Wednesday, June 15, 2016

နောက်ဆုံးနားခိုရာ


မာမာတို့နေတဲ့ လမ်းထိပ်တည့်တည့်မှာ သင်္ချိုင်းကုန်း တခုရှိပြီး အဲဒီသင်္ချိုင်းကုန်းရဲ့ အလွန်မှာ အဖိုးအဖွား လက်ထက်ကတည်းက ကိုးကွယ်ခဲ့ကြတဲ့ ဘုန်းတော်ကြီးကျောင်း တကျောင်းရှိနေခဲ့ပါတယ်။ 

အဖိုးကိုယ်တိုင် အဲဒီဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှာ ကမဌာန်းကျောင်းလေးဆောက်ပြီး တရားအားထုတ်ရင်း ကွယ်လွန်ခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်းဖြစ်ပြီး မြသိမ်းနားကျောင်းလို့ခေါ်တဲ့ အဲဒီကျောင်းမှာ ကြာတွေအပြည့်နဲ့ အရမ်းလှတဲ့ရေကန်ကြီး တကန်လဲ ရှိခဲ့ပါတယ်။

ရေကန်ကြီးထဲက ကြာပန်းနဲ့ ကြာခွက်တွေ လိုချင်ရင် အခုနပြောတဲ့ သင်္ချိုင်းကုန်းကို ဖြတ်ရကာ ဘုန်းကြီးကျောင်း ဆွမ်းသွားပို့ရင်လဲ အဲဒီသချိုင်္င်းကို ဖြတ်ရပြန်ပါတယ်။

အဖိုးဆုံးတော့ အဲဒီရေကန်ကြီးနားမှာ အမှတ်တရ ကျောက်တိုင်လုပ်ထားပြီး အဖိုးရဲ့ ကျောက်တိုင်ကို ကန်တော့ချင်ရင်လဲ အဲဒီသင်္ချိုင်းကို ဖြတ်ရကာ ဘုန်းကြီးကျောင်းမှာ အလှူလုပ်လို့သွားရင်လဲ အဲဒီသချိုင်္င်းကို ဖြတ်ရပြန်တယ်။

အဲဒီလို ဖြတ်သွားတိုင်း မကြည့်ဘဲလဲ မနေနိုင်ဘဲ တောအုပ်အုပ်ကြီး ဖြစ်နေတဲ့ သင်္ချိုင်းကုန်းကြီးကို အသွားအပြန် လှည့်လှည့်ကြည့်တတ်ပြန်တယ ။

ကြည့်ပြီးရင်လဲ ကြောက်လာတယ် ကြောက်လာပြီဆိုရင်လဲ ဖနောင့်နဲ့တင်ပါး တသားထဲကျအောင်ပြေးတတ်ပြန်တယ်။

ငါလဲတစ်နေ့ ဒီနေရာကို ရောက်မှာပါလားလို့ မတွေးမိခဲ့ဘဲ ကြောက်အားတွေလဲ ပိုခဲ့ရပါတယ် အဲဒီလိုလဲ တနေ့တော့ အဖွားဆုံးသွားခဲ့ပါတယ် ဒါပေမဲ့ အဖွားက သူ့ညီအစ်ကိုမောင်နှစ်မတွေ မြုပ်နှံတဲ့နေရာမှာ သူ့ကိုမြုပ်နှံပေးဖို့သူမသေခင် မှာခဲ့ဖူးတယ်။

ဒါကြောင့်မို့ အဖွားကိုတော့ တခြားရပ်ကွက်က သင်္ချိုင်းမှာ ဂူသွင်ပြီး သဂြိုလ်ပေးခဲ့ရတယ် ကိုယ်တွေနေတဲ့ လမ်းထိပ်က သင်္ချိုင်းမှာ အဖွားကို မသဂြိုလ်ဖြစ်ခဲ့ပါဘူး။

နောက်တော့ ကျမအသက်၃၀လောက်မှာ ကျမကိုသိပ်ချစ်တဲ့ ကြီးကြီးဆုံးသွားခဲ့တယ် ကြီးကြီးဆုံးသွားတော့ လမ်းထိပ်က သင်္ချိုင်းမှာ သဂြိုလ်ခဲ့ရတယ် အဲဒီအချိန်ကစလို့ ဒီသင်္ချိုင်းကို သိပ်မကြောက်တော့ဘဲ ငယ်ငယ်တုန်းက ကြောက်ခဲ့တာတွေလဲ ပြေလျော့လာခဲ့ရပါတယ်။

