Saturday, September 8, 2018

လူနေမှု အဆင့်အတန်း


လူ့ အဆင့်အတန်း

လူ့အဆင့်အတန်းဆိုတာ ဘာလဲ။

အိမ်ကြီးအိမ်ကောင်းကြီးတွေ ရှိပါမှ အဆင့်အတန်းဆိုတာ ရှိတာလား။

ကားအကောင်းစားကြီးတွေ စီးနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

အတွင်းပစ္စည်း အပြင်ပစ္စည်းတွေ ပြည့်စုံကုံလုံနေမှ အဆင့်အတန်းဆိုတာ ရှိတာလား။

ပညာတွေ တဖက်ကမ်းခတ်အောင် တတ်နေမှ အဆင့်အတန်းဆိုတာ ရှိတာလား။ 

ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာ မော်ကြွားနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

လူတွေအပေါ် မောက်မာထောင်လွှားနိူင်မှ အဆင့်အတန်းဆိုတာ ရှိတာလား။

ဖြစ်နိူင်ကောင်းလဲ ဖြစ်နိူင်သလို တခုမှ မဟုတ်ဖူးလို့ ထင်မိတာပါဘဲ။

စည်းစိမ် ဥစ္စာ ပညာ ဓနတွေ ဘယ်လောက်ဘဲ ပြည့်စုံနေပါစေ

လူတွေကိုလူလို့ မမြင်သ၍ အဆင့်အတန်းဆိုတာ 

လူတယောက်ရဲ့ စိတ်နေစိတ်ထား အနိမ့်အမြင့်ကို ပြနေတာပါဘဲ။
မာမာလွင်
၈၊၉။၁၈

Thursday, August 30, 2018

သေမင်းနှင့် စစ်မခင်းသေးခင်



သေမင်းနဲ့ စစ်မခင်းသေးခင်

အသက်တွေ 
ကြီးလာလေလေ
ပိုင်ဆိုင်မှုတွေက 
နည်းလာလလေ
နောက်ဆုံး ငါပိုင်သမျှ 
ထားခဲ့ရတော့မယ်။

အိုမင်းမစွမ်း 
ဖြစ်လာလေလေ
အရာရာ အားလုံးဟာ 
ယုတ်လျော့လာလေလေ
နာက်ဆုံး ချစ်သူခင်သူတွေပါ 
လျော့ပါးခဲ့ရတော့မယ်။

ဇရာက ထောင်းလာလေလေ
မှတ်ဥာဏ်တွေ နည်းလာမယ်
မျက်လုံးတွေ မွဲလာမယ်။

သွားတွေ ဆုံးရှုံးလာမယ်
နားတွေ ထိုင်းလာမယ်
ခါးတွေ ကိုင်းလာမယ်။

အရိုးတွေ ဆွေးလာမယ်
ကိုက်ခဲမှုတွေ ပိုလာမယ်
အသွားအလာတွေ 
တုန့်နှေးလာမယ်။

ကတုန်ကရင်တွေ ဖြစ်လာမယ်
ဒါတွေ ဖိဆီးလာလေလေ
ကိုယ့်ကိုကိုယ် 
အလိုမကျတာတွေ များလာတော့
ဒေါသတွေက လွှမ်းမိုးလာမယ်။

အဲဒီဒေါသတွေ ပိုလာလေလေ
ကာင်းသော သေခြင်းနဲ့ 
ဝေးလာလေလေ ဖြစ်ရတော့မယ်
ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်
ပေါ်လာတာကို ရှုတဲ့။

ဖြစ်လာတယ် ပေါ်လာတယ်
ပျက်မသွားသေးခင် 
သေအောင် ခံရတယ်
ဘယ်လိုမှ ရှုလို့မရ
ဒီတော့လဲ သေမင်းနဲ့ 
စစ်မခင်းသေးခင် 
တိုက်ပွဲပေါင်းများစွာကို 
ကြုံကြရအုံးမယ်။

