Thursday, June 20, 2019

ဆုမွန်ကောင်း

ရွှင်လန်း ချမ်းမြေ့ကြပါစေ..

အားလုံးအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ

ဘေးဘယာဝေးကွာ စိတ်ချမ်းသာကြပါစေ

အန္တရာယ်ကင်းပြီး ဘေးရှင်းကြပါစေ

ကိုယ်စိတ်နှစ်လုံး ရွှင်ပြုံးနိုင်ကြပါစေ

သောကကင်းဝေး ငြိမ်းအေးကြပါစေ

စိတ်သွားတိုင်း ကိုယ်ပါပြီး

လိုအင်ဆန္ဒ တစ်လုံးတစ်ဝထဲပြည့်ဝကြပါစေ။
၄။၁၆။၂၀၁၃


Monday, June 17, 2019

ဆန်ကောလေး တစ်ချပ်


ဈေးသွားရင်းက စကောလေးတွေ့လို့ ချစ်တာနဲ့၀ယ်လာလိုက်တာ အိမ်ရောက်တော့ သမီးက မေးတယ် မေမေ အဲဒါ ဘာလုပ်ဖို့လဲတဲ့
ဘာရယ်မဟုတ်ဘူး ချစ်လို့၀ယ်လာတာလို့ ပြောလိုက်တော့ ထုံးစံအတိုင်း စပ်စုပါလေရော မေမေ အဲဒါ ဘာလုပ်လို့ရလဲတဲ့
ဒို့တွေ ငယ်ငယ်ကတော့ ဆန်တွေကို ဆန်ကောထဲထည့်ပြီး ဆန်ထဲမှာပါတတ်တဲ့ စပါးလုံး ကျောက်ခဲ အမှိုက်တွေကို ရွေးပြီးဖယ်ထုတ်ရတယ် ဆန်တွေသန့်သွားအောင် ဆန်ရွေးတယ်လို့ ခေါ်တာပေါ့
အခုနောက်ပိုင်းမှာတော့ ဆန်တွေက သန့်ပြီးသားတွေ ရောင်းလာလို့ စကောဘာညာဆိုတာ လူတွေက မသုံးကြတော့တာလို့ ပြောပြရင်းနဲ့
နောက်တခုက တနေရာမှာ သုံးသေးတယ်လို့ ပြောပြလိုက်တော့  ဘယ်မှာသုံးတာလဲ မေမေတဲ့
တောရွာဓလေ့ နေထိုင်မကောင်းကြတဲ့ အခါဆိုရင် ဆရာ၀န်တို့ ကျန်းမာရေးမှူးတို့နဲ့လဲ ပြကြတယ် ဒါပေမဲ့ တော်တော်နဲ့ ရောဂါက မသက်သာ မပျောက်ကင်းတဲ့ အခါမျိုးမှာ အနှောင့်အယှက် ရှိတယ်ဆိုပြီး ရွာစာကျွေးလေ့ ရှိကြတယ်။

ဆန်ကောထဲမှာ ထမင်းနဲ့ ဟင်းတွေပုံပြိး ရေတမှုတ်ရယ် သစ်သားယောင်းမ တချောင်းရယ်ထည့်ကာ ညနေနေ၀င်မိုးချုပ် အချိန်မှာ အိမ်ထောင့်တနေရာ နှောက်ယှက်ထားတဲ့သူကို တောင်းပန်ပြီး ကျွေးတဲ့အခါမှာ သုံးလေ့ရှိတယ်လို့ ပြောလိုက်တော့
ဟယ် ကြောက်စရာကြီး အိမ်မှာမထားနဲ့ လွှင့်ပလိုက်တဲ့ 😀 အဲတော့ သူများက ချစ်လို့၀ယ်လာတဲ့ဟာကို မပြစ်ရက်ပါဘူးဆိုပြီး
နောက်တော့ နားလည်အောင် ပြောပြရတယ် ဝါးနဲ့လုပ်ထားတဲ့ တင်းတောင်း ခွဲတောင်း ပြည်တောင်း ဆန်ကော ဇကာကျဲ ဇကာလတ် ဇကာစိတ်ကြက်အုပ်ဆောင်း ဆိုတာတွေက အရင်တုန်းက မြန်မာပြည်က ရွာတွေရဲ့ အိမ်တိုင်းမှာ ရှိကြတယ်
ဆန်ရွေး ဆန်ချင် သစ်သီးသစ်ရွက် ရေဆေးပြီးရေစစ် လိုသလိုသုံးကြတယ် ဝါးရင့်ရင့်နဲ့လုပ်ထားတဲ့ ဆန်ကောတချပ် ဇကာတကုံးဟာ ထင်းမီးဖိုအပေါ်က ကြပ်ခိုးစဉ်မှာ ကြပ်တင်ပြီးသုံးရင် အနည်းဆုံး ၈နှစ်၁၀နှစ်လောက်ထိ အထားခံကြတယ်
အခုနောက်ပိုင်းတော့ ထင်းမီးဖိုတွေ ရှားလာတော့ ဆန်ကောကို သစ်စေးသုပ်ပြီး သုံးလာကြတယ် အရင်က မြန်မာအိမ်တိုင်းမှာ မရှိမဖြစ် ပစ္စည်းလေးတွေ အခုတော့ ပလပ်စတစ် ပစ္စည်းတွေက နေရာယူလာလို့ သမီးတို့မသိတော့တာလို့ ဆိုလိုက်တော့မှ
အော် ဒီလိုလားတဲ့
အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ် ဒိမင့်ဆို သူများဆန်ကောလေး အမှိုက်ပုံးထဲ ရောက်တော့မလို့ ကံသီပေလို့ လွတ်သွားခဲ့တယ်။

Thursday, June 6, 2019

ဇရာ ဇာတိ မရဏ



ကိုယ့်ကိုကိုယ် ငယ်ချင်ဟန် ဆောင်နေလို့လဲ မရတော့ဘူး အဲလိုပါဘဲ အသက်ကလဲ ညာလို့မရတော့ဘူးလေ မနက်က ချက်ပြုပ်ပြီးထဲက အိမ်သန့်ရှင်းရေး လုပ်လိုက်တာ နေ့လည် ၁၂နာရီထိုးတော့ ကတုန်ကရင်နဲ့ မောလာတယ် တဖြည်းဖြည်းနဲ့ ဇရာ ဇာတိ မရဏတွေက ပေါ်လာခဲ့တယ်။

ဒါပေမဲ့လဲ လက်သည်းနီလေး ခြေသည်းနီလေးဆိုး မျက်ခုံးမွှေးလေးနူတ်လို့ လိုချင်သလို ပုံလေးဖော်ကာ ကိုယ့်ကိုကိုယ် နုတယ်ထင်အောင် နီညိုရောင်လေးဆိုးပြီး ရွဲအိလာတဲ့ မျက်ခွံကြီးကို ငွေရောင် ခပ်ဖျော့ဖျော့တင်ကာ ခရမ်းနုအရောင်လေး ထပ်အုပ်ပြီး ဖုံးထားကာ မိတ်ကပ်လေးလိမ်း နူတ်ခမ်းနီလေးဆိုးကာ ဇရာဆိုတာကို ညာနေချင်သေးတာကလဲ လူ့သဘာဝပါဘဲ။

အဲဒီလိုတွေ ဖုံးဖိထားတော့ တချို့က ကျမအသက် ၅၃ဆိုတာ မယုံကြဘူး မထင်ပါဘူး မမရယ် မမအသက်က ၄၀ကျော်လောက်ဘဲ ရှိမှာပါဆိုပြီး b la b la b la b la လာပြောရင် အကျေနပ်ကြီး ကျေနပ်မိသူကလဲ ကျမပါဘဲ။

