဒါပေမဲ့ မိသားစုဆိုတော့လဲ သူမပြောသာဘူးပေါ့ တစ်လမ်းလုံးစကား တစ်ပြောပြောနဲ့မောင်းလာလိုက်တာ တစ်မြို့ဝင်တစ်ရွာ ထွက်နဲ့စားလိုက်သောက် လိုက်ပေါ့ပါးပေါ့ပါးပါးနဲ့ပါဘဲ။

    စပြီးအခက်အခဲတွေ့တာက စစ်တောင်းတံတားမှာ ညနေလေးနာရီနောက်ပိုင်းပေး မဖြတ်တော့တဲ့အချိန် လမ်းဘေးကားထိုးရပ်ပြီး လမ်းဘေးဆိုင်မှာ ထမင်းစားပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားပေါ်မှာဘဲ အိပ်ခဲ့ရတယ်။

    မနက်စောစော တံတားဖွင့်တာနဲ့ ခရီးဆက်ကြတယ် တစ်လမ်းလံ ေးဒေသထွက် အစာတွေ ဝယ်စားလိုက် ကားဆက်မောင်းလိုက်နဲ့ လမ်းတစ်လျှောက် စားခဲ့အထဲ ပရစ်ကြော်နဲ့ ပုဇွန်ကောင်လုံး အကြွတ်ကြော်ကို သတိအရမိဆုံးပါဘဲ။

    အဲဒီလိုခရီးဆက်လာလိုက်တာ ရေလမ်းတစ်တန်ကားလမ်းကတစ်တန်ပေါ့သံလွင်ကိုဖြတ်ဖို့ မြိုင်ကလေး ဆိပ်ကမ်းမှာ ဇက်သင်္ဘောပေါ်ကို ကားမောင်းတင်ပြီး ကူးတဲ့အချိန်မှာ ကျမနဲနဲလေး ကြောက်စပြုလာပြီ ကလေးကိုကျစ်ကျစ်ပါအောင်ဖက်ထဲပြီး ရသမျှဘုရားစာကိုအဆက်မပြတ် ရွတ်ရတော့တာပေါ့။

    လှိုင်းလေကြီးတဲ့ရေထဲမှာ ဝန်တွေမချိမဆန့်တင်ထားတဲ့ ဇက်သင်္ဘာက လူးလိမ့်သွားရင်ကျမ အကြောက်ဆုံးက ငါ့ကိုငါးတွေဝိုင်းတွတ်ရင် ဒုက္ခဆိုပြီး ဇီးရွက်လောက် မျက်နှာလေးနဲ့ ယောက်ျားကိုလှမ်းလှမ်းကြည့်ပြီး အားပေးစကားယူချင်ပေမဲ့လဲ သူလဲကျမလိုဘဲ ကြောက်နေခဲ့ တာတွေ့ရတယ်။

    အဲဒီရေလမ်းခရီးပြီးပြန်တော့ ကော့ကရိတ်ကို ခရီးဆက်တဲ့ လမ်းတစ်လျှောက်မှာ တောကနက်လေ စိတ်ကခြောက်ခြားလာလေပါဘဲ တစ်လမ်းလုံးလဲ မြေကတုတ် ကျင်းလေးတွေထဲကနေ ဟေ့ ရပ်ဆိုရင်း ကားကိုရပ်ရရင်းပေါ့ သူတို့လက်ထဲမှာကလဲ တိုတိုတွေရောရှည်ရှည်တွေပါကိုင်ထားတော့ ကြောက်မိတာတော့အမှန်ပါဘဲ။

    ရင်တုန်ပန်းတုန် ခရီးလမ်းတစ်လျှောက်မှာ တစ်ဖြေးဖြေးနဲ့ စားခဲ့ရတဲ့ ပရစ်ကြော်ရယ် ဂျိုင်းမြစ်ကူးတဲ့အချိန်မှာ စားခဲ့ရတဲ့့ပုဇွန်ကောင်လုံးကြော်ကြီးတွေလဲ ဘယ်ရောက်လို့ရောက်မှန်း မသိတော့ဘူးဖြစ် သွားခဲ့ရတယ် ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့မျက်နှာကလဲ ဇီးရွက်လောက်ကနေ ဇီးစေ့လောက်ဖြစ်လာခဲ့ရတယ်။

    ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ကော့ကရိတ်မြို့ ဝင်ခါနီး လှိုင်ဝရွာ အဝင်နားမှာ ကျမတို့စီးလာတဲ့ကားရဲ့ အနောက်ဖက်ကနေ ဒိုင်းကနဲအသံနဲ့ထပ်တူ ဝုန်းကနဲအသံက ဆက်တိုက်ကြားလိုက်ရတယ်။

    ကားမောင်းတဲ့ ဦးလေးကြီးက ကားမောင်းနေရင်းက သူ့နားမှာ ထိုင်နေတဲ့ ကျမနဲ့ကလေးကို လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီး အောက်ဖက်ကို အတင်းငုံ့ခိုင်းခဲ့တယ် ပါးစပ်ကလဲ ကျန်တဲ့သူတွေအတွက် သတိပေးရင်း သူအော်နေတယ်။

    အဲဒီလိုနဲ့ငြိမ်ငြိမ်လေး ဆယ့်ငါးမိနစ်လောက် နေပေမဲ့ ဘာမှထပ ပြီး်မထူးလာတာနဲ့ ကားမောင်းတဲ့ ဦးလေးကြီးက သူအရင်ဆုံး ခေါင်းမော့ကြည့်တယ် ဘာမှမထူးတာနဲ့ သူကားပေါ်ကနေဆင်းလိုက် တယ် ဘေးဘီဘာညာသူကြည့်လိုက်တယ်။

    ကျမတို့အဖြစ်က ငိုအားထက် ရယ်အားသန်ပါဘဲ ရန်သူဆီက လာတဲ့လက်နက်ကြီး မဟုတ်ဘဲ ကျမတို့ အိမ်ပြောင်းလို့ သယ်လာတဲ့ သံရေတိုင်ကီကြီး အရှိန်ပြင်းပြင်းနဲ့ပြုတ် ကျသွားတာ ဖြစ်နေခဲ့တယ်။

    အဲဒါကတော့ ကျမတို့မိသားစုရဲ့ အညိုရောင်နယ်မြေထဲမှာ စတင်ပြီးတာဝန်ထမ်းဖို့ ထွက်ခဲ့ရတဲ့ခရီး တစ်ခုရဲ့ အစပါ နောက်ပိုင်းတွေ့ကြုံခဲ့ရတဲ့ ဒိထက်ဆိုးတာတွေ အမှတ်တရအနေနဲ့ ကျမပြောပြချင်ပါသေးတယ်။

    ငိုချင်ရက်လက်တို့ခံခဲ့ရတာတွေရော ငိုအားထက် ရယ်အားသန်ခဲ့ရတာတွေရော
    ငို၍ရယ်၍ မရခဲ့သော မျက်နှာများအကြောင်း အားလုံးကို အလျဉ်းသင့်သလို ပြောပြသွားပါမယ်။

Saturday, October 5, 2013

နာကျင်ဖူးတဲ့ငှက်ငယ်



နာကျင်ဖူးတဲ့ငှက်

လေးမှန်ဘူးတဲ့ ငှက်တွေထဲမှာ အတောင်ကျိုးဖူးတဲ့ငှက်လေးဟာ သူများတွေလို သူလွတ်လတ်စွာ အမြင့်ကို မပြန်သန်းနိုင်ရှာတော့ဘူး။
ခြေကျိုးဖူးတဲ့ ငှက်လေးဟာ သူများတွေလို သူခုန်ပေါက်ပြီး မကနိုင်ရှာတော့ဘူး။
နူတ်သီးကို ခဲထိမှန်ထားဖူးတဲ့ငှက် သူများတွေလို သူ့ဝမ်းဝအောင် အစာကို မကောက်နိူင်ရှာတော့ဘူး။
မျက်လုံးကို ခဲမှန်ထားဖူးတဲ့ငှက်  သူများတွေလိုသူ  ဘယ်မှာမိတ်ဆွေ ဘယ်မှာရန်သူ ရှိတယ်ဆိုတာကို ခွဲခြားပြီ းမသိရှာနိုင်တောဘူး။

အဲဒီလိုပါဘဲ

အတောင်တစ်ဖက် ကျိုးဖူးတဲ့ငှက်ကလေးဟာ  နောက်အတောင်တစ်ဖက် ထပ်ပြီးကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
ခြေတစ်ဖက်ကျိုးဖူးတဲ့ငှက် နောက်ထပ်ခြေတစ်ဖက်ကျိုးမှာ အရမ်းကြောက်နေလိမ့်မယ်။
နူတ်သီးမှန်ဖူးတဲ့ငှက် ပဲ့နေတဲ့နူတ်သီး ထပ်ပြီးပဲ့သွားမှာ အရမ်းကြောက်နေလိမ့်မယ်။
မျက်လုံးတစ်ဖက် ခဲမှန်ဖူးတဲ့ငှက် နောက်ထပ်မျက်လုံးတစ်ဖက် ထပ်မှန်မှာ အရမ်းကြောက်နေလိမ့်မယ်။

