Friday, January 1, 2016

မိသားစုဝင်လေး စကွီ



ဒီနေ့တော့ ထူးထူးခြားခြား မြန်မာပြည်မှာ ကျန်နေခဲ့တဲ့ ကြောင်လေးတွေကို သတိရနေမိတယ်
အဲဒီ ကြောင်လေးတွေ အကြောင်းတွေးမိရင် မျက်ရည်ကျရတာက များပါတယ်။

အိမ်ကို ဘယ်သူကမှ မခေါ်ဘဲနဲ့စပြီးရောက်တာက အိမ်လည်လာတဲ့ စကွီရယ်ပေါ့
စကွီဆိုတာက သမီးက ချစ်လွန်းလို့ ပေးထားတဲ့နံမည်လေး
သူအိမ်လည်ရောက်လာတော့ လမ်းလျှောက်တတ်ခါစအရွယ်
ဘယ်ကနေဘယ်လို မျက်စေ့လည်ပြီး လမ်းမှားလာလေတယ် မသိပါဘူး။

သူ့ကို စတွေ့တွေ့ခြင်း ချစ်လွန်းလို့ အစာကျွေးပြီး မွေးထားလိုက်မိတယ်
သူကြောင်လားမြောက်လာတဲ့ အချိန်မှာ ကလေးမွေးတယ်
စစမွေးတော့ လေးကောင်မွေးပါတယ်။

သူတို့ကို ကျမနံမည်ပေးလိုက်တယ် တစ်တစ် နှစ်နှစ် သုံးသုံး လေးလေး ဆိုပြီးတော့ပေါ့

သူတို့သားအမိတွေကို ကျမတို့အိပ်ယာနားမှာ မွေ့ယာ ခြင်ထောင်နဲ့ ထားပေးလိုက်တယ်
စကွီက အပြင်ထွက်ချင်ရင် ခြင်ထောင်မ မတတ်လို့ အသံပေးပြီး နိူးတတ်တယ်
သူအပြင်က ပြန်လာရင် တခါသူ့ကို ခြင်ထောင်မပေးပြီး ကလေးတွေနဲ့ ပြန်နေခိုင်းရတယ်။

ကလေးတွေ နဲနဲကြီးတော့ အပြင်ထွက်တတ်တဲ့ အရွယ်မှာ အကုန်ထွက်လာကြတယ်
အိမ်နဲ့ဆေးခန်း တွဲပြီးဖွင့်ထားတော့ လူစိမ်းလာရင် သူတို့ကြောက်ကြတယ်
တရက်တော့ စကွီက သူ့ကလေးတွေကို အိမ်နဲ့ဝေးရာခေါ်ပြီး ထွက်သွားတယ်
ကျမတို့ ချော့ပေမဲ့ သူအရမ်းစိတ်ဆိုးပြီး ပြန်အော်ကာ ကလေတွေကို ချီသွားတယ်။

တကောင်ပြီး တကောင်ချီပြီး ထွက်သွားခဲ့တယ်
သူတို့ ထွက်သွားထဲက ကျမတို့အိမ်မှာ ခြောက်ကပ်သွားခဲ့တယ်
လေးရက်လောက် အကြာမှာ သူအိမ်ကို ပြန်လာခဲ့တယ်
ကျမသူ့ကို ခလေးတွေ ပြန်ခေါ်လာခဲ့ဖို့ေ ချော့ပြီးပြောမိတယ်။

ကျမရဲ့ ပေါင်ပေါ်ကနေ သူလေးတွဲ့စွာနဲ့ ဖြေးဖြေးခြင်း ထွက်သွားခဲ့တယ်
သူမွေးတုံးက သူ့ကိုကြည့်ပြီး သနားလွန်းလို့ မျက်ရည်တွေတွေ ကျခဲ့ရတဲ့ကျမ
သူလေးတွဲ့စွာ ထွက်သွားတဲ့ နေ့မှာဘဲ ကျမထပ်ပြီး မျက်ရည်ကျခဲ့ရတယ်။

သိပ်မကြာခင် သူပြန်လာခဲ့တယ် သူ့ပါးစပ်ထဲမှာ လေးလေးကိုချီလာတယ်
နောက်တစ်ခါ သူထွက်သွားပြီး သုံးသုံးကိုချီပြီး ပြန်လာခဲ့တယ်
နောက်ဆုံးတခေါက် သူပြန်ထွက်သွားပြီး တစ်တစ်ကို ခေါ်လာခဲ့တယ်
ပြီးတော့ သူ့ကလေးတွေနားမှာ သူတုံးလုံး လှဲနေလိုက်တယ်။

ကျမသူ့ကို မေးမိတယ် နှစ်နှစ်ရော ဘယ်မှာလဲလို့ပေါ့
သူမျက်စေ့ကို မှိတ်ထားပြီး မသိသလို သူနေလိုက်တယ်
ကျမငိုတော့ သူမျက်စေ့ဖွင့်ကြည့်တယ်
ကျမအမျိုးသားက ပြောတယ်
နင်ငိုရင် သူပိုခံစားရလိမ့်မယ် မငိုပါနဲ့တဲ့။

ကျမသူတို့နဲ့ ဝေးတဲ့နေရာမှာ သွားပြီးငိုနေမိတယ်
အမျိုးသားက လေးလေးမှာ ပါလာတဲ့အနာကို ဆေးထဲ့ပြီး သန့်ရှင်းရေး လုပ်ပေးနေတယ်
သိပ်မကြာဘူး လေးလေး သေသွားခဲ့တယ်
ကျမတို့ သူ့ကိုမြေကြီးထဲမှာ မြှပ်ပြီးထားပေးလိုက်ခဲ့တယ်။