နောက်တော့ အမေ့ရဲ့ အကိုတွေဖြစ်တဲ့ ဘဘကြီှးသုံးယောက် ကြီးကြီးတွေနဲ့ အစ်ကိုတဝမ်းကွဲ သုံးယောက်လဲ အဲဒီနေရာလေးမှာ လဲလှောင်းသွားကြတယ်။

တူမဝမ်းကွဲလေး တယောက်ရယ် မောင်အရင်းတယောက်ရယ် သူတို့လဲံ အဲဒီနေရာမှာ ငြိမ်းချမ်းစွာ အနားယူနေခဲ့ကြပါတယ်။

နောက်တခါ ကျေးဇူးရှင် မိခင်ကြီးဟာ သူချစ်တဲ့ မိသားစုကို ခွဲခွာပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဒီနေရာလေးမှာ ထာ၀ရ အနားယူသွားခဲ့ပြန်ပါတယ်။

သူတို့အားလုံး အဲဒီရွာငယ်လေးထဲမှာ ရှိနေခဲ့ကြတယ် နောက်တော့ ကိုယ်တွေလဲ အဲဒီရွာလေးထဲမ နားခိုနေထိုင်ရတော့မယ်ဆိုတာ သိလာခဲ့ရတယ်။

ငယ်ငယ်ကလို မကြောက်တော့ဘဲ အဲဒီရွာငယ်လေး ဘေးကနေ ဖြတ်လျှောက်သွားမိရင်လဲ  ငေးမောပြီး ကြည့်တတ်လာခဲ့တယ်။

ဒီနေရာလေးကို အကြောက်တရားတွေက ဝေးသွားခဲ့ပြီး ကိုယ့်အတွက် မဖြစ်မနေ နားခိုရမဲ့နေရာလေး ဖြစ်လာလိမ့်မယ်ဆိုတာကိုလဲ တွေးတတ်လာခဲ့ရပါတော့တယ်။

မာမာလွင် (တူးမာ)

နောက်ဆုံးအချိန်အတွက် သိမ်းထုတ်နိူင်ခဲ့သူ


ဒီနေ့အိပ်ယာက နိုးတာနဲ့ ခေါင်းထဲရောက်လာတဲ့ အတွေးတွေက များလွန်းနေသလိုပါဘဲ  
ကိုယ့်အရေး မိသားစုအရေး အရေးတွေ အားလုံး ရောနှောနေခဲ့ရတယ်။

ကိုယ့်အရေးက ဒီအသက် ဒီအရွယ်နဲ့ဆို ဘာဘဲဖြစ်ဖြစ် လာခဲ့တဲ့လမ်းကို ခြေလှမ်းက ပြန်လှမ်းနေတဲ့ အရွယ်ရောက် နေခဲ့ပြီ လုပ်ရတော့မဲ့ အလုပ်က ကိုယ့်နောက်ပါတာတွေ လုပ်ရတော့မယ်။

ကိုယ့်နောက်ပါမဲ့ အထုတ်ကို ကျစ်ကျစ်လစ်လစ်နဲ့ သယ်သွားနိုင်အောင် ထုတ်ရတော့ရမယ် အဲဒီလို ပြင်ရတော့မယ်ဆိုတာ သိလိုက်ရချိန်မှာ ဘာဘဲဖြစ်ဖြစ် ကိုယ်ကဦးအောင် သိမ်းထုတ်နိုင်ရမယ်။

အဲဒီစကားကိုေ ပြောမိတော့ အဖွားကို သတိရတယ် အဖွားမသေခင် ခနခနပြောတတ်တဲ့ ကျမတို့ရဲ့အဖိုး သူ့ရဲ့ယာက်ျား
အကြောင်းက ခေါင်းထဲကို ဖြတ်ကနဲ ရောက်လာခဲ့ရတယ်။

အဖိုးဟာ ငယ်ငယ်က တောထဲက သတ္တဝါလေးတွေဖမ်းတာ ဝါသနာပါခဲ့တယ် စားဖို့မဟုတ်ဘဲ အလှမွေးဖို့ အတွက်ပေါ့ သူဖမ်းလို့ရတဲ့ အကောင်လေးတွေကို အိမ်မှာ အလျှမွေးထားတတ်တယ်။