Mar Mar Lwin
30/04/2017
8:03 AM

Saturday, August 11, 2018

အရှောင်အတိမ်းလေးလဲ တတ်ပါမှ


Facebook ဆိုတာ တကယ်တမ်းကျတော့ လူတယောက်ရဲ့ အခွင့်အရေးကို အပြည့်အ၀ ယူထားတဲ့ နေရာလေး တစ်နေရာဖြစ်ပြီး ရေးချင်တာရေး တင်ချင်တာချင် နောက်ဆုံးတော့ ဝါသနာတူသူလေး စုသွားတတ်ကြပါတယ်။

ဒါပေမဲ့ ဘုန်းဘုန်းတွေလဲ face book သုံးကြတယ် ပူရိဿလေးတွေလဲ သုံးကြတယ် အဖိုအရွယ် အဖွားကြီးတွေနဲ့ အလန်းဇယားလေးတွေလဲ သုံးကြတယ် မနုဿမျိုးစုံပေါ့။

ကိုယ်တင်ချင်တာ တင်မယ်ဆိုပြီး အခွင့်အရေး အပြည့်အ၀ ယူထားသူတွေက ကိုယ့်အသားအရည်တွေ ဖော်ဖော်ပြပြီး တင်ကြတယ် အဲဒီတော့ ဘုန်းဘုန်းတွေ ပူရိဿတွေအတွက် မသင့်တော်ဘူးလို့ မထင်မိကြဘူးလား။

ဒါ ဒို့ကျားကျားလေ ဒို့ကျားကျားက ဒီနေ့ ဒို့ကို ဘာ၀ယ်ကျွေးတယ် ဒီနေ့ ကျားကျားနဲ့ ဘယ်သွားကြတယ် လင်တော်မောင်က သိပ်ချစ်ဖို့ကောင်းတာ ဆိုပြီး လင်တော်မောင်ကို ဘေးမှာထားပြီး တင်တတ်တဲ့ ပျိုမဒီလေးတွေ အန်တီကြီးတွေက ကိုယ့်လင်တော်မောင်တွေ အတွက်ရော ဆိုးရိမ်စိတ်လေးတွေ မဖြစ်မိကြဘူးလား။

ဒီနေ့တော့ ကိုယ့်မမကြီးက ဘယ်ရှော့ပင်းမောလ်မှာ ချိန်းထားတယ် လိုချင်တာ ၀ယ်ပေးမယ်တဲ့ ခနနေရင် ကိုယ့်စကစ်လေးက ကိုယ့်ကို ကိုယ်လိုချင်တာ ၀ယ်ပေးမယ်ဆိုပြီး ချိန်းထားတယ် သွားလိုက်အုံးမယ်ညှော်ဆိုပြီး ဖဘကြီးကို ခုတုံးလုပ်ကာ သိက္ခာတွေ အတုံးလိုက် အတစ်လိုက် ကျအောင် လုပ်သွားတဲ့ ပူရိဿကြီး ပူရိဿလးတွေ ကရော ကိုယ့်ဂုဏ်အတွက်ထည့်ပြီး မစဉ်းစားကြတော့ဘူးလား။

Facebook မှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သူတွေက များသားဂလား အလွှာပေါင်းစုံ သုံးနေတဲ့ နေရာလေး ဆိုတော့ကာ

ဘဘကြီးဆိုတဲ့သူတွေ ဦးဦးဆိုတဲ့သူတွေ ကိုကိုကြီးဆိုတဲ့သူတွေ မောင်လေးဆိုတဲ့သူတွေအတွက် အန္တရာယ်တွေက များလွန်းပါတယ်။

ကြီးမေကြီး ကြီးမေလေးဆိုတဲ့သူတွေ ဒေါ်ဒေါ်ကြီး ဒေါ်ဒေါ်လေးဆိုတဲသူတွေ မမကြီး အမကြီး ညီမလေးဆိုသူတွေအတွက် အားလုံးသော အန္တရာယ်တွေက များလွန်းလှပါတယ်။