တချို့ကလဲ ၅၃ဆိုတာ သိတော့သိတယ် သူ့ခမျာ လှချင်လွန်းလို့ အရည်ရွဲနေတဲ့ မျက်နှာကြီးကို ဆေးဆိုးပန်းရိုက် လုပ်ထားရတာ သနားပါတယ်ဆိုပြီး မမအရမ်းလှတာဘဲလို့ ပြောလိုက်အုံးမှပါ ဆိုပြီးလာပြောတိုင်းလဲ ပီတိတွေ ပလပွနဲ့ ကျေနပ်နေတာက ကျမပါဘဲ။

ဆံပင်တွေ ဖွေးဖွေးဖြူဖြူကာ ကြာဇံတွေလို ဖြစ်နေတာကိုလဲ ညိုတိုတို မည်းတဲတဲလေးဖြစ်အောင် တလနှစ်ခါ ဆေးဆိုးပြီး ပလီမွှေး ပလီတောင် ဆံပင်လေးကို အိပ်ယာက နိုကးထဲက တသသနဲ့ လုပ်နေရတာလဲ ဘ၀ရဲ့ဒုက္ခ တခုပါဘဲ။

ကျိုးပဲ့နေတဲ့ သွားလေးတွေ မပေါ်အောင်လဲ ငယ်ငယ်ကလို ဝါးလုံးကွဲ မရယ်ရဲလေတော့ မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရဆိုတာမျိုး ဖြစ်ရလေအောင် အတင်းကြီး ပါးစပ်ကိုစေ့ကာ ပြုံးပြုံးကြီးလုပ်ပြီး သကာလ ကျမက အမြဲတမ်း ပြုံးပြုံးလေးဘဲ နေတတ်တာဆိုပြီး ပြောရတာလဲ မောလှပါပြီ။

ဒီကြားထဲ ဆီးချိုရောဂါကြောင့် မျက်လုံးတွေက တနေ့ထက်တနေ့ ေ၀၀ါးလာလိုက်တာ တခါတလေများ ဆားနဲ့သကြား မှားထည့်မိတဲ့ဟင်းကို အလုပ်က မောမောနဲ့ပြန်လာတဲ့ အိမ်ဦးသခင်က အမားကြီးချက်တဲ့ဟင်းက ငံလိုက်တာလို့ ဆိုလိုက်တော့မှ မှားပြန်ပြီဆိုပြီး နှစ်ဖူးကို လက်ဝါးနဲ့ ဖတ်ခနည်း ရိုက်ရပြန်တာပါဘဲ။

အဲဒီလိုပါဘဲ နားကထိုင်း ခါးကကိုင်း ဒူးကနာ ဝေဒနာတွေက ဖိဆီးလိုက်တာများ ဖြစ်ပြီးရင်ပျက် ဖြစ်ပြီးရင်ပျက်နဲ့ ဖြစ်ပျက်နှစ်တန် ရှုမှတ်နေတဲ့ကြားက အပိုဆုတွေဖြစ်တဲ့ လောဘ ဒေါသ မောဟတွေကလည်း စက္ကန့်မလတ် ၀င်၀င်လာနေသေးတော့ကာ တရားတွေလဲ ကျရပြန်တာပါဘဲ။

ဒီကြားထဲ အိမ်ဦးသခင်က သူ့ဘာသာသူ မုန့်စားချင်လို့ ၀ယ်လာရင်လဲ အောင်မယ် ကြည့်စမ်း ငါလုပ်တဲ့မုန့်ကျတော့ အုန်းသီးပါလို့ ဂွေးသီးပါလို့ဆိုပြီး မစားဘဲ တိုလီမုတ်စတွေကျတော့ ၀ယ်စားတယ်ဆိုပြီး ဒေါသတွေကလဲ ထွက်ရသေးတာပါဘဲ။

အဲဒီလို လောဘတွေ ဒေါသတွေ များလာတော့ မောဟက အလိုလို ပါလာရော အဲဒီတော့ ဘာများဖြစ်မယ် တယ်ထင်သလဲ

အခုန အိမ်သန့်ရှင်းရေးလုပ်အပြီး ရေကူးမယ်ဆိုပြီး ရေကူးကန်ကိုသွားတာ အင်္ကျီလဲမယ်လုပ်ရော ဘောင်းဘီဘဲပါလာပြီး အင်္ကျီက မပါလာဘူး။

ရေမကူးဘဲ ပြန်လာရတော့ တလမ်းလုံး စဉ်းစားလာမိတယ် ဇရာဆိုတာကလဲ ညာလို့မရပါလား လောဘ ဒေါသ မောဟဆိုတာကလဲ ဘယ်အရာကမှ မကောင်းပါလား။

ရုပ်နဲ့နံသာရှိပြီး မာမာလွင်ဆိုတာလဲ မရှိပါလား ရုပ်နဲ့နံသာ ကွဲသွားခဲ့ရင် အရာရာကိုလဲ ထားခဲ့ရမှာပါဘဲ မာမာလွင်ဆိုတာလဲ ပျောက်သွားတော့မှာပါလားလို့ လမ်းတလျှောက်မှာ အတွေးသံသရာ လည်နေတာကိုဘဲ ငေးရင်း တွေးရင်းနဲ့ ရေကူးကန်ကနေ ပြန်လာလိုက်ရတော့တယ်။

ဒါပေမဲ့လဲ အိမ်ရောက်လို့ ရေမိုးချိုးပြီးပြန်တော့လဲ လောဘ ဒေါသ မောဟတွေနဲ့ ဖြစ်ပျက် ဖြစ်ပျက် ရှုဖြစ်ပြန်ပါတယ် အိရွဲကျနေတဲ့ မျက်နှာကြီးကို ဖီးပေးလိမ်းပေး ပြင်ဆင်ပေးနေမိပြန်ပါပြီရှင်။

ရယ်မောခြင်းများနှင့်သာ အဆုံးသတ်နိူင်ကြပါစေ။

မာမာလွင်
၂၀ရက် ၃လ ၂၀၁၇ခုနှစ်


ငြိမ်းချမ်းရေးနှင်းဆီ



အခုတလော face book မှာ ယောက္ခမနဲ့ချွေးမ မတည့်တဲ့ အကြောင်းတွေ ရေးကြ share ကြနဲ့ မကြာမကြာ တွေ့နေရတတ်ပါတယ်။

ချွေးမလုပ်သူက သားကို အပိုင်သိမ်း နွားတကောင်လို ခိုင်းချင်နေကြရင်တော့ မွေးထားတဲ့ အမေက လက်ပိုက်ပြီး ကြည့်မနေရက်တဲ့အခါ မိခင်က သားဇောနဲ့သားနဲ့ပါတ်သက်ပြီးမှ တော်လာရတဲ့ ချွေးမကို ပြောမိဆိုမိမှာ အမှန်ပါဘဲ။

ချွေးမကလဲ ယောက္ခမကို နေရာတကာပါတဲ့ ယောက္ခမဆိုပြီး အမြင်မစောင်းဘဲ အမေအရင်းလို သဘောထားပြီး ဆက်ဆံရင် ယောက္ခမက သားတစ်ယောက်လုံး ထိုးကျွေးလိုက်ရပေမဲ့ ချွေးမကို သမီးလေးတစ်ယောက် အဆစ်ရလိုက်တယ်ဆိုပြီး ၀မ်းသာအဲလဲနဲ့ ပီတိဝေနေတတ်တဲ့ ယောက္ခမအမေ ဖြစ်လာမှာဘဲ။