တောထဲကဖမ်းလို့ရတဲ့ အကောင်လေးတွေကို အဖိုးက လူယဉ်အောင်လို့ေ ခြေထောက်မှာ ကြိုးနဲ့ခြည်တဲ့ အကောင်လေးတွေကို ခြည်ပြီးမွေးသလို အုပ်ဆောင်းနဲ့လဲ အုပ်ပြီးမွေးတတ်ခဲ့တယ် အဲဒီလိုမွေးပြီး လူယဉ်လောက်မှ ကြိုးဖြုတ်ပြီး အိမ်ခြံဝင်းထဲမှာ လွှတ်ပေးတတ်ခဲ့တယ်။

အဖိုးရဲ့ ဝါသနာက အဲဒီလိုကြီးခဲ့ပြီး သူနဲ့တောလည်ဖက်တွေက အရင်တုံးက ဘုံဘေဘားမား သစ်ကုမ္ပဏီက နိုင်ငံခြားသားတွေ
သူတို့တွေ အဖိုးနဲ့အတူ ပဲခူးရိုးမတောထဲမှာ အမြဲတောလည် ထွက်တတ်ခဲ့ကြတယ်။

တစ်နေ့တော့ အဖိုးတစ်ယောက် ပြန်ပေးအဆွဲခံရတယ် သူတောထဲမှာ တောလည်ထွက်စဉ် အဖမ်းခံရတာမို့. မိသားစုတွေ ဘယ်သူကမှ မသိလိုက်ကြပါဘူး။

နောက်ရက်တွေ တော်တော်လေး ကြာလာတော့မှ ပြန်ပေးဆွဲတဲ့ သူတွေက အဖိုးရဲ့ သမီးအကြီးဆုံးကို ဘယ်နေရာကိုလာပါ အဝတ်အစား ဘယ်အရောင် ဝတ်ခဲ့ပါ ပိုက်ဆံဘယ်လောက်ယူခဲ့ပါ ဘာခမောက်ဆောင်းခဲ့ပါ အဲဒါတွေ ရေးထားတဲ့ စာလာပေးတော့့မှ အဖိုးပြန်ပေး အဆွဲခံလိုက်ရတာ သိလိုက်ကြတော့တယ်။

ခါတိုင်းတောလိုက်သွားရင်လဲ ကြာတတ်တာမို့ အဖွားက သိပ်တော့စိတ်မပူခဲ့ဘူးလို့ ပြောပါတယ် အဲဒီအချိန်မှာ ပြန်ပေးအဆွဲခံထားရတဲ့ အဖိုးဟာ ပြန်ပေးတွေရဲ့ လက်ထဲမှာ သူဟာ ဖြစ်တတ်တဲ့ တရားသဘောကို သိသွားခဲ့ပါတယ်။

သူဖမ်းလာတတ်တဲ့ အကောင်လေးတွေလိုဘဲ သူရဲ့ခြေတွေလက်တွေ အတုတ်အနှောင် ခံထားရတဲ့ အချိန်
အဲဒီအချိန်တိုလေး အတွင်းမှာ သူရသွားတဲ့ အသိဟာ အဖိုးအတွက် ကျစ်ကျစ်ပါအောင် ထုတ်သွားနိူင်တဲ့ တန်ဖိုးအရအရှိဆုံး အထုတ်ဖြစ်သွားခဲ့ပါတယ်။

ပြန်ပေးလက်ထဲက လွတ်လာချိန်မှာအဖိုးဟာ သူဝါသနာပါတဲ့ တောလိုက်ခြင်း အမှုကို စွန့်လွှတ်လိုက်တော့တယ်
သူ့ဘာသာသူ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့တဲ့ မြသိမ်းနား ဘုန်းတော်ကြီးကျောင်းမှာ ကမ္မဌါန်းကျောင်းဆောက်ပြီး မနက်တနပ်စာဘဲစားကာ သတ်သတ်လွတ်စားပြီး သေတဲ့အထိ တရားဘာ၀နာ အားထုတ်သွားနိူင်ခဲ့ပါတယ်။

အဖိုးသေတဲ့အခါ ညင်သာပျော့ပြောင်းစွာနဲ့ စိတ်နဲ့ခန္ဓာကို ခွာသွားနိုင်ခဲ့တယ် အဲဒါ သူထုတ်ခဲ့တဲ့ အထုတ်က သူ့ကို သက်တောင့်သက်သာနဲ့ ခရီးဆက်နိုင်အောင် ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်ပါတော့တယ်။