ဒါကြောင့်မို့ Facebook ကြီးကို ကြည့်ကျက်ပြီး သုံးသင့်တယ်လို့ ထင်ပါတယ် face book မှာ အတင်ကောင်းလို့ ဘိန်းမောင်းတီးသံတွေ ကြားနေရတော့ ဘယ်သူမှ မကယ်နိူင်တဲ့အတွက် သတိပြုကြစေချင်ပါတယ်။

အားလုံးဘဲ အနေအထိုင်လေးတွေ ဆင်ဆင်ချင်ချင် နေကြပါလို့ ပြောကြားရင်း ပန်းကလေးတွေလို ထာဝရ လန်းဆန်းကြပါစေ။
မာမာလွင်
၁၁။၈။၁၈

Sunday, July 29, 2018

Happy birthday thar thar


ရင်ကဖြစ်တဲ့သား မွေးနေ့မှစလို့ ပျော်ရွှင်စရာတွေ အားလုံးရရှိပါစေ

ဒီနေ့ဟာ အချစ်ဆုံးသားကြီးရဲ့ မွေးနေ့

ရိုးရှင်းတဲ့ ဆုလေးတွေဘဲ တောင်းပေးချင်ပါတယ် သားကြီးရေ။

ဘာသာသာသနာအကျိုး ကောင်းမွန်စွာ ထမ်းပိုးနိူင်သူ ဖြစ်ပါစေ။

စိတ်သွားတိုင်းကိုယ်ပါ လိုချင်တာမှန်သမျှ အမြန်ဆုံး ရပါစေ။

လုပ်ကိုင်နေတဲ့ အလုပ်တွေလဲ အဆင်ပြေပါစေ။

စိတ်ထားမြင့်မြတ်သော သူများနဲ့သာ တွေ့ဆုံနိူင်ပါစေ။

ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်ဝပါစေ။

မွေးနေ့မှစလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးမှန်သမျှ လိုအင်ဆန္ဒတွေ ပြည့်ဝနိူင်ပါစေ။

မေမေ
၃၀။၇။၁၈

Tuesday, June 12, 2018

မွန်မြတ်သော လှူဒါန်းခြင်း



ကိုယ်တွေကလဲ ရီစရာက ပြောတတ်တတ် မနေ့က သမီးနဲ့ စကားပြောနေရင်း သူငယ်ချင်းရဲ့သားလေး မင်္ဂလာဆောင်တဲ့အကြောင်း ပြောဖြစ်သွားတယ်။

မင်္ဂလာ စုံတွဲအတွက် မနက်အစောကြီးမှာ မင်္ဂလာဆွမ်းကျွေးတယ် နေ့လည်ကျတော့ ဟိုတယ်မှာ မင်္ဂလာဆောင်တယ် ညကျတော့ ဟိုတယ်မှာ တခါထပ်ပြီး ဧည့်ခံပွဲ လုပ်ကျတယ် နောက်နေ့ကျတော့ ကမ်းခြေမှာ ထပ်ဆောင်တယ်တဲ့။

အဲဒီတော့ ကျမရဲ့သမီးကပြောတယ် မေ့သားကြီးကိုလဲ အဲဒီလို လုပ်ပေးလိုက်ပါလားတဲ့

ဒီတော့လဲ ကျမက ဟာသလေးနှောပြီး ပြန်ပြောမိတယ် တခါလောက်ဆောင်ရင် တော်ပြီပေါ့ဟယ် ဖိတ်ကြားခံရမဲ့ မိတ်ဆွေ သင်္ဂဟတွေ အမျိုးအဆွေတွေကို ဒုက္ခပေးသလို ဖြစ်နေပါ့မယ်လို့ ပြန်ပြောမိရင်းက ကော့ကရိတ်ဆေးရုံမှာ အတူနေခဲ့ဖူးတဲ့ အပျိုကြီးမမ ဆရာဝန်မတစ်ယောက် ပြောတာကို ပြေးသတိရမိတယ်။