Mar Mar Lwin
4/09/2013

ဇရာနဲ့ မဲ့ပြုံး

မဲ့ပြုံး

ငယ်ငယ်တုံးက 
လမ်းလျှေက်ရင်း 
မတော်တဆ 
ချော်လဲရင် အနားမှာ 
လူရှိလား မရှိလား 
ကြည့်လိုက်တယ်။

လူရှိရင် 
အားကိုးတကြီးနဲ့ 
ငိုလိုက်တယ် 
မြင်တဲ့သူက 
လာထူပေးမလားလို့ပေါ့။

လူမရှိရင်တော့ 
ကိုယ့်ဘာသာကို 
ကိုယ့်အားကိုယ်ကိုးကာ 
ကုန်းရုန်းထပြီး 
လိုရာခရီးကို 
ဆက်လိုက်တယ်။

အခုအသက်ကြီးလာတော့ 
မတော်တဆ ချော်လဲခဲ့ရင် 
အနားမှာ လူရှိလား မရှိလား 
ကြည့်လိုက်မိတယ်။

လူရှိရင် ရှက်တက်တဲ့
မဲ့ပြုံးလေးနဲ့ 
ရယ်ပြလိုက်တယ်။

လူမရှိရင်တော့ 
ကိုယ့်ဘာသာကို 
လိုရာခရီးကို 
ဆက်နိူင်ဖို့ နေနေသာသာ 
ကုန်းရုန်းထဖို့တောင် 
မနည်းဘဲ 
ကျိုးစားလာရတယ်  
ဇရာဆိုတာ 
ညာလို့မှ 
မရခဲ့တာဘဲလေ။

Mar Mar Lwin
10/5/2013
6:53 AM

Thursday, October 3, 2013

အိမ်လွမ်းနေသူ



မနေ့ကညနေကမိုးတွေကတစ်အုန်းအုန်းနဲ့ခြိမ်းပြီး မိုးကြိုးတွေကတဒိုင်းဒိုင်းနဲ့ပြစ်နေတယ် ရွာလိုက်တဲ့မိုးကလဲနွေဦးရာသီကြီးမှာ ဘယ်အညိုးနဲ့ရွာလိုက်လေတယ်မသိ မိုးစက်ပိုးပေါက်တွေက ကဆုန်ပေါက်ပြီးကျလာလိုက်တာသူ့ထက်ငါ အပြိုင်အဆိုင်ပါဘဲ။

နဂိုကတည်းကမှ မိုးသံလေသံကြားရင်ခြည်တိုင်လွမ်းတတ်တဲ့ကျမ အိမ်ကိုပြန်ချင်စိတ်ကချက်ခြင်းပေါ် လာခဲ့တယ် အိမ်ရှေ့မှန်တံခါးကနေမြင်နေရတဲ့ မိုးစက်မိုးပေါက်တွေကြားထဲမှာ ကျမရဲ့စိတ်ကရီးလေးခိုပြီးပါ သွားခဲ့တယ် တစ်ဝှီးဝှီးတိုက်လာတဲ့လေတွေရဲ့နောက်ကနေ ကျမမျောပါသွားခဲ့တယ်။

မိုးထစ်ခြုံးသံ မိုးကြိုးပြစ်သံတွေကြားရင်အလိုလိုနေရင်းကြောက်တတ်နေပေမဲ့ အဲဒီအသံတွေကြားကနေဘဲ ကျမသွားလိုရာခရီးကို လျပ်စီးလက်လိုက်ရင် ပြိုးကနဲပျက်ကနဲအရောင်တွေကြားမှာ ကျမရဲ့ခေါင်းကို ငုံ့လှိူးပြီးကျမခရီးနှင်နေမိခဲ့တယ်။

အဲဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင်ကျမရဲ့တူမလေးဘုတ်ဘုတ်က ဖုန်းခေါ်လာခဲ့တယ် ကျမဖုန်းကိုယူပြီး သူနဲ့စကားပြောလိုက်တယ် ဘုတ်ဘုတ်ရေ ဘာဖြစ်လို့လဲဆိုတော့ ကြီးကြီး ပြန်မလာသေးဘူးလားတဲ့ ကျမငိုချင်ရက်လက်တို့တာ ခံလိုက်ရတယ် ကျမမျက်လုံးအိမ်မှာဝေ့ကနဲ တက်လာတဲ့မျက်ရည်ကို ကျမပုတ်ခတ်ပြီး ထုတ်ပလိုက်တယ်။

တိမ်သွားတဲ့ကျမရဲ့အသံကိုပြန်မြှင့်လိုက်တယ် ကြီးကြီးပြန်လာချင်တာပေါ့ လာနိုင်အောင်လဲကြိုးစားနေ တယ်လို့ကျမသူ့ကိုပြောလိုက်တယ် သူက ခလေးပီပီပွင့်လင်းတယ် ကြီးကြီးပြန်လာရင်ဖိုးဖိုးက အမွေခွဲပေးမယ်လို့ပြောတယ် ဒါကြောင့်မို့ ကြီးကြီးမြန်မြန်ပြန်လာခဲ့ပါတဲ့။

ကျမငိုအားထက်ရယ်အားသန်သွားခဲ့ရတယ် ကြီးကြီးမလာလဲ ခွဲပေးလို့ရတာဘဲ ဖိုးဖိုးကိုပြောပေါ့လို့ပြော လိုက်တော့  ဖိုးဖိုးက ကြီးကြီးလာမှလို့ပြောတယ်တဲ့ အဲဒါကြောင့်ကြီးကြီးပြန်လာခဲ့ပါတဲ့
ပြီးတော့သူဆက်ပြောတယ် ကြီးကြီးရတဲ့အမွေတွေဘာလုပ်မလဲတဲ့ ကျမက ကြီးကြီးမလိုဘူးလေ လိုချင်တဲ့သူကိုပေးလိုက်မယ်လို့ပြောတော့ သမီးကိုပေးမလားတဲ့။

အရမ်းပွင့်လင်းတဲ့တူမလေးပါ သမီးကဘာလိုချင်တာလဲဆိုတော့ လိုချင်တဲ့ပစ္စည်းက တန်ဖိုးကြီးတယ်တဲ့
လိုချင်တာပြောကြီးကြီးပေးမယ်လို့ပြောပြီးတော့ သူနဲ့စကားတွေဆက်ပြောနေမိတယ် ကျမကသူ့ကိုပြော မိတယ်ဖိုးဖိုးဆီမှာသမီးလဲ အမွေတောင်းလေလို့ပြောတော့ ဖိုးဖိုးက မြေးတွေကိုမပေးဘူး သူ့သားသမီးတွေကိုဘဲပေးမယ်လို့ပြောတယ်တဲ့ ကျမဒီဘက်ကနေ သူ့ရဲ့ပွင့်လင်းမှုလေးကိုသဘောတွေ ကျနေမိတယ်။

သူကကျမနဲ့အထက်အောက်မောင်က မွေးတဲ့သမီးလေး တက္ကသိုလ်တက်နေရင်းနဲ့ကျောင်းမပြီးသေးဘူး အိမ်ထောင်ကျသွားတဲ့ကျမရဲ့တူမလေးပါ ဟန်ဆောင်မှုကင်းလို့ကျမသူ့ကိုချစ်ပါတယ်။

ပြီးတော့သူကကျမရဲ့အဖေကို ပြောသေးတယ် ဖိုးဖိုးကို မနိုင်ဘူးကြီးကြီးရေတဲ့  သူ့ကိုဆိုရင်လဲ အသက်ငယ်ငယ်နဲ့ယောက်ျားယူလို့ ဆရာကတော်လို့ခေါ်တယ်တဲ့ ကျမကပြန်ပြောလိုက်တယ် ဖိုးဖိုးကသမီးကိုခေါ်တာလေးချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တော့ ဖိုးဖိုးကိုတော့ မနိုင်ပါဘူး ကြီးကြီးရာတဲ့
သူ့ကိုဆရာကတော်လို့ခေါ်တဲ့ ကျမရဲ့ အဖေကို သူချစ်စနိုးလေးနဲ့ ပြောသွားတဲ့ လေသံလေးပါ။

ဘာဘဲပြောပြော မနေ့ကမိုးသံလေသံကြောင့် ခြည်တိုင်လွမ်းခဲ့တဲ့ ကျမအတွက် တူမလေးရဲ့ စကားသံတွေက အလွမ်းတွေ ပြေစေခဲ့တယ်

မိသားစုကိုလွမ်းနေမိတဲ့ကျမ မိုးသီးမိုးပေါက်တွေကြားထဲမှာ သူ့စကားသံကြောင့် ကျမအတွက် နွေးထွေးမှုကိုရစေခဲ့တယ်။

မိသားစုရှိရာကို သွားချင်နေတဲ့ ကျမအတွက် လျပ်စီးနဲ့ မိုးကြိုးသံတွေ ကြားထဲကနေ ကျမငုံ့လှိူး ပြေးလွှားခဲ့ရတဲ့ အမောတွေ ပြေစေခဲ့ရတယ် ဒါပေမဲ့လဲ အိမ်ပြန်ချင်တဲ့ စိတ်လေးကတော့ တားမရခဲ့ဘူးပေါ့။

Tuu mar
4/10/3013
9:43 AM

Wednesday, September 11, 2013

အဖိုးနဲ့အဖွားတို့ရဲ့သားများ



အိပ်ယာကနိုးတာနဲ့ ကိုယ်လုပ်ရမဲ့အလုပ်တွေကို တန်းစီပြီးပြီးအောင်လုပ်လိုက်တယ် ရှစ်နာရီဆိုရင် ကလေးကိုကျောင်းပို့လိုက်တယ် ပြီးတာနဲ့ကျမ စာကြည့်စားပွဲမှာ ထိုင်လိုက်တယ်။