အဖိုးလိုဘဲ ပြင်ရတော့မယ် သက်တောင့်သက်သာ ညင်သာစွာနဲ့ ခရီးဆက်နိုင်အောင် ကျစ်ကျစ်ပါအောင် ထုတ်နိုင်သလောက် ထုတ်ရတော့မဲ့ အချိန်ကျနေပြီဆိုတာ ကျမသိလိုက်ရချိန်မှာတော့ အဖိုးရဲ့မြေးပီသအောင် သိမ်းထုတ်သေချာ ကိုယ့်နောက်ပါအောင် ကျမပြင်ဆင်ရပါတော့မယ်။

မာမာလွင် (တူးမာ)
15/6/2016

ဟင်းချက်ခြင်း အနုပညာ


ဟင်းချက်ချင်းရဲ့ အနုပညာဆိုပြီး မာမာဒီနေ့ facebook မှာ စာလေးတစောင် ရေးဖြစ်ခဲ့ပါတယ် ဟင်းချက်တယ်ဆိုတာ သိပ်ပြီးအနုပညာဆန်ကာ အနုလဲ စိပ်ပါတယ် ဟင်းကောင်းလေး တမယ်ရဖို့ ဖန်တီးသူဟာ စိတ်လဲရှည်ရပါတယ်။

ဟင်းချက်ခြင်းကို အကျီင်္တထည် ချုပ်တာနဲ့ နိူင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ဟင်းချက်မဲ့ အသားတတုံးက အင်္ကျီချုပ်မဲ့ ပိတ်စတစဘဲ ဆိုပါစို့

ဟင်းချက်မဲ့ အသားကို ရေစင်အောင်ဆေးပြီး နှစ်သက်သလို တုံးရတစ်ရသလို အကျီင်္တထည်အတွက် စစခြင်း နှစ်သက်ရာ ပုံစံရအောင် ပုံဖော်ပြီး ညှပ်ပေးရပါတယ်။

အသားကို တုံးတစ်ပြီးပြီ ဆိုရင်လဲ အရင်ဆုံး လိုအပ်မဲ့ အရသာတွေထဲ့ပြီး အသားထဲကို အရသာဝင်အောင် အနည်းဆုံး ငါးမိနစ်လောက်တော့ ဆုတ်ဆုတ်ပြီး နယ်ပေးရပါတယ်။

ဒီလိုပါဘဲ ပိတ်စကို လိုရာပုံစံ ညှပ်ပြီးပြီဆိုရင်လဲ အကျီင်္ချုပ်သား သေသပ်လှပအောင် ကော်နဲ့ကပ်ပြီး မီးပူနဲ့ ဖိပေးရပါတယ်။

အဲဒီအတိုင်းပါဘဲ အသားဟင်းကိုလဲ စပြီးချက်တော့မယ်ဆိုရင် ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းထောင်း အမွှေးနံ့သာတို့နဲ့ အသားရဲ့ အနံ့ပျောက်အောင် ဆီနာနာလေး သတ်ပေးရပါတယ်။ 
ကော်မကပ်ဘဲ ချုပ်တဲ့အကျီင်္ တထည်ဟာ အစိမ်းချုပ်မို့ ချုပ်သားမကောင်းဘဲ ပွယောင်းယောင်း ဖြစ်နေတတ်သလို
ဆီသတ်မနိုင်တဲ့ အသားဟင်း တမယ်ဟာ အရသာ ပေါ့အက်အက်နဲ့ အသားက ပွစိစိကြီး ဖြစ်နေတတ်ပါတယ်။

သေသပ်လှပစွာချုပ်ပြီး အကျီ်တစ်ထည်ကို လိုအပ်တဲ့ ကျယ်သီးအပါအဝင် အလှဆင်တဲ့ ပစ္စည်လေးတွေနဲ့ ပြုပြင်မွမ်းမံ ပြင်ဆင်လိုက်ရင် သေသပ် လှပတဲ့အကျီင်္ကောင်းတထည် ရလာပါလိမ့်မယ်။