ကိုယ်က လင်မယူမိတော့ ဆောင်ပေးစရာ သားသမီးကလဲမရှိ ဒီတော့ င်္မလာ ဆောင်ပေးစရာ သားသနီးကလဲ မရှိပြန်ဘူးတဲ့ မိတ်ဆွေတွေကလဲ ဆောင်တိုင်းဖိတ်တော့ ကိုယ့်လိုအပျိုကြီးတွေ ပြန်ရစရာ လမ်းစကလဲ မရှိလေတော့ ရှုံးလိုက်တာမှ ၀က်၀က်ကိုကွဲရောတဲ့။

ဆရာ၀န် မိသားစုဆိုတော့လဲ သွားလိုက်ရင် အနည်းဆုံး သောင်းဂဏန်းလေးမှ တင့်တယ်မှာမို့ စာအိတ်လေးထဲကို တုံတုံချိချိနဲ့ထည့် ဟိုရောက်တော့ ကိတ်မုန့်လေးကိုက်ပြီး ပြန်လာရတယ်တဲ့။

ဒီကြားထဲမှာ အာရုံမှာ မင်္ဂလာဦး ဆွမ်းကျွေးဆိုပြီး တခါဖိတ်တော့ အ၀တ်အစားကတစုံ ထပ်ချုပ်ရတယ် အာလင်းမှာ တခါဧည့်ခံပွဲ ဆိုပြီးဖိတ်တော့ အ၀တ်အစားက တစုံချုပ်ရပြန်တယ် အာချုပ်မှာ တခါ ဒင်နာဆိုတာကို ထပ်ဖိတ်လေတော့ အ၀တ်အစားက တစုံချုပ်ရပြန်တယ်တဲ့ အဲဒီမှာတင် ကိုယ်ကစပြီး ရှုံးနေတာတဲ့။

အဲလိုမျိုး သူပြောတော့လဲ ဟုတ်နေတာဘဲ မင်္ဂလာဆောင်ကို သွားရတဲ့ သူကလဲ မချိပြုံးလေးနဲ့သွားရ မင်္ဂလာဆောင် သူတို့သား သူတို့သမီး မိဘတွေကလဲ စိုက်ထုတ်ထားတဲ့ အရင်းလေးမှ ပြန်မရရင် ဒုက္ခဆိုပြီး မျက်ကြောသေလေးတွေနဲ့ ဧည့်ခံရ။

သူတို့သား သူတို့သမီးလေးတွေကလဲ လက်ဖွဲ့ပစ္စည်းတွေ မလာကြပါစေနဲ့ လက်ဖွဲ့ငွေတွေဘဲ လာကြပါစေလို့ ဆုတောင်းရင်း လက်ဖွဲ့လက်ခံ ကောင်တာနား ရစ်သီရစ်သီ လုပ်နေရတာလဲ အမောပေါ့။

ဒီကြားထဲ မင်္ဂလာဆောင်လို့လဲပြီးရော ငွေစိုက်ထုတ်တဲ့ဘက်က ပစ္စည်းတွေငွေတွေ ကားပေါ်အကုန်တင်ပြီး ပြန်သွားကြလေသောအခါ မင်္ဂလာမောင်နှံ အဲဒီမှာ ပြသနာကစပြီ။

စလည်၀င် ဖင်မမည်းခင်က တယောက်နဲ့တယောက် မျက်စောင်းတွေထိုးကြပြီ ဒါဘာသဘောလဲ နင့်မိဘက ဘာလုပ်တတ်လဲဆိုပြီး ဘာလဲညာလဲတွေ ဖြစ်ကုန်ကြရော။