ထိုင်လိုက်ပြီ ဆိုကထည်းက ကျမဘာစာရေးရင်ကောင်းမလဲ ဘာစာဖတ်ရင်ကောင်းမလဲ အရင်ဆုံးတွေးလိုက်တယ်
ဖတ်သင့်တာလေးတွေ အရင်ဆုံးဖတ်ပြီးမှ ကိုယ့်စိတ်ထဲမှာေ ရးချင်တာလေးတွေကို ချရေးမိတယ်။

အခုန အဖိုးအကြောင်းကို ဖြတ်ခနဲတွေးမိချိန်မှာ အဖိုးရဲ့သားတွေအကြောင်းပါ ခေါင်းထဲဝင်လာခဲ့တယ်
အဖိုးနဲ့အဖွားမှာ သပ်ရပ်ခန့်ညားတဲ့ ရုပ်ရည်ရူပကာတွေကို ပိုင်ဆိုင်ထားတဲ့ သားလေးယောက်ရှိပါတယ်။

သူတို့လေးယောက်လုံးက နှာတံစဉ်းပြီး ချွန်ချွန်လေးတွေနဲ့ မျက်လုံးရွဲရွဲကြီးတွေကို ပိုင်ကြတယ်
နုတ်ခမ်းပါးပြီး ချစ်စဖွယ် မျက်နှာပေးတွေရှိကြပါတယ်။

ဘယ်အချိန်ကြည့်ကြည့် သူတို့မှာအပြုံးတွေ ရှိနေတတ်တယ် ကျမကသူတို့ကို နံပါတ်(၁)သားအကြီးကို ဘဘလို့ခေါ်ပြီး နံပါတ်(၂)သားအလတ်ကို ဘဘကြီးလို့ခေါ်တယ် နံပါတ်(၃)နို့ညှာသားကို ဘကြီးဘုန်းကြီး
လို့ခေါ်ပြီး နံပါတ်(၄)သားအငယ်ကိုတော့ ဆရာကြီးလို့ခေါ်ပါတယ်။

သူတို့လေးယောက်လုံးမှာ တူညီတာတွေ တစ်ချို့ရှိကြတယ် ပထမဦးဆုံး သူတို့နိုင်ငံရေး ဝါသနာပါကြတယ် 
ရပ်ရွာအတွက် အကျိုးပြုတာတွေ လုပ်ကြတယ် ဘကြီးဘုန်းကြီးကလွဲရင် ကျန်တဲ့သုံးယောက်က တောလည်တာ ဝါသနာပါကြတယ် အဖိုးရဲ့အမွေပေါ့။

ကျမခေါ်တဲ့ အဖိုးရဲ့သားအကြီး ဘဘက တောလည်တာ အရမ်းဝါသနာပါတယ် ကျမမှတ်မိသလောက် သူ့အိမ်မှာ တောထဲက ဖမ်းလာတဲ့ ကြက်ပုပုသေးသေးလေးတွေ အများကြီးရှိတယ် ဘဘပြောတာတော့ကြက်တိန်ညင်လို့ခေါ်ပါတယ် သေးသေးပုပုလေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတယ် မိုးလင်းတာနဲ့ အဲဒီကြက်ကလေးတွေ သွားသွားကြည့်ရတာ ကျမ ငယ်ဘဝရဲ့ ပုံရိပ်ကလေးတစ်ခု ဖြစ်ခဲ့တယ်။

ဘဘရဲ့အမွေကို ဘဘရဲ့သားအကြီးဆုံးက ဆက်ယူတာတွေ့ရတယ် ကျမတို့ တော်တော်ကြီးတဲ့အချိန် သူ့မှာသားသမီးတွေ ရနေတာတောင် သူကိုကြည့်ရင် တစ်လမှာ ရက်နှစ်ဆယ်လောက်က တောထဲသွားတာများတယ် သေနပ်တစ်လက်နဲ့ အကောင်လေးတွေ ပစ်ပြီးဖမ်းတတ်တယ်။

သူကတော့ ကျမတို့ခေါ်တဲ့ အစ်ကိုကြီး ကိုကျော်မြင့်ဆိုတာပေါ့နော် သူရဲ့အဖေ ကျမတို့ဘဘကို အဖွားခေါ်တာ (အသန်း) ပါ။

ဒုတိယသားဖြစ်သူ ကျမခေါ်တဲ့ဘဘကြီး သူကတစ်မျိုးချောတယ် ကျမသိသလောက် သူ့လဲတောလိုက်တာ ဝါသနာ ပါတယ် နောက်တစ်ခုက သူကနိုင်ငံရေးကို ပိုပြီးဝါသနာပါတယ် ကျမတို့ငယ်ငယ်က ရွာတွေမှာ မြို့ပိုင်ရယ် သူကြီးရယ်ဆိုပြီး အုပ်ချုပ်ကြတယ် အဲဒီတုံးကသူက ရွာမှာသူကြီးလုပ်တယ် ကျမတို့က သူကြီးတူမတွေပေါ့။

တစ်နေ့တာရဲ့ ရက်တစ်ရက်မှာ ရွာရဲ့့ ပွေလီရှုတ်ထွေးမှုတွေကို တရားစီရင်တဲ့အခါ ကျမတို့သွားသွားနားထောင် တတ်တယ် အဲဒီတုံးကတရားစီရင်တာ မောင်းလေးထုပြီးတော့ စီရင်တယ်ထင်တယ် ကောင်းကောင်း မမှတ်မိပေမဲ့ အရိပ်တစ်ခုလိုတော့ရှိနေခဲ့တယ်။

သူက ဘုံဘေဘားမား သစ်ကုမ္ပဏီက နိုင်င်ငံခြားကို ပြန်လည်မထွက်ခွာခင် သူတို့ရဲ့ မွေးစားခြင်းခံရတဲ့သူ ကုမ္ပဏီသိမ်းပြီး ပြန်တဲ့အခါမှာ  အဖွားက မခွဲနိုင်လို့ငိုတာနဲ့ သူကျန်နေခဲ့ရတယ် နိုင်ငံခြားကို လိုက်ပါခွင့် မရခဲ့သူပေါ့ သူ့နံမည်ကတော့ အဖွားတို့ခေါ်ခေါ်နေတဲ့ (အစိန်)။

တတိယသားကတော့ သူလဲနိုင်ငံရေး ဝါသနာပါတာ တွေ့ရတယ် ဒါပေမဲ့သူက လူ့ဘောင်က ခွာပြီးသာသနာ့ဘောင်မှာ မွေ့လျော် သွားတယ် ရန်ကုန်မြို့က သရက်တောကျောင်းတိုက်ထဲမှာရှိတဲ့ ယွန်းကျောင်းမှာ ကျောင်းထိုင်ဆရာတော် တစ်ပါးဖြစ်ခဲ့တယ် သူ့ကိုတော့ အဖွားခေါ်တာက (လူလေး)

နောက်ဆုံး အငယ်ဆုံးဘကြီးက ကျောင်းအုပ်ဆရာကြီး သူတို့ခေတ် သူတို့အခါတုံးက ရွာမှာမပြောနဲ့ မြို့နယ်တစ်မြို့နယ်လုံးမှာ ရှာရင်တောင် သူ့လိုဘွဲ့မျိုးရသူ တစ်ယောက်မှရှိမယ် မထင်ခဲ့ဘူး သူကစာအရမ်းတော်ပြီး အင်္ဂလိပ်စာ အရမ်းကောင်းတယ် သူပြောတဲ့လေသံ လေယူလေသိမ်းက အရမ်းနားထောင်လို့ကောင်းတယ် သူစာတော်သလို သူ့သားသမီးတွေ အကုန်လုံးလဲ စာတော်ကြတယ် ။

 ပြောဖို့မေ့သွားတယ် သူလဲနိုင်ငံရေး ဝါသနာပါပြီး တောလယ်တာကို ဝါသနာပါတယ် နောက်ပြီးသူ့မှာ လက်မလေးတစ်ချောင်းမရှိဘူး အဖွားပြောတာ သေနပ်ကျည်ဆံလုပ်ရင်း ကျည်ဆံကနေ ထပေါက်ပြီး လက်မလေး ပြတ်သွားတာလို့
ပြောပြတယ်။

သူ့ကိုတူတွေတူမတွေကကျောင်းအုပ်ဆရာကြီးမို့ ဆရာကြီးလို့ခေါ်ရင် မကြ်ိုက်ပေမဲ့ ငါးတန်းထဲကနေ ဆယ်တန်းထိတိုင်အောင်ကို
စာသင်ပေးတဲ့ ဘကြီးမို့လို့ ကျမတို့က ချစ်စနိုးနဲ့ဆရာကြီးဘဲခေါ်ဖြစ်ခဲ့တယ် သူလဲချောတယ် နှာတံစင်းစင်းလေးနဲ့လှတယ် ရုပ်ရှင်မင်းသား ကျော်ဆွေလို မျိုးလေးလှတယ် အဖွားသူ့ကိုခေါ်တာက (အမြင့်)