အဲဒီလိုပါဘဲ ဆီနာနာသတ်ပြီး ချက်ထားတဲ့ အသားဟင်းတမယ်ကို ပိုပြီးစားကောင်းအောင် အမွှေးနံ့သာနဲ့ အသီးအရွက်တွေ ထပ်ထဲ့ပြီး ချက်ထားတဲ့ ဟင်းတစ်မယ်ဟာ

ရော့အင့်ဆိုပြီး အိုးတစ်လုံးထဲ ပြစ်ထဲ့ရောမွှေပြီး ချက်လိုက်တဲ့ ဟင်းလိုဘဲ ပွယောင်းယောင်း အိပက်ပက်နဲ့ ထွက်လာတဲ့ ဟင်းတစ်ခွက်ထက် အများကြီးပိုပြီး စားလို့ကောင်းသလို ကော်ကပ်ပြီး မီးပူဖိထားတဲ့ အင်္ကျီဟာ ချုပ်သားကောင်းတဲ့ အကျီ်တထည်လိုဘဲ သေသပ်ကောင်းမွန်လို့ နေပါတယ်ရှင်။

အရာရာကို အနုပညာ မျက်စေ့နဲ့ မြင်နိူင်ကြပါစေ။
မာမာလွင် (တူးမာ)

အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ


လွမ်းဆွတ်ခြင်းများ
အိမ်ပြန်ချိန်ရဲ့ အလွမ်းအမောများ

မပြန်ချင့် ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်

အပေါ်ထပ်နဲ့အောက်ထပ် အိမ်ကြီးထဲမှာ ဟိုး အရင့်အရင်နှစ်တွေက ကြီးကြီး အဖေအမေနဲ့ မောင်နှစ်မတွေ စုံစုံလင်ရှိနေခဲ့တယ်။

တစ်ယောက် တစ်ပေါက်နဲ့ စည်ကားနေတဲ့ အိမ်ကြီးမှာ ရန်ဖြစ်လိုက်ကြ ပြန်ချစ်လိုက်ကြနဲ့ ပျော်စရာတွေ ကောင်းနေခဲ့တယ်

ကြားကာလ အချိန်တွေမှာ သဘာဝတရားကြီးက မိသားစုတွေကို တစ်စဆီ ဖဲ့ချွေတာ ခံလိုက်ရတယ်

သဘာဝတရား ဆိုတာကြီးကို မလွန်ဆန်နိုင်ခဲ့တဲ့အတွက် မိသားစုထဲကနေ အရင်ဆုံး ထွက်ခွာသွားသူက

ကျမအရမ်းချစ်တဲ့  ကြီးကြီးဖြစ်ခဲ့ရတယ်

နောက်တော့ အဲဒီအိမ်ကြီးထဲကနေ မောင်ငယ်လေးက နူတ်မဆက်ဘဲ ထွက်သွားခဲ့ပြန်တယ်

မောင်ငယ်လေး ထွက်သွားပြီး ၅လနဲ့၁၀ရက်အကြာမှာ အမေကထပ်ပြီး ခွဲသွားခဲ့ပြန်တယ်

ဝေဆာနေတဲ့အပင်ကြီးက အကိုင်းအခက်တွေ တစ်စဆီ ပဲ့ထွက်သွားခဲ့တယ်

လူနဲသွားတဲ့ အိမ်ကြီးမှာ ပျင်းရိဖွယ် ခြောက်သွေ့သွားခဲ့ရတယ်

အကိုင်းအခက်တွေ ပဲ့သွားတဲ့ အပင်ကြီးမှာ နားခိုမှုတွေနဲ သွားခဲ့တယ်

အဲဒီကြားထဲကမှ ဧည့်သည်သွား ဧည့်သည်လာ လုပ်နေတဲ့ ကျမက

အဖော်မဲ့သွားတဲ့ အဖေ့ကိုထားပြီး မိသားစုရှိရာကို ပြန်လာခဲ့ရတယ်

ဆွေးမြေ့ခြောက်ကပ် ရီဝေနေတဲ့ မျက်လုံးများနဲ့ ကျန်ခဲ့တဲ့အဖေ

နုတ်မဆက်ချင်ဘဲ နူတ်ဆက်စကား ဆိုလိုက်တဲ့အဖေ

အဖေ့ကို ကန်တော့ရင်း အဖေပေးတဲ့ ဆုတွေကိုယူရင်း

အလွမ်းအမောများနဲ့ သမီးပြန်ခဲ့ရတာပါ အဖေ

သမီးတို့ရဲ့ လွင်မိသားစုဆိုတဲ့ အိမ်ကြီးထဲမှာ အဖေနဲ့အတူ မရှိတော့သောသူ ရှိသောသူအားလုံးကို လွမ်းဆွတ်နေပါတယ်