တချို့က ကြပြန်တော့လဲ လက်ဖွဲ့ခြင်း သီးခံပါဆိုပြီး ရေးထားပေမဲ့ ဖိတ်စာအောက်နားလေးမှာတော့ လာရောက်ချီးမြှင့်ပါဆိုပြီး ရေးကြပြန်တယ် အဲဒီနောက်ကွယ်မှာ ဆွေမျိုးမိတ်ဆွေ အရင်းအခြာတွေက ပိုပြီးအခက်တွေ့ရပြန်တယ် ဖိတ်စာမှာ ဘာမှမရေးရင် ကိစ္စမရှိဘူး အများနည်းတူဘဲ ရောပြီးလက်ဖွဲ့လို့ရတယ်။

လက်ဖွဲ့ခြင်း သီးခံပါလို့လဲ ပြောထားသေး လာရောက်ချီးမြှင့်ပါဆိုတော့ တော်ရုံနဲ့ မရတော့ဘူး ဒီတော့လဲ အနံကြီးတဲ့သူလဲ ကွင်းကျယ်ကျယ်တွေ ချီးမြှင့်ဖို့ စီစဉ်ရပြန်တာပါဘဲ။

တချို့ကြတော့လဲ သတင်းစာထဲမှာ မင်္ဂလာဆောင် ကြော်ငြာတွေ့တာနဲ့ ငါ့ကျတော့ မဖိတ်ဘူ သူ့ကျတော့ ဖိတ်တယ် အဆင့်တန်းခွဲတာလား ဘာလားဆိုပြီး ဖြစ်ကြပြန်ရော။

တချို့ကျတော့လဲ မင်္ဂလာဆောင် ဖိတ်မိပြန်ရင်လဲ ဆောင်ဘဲဆောင်နိူင်လွန်းတယ်တော် ကိုယ့်လုပ်စာ ကိုယ်မစားရဘူး သူတို့ကိုဘဲပေးနေရတာ ဆိုတာမျိုးတွေကိုလဲ ကြားဖူးတယ်။

မိတ်မပျက်အောင် လက်ဖွဲ့ငွေလေး သွားဖွဲ့ရပေမဲ့ ဆန်လေး ဆီလေး၀ယ်လိုက်နိူင်ရင် ဒီလတော့ တော်တော်လေး အဆင်ပြေမှာဆိုပြီး တွေးမိသူတွေလဲ ရှိကြမှာပါဘဲ။

ဒါကြောင့်မို့လို့ ကိုယ်တွေ အာဝါဟ ဝိဟာရ လုပ်တဲ့ပွဲက သူများကို စိတ်ဒုက္ခပေးသလို မဖြစ်မိအောင်တော့ သတိထားသင့်တယ်လို့ ထင်မိတာပါဘဲ။

အကောင်းဆုံးကတော့ မင်္ဂလာဆောင် ကုန်ကျမဲ့ငွေကို အသုံးလိုနေတဲ့ တနေရာရာမှာလှူပြီး မှတ်တမ်းလေးတင်လိုက်ရင် ကိုယ်လဲကုသိုလ်ရ လိုအပ်နေတဲ့ နေရာလေးလဲ ပြည့်စုံသင့်သလောက် ပြည့်စုံသွားပြီး တယောက်နဲ့တယောက် စိတ်ခုစရာတွေလဲ ကင်းသွားရော။

အဲဒါမှ မင်္ဂလာအတိနဲ့ ပြည့်ဝနေတဲ့ မင်္ဂလာဆောင်ခြင်းက မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားပြီး မွန်မြတ်သော လှူဒါန်းခြင်း မည်မယ်လို့ ထင်လိုက်မိတော့တာပါဘဲရှင်။ 
၁၂။၆။၁၈