ယောက္ခမကလဲ ချွေးမကို ငါ့သားအတွက် အကောင်းဆုံး တိုးတိုးဖော်လေး ရသွားပြီဆိုပြီး ချွေးမကို သမီးအရင်းလေးကို ချစ်သလိုမျိုး ချစ်ပေးကြည့်လိုက်ရင် ချွေးမဆိုတာ ကိုယ့်ဝမ်းနဲ့ လွယ်မမွေးရပေမဲ့ သမီးလေး တယောက် ဖြစ်လာမှာ အမှန်ပါဘဲ။

နှစ်ဦးနှစ်ဖက် မျှဝေယူလို့ရနေတဲ့ ကိစ္စကို မျှဝေမယူဘဲ ယောက္ခမကလဲ ငါက သားပေးလိုက်ရတာဆိုပြီး တက်မထောင် ချွေးမကလဲ သားကိုယူပြီး သူ့သားကို ငါရနေပြီဆိုပြီး အမေကို မကြည်ဖြူဘဲ တက်မထောင်နေရင်တော့ တက်ညီလက်ညီ မလှော်ဘဲ တက်မတထောင်ထောင် လုပ်နေသ၍ ယောက္ခမနဲ့ချွေးမဆိုတဲ့ စုတ်ဝဲ မှုတ်ဝဲကြီးတွေထဲမှာ ရုန်းမထွက်နိူင်ကြဘဲ ယောက္ခမနဲ့ချွေးမက တစောင်းစေးနဲ့ မျက်ချေးဘဲ ဖြစ်နေကြအုံးမှာပါ။

ကိုယ်တွေကတော့ မတော်ရသေးတဲ့ ချွေးမကို အခုထဲက သားထက်တောင် ပိုချစ်နေသလိုဘဲ ကိုယ့်တုန်းကလဲ ယောက္ခမချစ်တာ အလိုလိုက်တာ ခံရတော့ စိတ်ချမ်းမြေ့ခဲ့ရတယ်။

ကိုယ့်သားလေးကျရင်လဲ ကိုယ့်ယောက္ခမရဲ့ထုံး နှစ်လုံးမူရမယ် ချွေးမကို တွေ့တာနဲ့ ဘာလိုချင်လဲ ဘာစားချင်လဲ ဘာစာအုပ် ဖတ်ချင်လဲကအစ တလတခေါက် မြို့ရောက်လို့ သွားတွေ့တိုင်း စိတ်ချမ်းမြေ့ရလေတော့ ကိုယ်တော်ရမဲ့ ေ ချွးမက လိမ္မာတယ်ဆိုရင် ကိုယ်ကလဲ အလိုက်သိတတ်ရမယ် ဒါမှ ကိုယ့်သားရော ချွေးမပါ ကိုယ့်လိုဘဲ စိတ်ချမ်းမြေ့ကြရမှာဘဲ။

မိသားစုများအားလုံး ငြိမ်းချမ်းကြပါစေရှင်။
မာမာလွင်

ကောင်းမြတ်သော နောင်တ


ညက မအိပ်ခင်လေး အဖေနဲ့အမေ့ကို တခုတ်တရ သတိရသွားမိတယ် အဲဒီကနေ ဆက်စပ်လို့ ကလေးတယောက် လူဆိုတာ ဖြစ်လာဖို့အရေး အတွေးနယ်ချဲ့မိသွားတယ်။

လူဖြစ်လာပြန်တော့ လူတလုံး သူတလုံး ဖြစ်လာဖို့ဆိုတာ အရေးကြီးလာပြန်တယ် ဒီတော့လဲ မိဘတွေက ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး ရုန်းကန်ကြရပြန်တယ်။

ပေးဝေသူနဲ့ ဆက်ခံသူအကြား ပေးဝေသူက ထိုက်ထိုက်တန်တန် ပေးဝေသလို ဆက်ခံသူကလဲ တန်ဖိုးထား ဆက်ခံတတ်ဖို့ဘဲ လိုပါတယ် ကိုယ်တွေတုန်းက ကောင်းမွန်စွာ မဆက်ခံခဲ့တော့ ရိုးသားစွာ ၀န်ခံရရင် အမေသည် သေသာသွားရော စိတ်ချမ်းသာမှု ရသွားနိူင်မည် မထင်ခဲ့ပါ။

ကလေးတယောက်ရဲ့ တာ၀န်ဆိုတာ အင်မတန် ကြီးလေးပါတယ် ကိုယ်၀န်ဆောင်ချိန်က အစပြုလို့ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အနေအထိုင် အစားအသောက်ကအစ အစစရာရာ ဆင်ချင်လာရတယ် ဒါတွေကိုလဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်တိုင်သိကြမယ် ထင်ပါတယ်။

ဒီကြားထဲကမှ သူတို့ရဲ့အတိက်ကံ အကျိုးဆက် အကြောင်းဆက်တွေက ဘယ်လိုပါလားမလဲဆိုတာ ကြိုတင်ပြီး မသိနိူင်ပြန်ပါဘူး။

သူတို့လူ့လောကထဲ ၀င်လာခဲ့အခါ ကိုယ်လက်အင်္ဂါ စုံပါ့မလား သားကောင်းသမီးမြတ်လေးတွေ ဖြစ်ပါ့မလား ကျောင်းနေပျော်လို့ စာတော်တဲ့ ကလေးတွေ ဖြစ်လာပါ့မလား လုပ်ငန်းခွင်မှာ အဆင်ပြေပါ့မလားဆိုတဲ့ လားပေါင်းများစွာနဲ့ ပူပင်နေကြရတာလဲ မိဘတွေရဲ့ သောကတွေပါဘဲ။

ကိုယ်၀န်ဆောင် တယောက်က တနေ့သုံးခါ သင်္ချိုင်းကို မျက်စောင်းထိုးတယ်ဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ့်အသွေးအသား အပိုလေး ထည့်သွင်းထားတာမို့လို့ သူ့အတွက် ကြီးထွားမှု ဥာဏ်ရည်ကောင်းမှု ကျန်းမာသန်စွမ်းစေမှု အစရှိသည်တို့က မိခင်လောင်းအပေါ်မှာ အများကြီး မူတည်သလို မိခင်လောင်းဘေးက သက်ဆိုင်သူ မိသားစုတွေမှာလဲ အများကြီး တာ၀န်ရှိပါတယ်။

မွေးဖွားလာပါပြီတဲ့ ဒီကလေးရဲ့ ကျန်းမာရေးအတွက်က အစပြုလို့ ကျောင်းထားချိန် ကျောင်းနေချိန်နဲ့တကွ သူ့ဘဝရှေ့ရေးတွေက ပိုလာပြန်ပါတယ်။

ပေးဝေသူက မြင့်မြင်မားမား ပေးလေ ဆက်ခံသူက တန်ဖိုးထား ဆက်ဆံတတ်လေ ဖြစ်လာဖို့ကလဲ အရေးကြီးပြန်ပါတယ် ဒီနေရာမှာ ကိုယ်ကတော့ သားသမီးတွေရဲ့ တာ၀န်ကျေ သိတတ်မှုတွေကို အပြည့်အ၀ ပြန်လည် ခံစားနေရသော်လည်း ကိုယ့်အလှည့်တုန်းကတော့ မိဘတွေအပေါ်ကို တာ၀န်မကျေခဲ့တာ အမှန်ပါ။

