Thursday, November 27, 2014

လွမ်းဆွတ်ခြင်းရဲ့ နေ့ရက်များ


ဒီနေ့ဆို အမေတယောက် သူချစ်တဲ့အမျိုးတွေရယ် ကျမတို့မောင်နှစ်မတွေနဲ့သူချစ်တဲ့ ကျမတို့အဖေကို စိတ်ချလက်ချ ထားရစ်ခဲ့တာ တနှစ်တင်းတင်းပြည့်တဲ့ နေ့လေးပါ။

ခလုတ်ထိမှ အမိတဆိုပေမဲ့ ကျမကတော့ ခလုတ်မထိလဲ အမေ့ကို တမ်းတနေမိတာပါ ကျမဘာလုပ်လုပ် ကျမအပေါ်အနွံတာခံခဲ့တဲ့ အမေ့ကို အချိန်တိုင်း သတိရပြီးလွမ်းနေမိတာကို ကျမကိုယ်တိုင်ဘဲ အသိဆုံးပါ။

အမေရှိစဉ်ကလဲ ကျမရဲ့ဘဝပေးအချေအနေကြောင့် အမေ့နားမှာနေရတဲ့ ရက်တွေအချိန်တွေက အရမ်းကိုနဲခဲ့ပါတယ် ဒါပေမဲ့ အမေက ကျမဘယ်လောက်ဘဲ ဝေးသီခေါင်လံတဲ့ အရပ်ဒေသကို ရောက်နေရောက်နေ သားသမီးဇော မြေးဇောတွေနဲ့ရောက်အောင် လာတတ်ပါတယ်။

တကယ်တမ်းကျတော့ ကျမအသက် ၄၉နှစ်မှာ အမေက ကျမတို့နားကနေ အပြီးထွက်သွားခဲ့တယ် သူ့သားသမီးတွေ လူလားမြောက်ကုန်ပြီလို့ အထင်နဲ့ထားရစ်ကာ ထွက်သွားသူပါ။

အမေထင်သလို သမီးတို့ မောင်နှစ်မတွေ လူလားမမြောက်သေးဘူး အမေရယ် အမေ့ကို လိုအပ်နေပါသေးတယ် လူ့လောကကြီးမှာ ဒုက္ခတွေ သောကတွေနဲ့ကြုံတိုင်း အမေ့ရင်ခွင်ထဲ ခေါင်း၀င်တိုးပြီး ပြောပြချင်နေသေးတာပါ အမေဆီက အေးချမ်းတဲ့ ဖြေသိမ့်သံတွေကို ကြားချင်နေသေးတာပါ အမေရယ်။

အမေပြောနေကျ စကားတွေထဲက ငါ့သား သမီးတွေရဲ့တွေ ဘဝလေး အေးချမ်းပါစေဆိုတဲ့အတိုင်း တခါတရံများ အေးချမ်းမှုနဲ့ဝေးရာ ပူလောင်နေတဲ့ အရိပ်မဲ့လမ်းပေါ် ရံဖန်ရံခါ လျောက်မိတိုင်းလဲ အမေရယ်လို့သာ တိုးတိုးတိတ်တိတ်လေး ရေရွတ်တမ်းတနေတယ် သမီးရေရွတ် တမ်းတ၆မိတဲ့အကြိမ်တိုင်း အခုတော့ အမေက သမီးတို့နဲ့ဝေးရာ ဟိုးအဝေးကို ရောက်နေခဲ့ပါပြီ။

သမီးတို့မောင်နှစ်မတွေလွမ်းသလို အဖေလဲအမေ့ကို လွမ်းနေမှာပါ အမေသူ့နားက ထွက်သွားတဲ့ညက အဖေစာတစ်ဆောင်ရေးပြီး အမေ့လက်ထဲလာထဲ့တာ အမေက မသိတော့ပေမဲ့ သမီးတို့ မောင်နှစ်မတွေ ဖတ်လိုက်ရတယ်အမေ။

အမေက သူ့အတွက် ကျေးဇူးရှင် အမေက သူ့အတွက် အဖော်မွန်းကောင်း အမေက သူ့အတွက် အကောင်းဆုံးမိတ်ဆွေ ပါတဲ့ အမေမရှိတဲ့နောက်ပိုင်း အဖေဟာ သိပ်အထီးကျန်သွားတယ်အမေ ဒါတွေကို အမေသာသိရင် သမီးတို့အားလုံးကို ထားရစ်ခဲ့ပြီး အမေအခုလို စောစီးစွာခွဲသွားနိုင်မှာ မဟုတ်ဖူးနော်။

အမေ့အတွက် ရည်စူးပြီး ပြုလုပ်ခဲ့တဲ့ အလှူတွေအတွက် အမေ သာဓုအနေမာဒနာ ခေါ်နိုင်ပါစေလို့လဲ ဆုတောင်းပေးနေပါတယ် အမေရယ် ပေးဝေတဲ့အမျှ အမေရပါစေ။

ဒီနေ့မနက် သမီးတို့မောင်နှစ်မတွေ အမေ့အတွက် ရည်စူးပြီး လှူဒါန်းတဲ့ အလှူဒါန ကောင်းမှုကိုကုသိုလ် အမေရပါစေ အမေ။

အမျှ အမျှ အမျှ
သာဓု  သာဓု  သာဓု ။

မာမာလွင်
27/11/2014
ကြာသပတေးနေ့
အမေ ခွဲခွာသွားတာ တနှစ်ပြည့်တဲ့နေ့