Monday, February 26, 2018

မိတ်ဆွေတုများနဲ့ facebook လောက



ကိုယ့်အိမ်တွင်းရေး မိသားစုအရေးတွေကို အဆင်ပြေလို့ facebook မှာ ရေးပြီးတင်နေချိန် ကိုယ့်အကောင့်ထဲက မိတ်ဆွေက ဒီမိန်းမ သိပ်ကြွားတာဘဲဆိုပြီး မလိုမုန်းထားစိတ်တွေဖြစ်ပြီး စိတ်ပျော်စေရအောင် ကော်မန့်လေး တခုတလေကို ၀င်ရေးချင်မှ ရေးကြပါလိမ့်မယ်။

ကိုယ့်မိသားစုအရေး ကိုယ့်အိမ်တွင်းရေးတွေ အဆင်မပြေဘူးလို့ရေးပြီး တင်ကြည့်လိုက်တာနဲ့ မိန်းခလေးဘက်က မှားနေရင် အဲဒီမိန်းကလေး မကောင်းကြောင်းကို အူမချေးခါးကအစ အာလုပ်သံကြီးတွေနဲ့ ၀င်ရေးကြ ပြောကြလိမ့်မယ်။

ငယ်ကျိုးငယ်နာတွေပါ ဖော်လာကြလိမ့်မယ် ဒီမိန်းမမျိုးက အမျိုးယုတ် ဘာညာ ညာသကာဆိုပြီး အကုန်လုံးကို ဖော်ကောင်လုပ်လာကြလိမ့်မယ်။

ယောက်ျားလေးဘက်က မှားနေပြန်ရင်လဲ ဒီကောင်က နှစ်မချင်း ကိုယ်ချင်းမစာ အကျင့်က ဟိုးအောက်ရောက်နေတာက မျိုးမသန့်တာတွေက အစပြုလို့ နားနဲ့မဆန့်အောင် ပြောကြပါလိမ့်မယ် ရေးကြပါလိမ့်မယ်။

နောက်ဆုံးတော့ လေလှိုင်းပေါ်က စကားသွား စကားလာ စကားနာတွေရဲ့ထိုးနှက်မှုတွေကြောင့် အိမ်ထောင်ရေးတွေ ပြိုကွဲသွားပြီး မိသားစုတွေ အကွဲအပြဲပြဲတွေ ဖြစ်ကြပါလေရော။

ကော်မန့်တွေ ဖတ်မိတာနဲ့ ကာယကံရှင် မိန်းကလေးကလဲ မခံချင်စိတ်တွေနဲ့ မာနတွေ ပြလာမယ် ငါ single mother လုပ်ပြီး ငါ့သားသမီးကို ငါကျွေးမွေးမယ် ပြုစုမယ် ပျိုးထောင်မယ်ဆိုပြီး လက်မတွေ တက်မတွေထောင်ပြီး ဝိတိုရိယတွေ ဟိမ၀န္တာတွေ ဧ၀ရတ်တောင်ထိပ်တွေအထိ ကလေးကို ကြောပိုးပြီးတော့ တက်ကုန်ကြပါလေရော။

အဲလိုတွေ မတက်ကြပါနဲ့ ကိုယ့်မာနကြောင့် အဓိက မျက်စေ့သူငယ် နားသူငယ် ဖြစ်သွားကြရတာက မိမိတို့ရဲ့ ရင်ကဖြစ်တဲ့ ရင်သွေးလေးတွေပါ။

ယောက်ျားလေး ဖြစ်သူကလဲ ဘတပြန် ကျားတပြန် အောင်လအွန်းဆိုင်းလိုလို ဘာလိုလိုနဲ့ ငါကွယောက်ျားဆိုပြီး လက်ခမောင်းခတ်ကာ လှေခါးသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်ဆိုပြီး ပုဆိုးခါးထောင်းကျိုက်ပြီး ကရောသောပါး ဆင်းကုန်ကြပါလေရော အဆင်းတော်ရင်တော့ ကောင်းပါရဲ့ အဆင်းမတော်တော့ မထော်မနန်းတွေနဲ့ တွေ့ပြီး ဘ၀ပါ ပျက်ပါလေရော။