ဒါကြောင့်မို့လို့ ကိုယ့်သားသမီးတွေ ကိုယ်တွေအပေါ် တာ၀န်ကျေလာလေလေ ကိုယ့်မိဘတွေရဲ့ စေတနာကိုလည်း ပိုပိုပြီး တန်ဖိုးထားတတ်လေလေလဲ ဖြစ်လာခဲ့ရပြန်ပါတယ်။

ငယ်စဉ်အခါက မိဘတွေ ဆုံးမတဲ့စကားကို အမြင်မတည့်ခဲ့ဘူးတာတွေကိုလဲ ပြန်ပြီးသတိတွေ ရလာမိတယ် အဲဒီအမှားတွေက အခုချိန်မှာ ကိုယ့်အတွက် နောင်မှရတဲ့ နောင်တဆိုတာ မဖြစ်ရလေအောင် အမြဲတမ်း ပြန်လည်သုံးသပ်ပြီး ကိုယ့်သားသမီးတွေအပေါ် အသုံးချတတ်လာခဲ့ပါတယ်။

ကိုယ်တွေငယ်ငယ်က ကျောင်းကနေ စာသင်ပြီး မောမောနဲ့ ပြန်လာတတ်တဲ့အမေ အဖြူအစိမ်း ကျောင်းဝတ်စုံကို မလဲနိူင်သေးဘူး ကျောင်းကဆရာ တိုင်လိုက်တိုင်း ဒေါသတွေထွက်ပြီး ပြန်အလာ လူကိုမြင်တာနဲ့ စာကြိုးစားကြပါ စာကြိုးစားကြပါ နင်တို့စာမကြိုးစားရင် ဘယ်သူ့ချီးကျွေးမယ် ညာသူ့ချီးကျွေးမယ်လို့ အမေ့ရဲ့ ဂရုဏာဒေါသော အသံတွေကို ကြားရလေတိုင်း အမေဟာ ကိုယ့်သားသမီးတွေကို ဘာလို့ အဲလိုပြောတာလဲဆိုတဲ့ အတွေးတွေ ခနခနဆိုသလိုဘဲ ခေါင်းထဲကို ၀င်လာခဲ့ဘူးတယ်။

အမေအဲဒီလိုပြောလေ စိတ်ထဲမကောင်းလေ စာကိုပိုပြီး ကြိုးစားရမဲ့အစား အမေက ငါတို့ကို နှိမ်လိုက်တာဆိုတဲ့ အတွေးတွေနဲ့ စာကို မကျက်ချင်လေလေ ဖြစ်လာခဲ့ရတာတွေဟာ ကိုယ့်သားသမီးတွေ စာသင်ချိန်ရောက်တော့ ကိုယ့်ကလေးတွေ စာကြိုးစားချင်အောင် ဆုံးမချင်ရင်တောင်မှ အဲလိုစကားမျိုးတွေ ရှောင်ရှားဖို့ အမြဲတမ်းဘဲ တွေးခဲ့တယ် သို့သော်လဲ ကိုယ့်ကလေးတွေကတော့ စာဖတ်ပါ စာကျက်ပါဆိုတာ တခါမှ မပြောခဲ့ရဖူးပေ။

နောက်တခုက သူများနဲ့နိူင်းတာတွေ ရှောင်ခဲ့တယ် သူများက ကံ ဥာဏ် ဝီရိယကောင်းလို့ တော်ချင်တော်လိမ့်မယ် ကိုယ့်မှာက ကံဥာဏ် ဝီရိယနည်းတဲ့အခါ အညံ့ဘက် ရောက်ချင် ရောက်နေနိူင်တာဘဲလေ။

မိဘဆိုတာ ကိုယ်မိဘနေရာကို ရောက်လာမှ သူတို့ဘယ်လို ခံစားရတယ်ဆိုတာ သိလာရသလို တူညီတဲ့ ခံစားချက်တွေလည်း ရလာတတ်တာမျိုးပါ အခုတော့ ကိုယ်မှားခဲ့တာတွေ တောင်းပန်ဖို့အတွက် အမေက မရှိတော့ပြီ။

အခုတော့လဲ အဖေနဲ့အမေအတွက် အဖေနဲ့အမေ လိုချင်ခဲ့တဲ့ ပညာရေး ပန်းတိုင်ကို ကိုယ်မရောက်နိူင်ခဲ့ပေမဲ့ ကိုယ်တွေတုန်းက ဖြည့်စည်းမပေးနိူင်တဲ့ ကွက်လပ်ကလေးတွေကို ကိုယ်တွေကိုယ်စား ကိုယ့်သားသမီးလေးတွေကို မြေတောင်မြှောက်ရင်း ရုန်းရင်းကန်ရင်း ကြိုးစားရင်းနဲ့ပေါ့လေ။

တပည့်အများက ချစ်ကြတဲ့ ဆရာမကြီး ကျမတို့ရဲ့ အမေ ဒေါ်အေးရီသို့ တိုင်တည်ရင်းဖြင့်။

ချစ်သမီး
မာမာလွင်


နေရာသစ်



မနေ့ကတော့ ကလေးတွေအဖေက QLD Cairns မြို့က အလုပ်လေးတွေ လက်စသပ်ပြီး ကျမက အရင်ရောက်နှင့်နေပြီးဖြစ် အခုနေတဲ့ NSW က Mittagong မြို့လေးဆီကို ပြောင်းလာခဲ့ပါတယ်။

အလာတုန်းက Sydneyမှာ ကျောင်းတက်နေတဲ့ သမီးနေတဲ့ အဆောင်ကို ခန၀င်ပြီး သမီးနဲ့ စျေး၀ယ်ထွက်ဖို့ ချိန်းခဲ့တယ်တဲ့ ဒီတော့ ညတုန်းက အိပ်ယာကို ခပ်စောစောလေး ၀င်လိုက်ကြပါတယ်။

သမီးဆီ အလည်သွားကြမယ်ဆိုတော့ မနက်စောစော အိပ်ယာက ထရမယ် ဒီတော့ မနိုးမှာကြောက်ပြီး စောစောအိပ်လိုက်တယ်ပေါ့နော်။

ကိုယ်တယောက်ထဲတုန်းကတော့ နေရာအသစ် ပါတ်၀န်းကျင် အသစ်မှာ ညဆိုတော်တော်နဲ့ မအိပ်ဖြစ်သလို wifi ကလဲ မရတော့ ရှိသမျှ စာအုပ်တွေ မွှေနှောက်ပြီး မနက်လင်းအာရုံကို ရောက်အောင် အချိန်ဖြုန်းရတယ်။

တခါတလေကျ ကိုယ်ဖတ်မိတဲ့ စာအုပ်က ကြောက်စရာတွေ ပါလာပြီဆိုရင် မျက်လုံးက ပိုပြီးကြောင်သွားပြီ မနက်၅နာရီလောက်မှ ကောင်းကောင်းအိပ်လိုက်ရတဲ့ ရက်တွေလဲ ရှိနေတတ်တယ်။

ဘုရားစာအုပ်တွေ ဖတ်မိတဲ့နေ့ဆို ပိုဆိုးတယ် တရားပြပေမဲ့ တရားမရဘဲ လန့်ခဲ့ရတာတွေ ရှိနေခဲ့တယ် ပုထုစဉ် လူသားဆိုတော့လဲ အကြောက်တရားကတော့ ရှိနေတာ သဘာ၀ပါဘဲ။

တခုကောင်းတာက ဒီအိမ်လေးမှာ ညဘက်ဆို ပါတ်၀န်းကျင်ကလဲ တိတ်ဆိတ်တယ် လမ်းထဲမှာ ကားအ၀င်အထွက်က မရှိသလောက် ရှားပါတယ်။