Mar Mar Lwin. (Tuu Mar)
10;50AM
10/12/2013

အမေ့အတွက်အလွမ်း


ပျော်စရာတွေတွေ့ရင် တစ်ပွေ့တစ်ပိုက် ပွေ့ကာပိုက်ပြီး
အမေ့ဘေးပြေးထိုင် မမောနိုင်မပန်းနိုင် သမီးပြောခဲ့ဖူးတယ် အမေ။

စိတ်ရဲ့ဒုက္ခ ဗျာပါရတွေ ကြုံပြန်ရင်လည်း တိတ်တိတ်ယူဆောင်
အမေ့ရင်ခွင်ထဲ ခေါင်း၀တ်ငုံ့လှိူး သိမ့်သိမ့်တုန်အောင်
သမီးငိုခဲ့ဖူးတယ် အမေ။

သမီးပျော်ရွှင် အမေကြည်နူး
အရီ(ရယ်)မျက်လုံး အပြုံးနူတ်ခမ်းနဲ့
အားတက်သရော ရီ(ရယ်)မောပေးတတ်တဲ့အမေ။

သမီးသောက အပူမျမျနဲ့
ကျလာမျက်ရည် လွမ်းငွေ့ဝေရင်

ရီဆွေးမျက်လုံး အဝေးကိုငေးမျှော်
သမီးရဲ့သောက ဗျာပါရတွေကို
အမေမျှယူ ခံစားပေးဖူးခဲ့ပါတယ်။

ဒီနေ့ အမေများနေ့တဲ့ အမေရယ်
သမီးအတွက်တော့ စက္ကန့်တိုင်း မိနစ်တိုင်း
နာရီတိုင်း နေ့ရက်တိုင်းဟာ
အမေဆိုတာ လိုအပ်နေခဲ့တဲ့
အမေများနေ့ပါ အမေရယ်။

27/11/2013 နေ့မှာ သူချစ်သော မိသားစု
သူ့ကိုချစ်သော မိသားစုကို အပြီးအပိုင်ခွဲခွာသွားတဲ့ ချစ်လှစွာသော အမေသို့

သတိရခြင်း တမ်းတခြင်း လွမ်းမောခြင်းများနဲ့ပါ အမေ

သမီးကြီး
Mar Mar Lwin (tuu Mar)

မုသားစကား


ဒီနေ့ ဓမ္မစကြာ အခါတော်နေ့မှာ ဥပုသ်သီတင်း ဆောက်တည်ရင်း မုသာဝါဒါဆိုတဲ့ နေရာလေးကို ကျမ အကြိမ်ကြိမ် အခါခါ တွေးနေခဲ့မိတယ်။

တခါတလေ စကားစပ်မိလို့ ကျမရဲ့ သားနဲ့သမီးကို လူအများစု ပြောပြောနေကြတဲ့ မုသားမပါ လင်္ကာမချောတဲ့ အကြောင်းလေးတွေ ကျမသူတို့ကို ပြောပြတတ်ပါတယ်။

လူတွေဟာ မုသားတွေ ဘယ်လိုသုံးပြီး ဘယ်လိုတွေ ဖြတ်ကျော်သွားတတ်တာက အစပေါ့ 
သူတို့ကို ကျမတွေ့ဘူး ကြုံဖူးတဲ့နမူနာလေးတွေ ပြပြီး ကျမပြောပြတတ်တယ် ကျမပြောလိုတဲ့ စကားလိုအင်ကို သူတို့နားလည် သဘောပေါက်ကြသလို နားလဲလည်ကြပါတယ်။ 

ဒါပေမဲ့ သူတို့အဲဒီ မုသားမပါ လင်္ကာမချောဆိုတဲ့ စကားကို လက်မခံကြပါဘူး
ငယ်သေးတဲ့ ကလေးတွေပေမဲ့ သူတို့စိတ်တွေ ထားတတ်တယ်လို့ ကျမအရမ်း အံ့အားသင့်ရတယ်။