အဲဒီလို မိဘနှစ်ပါးက မာနအလံ ထူနေချိန်မှာ အဓိက ခံစားရတာက ကြားထဲက သားသမီးတွေပါဘဲ ဘယ်လောက်ဘဲ အမေက ပြုစုပျိုးထောင် ပျိုးထောင် တောင်ထိပ်မှာ တက်ထား တက်ထား သူတို့စိတ်ထဲမှာ မိသားစုဆိုတာ မရှိတော့လို့ နာကြင်စရာတွေက ပြည့်နှက်နေကြမှာပါဘဲ။

အချိန်တန်လို့မှ အမေအဖေလို့ ခေါ်စရာ မရှိတော့သလို ပြသနာ တစုံတရာပေါ်လာတိုင်း နွေးနွေးထွေးထွေး ဖြေရှင်းပေးမဲ့ အမေက ဘယ်မှာလဲ ကျားကျားယားယား ဖြေရှင်းပေးမဲ့ အဖေက ဘယ်မှာလဲ။

သူငယ်ချင်းတွေ ကြားထဲမှာ ငါ့အဖေကဒါ ငါ့အမေက ဒါပါလို့ ပြစရာ ရှိမလာတော့သလို ပြသနာ တစ်စုံတစ်ရာ ကြုံလာရင်လဲ ငါ့အဖေကို တိုင်ပင်ရမယ် ငါ့အမေကို တိုင်ပင်ရမယ်ဆိုပြီး အားကိုးစရာ အဖေအမေက ဘယ်မှာလဲ။

အကြောင်းတရား တစ်ခုခု တိုက်ဆိုင်လို့ ငါ့အဖေအတွက် လက်ဆောင်ပေးရမယ် ငါ့အမေအတွက် လက်ဆောင်ပေးရမယ်လို့ အတွေးထဲမှာ ပေါ်လာခဲ့ရင်လဲ ဘယ်မှာလဲ အဖေ ဘယ်မှာလဲ အမေ။

သူတို့တွေရဲ့ အောင်မြင်မှုတွေ ရလာတဲ့အချိန်မှာ ငါ့အဖေနဲ့ ဘယ်သွားမယ် ငါ့အမေနဲ့ ဘယ်သွားမယ် အစရှိသည်ဖြင့် ဒီလိုမျိုး ပြောစရာ စကားတွေ သူငယ်ချင်းတွေအကြား လူ့အသိုင်းအဝိုင်းတွေအကြားမှာ ပြောခွင့်မရလေလေ သူတို့လေးတွေမှာ စိတ်ညှိုးနွမ်းရလေလေပါဘဲ။

ဒါကြောင့်မို့လို့ ညီမငယ်လေးတွေ သမီးငယ်လေးတွေ မောင်ငယ်လေးတွေ သားငယ်လေးတွေကို ပြောချင်တာက ကိုယ့်မိသားစု အဆင်မပြေတိုင်း facebook ကြီးပေါ်မှာ မတင်ကြပါနဲ့လို့ ပြောချင်နေမိခဲ့ပါတယ်။

ပြသနာ တစ်စုံတစ်ရာ ပေါ်လာတိုင်း ကာယကံရှင်နှစ်ဦး အရင်ဆုံး တိုးတိုးတိတ်တိတ် ဖြေရှင်းကြပါ အကြောင်းအရာ နက်နဲလာပါက ကိုယ့်ရဲ့အရင်းနှီးဆုံး နှစ်ဖက်မိဘ လူကြီးလူကောင်းတွေနဲ့သာ တိုင်ပင်ကြပါ ဖြေရှင်းကြပါလို့သာ ပြောချင်ပါတယ်။