ဘာဘဲဖြစ်ဖြစ် အဖိုးနဲ့အဖွား မွေးတဲ့သားတွေက ချစ်ဖို့ကောင်းတယ် သူတို့တွေအတွက် ကျမအမြဲလိုလို ဂုဏ်ယူနေတတ်တယ်

တစ်ယောက်က သဘာဝတွေနဲ့ပျော်နေတတ်သူ 

တစ်ယောက်က ရပ်ရွာအကျိုး သယ်ပိုးသူ ရွာရဲ့သူကြီး 

တစ်ယောက်က ဘာသာသာသနာကို အလေးထားခဲ့သူ ဘုန်းတော်ကြီး

တစ်ယောက်က အားလုံးကို အလင်းရောင်တွေ ဝေဌပေးတဲ့ ကျောင်းအုပ်ဆရာကြီး။

ကျမက သူတို့လိုဘဲ

တောထဲမှာ အကောင်လေးတွေ ဖမ်းရတာ နှစ်သက်တယ်

သူကြီးလုပ်ချင်တယ်

သီလရင်ဝတ်ချင်တယ်

စာသင်ပေးတာ ဝါသနာပါတယ်

သူတို့အားလုံးရဲ့ ဝိဥာဉ်တွေ ကျမဆီမှာ ရှိနေတတ်တယ်

ဒါကြောင့်မို့ သူတို့အားလုံးဟာ ကျမသိပ်ချစ်ရတဲ့ ဘကြီးတွေဆိုတာ ကျမရင်ထဲမှာ အမြဲရှိနေခဲ့ပါတယ်

Mar Mar Lwin
9/11/2013
5:06PM


Tuesday, September 10, 2013

သိမ်းထုတ်ဖို့ရာ



ဒီနေ့အိပ်ယာကနိုးတာနဲ့ ခေါင်းထဲရောက်လာတဲ့အတွေးတွေကများလွန်းနေသလိုဘဲ 
ကိုယ့်အရေး မိသားစုအရေး အရေးတွေရောနှောနေခဲ့တယ်။

ကိုယ့်အရေးက ဒီအသက်ဒီအရွယ်နဲ့ဆိုဘာဘဲဖြစ်ဖြစ် လာခဲ့တဲ့လမ်းကို ခြေလှမ်းကပြန်လှမ်း နေတဲ့အရွယ်ရောက်နေခဲ့ပြီ လုပ်ရတော့မဲ့အလုပ်က ကိုယ့်နောက်ပါတာတွေလုပ်ရတော့မယ်။

ကိုယ့်နောက်ပါမဲ့အထုတ်ကို ကျစ်ကျစ်လစ်လစ်နဲ့သယ်သွားနိုင်အောင်ထုတ်ရတော့ရမယ် အဲဒီလို ပြင်ရတော့မယ်ဆိုတာသိလိုက်ရချိန်မှာဘာဘဲဖြစ်ဖြစ်ကိုယ်ကဦးအောင်သိမ်းထုတ်နိုင်ရမယ်။

အဲဒီစကားကိုပြောမိတော့ အဖွားကိုသတိရတယ် အဖွားမသေခင်ခနခနပြောတတ်တဲ့သူ့ရဲ့ယောက်ျား
အဖိုးရဲ့အကြောင်းကခေါင်းထဲကို ဖြတ်ကနဲရောက်လာခဲ့တယ်။

အဖိုးငယ်ငယ်ကတောထဲက သတ္တဝါလေးတွေဖမ်းတာဝါသနာပါတယ် စားဖို့မဟုတ်ဘဲအလှမွေးဖို့အတွက်ပေါ့ သူဖမ်းလို့ရတဲ့အကောင်လေးတွေကို အိမ်မှာမွေးထားတတ်တယ်။

တောထဲကဖမ်းလို့ရတဲ့အကောင်လေးတွေကို အဖိုးကလူယဉ်အောင်လို့ခြေထောက်မှာကြိုးခြည် တဲ့အကောင်လေးတွေကို ခြည်ပြီးမွေးသလို အုပ်ဆောင်းနဲ့လဲအုပ်ပြီးမွေးတတ်ခဲ့တယ် အဲဒီလိုမွေးပြီးလူယဉ်လောက်မှကြိုးဖြုတ်ပြီး အိမ်ခြံဝင်းထဲမှာလွှတ်ပေးတတ်ခဲ့တယ်။

အဖိုးရဲ့ဝါသနာကအဲဒီလို သူနဲ့တောလည်ဖက်တွေကအရင်တုံးက ဘုံဘေဘားမားသစ်ကုမ္ပဏီက  နိုင်ငံခြားသားတွေ သူတို့တွေကအဖိုးနဲ့အတူ ပဲခူးရိုးမတောထဲမှာ အမြဲတောလည်ထွက်တတ်ခဲ့ကြတယ်။

တစ်နေ့တော့ အဖိုးတစ်ယောက် ပြန်ပေးအဆွဲခံရတယ် သူတောထဲမှာတောလည်ထွက်စဉ်အဖမ်းခံရတာမို့ ဘယ်သူကမှမသိလိုက်ကြဘူး။

နောက်ရက်တွေတော်တော်ကြာလာတော့မှ ပြန်ပေးဆွဲတဲ့သူတွေက အဖိုးရဲ့သမီးအကြီးဆုံးကို ဘယ်နေရာကိုလာပါ ဘာအဝတ်အစားဝတ်ခဲ့ပါ ပိုက်ဆံဘယ်လောက်ယူခဲ့ပါ ဘာခမောက်ဆောင်းခဲ့ပါ အဲဒါတွေရေးထားတဲ့စာလာပေးတော့ မှအဖိုးပြန်ပေးအဆွဲခံလိုက်ရတာသိကြတယ်။

ခါတိုင်းတောလိုက်သွားရင်လဲကြာတတ်တာမို့ အဖွားကသိပ်တော့စိတ်မပူခဲ့ဘူးလို့ပြောပါတယ် အဲဒီအချိန်မှာပြန်ပေးအဆွဲခံထားရတဲ့အဖိုးဟာ ပြန်ပေးတွေရဲ့လက်ထဲမှာသူတရားသဘောကိုသိသွားတယ်။

သူဖမ်းလာတတ်တဲ့အကောင်လေးတွေလိုဘဲ သူရဲ့ခြေတွေလက်တွေ အတုတ်အနှောင်ခံထားရတဲ့အချိန်မှာပေါ့ 
အဲဒီအချိန်တိုလေးအတွင်းမှာသူရသွားတဲ့အသိဟာ အဖိုးအတွက်ကျစ်ကျစ်ပါအောင်ထုတ်သွားတဲ့အထုတ်ဖြစ် သွားခဲ့တယ်။

ပြန်ပေးလက်ထဲကလွတ်လာချိန်မှာအဖိုး သူဝါသနာပါတဲ့တောလိုက်ခြင်းအမှုကိုစွန့်လိုက်တော့တယ်
သူ့ဘာသာသူ မိရိုးဖလာကိုးကွယ်ခဲ့တဲ့မြသိမ်းနားကျောင်းမှာ ကမ္မဌါန်းကျောင်းဆောက်ပြီး မနက်တစ်နပ်စာဘဲစားကာ သတ်သတ်လွတ်စားပြီး သေတဲ့အထိအားထုတ်သွားခဲ့တယ်။

အဖိုးသေတဲ့အခါ ညင်သာပျော့ပြောင်းစွာနဲ့စိတ်နဲ့ခန္ဓာကိုခွာသွားနိုင်ခဲ့တယ် အဲဒါ သူထုတ်ခဲ့တဲ့အထုတ်ကသူ့ကို သက်တောင့်သက်သာနဲ့ခရီးဆက်နိုင်အောင်ခေါ်ဆောင်သွားနိုင်ခဲ့တယ်။

အဖိုးလိုဘဲ ပြင်ရတော့မယ် သက်တောင့်သက်သာညင်သာစွာနဲ့ ခရီးဆက်နိုင်အောင်ကျစ်ကျစ်ပါအောင် ထုတ်နိုင်သလောက်ထုတ်ရတော့မဲ့အချိန်ကျနေပြီဆိုတာ ကျမသိလိုက်ရချိန်မှာတော့ အဖိုးရဲ့မြေးပီသအောင် သိမ်းထုတ်သေချာ ကိုယ့်နောက်ပါအောင် ကျမပြင်ဆင်ရတော့မယ်။

Monday, September 2, 2013

နာကျင်ပြီးမှ ရလာတဲ့အချို



နာကျင်မှုက ရတဲ့အချို ပိုပြီးချိုသတဲ့
စဉ်းစားကြည့်ရင် အဲဒီအချိုကအခါးဘက်စွတ်သွားတဲ့ အချိုဖြစ်လိမ့်မယ်လို့ကျမထင်မိတယ်။

နာကျင်မှုဆိုတာကလဲ ကိုယ်ကသူ့ကိုသွားထိလို့နာတဲ့ နာကျင်မှုလား
သူကကိုယ့်ကိုလာထိလို့ နာတဲ့နာကျင်မှုလား တစ်ခုခုကြောင့်ပေါ့နော်။

ကိုယ်ကသူ့ကိုသွားထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
အဲဒီအချိုက အခါးဖက်မစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကသူ့ကိုသွားထိတာကိုး
သူကကိုယ့်ကိုလာထိတာမှမဟုတ်တာ။