ပါတ်၀န်းကျင်က လူတွေကလဲ ညနေ၅နာရီလောက်ဆို အလုပ်က ပြန်လာကြပြီ ညနေ၅နာရီဆို ကောင်းကင်ကြီးက အလင်းရောင် မရှိတော့ဘူး မှောင်လာပြီ ဒါပေမဲ့ အိမ်တိုင်းလိုလိုမှာ ထမင်းစားခန်းလောက်ဘဲ အလင်းရောင် တွေ့ရတယ် စားသောက်ပြီးတာနဲ့ အိမ်ထဲမှာ ထင်းမီးဖိုကြီးတွေ မီးမွှေးကာ မီးတွေပိတ်ပြီး အိပ်ကုန်ကြပြီ။

ကိုယ့်မှာသာ အိမ်မှာရှိတဲ့ အခန်းတခါးတွေ လိုက်ကာတွေ မီးတွေလိုက်ပိတ်ပြီး ကိုယ့်အခန်းလေးထဲမှာ ညလုံးပေါက် မီးဖွင့်ပြီး ညဦးထဲက သိုးမွှေးလိပ် တပုံကြီးရယ် ရေနွေးဓာတ်ဗူး ကော်ဖီဗူး စားစရာမုန့်တွေနဲ့ စာအုပ်ပုံကြီး ဘေးမှာချပြီး တညတာကို ခရီးဆက်ရပြန်တယ်။

အခုနေတဲ့ အိမ်လေးထဲမှာ နေ့နေ့ညည ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတာပါဘဲ အရင်နေတဲ့ အိမ်တွေလို မဟုတ်တာတော့ သတိထားမိတယ်။

တိတ်ဆိတ်လွန်းတော့လဲ ကြံဖန်ပြီး ကြောက်မိကာ အခန်းထဲက အခန်းအပြင်ကိုလဲ မထွက်ရဲ ညနေထဲက ကုတင်ပေါ်မှာ လှည်းနေတာ ညောင်းလွန်းလို့ ဟိုဘက်ဒီဘက် လှည့်လိုက်တာနဲ့ ကုတင်က မြည်တဲ့အသံကိုဘဲ ကြံဖန်ပြီး ကြောက်မိတာမျိုးလောက်ပါဘဲ။

အိမ်ရဲ့ဖွဲ့စည်းပုံက အလယ်မှာ စင်္ကြန်လမ်းလေးထားပြီး မျက်နှာချင်းဆိုင် အခန်းလေးတွေ လုပ်ထားတယ် စ၀င်၀င်ချင်း ဧည့်ခန်းရှိပြီး ဧည့်ခန်းကနေ မီးဖိုဆောင် မီးဖိုဆောင်ကနေ ထမင်းစားခန်းလေးကို အခန်းလေးတွေကန့်ပြီး ဆက်တိုက်လုပ်ထားတယ်။

ဧည့်ခန်းကနေ ညာဘက်ချိုးလိုရင် အခုနပြောတဲ့ စင်္ကြန်လမ်းလေး စရောက်ပြီ စပြီး မြင်ရတာက သမီးအတွက်အခန်း သူ့အခန်းရှေ့မှာ အ၀တ်လျှော်စက်ထားတဲ့အခန်း သမီးအခန်းဘေးက သားကြီးလာလည်ရင် နေဖို့အခန်း သူ့အခန်းရှေ့မှာ ရေချိုးခန်း သမီးနဲ့သားအခန်းရှေ့ ကြားထဲမှာ အိမ်သာခန်း ပြီးတော့မှ ရေချိုးခန်းဘေးမှာ ကိုယ်တွေအတွက် အခန်းဆိုပြီး ပြင်ထားလိုက်တယ်။

အဲဒီမှာ ပြသနာကစပြီ ညဘက်ဆို ဧည့်ခန်းကနေ ကိုယ့်တွေအိပ်မဲ့အခန်းကို ရောက်ဖို့ စင်္ကြန်လမ်းလေးကနေ ဖြတ်ရတော့မယ် အလယ်မှာ မီးလုံးလေး တလုံးရှိတယ် အဲဒီမီးလုံးလေးကို ဧည့်ခန်းက ထောင့်နေရာကနေ ဖွင့်ရတော့ ကိုယ့်အခန်းကို ရောက်အောင် အလင်းရောင်နဲ့ ဖြတ်ချင်ရင် သူ့ကိုမပိတ်ဘဲ ဖြတ်ရတယ် အဲဒါဆိုတော့ မီးကတညလုံး လင်းနေတော့မယ်။

ဒီတော့ မီးကိုလင်းမနေစေချင်ရင် မီးပိတ်ပြီး မှောင်ထဲကနေ အခန်းထဲရောက်အောင် ဖနှောင့်နဲ့တင်ပါး တသားထဲကျအောင် ပြေးရတော့တယ် အခန်းထဲရောက်တာနဲ့ တခန်းတံခါးကိုပိတ် ကုတင်ပေါ် ဝုန်းကနည်းတက်ပြီး ဆောင်တွေတကိုယ်လုံးခြုံကာ အကြောက်ဖြေရတာမျိုးပေါ့။

ထူးဆန်းတာက ဒီအိမ်မှာ လျှပ်စစ်မီးနဲ့ ဂက်စ်လိုင်း ၂လိုင်းသုံးတော့ မီးခလုတ်တွေကို ၂ခုစီလုပ်ထားတယ် အဲဒီမှာ လေ့လာမှုအားနည်းတဲ့သူက ခံလိုက်ရတာပါဘဲ။

မီးလုံးတလုံးကို စစပြီး ဖွင့်တဲ့နေရာမှာ တခုထားသလို အခန်းတိုင်းရဲ့ရှေ့မှာလဲ တခုစီထားတယ် နှစ်နေရာလုံးကနေ အဖွင့်အပိတ် လုပ်လို့ရတယ်ဆိုတာ ယောက်ျားပြောပြမှ တောသူမကျမ သိရလေတော့ အရင်ရက်ရက်တွေက မသိခဲ့ရတဲ့အတွက် အေးအေးချမ်းချမ်း ရာသီဥတုမှာ ချွေးဒီးဒီး ကျခဲ့ရတာလေးတွေကို ဒီညတော့ တယောက်ထဲ ပါးစပ်ကြီး ဟစိဟစိလုပ်ကာ ငါးဗျက်ပြုံးလေးပြုံးရင်း အရင်ရက်တွေက ဒုက္ခတွေကို ပြန်တွေးကာ ပြုံးနေမိခဲ့တော့တာပါဘဲရှင်။

ပြောချင်တာလေးက ထုံ တိုင်း အ တိုင်း တုန်း တိုင်းလဲ မကောင်းဘူး ဆိုတာလေးပါဘဲ ဘယ်နေရာရောက်ရောက် ကိုယ်နေတဲ့နေရာ ကိုယ့်ပါတ်၀န်းကျင် ကိုယ်နေမဲ့မြို့ရဲ့အကြောင်းလေးတွေကို လေ့လာပါ သင်ယူပါ မှတ်သားပါ အမြဲတမ်း ပုံသေကြီး မတွေးထားကြပါနဲ့လို့ ပြောချင်တာပါဘဲ။

မှတ်ချက် ။ ။ အရင်နေတဲ့ မြို့တွေတုန်းက နေခဲ့တဲ့ အိမ်တွေမှာ ဂက်စ်လိုင်းမပါတော့ နေရာအသစ်မှာ မလေ့လာမိတာတွေ မစပ်စုမိတာတွေကြောင့် ဒီလိုတွေရှိတာကို မသိခဲ့တဲ့အတွက် ကိုယ့်ကိုကို အ လိုက်လေခြင်း ထုံလိုက်လေခြင်း နုံလိုက်လေခြင်းရယ်လို့ အပြစ်တွေသာ တင်မိတော့ပါဘဲရှင်။