အိမ်ထောင်ရေး အဆင်မပြေလို့ facebook ပေါ်တင်လိုက်တာနဲ့ မြှောက်ထိုးပင့်ငေါ် စာသားတွေကြောင့် ယိုင်နဲ့နေတဲ့ အိမ်ထောင်ရေးက ဝုန်းကနည်း လဲကျသွားပါလိမ့်မယ် လင်ကိုယ်မယား ကွဲကွာသွားကြပါလိမ့်မယ်။

ဒါကြောင့်မို့လို့ တယောက်ယောက်က လျှောက်နေကျ လမ်းလေးလွဲနေပြီ ဆိုတာကို ရိပ်မိတာနဲ့ ကိုယ်ချင်းကိုယ်ချင်း တယောက်နဲ့တယောက် မာနတွေ ခဝါချလို့ တိုးတိုးတိတ်တိတ် ဆွေးနွေးကြည့့်ပါ တိုင်ပင်ကြည့်ကြပါ။

တယောက်နဲ့တယောက် မုန်းတီးသွားကြပြီး တယောက်မျက်နှာတယောက် မကြည့်ချင်လောက်အောင် မုန်းနေပြီဆိုရင်လဲ ဒီအဖေအမေကြောင့် ဖြစ်တည်လာတဲ့ သားသမီးတွေအတွက် တယောက်ယောက်က မာနတွေကို လျှော့ပေးကြပါ။

ဒီကြားထဲကမှ တော်တော်လေး သီးမခံနိူင်ကြတော့လို့ ကွဲကြကွာကြပြီ ဆိုရင်လဲ အဖေရောအမေပါ ကောင်းကောင်းဆိုးဆိုး တချိန်တုန်းက သားသမီးတွေရဲ့ အဖေအမေ တော်စပ်ခဲ့ကြတဲ့အတွက် သားသမီးတွေနဲ့ တွေ့ခွင့်ပေးကြပါ အဖေအမေကတွေကလဲ သားသမီးတွေနဲ့  တွေ့နိူင်အောင် ကြိုးစားကြပါ သားသမီးတွေကလဲ အဖေအမေကို တွေ့ခွင့်ရအောင် ကျိုးစားကြပါ။

မိဘတွေ အနေနဲ့လဲ တယောက်နဲ့တယောက် သေလောက်အောင် မုန်းတီးနာကြည်းခဲ့ကြပါစေ တနေရာစီမှာ ခွဲခွာနေကြရတဲ့ သားသမီးတွေအတွက် နားလည်ခွင့်လွှတ်ပေးပြီး အဖေအမေ နေရာက နေရာယူပေးကြပါလို့သာ ပြောချင်ပါတော့တယ်။

ထပ်ပြီးပြောချင်တာလေးက မိသားစုကိစ္စ အဆင်မပြေတိုင်း face book ပေါ်မှာ မရေးမိဖို့ သတိလေးထားကြပါလို့ ပြောရင်း face bookမှာ ခင်နေတဲ့ သမီးလေးတယောက် မနေ့က မိသားစုအကြား ပြသနာတက်နေတဲ့ အကြောင်းလေး ရင်လာဖွင့်လို့ သူ့ကို မက်ဆင်ဂျာက ပြောဖြစ်ခဲ့တာလေးတွေကိုဘဲ ပြန်တင်ပေးလိုက်ခြင်းမျှသာပါ။

စေတနာ စစ်စစ်ဖြင့် ရေးသားခြင်း ဖြစ်တဲ့အတွက် စိတ်ထားတိုက်ဆိုင်သူများသာ ကော်မန့်၀င်ပြီး ရေးပေးကြပါရှင်။

လူတယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဆိုတာ အတိတ်ကံက ဒီအချိန်မှာ ဒါဖြစ်ရမယ်ဆိုတာ ပါလာပြီးသားဖြစ်လို့ တယောက်နဲ့တယောက် ကဲ့ရယ်ခြင်း အပြစ်တင်ခြင်း ရှုံ့ချခြင်းတွေလဲ ကင်းဝေးကြပါေ


မာမာလွင်