သူကကိုယ့်ကိုယ်လာထိလို့ နာကျင်ရတဲ့အနာဆိုရင်တော့
ကိုယ့်တွက်အဲဒီအချိုက အခါးစွတ်မှာသေချာတယ်
ဘာဖြစ်လို့လဲဆိုရင် သူကသူ့ဘာသာသူလာထိတာလေ
ကိုယ်ကသူ့ကို သွားထိတာမှမဟုတ်တာ။

နာကျင်ရတာခြင်း အတူတူ
ဘယ်လိုဘဲ နာကျင်နာကျင်
အဲဒီကရတဲ့အချိုကိုကျမ မနှစ်သက်မိတာအမှန်ဘဲ
နာကျင်ပြီးမှရတဲ့ အချိုက
ကျမအတွက်တော့ ခါးနေအုံးမှာဘဲ။

mar mar
3/09/2013
4:15PM

မတူညီမှုများထဲက ရုန်းထွက်တတ်သူ (သမီးလေးသို့)

ကျမနဲ့သူ
မတူခြင်းတွေက အရာရာကွဲလွဲခဲ့ရတယ်

ကျမက တွေးတောနေတတ်သူ
သူက လျှင်မြန်ဖြတ်လတ် သွက်လက်နေတတ်သူ

ကျမက ကဗျာဆံလိုသူ
သူက ကာရန်ဆိုတာ မလိုတဲ့သူ

ကျမက တက်ကျိုးရင်လှေမှောက်ပြီး ပြန်လာတတ်သူ
သူက တက်ကျိုးရင် လက်ထိုးလှော်ကာ လှေခွက်ကြီးကျန် အလံမလဲအောင်ဆောင်နိုင်သူ

ကျမက ရေမြွေတစ်ကောင်လို အဆိပ်မဲ့သူ
သူက မြွေဟောက်တစ်ကောင်လို အဆိပ်ပြင်းတဲ့သူ

ကျမက ယုံတစ်ကောင်လို နုဖတ်သူ
သူက ခြင်္သေ့တစ်ကောင်လို ရဲရင့်သူ

ကျမက ပုရွက်ဆိတ်တစ်ကောင်လို အားသေးသူ
သူက မြင်းတစ်ကောင်လို ခွန်အားကြီးသူ

ကျမက ဘဝဆိုတာကို စိတ်ကူးယဉ်လိုသူ
သူက ဘဝဆိုတာကို လက်တွေ့ဆံချင်သူ

ကျမက အရာရာကို အရှုံးပေးတတ်သူ
သူက အရာရာကို အနိုင်ယူလိုသူ

ဒါကြောင့်မို့သူ့မှာ
ခွန်တွေ အားတွေ ပြည့်နှက်သူမို့
အောင်မြင်ခြင်းတွေ အမြဲပွေ့ပိုက်နိုင်တဲ့ခဲ့သူ။

mar mar
3/09/2013

Tuesday, August 20, 2013

လောကဇာတ်ခုံ



လောကဇာတ်ခုံ

လူတွေ သေဆုံးဖို့ရက်ကိုစောင့်ရင်း
ကိုယ်ကျွမ်းကျင်ရာကို အသုံးချဖို့
ပညာတွေ သင်ကြရတယ်။

ကောင်းတဲ့ အတတ်ရော
မကောင်းတဲ့ အတတ်ကိုပါ
ကိုယ်သန်စွမ်းရာ
ဦးနှောက် အကန့်ကိုသုံးပြီး
သင်ဆရာ မြင်ဆရာ ကြားဆရာတွေဆီက
သင်ယူလာကြတယ်။

သမာအာဇီဝေရာ
မသမာတဲ့ အာဇီဝနဲ့ရော
ရတဲ့နည်းနဲ့ သုံးလာကြတယ်။

အိမ်တွေကားတွေ စည်းစိမ်တွေယူဖို့အတွက်
သန်စွမ်းရာ အလုပ်တွေနဲ့
အလုပ်တွေ လုပ်လာကြတယ်။

သူ့ထက်ငါသာအောင်
လူသိအောင်ရော
မသိအောင်ပါ
အပြင်ရူပကာက
ပဇောက်ပုံအပြုံးချီပြီး
အတွင်းသဏ္ဍန်က
ဂငယ်ပုံနဲ့မဲ့ရွဲ့နေအောင် ပြိုင်နေကြတယ်။

သီလ သမာဓိ သိက္ခာဆိုတဲ့
အဝတ်ကို ချွတ်ပြီးတော့
အတ္တ မာန တစ်ကိုယ်ကောင်းဆိုတဲ့
အဝတ်ကို နှစ်သက်စွာနဲ့ ဝတ်ဆင်လာကြတယ်။

Mar Mar Lwin
20/8/2013

Monday, August 19, 2013

ကြီးပြင်းခဲ့ရာ ကျောင်းတော်ရာ


ကျောင်းပုံများမရှိတဲ့အတွက်ပုံများကိုအလျဉ်းသင့်သလိုယူသုံးထားပါတယ်
ကျမတို့ငယ်ငယ်ကနေခဲ့သော မြောင်းတကာရွာတွဲဘက်အထက်တန်းကျောင်းကိုတနေ့မှမေ့မရခဲ့ပါ ရန်ကုန်ပြည်ကားလမ်းမကြီးရဲ့ဘေးမှာရှိနေတာမို့သွားရလာရလွယ်တဲ့နေရာလေးပါ ရွာခံကျောင်းသားတွေ အပြင်ရွာနီးချုပ်စပ်ကကျောင်းသားတွေလဲပညာနို့ရည်သောက်သုံးနေရာလေးပါ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမအများစုမှာရွာခံတွေဖြစ်ကြတဲ့အတွက်ကျောင်းကြီးအပေါ်အလွန်သံယောဇဉ်အကြီးခံရတဲ့
ကျောင်းလဲဖြစ်ပါတယ်။

သူငယ်တန်းကနေဆယ်တန်းအထိတက်ခဲ့ကျောင်းလေးဖြစ်ခဲ့လို့ ကျမကိုယ်တိုင်လဲအဲဒီကျောင်းကိုအရမ်း သံယောဇဉ်ကြီးခဲ့ပါတယ် မိသားစုကျောင်းလေးလိုဖြစ်နေတာမို့အားလုံးဟာပျော်ရွှင်ဖွယ်အတိတွေရှိခဲ့ ရတဲ့ကျောင်းတစ်ကျောင်းဆိုလဲမမှားပါဘူး ဘကြီးဖြစ်သူကကျောင်းရဲ့ကျောင်းအုပ်ဆရာကြီး အဖေနဲ့အမေကကျောင်းဆရာနဲ့ဆရာမ ဦးလေးဖြစ်သူကကျောင်းဆရာဆိုတော့ အမျိုးများစုစည်းနေတဲ့ အတွက် ကလေးသဘာဝကျောင်းကြောက်တဲ့ဥပါဒ်က ကင်းလွတ်ခဲ့ခဲ့နေရာလေးပေါ့ အရမ်းကိုပျော်စရာ ကောင်းခဲ့တဲ့ကျောင်းတော်ရာပေါ့နော်။

အရင်ဆုံးကျမပြောချင်တာလေးတွေရှိပါသေးတယ် အခုလက်ရှိအထက မြောင်းတကာဆိုတဲ့ကျောင်းကြီးရဲ့ မြေနေရာပါ ပြန်တွေးကြည့်ရင်တကဲ့ကိုဘဲ ကြက်သီးဖျန်းဖျန်းထစရာကောင်းလောက်တဲ့မြေနေရာပါ သချိုင်းမြေပေါ်မှာရှိတဲ့ဂူတွေကိုကျောင်းနဲ့ခြံစည်းရိုးသာခြားတဲ့နေရာကိုတူးဖော်ရွေ့ပြီးကျောင်းဆောက်ထား တဲ့နေရာပါ အခုလက်ရှိလဲ မရွေ့ဘဲကျန်နေဂူတွေရှိနေပါသေးတယ်။

ညှီလှောင်ပုတ်အဲ့နေတဲ့အလောင်းတွေကိုတူးဖော်ရွှေ့ကြပြီး ကျောင်းအတွက်မြေနေရာတစ်နေရာရဖို့ အတွက်ကျိုးစားဖော်ဆောင်ပေးကြတဲ့ ရပ်မိရပ်ဖနဲ့ကျောင်းအကျိုးတော်ဆောင်တွေရဲ့ကျေးဇူးကြောင့် ဒီနေရာမှာပညာနို့သောက်ခွင့်ရတဲ့ကျမတွေဟာ သိပ်ကိုကံထူးတယ်လို့ဆိုရမှာပါ ။

ရပ်မိရပ်ဖတွေနဲ့ကျောင်းအကျိုးတော်ဆောင်ရဲ့ကျိုးစားမှုကြောင့်သာကျမတို့ဟာတစ်မြို့တစ်ရွာမှာ ကျောင်းသွားတက်ခြင်းမပြုကြရသလို အဲဒီအတွက်ကျမတို့တွေမှာအဓိကအချိန်ကုန်သက်သာခဲ့တယ် ငွေကုန်တွေသက်သာခဲ့ကြရပါတယ်။