အဲဒီနေ့ကစပြီး စကွီလိမ္မာသွားခဲ့တယ်
ဘယ်ကိုမှ မသွားတော့ဘဲ ကျန်နေတဲ့ ကလေးတွေအတွက်သူ
အကောင်းဆုံး မိခင်ဖြစ်အောင် နေသွားခဲ့တယ်။

အဖော်ကောင်း အဖော်မွန်


အားလုံးက ပြည့်စုံနေရင် အဲဒီဘဝကြီးက ပျော်စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်
တစ်ခုခုလေး လိုအပ်နေမှ အဲဒီလိုအပ်ချက်ကို ဖြည့်စည်းရင်း
ပျော်စရာတွေ ဆိုတာ ဖြစ်လာလိမ့်မယ် ထင်ပါတယ်။

အဲဒီလိုဘဲ အသက်တွေ ရလာတဲ့ အမျှ
အနားမှာ အဖော်ဆိုတာလဲ လိုလာခဲ့ပြန်တယ်
အားပေးဖော် တိုးတိုးဖော် တိုင်ပင်ဖော်
ပြုစုဖော် ဆိုတာမျိုးပေါ့

အဲဒါတွေထဲက တခုခုလိုနေတာလေး ပြည့်သွားရင်ဘဲ
ပျော်ရွှင်စရာ ဆိုတာလေးက ဖြစ်လာမှာပါ။

မာမာလွင် (တူးမာ)

အတ္တ


လူတွေဘာလို့ အတ္တကြီးကြတယ် ဆိုတာကို ကျမအရမ်း သိချင်နေခဲ့တယ်

ဘာဖြစ်လို့လဲဆိုတော့ ကျမကိုယ်တိုင်လဲ အဲဒီအတ္တ ဆိုတာကြီးကို တခါတလေ ဖက်တွယ်ထားမိလို့ပါဘဲ။

ဒါ ငါ့ဥစ္စာ
ဒါ ငါ့အိမ်
ဒါ ငါ့ကား
ဒါ ငါ့လင်
ဒါ ငါ့မယား
ဒါ ငါ့သား
ဒါ ငါ့သမီး
.
.
အစရှိသည်ဖြင့်ပေါ့လေ ငါစွဲတွေ စွဲနေကြပြီး လောဘမီးတောက် ဟုန်းဟုန်းတောက်နေကြတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ငါစွဲစွဲပြီး ငါ..ငါ..ငါ ဆိုပြီးဖြစ်နေသမျှ ကာလပါတ်လုံး

စိတ်ချမ်းသာမှုတွေ မရနိုင်ဘူးဆိုတာလဲ ကိုယ်ကိုတိုင် သိနေပါလျှက်နဲ့ ငါဆိုတာကို ဘာလို့များ မက်မောနေမိကြတာလဲ။

အဲဒီ ငါဆိုတာကြီး အာရုံထဲမှာ ရှိနေသရွေ့တော့ လူတွေအားလုံးဟာ ပူလောင်နေကြအုံးမှာ အမှန်ပါ မိသားစုတွေအတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေကြရအုံးမှာပါဘဲ။

မိတ်ဆွေသူငယ်ချင်း အချင်းချင်း အထင်လွဲမှုတွေ ရှိနေကြရအုံးမှာပါဘဲ။

တိုင်းရင်းသား လူမျိုးအချင်းချင်း ခိုက်ရန်ဒေါသတွေ ထွက်နေကြအုံးမှာ အမှန်ပါဘဲ။

ကမ္ဘာသူ ကမ္ဘာသားအချင်းချင်းလဲ စစ်အတွက် ရမက်မီးတွေ မွှေးနေကြအုံးမှာ အမှန်ပါဘဲ။

ဒါကြောင့်မို့ ကျမအပါအဝင် လူသားတွေအားလုံး အတ္တကမ္ဘာကြီးထဲက ရုန်းထွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

ကျမရဲ့ Hero

*က်မရဲ႕ Hero*

ဒီစာလေးက သမီးလေး အတွက် အမှတ်တရပါ 
အမြဲတမ်းလိုလို ကြိုးစားမှုတွေက သူ့ရဲ့ရင်ထဲမှာ ရှိနေတတ်ခဲ့တယ်

နူးညံ့သိမ်မွေ့ခြင်းတွေ သူမမှာ ရှိနေတတ်ခဲ့သလို
ရဲရင့်ခက်ထန်တဲ့ မာန်တွေလဲ သူမမှာ ရှိနေတတ်တယ်

ထိတ်လန့်ခြင်းတွေကို သူမ မနှစ်သက်သလို
ကြောက်ရွံ့ခြင်းတွေကို သူမ စက်ဆုတ်နေတတ်တယ်

အရာရာကို သူမ အရှုံးမပေးတတ်သလို
အရှုံးပေးဖြင်းဆိုတဲ့ အလုပ်ကို သူမ မုန်းတီးတတ်တယ်

လောကကြီးကို အကောင်းမြင်တတ်တဲ့ဘက်က သူမ ြ ကည့်တတ်ခဲ့သလို
တဖက်သော လူသားတွေကို အပြစ်တင်ခြင်း ဝေဖန်ခြင်း ကဲ့ရဲ့ခြင်းတွေကို သူမ ရှောင်ရှားတတ်ခဲ့တယ်

သူမရဲ့ ဖြူစင်စိတ်ထားတွေ
သူမရဲ့ ကြိုးစားမှုတွေ
သူမရဲ့ ရဲရင့်မှုတွေ
သူမရဲ့ ရိုးသားမှုတွေကြောင့်

*သူမဟာ ကျမရဲ့သူရဲကောင်း တယောက်ဖြစ်ခဲ့တယ်*

Mar Mar Lwin
1/1/2016