မုသားစကားကြောင့် ကိုယ်အဆင်ပြေ သွားနိူင်ပေမဲ့ တဖက်သားက ကိုယ့်ကြောင့် နစ်နာသွားနိူင်တာဘဲတဲ့လေ
သူတို့မောင်နှစ်မ ပြောတဲ့စကားက ကျမနားထဲမှာ ထပ်ခါထပ်ခါ ပြန်ပြန်ပြီး ကြားနေမိတယ်။

သူများကို မလိမ်မိစေဖို့ 
မညာမိစေဖို့ ကိုယ့်ကိုကိုယ် သတိထားတယ်တဲ့ 

မုသားစကားသုံးပြီး သူများကို လိမ်မိညာမိရင် 
ဝဋ်ဆိုတာ ပြန်ခံရတတ်တယ်တဲ့ 

ဒါကြောင့်မို့ ဘဝကို ရိုးရှင်းစွာနဲ့ ဖြတ်သန်းတာက အကောင်းဆုံးပါဘဲတဲ့ ။

Mar Mar Lwin( tuu mar)

လူ့ဘဝရဲ့ တစ်ခုတည်းသောလားရာ


လူရယ်လို့ ဖြစ်လာတာနဲ့ မွေးဖွားခြင်းကစပြီး သေဆုံးခြင်းနဲ့ အဆုံးသတ်ကြရမှာ အားလုံး သိကြပါတယ်။

မွေးဖွားလာကြတဲ့ နေရာမှာလဲ အတိတ်က ပြုပြုဖူးခဲ့သမျှ ကံအပေါ်မူတည်ပြီး လာခြင်းကောင်းကြသလို လာခြင်းမကောင်းကြသူတွေလဲ ဒုနဲ့ဒေးပါ။

အတိတ်ကံ ကောင်းခဲ့ရင် သန္ဓေတည်ထဲက အရာအားလုံးဟာ တခမ်းတနား ဖြစ်ခဲ့ကြပေမဲ့ အတိတ်ကံ ဆိုးညစ်ခဲ့ရင်တော့ အရာအားလုံးဟာ ဘေးဖယ်ခံရတတ်ပါတယ်။

အဲဒီလိုပါဘဲ အသက်ရှင်နေထိုင်ခြင်းကနေ လောကကြီးကို စွန့်ခွာသေဆုံးခြင်း ဆိုတာကလဲ ကွာခြားကြပြန်ပါတယ်။

မွေးဖွားလာထဲက လူ့စိတ်တွေကလဲ အရောင်စုံအောင် ပါလာတတ်ကြပါတယ် အသက်ရှင် ရပ်တည်နေချိန် ကာလအတွင်းမှာဘဲ တယောက်သောသူဟာ သေဆုံးခြင်းကိုမေ့ပြီး လောကကြီးမှာ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းနေချိန်မှာ တယောက်သောသူကတော့ သေဆုံးခြင်းကို မမေ့မလျော့ဘဲ ရလာတဲ့ဘ၀ကို အကျိုးရှိစွာ အသုံးချနေသူလဲ ရှိနိူင်ပါတယ်။

တယောက်သောသူဟာ လောကဒဏ်ကို ကြံ့ကြံ့ခံနိူင်အောင် ကျိုးစားပြီး နေထိုင်နေချိန်မှာ
တယောက်သောသူကတော့ အရာရာကို အရှုံးပေးပြီး ဖြစ်သလို နေထိုင်တတ်တဲ့ စရိုက်အစုံနဲ့ အချိန်တွေကို ကုန်ဆုံးစေပါတယ်။

တယောက်သောသူဟာ ဘ၀ကို တန်ဖိုးရှိစွာ ရုန်းကန် ဖြတ်သန်းနေချိန်မှာ တယောက်သောသူဟာ ဘ၀ကို ရေစုန်မျှောပြီး အချိန်တွေကို ဖြုန်းနေသူလဲ ရှိချင်ရှိနေနိူင်ပါတယ်။

အသက်ရှင်နေစဉ်ကာလ အရောင်စုံ စရိုက်စုံ ဘဝတွေ အစုံရှိကြပေမဲ့ နောက်ဆုံးတော့ သေခြင်းတရားဆိုတဲ့ လားရာကတော့ တခုထဲပါဘဲ။

သို့သော် မြတ်သောအကျင့်ကို ကျင့်သူသည်သာ လားရာကောင်းစေနိူင်ပါသည်။

မာမာလွင် (တူးမာ)
15/june/2016