ကျမတို့လေးတန်းအောင်ပြီးငါးတန်းတက်တဲ့အချိန်မှာ မူလတန်းကျောင်းကနေ ထိုကျောင်းကိုပြောင်းပြီး
တက်ကြရပါတယ် ကျောင်းဝင်းထဲမှာလက်ကျန်ဂူတွေရှိနေသေးသလိုကျောင်းဝင်းနဲ့ခြံစည်းရိုးသာခြားတဲ့ သချိုင်းတစ်ခုကရှိနေသေးတော့ ကလေးသဘာဝနဲနဲတော့ကြောက်မိတာအမှန်ပါဘဲ။

ဒါပေမဲ့လဲတစ်ပါတ်မှာ ငါးရက်ကဒီကျောင်းမှာဘဲမနက်ကနေညနေထိရှိနေတော့ ကြာလာတာနဲ့အမျှအ ကြောက်တွေလွင့်ခဲ့ရသလို လက်ကျန်ဂူတွေကကျမတို့တွေအတွက် တူတူပုန်းစရာနေရာ လိုက်တန်းပြေး တိုင်းကစားတိုင်း တိုင်ဦးရာနေရာလေးတွေဖြစ်ခဲ့တာပါဘဲ။

ကျောင်းမှာဖွံ့ဖြိုးရေးချိန်နဲ့ကာယအချိန်တွေဆို ကျမတို့သူငယ်ချင်းတစ်အုပ်စုပြီးသီချင်းဆိုတဲ့သူကဆိုကြ တယ် အကဝါသနာပါတဲ့သူတွေက ကကြတယ် အဲဒီလိုသီချင်းဆိုတဲ့အခါမှာကျမတို့ရဲ့ဇာတ်စင်က သပြေပင်ကြီးရဲ့အရိပ်ဖြစ်သလို အုတ်ဂူတွေလဲပါခဲ့ရပါတယ် အုတ်ဂူပေါ်တတ်ပြီးသီချင်းဆိုချင်တဲ့သူကဆို ကချင်တဲ့လူကနဲ့သပြေပြီးကြီးအောက်နဲ့ဂူတွေရဲ့အပေါ်မကြောက်မရွံ့မှာပျော်စရာလဲအရမ်းကောင်းခဲ့ပါတယ်

မြေကြီးကသချိုင်းမြေမို့လို့ထင်ပါရဲ့ ပဒပ်စာပင် ဖလောင်တောင်ဝှေးပင်တွေသန်မာထွားကြိုင်းစွာနဲ့ အရမ်းပေါက်ကြပါတယ် မနေနိုင်လို့နုတ်ပြီးယူသွားတိုင်း အိမ်ကလူကြီးတွေက မစားရဲပါဘူးလို့ပြောတိုင်း
ဈေးထဲမှာလဲဒါတွေဘဲနုတ်ပြီးရောင်းနေတာဘဲဆိုပြီး စောဒဂတက်ခဲ့တာတွေကလဲကျမတို့ကျောင်းရဲ့အမှတ်ရစရာတွေထဲပါပါခဲ့ပါသေးတယ်။

ကျမတို့ ဘကြီးမရှိတော့ပေမဲ့ ရွာမှာရှိတဲ့ တပည့်တွေရဲ့ လေးစားမှုက
ဘကြီးရဲ့ကိုယ်စား ဘကြီးရဲ့အမျိုးသမီးကို နှစ်စဉ်ကန်တော့ကြပါတယ်
ထိုအချိန်က ကျာင်းအုပ်ဆရာကြီးမှာ ကျမတို့ရဲ့ဘကြီး ဦးမြင့်ကြည်ဖြစ်ပါတယ် ကျမတို့ မောင်နှစ်မတွေက သူ့ကိုဘကြီးလို့ မခေါ်ကြပါဘူး ဆရာလဲဆရာ ကျောင်းအုပ်ကြီးလဲ ကျောင်းအုပ်ကြီးမို့ ဆရာကြီးလို့ဘဲခေါ် ကြပါတယ်။

ကျမတို့ ငါးတန်းစတက်ကတည်းက အင်္ဂလိပ်စာကို သူဘဲသင်ပေးတာမို့လို့ ဘကြီးလုပ်သူကို ကျမတို့ မောင်နှစ်မတွေက ဆရာကြီးလို့ခေါ်ရင် သူမကြိုက်ပါ အမေနဲ့ အထက်အောက် မောင်နှစ်မအရင်းဖြစ်တာကြောင့် သူ့ကိုဘကြီးဘဲ ခေါ်စေချင်တဲ့အကြောင်း ခနခနပြောတတ်ပါတယ် ဒါပေမဲ့ကျမတို့က ကြောက်လဲကြောက် ချစ် လဲချစ်လို့ ဆရာကြီးလို့ဘဲ ခေါ်ကြပါတယ်။


ဆရာကြီးဦးတက်တိုးနဲ့ကျောင်းအုပ်ဆရာကြီးဦးမြင့်ကြည် (ဘကြီး)
ဘကြီးဖြစ်သူ ကျောင်းအုပ်ကြီးက ရိုးသားပြီး ကြိုးစားတယ် မဟုတ်လျှင် မခံတတ်တဲ့ စိတ်ရှိပြီး
ကြောသားရင်သား မခွဲခြားဘဲ အားလုံးကို ပညာတတ်များ ဖြစ်စေချင်ခဲ့တယ် တပည့်များအပေါ် စေတနာ အပြည့်ထားကာ အနစ်နာခံတတ်သူလဲ ဖြစ်ပါတယ်။




သူ၏ရိုးသားမှုကိုသိသော စာရေးဆရာကြီး ဦးတတ်တိုးနှင့် ကဗျာဆရာမကြီး ဒေါ်နုယဉ်တို့က
ကျွန်မတို့ရွာရဲ့ ကျောင်းကလေးမှာ သုံးခန်းတွဲ အုတ်ကျောင်းဆောင်ကြီးနှင့် သောက်ရေတွင်း တစ်တွင်း
ဆောက်လုပ် လှူဒါန်းခဲ့သည်မှာလည်း ကျမတို့အတွက် အံ့သြကုန်နိူင်ဖွယ်ရာပါ။

ဆရာကြီး ဦးတက်တိုးနှင့် ဆရာမကြီး ဒေါ်နုယဉ်တို့မိသားစုဟာ ဆရာကြီးနဲ့ ဆရာမကြီး မရှိတော့ပေမဲ့ ယနေ့ထိ ကျမတို့ရွာ၏ကျောင်းကြီးကို သံယောဇဉ်မကုန်ကြဘဲ မကြာခနလာရောက်တတ်ကြောင်း သိရ၍ အလွန်တရာမှလဲ ဝမ်းသာစရာလဲ ဖြစ်ခဲ့ရပါတယ်။


အခုတော့ ကျွန်မတို့ကျောင်းကြီးက အသီးပေါင်းများစွာ သီးပေးခဲ့နိုင်ပါပြီ အပွင့်ပေါင်းများစွာကိုလဲ ဝေဆာ စွာပွင့်ခွင့် ရခဲ့ကြပါပြီ ကျမတို့ရွာအတွက် ဂုဏ်ဆောင်နေတဲ့ ကျောင်းတော်ကြီးလဲ ဖြစ်နေခဲ့ရပြီ ဖူးပွင့်ဝေဆာခဲ့တဲ့ ကျောင်းသားတွေရဲ့ ကြိုးစားမှုနဲ့ ဆရာကန်တော့ပွဲများလဲ အကြိမ်ကြိမ် လုပ်နိူင်ခဲ့ပါပြီ ဆရာများရဲ့ ကျေးဇူးကို တတ်နိူင်တဲ့ဘက်က ပြန်ဆပ်နေကြတဲ့ ကျောင်းသားကျောင်းသူ များစွာလဲ ပေါ်ထွက်လာခဲ့ကြပါပြီ။

Mar Mar Lwin
Rockhampton
Australia
20/8/2013

Tuesday, July 2, 2013

ပြည့်ဝပါစေ


ငါမွေးဖွားရာ ပြည်မြန်မာမှာ
ငါဧ။်အဖေ ငါဧ။်အမေ
ရှိနေသော်လည်း ငါသည် ခွဲခွာလာမိသည်။

ငါကြီးပျင်းရာ ငါ့ရဲ့မြေမှာ
ညီရင်းအစ်ကို မောင်ရင်းနှစ်မ
ရှိနေကြလည်း ငါသည် ချန်ရစ်ထားခဲ့မိသည်။

ငါနေခဲ့ရာ အမိရွာမှာလည်း
ဆွေမျိုးသားချင်း ညီနောင်ရင်းတို့
ကျန်ရစ်သော်လည်း ငါသည် နုတ်မဆက်ဘဲ ထွက်၍ခွာကာ လာခဲ့မိသည်။

အတိတ်ကံစေရာ
ထားရာမှာနေ စေရာကိုသွား
ကျရာမှာနေ။

ဒီဘဝဒီမျှ
ရှိသမျှ ဝဋ်ကြွေးကုန်ပါစေ
နာင်ဘဝဆိုတာ ရှိများရှိခဲ့ရင်
ငါ့တိုင်းငါ့ပြည် ငါ့အမိမြေမှာ အိုအောင်မင်းအောင် နေရပါစေ။