အရာရာကို စူးစမ်းလေ့လာနိူင်ကြပါစေ။

Monday, June 3, 2019

မိသားစု စကားဝိုင်းလေး

အပါတ်စဉ် စနေနေ့ဆို သားအမိတတွေ စကားပြောဖြစ်ကြပါတယ် မနေ့က စနေနေ့မှာလဲ သမီးငယ်ရယ် သားကြီးနဲ့ကိုယ်တွေရယ် ဖုန်းပြောဖြစ်ကြပါတယ်။
မေမေရေ နေကောင်းလား ဘာတွေလုပ်နေလဲဆိုပြီး သူတို့က မေးလာခဲ့တယ်
မေမေတေို့ နကောင်းပါတယ် ဖေဖေက အလုပ်သွားတယ် မေမေက အိမ်အလုပ်ပြီးလို့ခနထိုင်နေတယ်လို့ပြောပြီး ဟိုရောက်ဒီရောက်စကားနဲ့ ဆက်ပြောဖြစ်တယ်။
ဖေဖေ အခုန သားသားဆီကို ဖုန်းဆက်တယ် ဘာတွေလိုသေးလဲ လိုတာရှိရင် ဖေဖေ့ကိုပြောလို့ သားသားကိုပြောတယ်တဲ့ ကျမကပြန်မေးလိုက်မိတယ် သားလိုတာရှိရင် ပြောလိုက်လေလို့ ကျမကပြောတော့ အားလုံးအိုကေတယ် မလိုပါဘူးတဲ့။
တကဲ့ကိုဘဲ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားနဲ့သမီးကို ကျမတို့ ရယူပိုင်ဆိုင်ထားတာပါ ၁၇နှစ်အရွယ်ထဲက မိဘရင်ခွင်နဲ့ဝေးခဲ့ရတဲ့ ကလေးတစ်ယောက်က အဝေးကနေဘဲ မိဘနှစ်ပါးဆီက စိတ်ဓါတ်ခွန်အားတွေယူပြီး သူ့ဘဝလေးကို ချိုမိန်အောင် ပြုပြင်ပြီး နေတတ်ခဲ့သူလေးပါ။
ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကာ အဖေ အမေနဲ့ညီမတို့အတွက် သူပေးချင်တာလေးတွေကို မပြတ်ပို့ပေးခဲ့ပြီး မိဘအပေါ်သိတတ်သူလေးမို့ သူ့ဘဝလေးက အမြဲတမ်းလိုလို အဆင်ပြေနေတတ်ခဲ့ပါတယ်။
နောက်တခုက သူတို့မောင်နှစ်မမှာ လိမ်ညာတတ်တဲ့စိတ် သူတပါးအပေါ် နိုင့်ထက်စီးနင်း ပြောတတ်တဲ့စိတ် ဘေးလူကို အပြစ်မမြင်တတ်တဲ့ စိတ်လေးတွေ ရှိနေတာက ကျမတို့တွေကို စိတ်ချမ်းသာမှုတွေ ရစေပါတယ်။
တပါတ်စာအတွက် စနေ ဒါမှမဟုတ် တနင်္ဂနွေလို နေ့တွေမှာ သားအမိတွေ စကားကို အလုအယက်ပြောကြရင်း စာနဲ့ပါတ်သက်ရင် လောဘကြီးတတ်တဲ့ သမီးသေးလေးကို စကြနောက်ကြရင်း ဟိုရောက်ဒီရောက် ကျမတို့စကားဝိုင်းလေး အပြီးမှာတော့ ကျမဆီမှာ ကျန်ခဲ့တာ ပီတိတွေပါဘဲ။
အော် ပြောဖို့တစ်ခု ကျန်သွားပါသေးတယ် ညီမလုပ်သူက အကိုဖြစ်သူကိုမေးတယ် သြကြီးရေ နင်အရက်သောက်ဖူးလားတဲ့ အစ်ကိုလုပ်သူက ပြန်ပြောတယ် သောက်ဖူးတယ် ဧည့်ခံပွဲတွေမှာ အနည်းငယ် သောက်တယ်လို့ပြန်ဖြေတယ် သူ့ညီမက အစ်ကိုကိုယ် ပြန်ပြောတယ် ဖေဖေသိလားတဲ့ အစ်ကိုကပြန်ပြောတယ် ဖေဖေ့ဆီက ခွင့်တောင်းပြီးမှ သောက်တာပါတဲ့။
အဲဒီလိုလေး သူ့ဖက်က ရှောင်လွှဲလို့မရတဲ့အချိန်တွေမှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ကျမအမျိုးသားဘက်က ကလေးတွေရဲ့ ဘကြီးတွေက သူအသက် ၂၀ပြည့်ပြီးတဲ့ အချိန်မှာ ခွင့်ပြုထားတာလေးတွေကို သူကလည်း နားလည်သိတတ်စွာနဲ့ အသုံးချတတ်ပုံ ရပါတယ်။
ကျမက အိမ်မှာထမင်းဟင်း ချက်တာကလွဲပြီး လုပ်ငန်းသဘောတွေ သိပ်မသိလို့ အဲဒီလိုကိစ္စလေးကို သိပ်သဘောမကျပေမဲ့ ရီကျဲကျဲလေးနဲ့ဘဲ နားလည်ပေးရပြန်တာ ပေါ့နော်။
အမေလေ အမေဆိုတော့လဲ သိတဲ့အတိုင်းဘဲပေါ့ စိုးရိမ်စိတ် စိတ်ပူစိတ်တွေက အမြဲတမ်း လွှမ်းမိုးထားတတ်တော့ မနှစ်သက်မိတာ အမှန်ပါဘဲ။
အဖေလုပ်သူကတော့ သူကိုယ်တိုင် အရက်ဆေးလိပ် အားလုံးဘာမှ မလုပ်ပေမဲ့ သားလုပ်သူကိုတော့ လိမ္မာပါးနပ်စွာ အသုံးချတတ်ဖို့ ခွင့်ပြုထားပုံရပါတယ်။
ဒါပေမဲ့ တစ်ပါတ်စာ စကားဝိုင်းလေး အပြီးမှာတော့ ကျမသိလိုက်တာက ငါ့သားက ကလေးလေး မဟုတ်တော့ဘူး လူကြီးလေးဖြစ်သွားပြီ ဆိုတာရယ် မိဘနဲ့ဝေးနေပေမဲ့ ဘာဘဲလုပ်လုပ် မိဘဆီက ခွင့်ပြုချက်ယူပြီးမှ လုပ်တတ်တာလေးတွေ မလိမ်တတ် မညာတတ်တာလေးတွေကိုတော့ သူတို့လေးတွေဖြစ်တဲ့ ကျမရဲ့ကလေးတွေကို ကျမအရမ်းဘဲ သဘောတွေကျကာ ကျနေပ်နေခဲ့မိပါတော့တယ်ရှင်။
ဒီလိုနဲ့ဘဲ ကျမတို့ မိသားစု စကားဝိုင်းလေးက အမြဲတမ်း စနေ တနင်္ဂနွေ အပါတ်တိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံခဲ့ရပါတော့တယ်။