ငါသည် မြန်မာပီသစွာဖြင့်
ဆုမွန်ချွေသည် ငါတောင်းသည့်ဆု ပြည့်ဝပါစေ။

Mar Mar Lwin
2/&/2013

တမ်းတနေမိသူ


ဒီနေ့မှ ထူးထူးခြားခြား သတိတွေ ရနေတာ မဟုတ်ဘဲ  နေ့တိုင်းလိုလို ကျမသတိရနေတတ်တဲ့ သူတစ်ယောက် ရှိခဲ့ပါတယ် သူကတော့ ကျမတို့ အရမ်းချစ်ရတဲ့ အမေ့ရဲ့ အစ်မအကြီးဆုံးပါ။

ဒီနေ့က ကျမရဲ့မွေးနေ့ပါ  မွေးနေ့မှာ အဖေနဲ့အမေ့ဆီကို ဖုန်းဆက်ဖြစ်ပါတယ် အဖေနဲ့အမေ နေထိုင်ကောင်း ကြတယ်ဆိုတာ သိရတော့ အရမ်းကိုလဲ စိတ်ချမ်းသာခဲ့ရပါတယ် အဖေနဲ့အမေ့ကို ဖုန်းထဲကနေဘဲ ကန်တော့လိုက်ပြီး အမေနဲ့အဖေတို့ပေးတဲ့ဆုတွေကို တစ်သီကြီး ယူလိုက်မိပါတယ်။

ပြီးတဲ့အခါမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမရဲ့အဖွားနဲ့ကြီးကြီးကို စိတ်ထဲကနေမှန်းပြီ းကန်တော့ပါတယ် သူတို့ပေးတဲ့ ဆုတွေကိုကျမ မကြားနိူင်ပေမဲ့ စိတ်ထဲကရည်မှန်းပြီးဘဲ ယူလိုက်မိပါတယ်။

ကျမအတွက်တော့ သူတို့နှစ်ယောက်က အမြဲစောင့်ရှောက်နေတယ်လို့ ခံစားနေရတဲ့ ကျမမှာ ဘာစိတ်ညစ်စရာတွေဘဲရှိရှိ သူတို့နှစ်ယောက်ကို စိတ်ထဲက ရည်မှန်းပြီး တိုင်တည်လိုက်ရင် အမြဲတမ်း အဆင်ပြေသွားတတ်တာတွေက ကျမအတွက် သက်သေတွေ ရှိနေလို့ပါ။

ကျမက အမေ့ရဲ့အမေနဲ့ အစ်မအကြီးဆုံးရဲ့လက်ထဲမှာ ကြီးခဲ့ရတာမို့ အဖွားနဲ့ကြီးကြီးက ဘယ်သောအခါမှ ကျမကို မေ့ထားမှာ မဟုတ်ဘူးဆိုတာလဲ သိနေတဲ့အတွက် ကျမရဲ့ အခက်အခဲတွေကို တိုင်တည်မိတာလဲ ကျမမမှားဘူးလို့ ထင်ခဲ့မိပါတယ်။

ကြီးကြီးက အပျိုကြီးပီပီ စည်းကမ်းကြီးပါတယ် သူ့ရဲ့စည်းကမ်းအောက်မှာ နေခဲ့ရတဲ့ ကျမတို့တွေက ကြီးကြီးလို ဘာကိုမဆို ခေါက်ရိုးကျနေခဲ့တာကလဲ ဆန်းမယ်မထင်ပါဘူးရှင် ကျမတို့မောင်နှစ်မ ငါးယောက်လုံးဟာ အဖေအမေ ဝန်ထမ်းတွေရဲ့သားသမီးတွေမို့ အဖွားရယ် ကြီးကြီးအပျိုကြီးနဲ့ အကူအဖော်တွေနဲ့နေခဲ့ရတာ များပါတယ်။

အဖွားက လေဖြတ်ထားလို့ လမ်းမလျှောက်နိူင်ပေမဲ့  ကျမတို့မောင်နှစ်မငါးယောက်စလုံးကို သူကိုယ်တိုင် နို့ဘူးဖျော်ပြီး တိုက်ခဲ့တာပါ သန့်ရှင်းသပ်ရပ်လွန်းတဲ့ အဖွားဟာ မိုးလင်းတာနဲ့ ကလေးတွေ အစာအတွက် ဓါတ်ဘူးလေးငါးလုံးနဲ့ အလုပ်တွေရှုပ်နေတတ်တာ ကျမတို့ရဲ့ ငယ်ပုံရိပ်တွေမှာ မေ့မရတဲ့ အရာတစ်ခုပါ
လေဖြတ်ထားလို့ လမ်းမလျှောက်နိုင်ပေမဲ့ အဖွားရဲ့သန်စွမ်းနေတဲ့ လက်ချောင်းလေးနဲ့ ဖျော်တဲ့နို့ဗူးကို သောက်ပြီးကျမတို့မောင်နှစ်မတွေ အားတွေပြည့်ခဲ့ရတာပါ။

ကျမ၇တန်းနှစ်မှာအဖွားဆုံးသွားပါတယ် အဖွားဆုံးတော့ကျမတို့မောင်နှစ်မတွေရဲ့တာဝန်ကိုကြီးကြီးက ယူခဲ့ပြန်ပါတယ် ကြီးကြီးလက်ပေါ်မှာကြီးခဲ့တဲ့ကျမကသမီးမိန်းကလေးအကြီးဆုံးမို့ ကြီးကြီးသွားလေရာ ပါတတ်ပါတယ်။

ကြီးကြီးခြံထဲသွားရင်ပါတတ်သလို ဘုရားသွားကျောင်းတက်ရင်လဲရင်လဲပါတတ်ခဲ့ပါတယ်
အိပ်ရင်လဲကြီးကြီးနဲ့ဘဲအတူတူအိပ်ခဲ့ပါတယ် ကြီးကြီးကကျမအတွက်အိပ်ယာဝင်ပုံပြင်များကို မရိုးနိူင်အောင်ပြောပြတတ်သူလဲဖြစ်ပါတယ်။

မနက်တစ်ခါ ညနေတစ်ခါ ဘုရားရှိခိုး တတ်အောင်လဲ ငယ်ငယ်ကတည်းက သင်ပေးခဲ့ပြီးဘုရား တရား သံဃာ မိဘ ဆရာသမားတို့ကို မမေ့မလျှော့အောင်လဲ သင်ပေးခဲ့သူတွေ ဖြစ်ပါတယ်။

လူကြီးမိဘတွေကို ရိုသေတတ်အောင် ငယ်ရွယ်သူတွေကို ကူညီတတ်အောင်လဲ သွန်သင်တတ်ခဲ့တဲ့ သူတွေကြားမှာ ကြီးပြင်းခဲ့တဲ့ သူတွေပါ။

တူ တူမတွေအတွက် လိုလေသေး မရှိခဲ့တဲ့ ကြီးကြီးကို ကျမတို့ တစ်နေ့မှ မမေ့ခဲ့ပါဘူး ကျမတို့ အနားမှာ အမြဲတမ်း ရှိနေစေချင်ခဲ့ပြီ းအမြဲတမ်းလဲ လိုအပ်နေခဲ့သလို ခံစားရပါတယ် သူမရှိတော့ပေမဲ့ သူ့ရဲ့အိပ်ယာဝင်ပုံပြင်တွေက ဒီနေ့ထိ ကျမကို လွှမ်းမိုးထားနိုင်တုံးပါ။

အာရုံဆွမ်းအတွက် မနက်မနက် ဆွမ်းထချက်ရင် ဘယ်တော့မှ ကျမတို့ကို သူဘက်က ဘယ်သူထ ဘယ်ဝါထပါ လို့မနိုးပေမဲ့ ကြီးကြီးရဲ့အအိပ်ကြီးသောသူ အစားကြီးသောသူ သူများကျွန်မျိုးနဲ့တူလို့ ကြီးကြီးဆိုလိုက်တာနဲ့ သူ့ကိုဝိုင်းကူဖို့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်ပြီး မီးဖိုဆောင်ရှိရာကို လှမ်းခဲ့ရတဲ့နေ့တွေကလဲ ကျမတို့အတွက် အမှတ်အရဆုံးသော ကြီးကြီးရဲ့ ပညာသားပါပါ အိပ်ယာက နိုးခြင်းလေးတစ်ခုကတော့ အမှတ်ရစရာလေး တစ်ခုပါဘဲ။

ဒါပေမဲ့လဲ ကြီးကြီးဟာ သူ့ကိုကျမအမြဲတမ်း လိုအပ်နေမှန်းသိရက်နဲ့ ကျမအသက်၃၁နှစ်မှာ သူ ကျမတို့မောင်နှစ်မတွေကို အပြီးအပိုင် နူတ်မဆက်ဘဲနဲ့ ခွဲသွားခဲ့ပါတော့တယ်။

Mar Mar Lwin
12/3/2011

Monday, July 1, 2013

ပျော်ရွှင်ဖွယ်ရာ မွေးနေ့


မွေးနေ့

ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့
ချစ်သမီးရဲ့ 
မွေးနေ့နော်။

ယနေ့ယခု 
မွေးနေ့ချိန်ခါမှစလို့
စိတ်ချမ်းသာပြီး 
ကိုယ်ကျန်းမာပါစေ။

ယခုမှစလို့
လိုအင်ဆန္ဒ 
တစ်လုံးတစ်ဝ 
ပြည့်ပါစေ။

ဒီအချိန်ကစပြီး
ဘာသာသာသနာအကျိုး 
ထမ်းပိုးဆောင်ရွက်နိုင်ပါစေ။

ရက်မြတ်ချိန်ခါမှစလို့
ထက်မြက်ထူးချွန်တဲ့ 
သမီးလေးဖြစ်ပါစေ။

မွေးနေ့အစပြုလို့
ဘုရားတရားသံယာ ဆရာသမား 
မိဘဘိုးဖွားအပေါ် 
သိတတ်နားလည်တဲ့ 
သမီလေး ဖြစ်ပါစေ..။


Mar Mar Lwin
2/5/2013

အောင်မြင်မှု သရဖူ့ ချစ်သမီးလေး


အောင်မြင်မှု သရဖူနဲ့ ချစ်သမီး

သူမ
ဖြူစင်ဝင်းလက် တောက်ပနေတဲ့ သူ့မျက်နှာလေး
ကျမအတွက်  အရမ်းဘဲ သူလှနေခဲ့တယ်
ဒီနေ့မှာဘဲ သူ့ကိုကျမ မွေးဖွားသန့်စင်ခဲ့တာပေါ့။

ရှစ်ပေါင်ခွဲဆိုတဲ့ ခန္ဓာကိုယ်နဲ့
ပြည့်ဝလွန်းတဲ့ အားတွေကိုယူုပြီး
သူကျမဆီကို ရောက်လာခဲ့တာပေါ့။

ဒီသတ္တ ကမ္ဘာကြီးထဲမှာ
အဆိုးနဲ့အကောင်းကို ရဲရဲဝံ့ဝံ့နဲ့
ဖြေရှင်း ရင်ဆိုင်နိုင်ရမယ်ဆိုတဲ့
စိတ်ဓါတ် ခွန်အားတွေယူပြီး
ကမ္ဘာမြေကြီးပေါ်ကို ခြေချလာတဲ့နေ့လေးပေါ့။

ရင်ဆိုင်လိုက်ပါ ချစ်သမီး
ဖြေရှင်းလိုက်ပါ ချစ်သမီး
ဒါမှ အရာရာဟာ သမီးအတွက်
အောင်မြင်မှု သရဖူဆိုတာ ဆောင်းလို့ရမှာပါ ချစ်သမီး။

Mar Mar Lwin
2/5/2013

သူမအတွက် လောရဲ့ နိယာမ

                                             

သူမအတွက် လောကရဲ့နိယာမ

သူမဟာ ကျမဘဝထဲကို ရောက်လာခဲ့တာ
ဒီနေ့ဆို ဆယ်စုနှစ်နှစ်ခုထဲကို ရောက်လာခဲ့ပြန်ပါပြီ/

လူတွေရဲ့ ဓလေ့စရိုက် စုံတွေကြားထဲမှာ
သူမနေထိုင် ကျင်လည်ခဲ့ရတာတွေလဲ
ဆယ်စုနှစ် နှစ်ခုနီးနီးပါး ရှိသွားခဲ့ပြီပေါ့။

လူ့လောကရဲ့ ဆိုးမွေကောင်းမွေ
အချို အခါးတွေကိုလဲ
သူအများကြီး ရခဲ့ပြီးလောက်ရောပေါ့။

အရောင်စုံတဲ့ လူ့လောကကြီးက
သူ့ကို လောကဓါတ် ပညာတွေလဲ
တော်တော်လေး သင်ပေးပြီးလောက်ရောပေါ့။
ဒီလိုဘဲ သမီး
လောကဓံရဲ့ အရိုက်အပုတ်ကို
ခံရပါများလေ ဘဝရောစိတ်ပါ
ရင့်ကျက်လာလေလေပါဘဲ။

ကောင်းတာတွေ့ရင် စံကြရပြီး
မကောင်းတာတွေ့ရင် ခံကြရတာဘဲလေ
လာကရဲ့ နိယာမဘဲကိုး။

အချိုက မြိုချရ လွယ်သလောက်
အခါးက မြိုချရ ခက်ပါတယ်
ဒါပေမဲ့ အဲဒီအခါးရဲ့ အနောက်မှာ
ချိုမြမြလေး ကပ်ပါလာတတ်ပါတယ်။

ဒါကြောင့်မို့လို့ ချိုချိုခါးခါး
အကောင်းဘက်ကတွေးပြီး  ကောင်းမွန်စွာနဲ့
မြိုချတတ်ပါစေ သမီးလေး။

Mar Mar Lwin
1/5/2013

ချစ်သမီးသို့

                               

ချစ်သမီးသို့

ကိုးလလွယ်ကာ ဆယ်လမှာ ဖွားခဲ့ရတဲ့သမီး
ဒီနေ့ဟာ သမီးရဲ့ မွေးနေ့
လူ့လောကကြီးထဲကို စတင်ဝင်ရောက်လာတဲ့နေ့ပေါ့။

မျက်စေ့စုံမှိတ်ပြီး အကောင်းအဆိုးတွေကို
ရင်ဆိုင်မယ်ဆိုပြီး ကမ္ဘာမြေ လောကကြီးထဲကို
ကျန်းမာခြင်းသုခ ပြည့်စုံစွာနဲ့ ရောက်လာတဲ့နေ့ပေါ့။

အမေကတော့ သိပ်ပျော်ခဲ့တယ်သမီး
သမီးက အမေ့ရဲ့အား
သမီးက အမေ့ရဲ့အဖော်
သမီးက အမေ့ရဲ့ တိုးတိုးဖော်လေးပေါ့။

ငယ်ငယ်လေးထဲက ထက်မြက်တဲ့သမီး
အခုထိလဲ ထက်မြက်နေဆဲ
နောင်မှာလဲ ထူးချွန်ထက်မြက်ပါစေလို့
အမေကတော့ နေ့စဉ်နေ့တိုင်း ဆုမွန်ချွေလျှက်ပေါ့။

မွေးနေ့မှာ စိတ်နဲ့ဆန္ဒ
တစ်ထပ်ထဲ ကျရောက်ပါစေ
မွးနေ့မှသည် နှစ်ပေါင်းများစွာ
ပျော်ရွှင်နိုင်ပါစေ။

ရှေ့ရှောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
သမီးဘဝလေး ညိမ်းအေးစွာ
နေထိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
သမီးရဲ့အမေ

Mar Mar Lwin
1/5/2013

လာခြင်းကောင်းသော သမီးလေးဖြစ်ပါစေ

   
 

လာခြင်းကောင်းသော သမီးလေးဖြစ်ပါစေ 

ချစ်သမီး
လူ့လောကထဲကို မေမေခေါ်ဆောင်လာခဲ့တာ
မနက်ဖြန်ဆိုရင် ဆယ်စုနှစ် နှစ်ခုရဲ့ ပါတ်ဝန်းကျင်ထဲကို ရောက်လာခဲ့ပြီနော်။

မနက်ဖြန်ဆိုတဲ့ မဝေးတော့တဲ့ အချိန်လေးအတွင်းမှာ
သမီးလေးက လူ့လောကကြီးရဲ့အကြောင်းကို
ဘာမသိ ညာမသိနဲ့
ဆိုးဆိုး ကောင်းကောင်း
ဒီလမ်းကြီးကို လျှောက်ရဖို့ ရောက်လာတော့မှာပါ။

အဲဒီအချိန်တုံးက မေမေဘာတွေ တွေးနေခဲ့မယ် ထင်လဲသမီး
ဗိုက်ထဲမှာ သရိုးသရီ ဖြစ်လာပြီဆိုတော့
လူ့လောကထဲ ရောက်လာမဲ့ ကလေးလေး
သားလေးလား သမီးလေးလား ဆိုတာကို အရင်သိချင်ခဲ့တယ်။

ခြေလက်အင်္ဂါစုံရဲ့လား ဆိုတာလဲ သိချင်ခဲ့တယ်
ကျန်းကျန်းမာမာနဲ့ လူ့လောကကြီးထဲကို 
လာနိုင်ခဲ့ပါ့မလားလို့ တွေးနေခဲ့မိတယ်။

လူ့လောကထဲ ရောက်လာခဲ့ရင်ရော
ဘုရားတရားသံယာ မိဘနဲ့ဆရာသမားကို
ရိုသေလေးစားတဲ့ ကလေးဖြစ်လာပါ့မလား
ကျန်းမာပျော်ရွှင်ပြီး တက်ကြွနေတဲ့ ကလေးဖြစ်ပါ့မလား
လိမ္မာသိတတ်ပြီး ဖျတ်လတ်နေတဲ့ ကလေးဖြစ်ပါ့မလား
ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်ပါ့မလား
တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ ကလေးဖြစ်ပါ့မလား
အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းနိုင်တဲ့ ကလေးဖြစ်ပါ့မလား
အရာရာအားလုံးကိုတွေးပြီး ပူခဲ့ရတဲ့ ဒီအချိန်လေးပေါ့။

နောက်ဆုံး ဆုတောင်းမိတာ တစ်ခုကတော့
အေမေရာ သမီးပါ
ကျန်းမာပျော်ရွှင် ဘေးအန္တရာယ် ကင်းစွာနဲ့
မွေးဖွားနိုင်ပါစေလို့ စိတ်ထဲမှာ တစ်ဖွဖွရွတ် နေမိတယ်သမီး
လူ့လောကကြီးအတွက်
လာခြင်းကောင်းသော ချစ်သမီးလေး ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့


Mar Mar Lwin
1/5/2013