ကလေးမွေးပြီး မီးနေသည် ချွေးအောင်းခြင်း

  • Sydney မှာ ဆေးကျောင်းတက်နေတဲ့ သမီးငယ်လေးက ကျောင်းပိတ်တဲ့ ရက်တွေဆို မိဘအိမ်ကို ပြန်လာလေ့ရှိပြီး အမေကို ပေါက်ပေါက်ရှာရှာတွေလဲ အရမ်းဘဲ မေးတတ်ပါတယ် တရက်တော့
မေမေရေ မိခင်တွေ ကလေးမွေးပြီရင်း ချွေးအောင်းတယ်ဆိုတာ ဘာလဲတဲ့ ကလေးမွေးပြီး နနွင်းတွေလိမ်း နနွင်းမှုန့်တွေသောက်တာ ဘာလို့လဲတဲ့ မြန်မာဆရာ၀န်တယောက် ရေးထားတာ ဖတ်မိလို့တဲ့။

ဒါကဒီလိုရှိတယ် ရှေးအယူပေါ့ ကလေးမွေးပြီး ၀မ်းတွင်းက အပုတ်အစပ်တွေ ထွက်သွားအောင်ဆိုပြီး လုပ်ကြတာ မြေအိုးတလုံးထဲမှာ နနွင်းတက်တွေ ဆေးမြစ်တွေထည့်ပြီးရေနဲ့ရောပြီး ပြုပ်ရတယ်။

အဲဒီအိုးကိုပြုပ်ဖို့ မြေကြီးပေါ်မှာ တွင်းလေးတူးပြီး မီးဖိုရတယ် အဲဒီမီးဖိုပေါ်မှာ မြေအိုးကြီးတင်ပြီး အပူပေးထား အိုးအပေါ်မှာ ခလေးမွေးထားတဲ့အမေက ခုံလေးခုပြီး ထိုင်နေရတယ် တကိုယ်လုံး လုံအောင် ဝါးလုံးတွေနဲ့ယိုင်ပတ်လိုပါတ်ပြီး လူကိုအုပ် အဲဒီယိုင်ပါတ်ပေါ်မှာ ဆောင်တွေ အထပ်ထပ်အုပ်ပြီး ကာထားရတယ် နာရီ၀က် တနာရီကျော်လောက် ထိုင်ပြီးမှ အဲဒီအထဲကနေ ချွေးတလုံးလုံးနဲ့ အပြင်ကို ထွက်ရတယ်လို့ ပြောလိုက်တာ

ဟယ် စိတ်ညစ်လိုက်တာ မေမေရယ်တဲ့ မီးတို့ကို မွေးတုန်းက အဲလိုလုပ်လားတဲ့ :-Dပေါက်ပေါက်ရှာရှာဟယ် မလုပ်ပါဘူး ငါကလေး၂ယောက်မွေးတာ မီးတွင်း မီးထွက်ဆိုတာ ဘာမှန်းတောင်မသိဘူး မွေးပြီးနောက်နေ့ ဖလမ်းဖလမ်းကို ထနေတာဘဲလို့ ပြောလိုက်တာ ဟုတ်မှာတဲ့ ယုံတယ်တဲ့လေ :-

အဲဒီလိုနဲ့ နနွင်းလိမ်းတဲ့ အကြောင်းလေး ဆက်ပြောဖြစ်တော့ ရီလိုက်တာဆိုတာ ပြောမနေပါနဲ့တော့ သားကြီးမွေးခါနီးတော့ သူ့အဖေက ဖောင်ကြီး၃လ မွန်းမံသင်တန်း တက်ရတယ် သားကြီးကိုမွေးပြီး တပါတ်နေတော့ ကြားရက်ကြီး သင်တန်းကနေ ပြန်ချလာတယ် သူပြောတာတော့ သနပ်နဲ့ချိန် ဒင်နဲ့ထု အဲလေ သေနပ်ပစ်သင်တာ သေနပ်ထမ်းလိုက်တာ လည်ပင်ရိုးနာသွားလို့ ဆေးကုဖို့ပြန်လာရတာတဲ့။

သူပြန်လာတော့ မာမာက အခန်းထဲက ထိုင်ခုံပေါ်မှာ အမေလိမ်းပေးထားတဲ့ နနွင်းတွေနဲ့ တကိုယ်လုံး ၀င်းထိန်ပြီး စမတ်ကျကျနဲ့ထိုင်နေတာပေါ့ အဲဒီအချိန်မှာဘဲ အခန်းထဲကို ခြေလှမ်းကျဲကြီးနဲ့၀င်လာတဲ့သူ ရှေ့ဆက်မတိုးဘဲ တုန့်ကနဲဆို ရပ်သွားပြီး ကျောပိုးအိတ်ကလေး ဘုတ်ကနည်းချကာ အမေ့ကိုသွားခေါ်ပါလေရော။

အမေ သူနေမကောင်းဘူးလား အသားဝါဖြစ်တာလား ဘာလားပေါ့ အမေကလဲ နေကောင်းပါတယ် ဘာမှမဖြစ်ပါဘူး အခုနတောင် လက်ဖက်သုပ်နဲ့ထမင်းစားချင် တယ်ဆိုလို့ ကျွေးထားတယ်ပေါ့

ဘယ်ဟုတ်မလဲ အဲဒီအချိန်က မာမာ့အမေက မာမာ့ကို နနွင်းတွေလိမ်းပေးထားတာ တကိုယ်လုံး ဝါ၀င်းပြီး ထိန်ထိန်တောက်နေတာ အဲဒါကို မသိတော့ မြင်မြင်ချင်းလန့်သွားတာ 😀

ပြီးလဲပြီးရော အမေရယ် စိတ်ထဲဘယ်လိုမှ မထားနဲ့နော် အနံ့ကြီးနံလို့ရေချိုးခိုင်းလိုက် မယ်ဆိုပြီး အတင်းရေချိုးခိုင်းတာနဲ့ မာမာ့မှာ ချိုးလိုက်ရတဲ့ရေ နနွင်းတွေ ပြောင်စင်သွားအောင် နာရီ၀က်လောက်ကြာသွားတယ် 😀

ပြီးတော့ပြောသေးတာ ကလေးမွေးတာ ရောဂါမဟုတ်ဘူး မိန်းမသဘာ၀ဘဲ စားချင်တာစားပါ ဆိုတော့ ဘယ်ရမလဲ ဒီကလဲ အစားသမားဆိုတော့ ဘာမှမရှောင်ဘဲ တွယ်တာပေါ့လို့ ပြောပြလိုက်တော့

လေးစားပါတယ် သမီးတို့မေမေ တဲ့။

အိပ်ယာဝင် ဟာသ


ညအိပ်ယာ၀င်ခါနီးလေး ရီစရာလေး တပုဒ်တော့ ရေးလိုက်အုံးမှပါ လူတွေက ကိုယ်လှတယ် ကိုယ်ချောတယ် ကိုယ်တော်တယ် ကိုယ်ဘဲသန့်သန့်ပြန့်ပြန့် နေတတ်တယ် ဆိုတာကိုဘဲ လူတွေရှေ့မှာ ချပြချင်ကြတယ်။

ညစ်ပါတ်တာတို့ မသန့်ရှင်းတာတို့ လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးအတွက် ဖြစ်လေ့ဖြစ်ထ ရှိတာတွေဆို ချမပြချင်ကြတာ သဘာ၀ဘဲလေ။

မာမာကတော့ ညစ်ပါတ်ချင်ပါတ်ပလေ့စေ ကိုယ့်အတွက် ရီစရာလေး တခုရတယ်ဆိုရင် ဝါးလုံးကွဲ အော်မရီရရင် နေပါစေ ပြုံးပြုံးလေး ပြုံးလိုက်ရတယ်ဆိုရင် လူပိန်းတယောက်လိုဘဲ အရမ်းဘဲ ကျေနပ်မိပါတယ်။

ဘာလို့လဲဆိုတော့ အိမ်ကြီးထဲမှာ တယောက်ထဲရှိနေချိန် ညဘက်ကြီး တယောက်ထဲ ဖြတ်သန်းရတဲ့ အချိန်တွေမှာ အဲဒီညက သရဲမကြောက် ဘာမကြောက်ရဘဲနဲ့ ကိုယ့်အဖြစ်လေးကို ကိုယ့်ဘာသာကိုယ် တစိမ့်စိမ့်တွေးရင်းနဲ့ ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့လို့ပါဘဲ။

အဖြစ်လေးကတော့ ဒီလိုပါ
ကိုယ်တခါမှ မရောက်ဖူးသေးတဲ့ မြို့လေးကို အိမ်စပြောင်းလာတော့ အိမ်ထဲမှာ ကိုယ်တယောက်ထဲဘဲ ရှိနေခဲ့ပါတယ် နေရာအသစ်ကလဲဖြစ်ပြန် တခါမှ မနေဘူးတဲ့ အိမ်ကလဲဖြစ်ပြန် ပါတ်၀န်းကျင်ကလဲ အသစ်ဖြစ်လေတော့ မနက်ပိုင်းကနေ ညနေနေ၀င်ချိန်အထိက နေရတာ စိတ်လက်ပေါ့ပါးသလောက် ညဘက်ဆိုတာကြီး ရောက်တာနဲ့ စိတ်ကအလိုလို အားငယ်လာခဲ့ရတယ်။

နောက်တခုက ဒီနိူင်ငံက အိမ်တွေမှာ ခြင်လုံဇကာတွေ သုံးထားတဲ့အတွက် အိပ်ယာပေါ်မှာ  ခြင်ထောင်ဆိုတာ မရှိကြဘူး အိပ်ပြီဆိုတာနဲ့ ကုတင်ပေါ်မှာ ပက်လက်ကြီး ဟာလာဟင်းနဲ့ဆိုတော့ အိပ်ရတာ မလုံခြုံသလိုမျိုးတော့ ခံစားရယ် ဒီတော့ စိတ်လုံခြုံအောင် ဆောင်ခြုံချင်ရင်တော့ ခြုံပေါ့လေ။

မိုးချုပ်ပြီဆိုတာနဲ့ အိပ်ယာဘေးက စားပွဲပုလေးပေါ်က စာကြည့့်မီးလုံးလေးဖွင့်ကာ ကုတင်ပေါ်တက် ဆောင်လေးခြုံပြီး နားနေပေမဲ့ အိမ်ပြောင်းကာစ အင်တာနက်က မရသေးတော့ စာအုပ်ဘဲ ဖတ်ဖို့ရှိလေတော့ ရှိသမျှစာအုပ်တွေ အိပ်ယာဘေးချပြီး ဖတ်ချင်တာလေးတွေ တအုပ်ပြီးတအုပ် ယူပြီးဖတ်ရတော့တာပေါ့။

တရက်မှာ ဖြစ်ချင်တော့ တနေကုန် တယောက်ထဲ စားချင်တာတွေစားတယ် အချဉ်တွေ အငံတွေ အစပ်တွေ စားထားသမျှ တနေကုန် အစာတွေက ဗိုက်ထဲမှာ အပြည့်အသိပ်နဲ့ အိပ်ယာဝင်ဖြစ်သွားတယ်။

အဲဒီနေ့က အိပ်ယာပေါ်မှာ ယူဖတ်မိတဲ့ စာအုပ်က ရှားလော့ဟုမ်း စာအုပ်လေး ဖြစ်နေတယ် စာအုပ်ထဲက ကိုယ်ဖတ်မိတာက ဂျော်ကီအသတ်ခံရတဲ့ အမှုအကြောင်း။

ဂျော်ကီအလောင်းကို ရှားလော့ဟုမ်းက သွားကြည့့်ချိန် ကိုယ့့်ဗိုက်ထဲကလဲ တနေကုန် စားထားတဲ့ အစာတွေက ဒါတ်လဘိုင်လိုက်ကာ တတိယကမ္ဘာစစ်ကြီး ဖြစ်လောက်နီးပါး ဖြစ်လာခဲ့ပြီ။

ဂျော်ကီ့အလောင်းကိုလဲ ရှားလော့ဟုမ်းနဲ့ အတူတူလဲ မကြည့်ရဲ ကြည့့်မိပြန်ရင်လဲ လန့်ပြီးအိပ်ပျော်တော့မယ်မထင် ဗိုက်ထဲကလဲ တဂွီဂွီတဂွမ်ဂွမ်တွေ ဖြစ်လာလေတော့ စာအုပ်ကလေး အသာပိတ် ကုတင်အောက်နား ချထားပြီး စာကြည့်မီးလေးကို ဖျတ်ကနည်း ပိတ်လိုက်တယ်။

ချမ်းလွန်းလို့ အိပ်ယာပေါ် စရောက်ထဲက တကိုယ်လုံး လုံနေအောင် ခြုံထားတဲ့ ဆောင်ပုံကြီးကို ကြောက်ကြောက်နဲ့ ဖတ်ကနည်းစွဲပြီး ခေါင်းပါလုံအောင် ခြုံပလိုက်တော့တယ်။

အသက်ရှူကြပ်ပေမဲ့ လယ်ကန်သင်းရိုးနားက ဂျော်ကီ့အလောင်း သေးသေးလေး (ပြိုင်ပွဲ၀င် မြင်းစီးသမားတွေက လူလေးတွေ သေးသေးညှက်ညှက်လေးတွေ ) ကို မျက်စေ့ထဲ ကိုယ့်ဘာသာကို ပုံဖော်နေတုန်းမှာ

(ဘူး)ကနည်းဆိုပြီး ထွက်လာတဲ့ လေသံကြီးက အနုမြူဗုံး ခွဲလိုက်သလား အောင့်မေ့ရတယ် ဂျီအီးဂျီလန့်တယ်ဆိုတာ ဒီလိုအသံမျိုးကို ခေါ်မလားဘဲ ဟဲ ဟဲ။

အသံနောက်က ကပ်ပါလာတဲ့ အနံ့အသက်ကြောင့် အသက်ရှူတွေကြပ်ကာ သတိတွေဘာတွေတောင် လစ်သွားသလိုလိုဖြစ်ပြီး ဖလူးဖလူး ဘလူးဘလူးတွေဖြစ်ကာ မျက်စေ့စုံမှိတ်ပြီး ဆောင်ပုံကြီးထဲကနေ နှာသီးဝလေးကို အသာလေး အပြင်ထုတ်လိုက်တော့မှ ကမ္ဘာကြီးက ငြိမ်းချမ်းသွားတော့တယ်။

ကိုင်း ထပ်တူအဖြစ်မျိုး ကြုံဖူးကြသလား ထပ်တူမဟုတ်ရင်တောင် ခပ်ဆင်ဆင် အဖြစ်မျိုးတော့ ကြုံဖူးကြမယ် ထင်ပါတယ်
မကြုံဖူးဘူး ဆိုရင်တော့ ဝိုင်းစုခိုင်သိမ်း ပြောသလို ပြောလိုက်မှာနော် ဟွန်း လူလိမ် လိမ်နေတာလို့ ဟဲ ဟဲ စတာပါ စတာပါ။

ရလာတဲ့ လူ့ဘဝ တိုတိုလေးမှာ ပျော်ရွှင်ခြင်းနဲ့ ဖြတ်သန်းနိူင်ကြပါစေ။

မာမာလွင်