Tuesday, July 13, 2021

ကြုံခဲ့ဖူးတဲ့ ဟာသလေး တစ်ပုဒ်

 

ဒီနေ့တော့ ဟာသလေး ရေးမယ်ဆိုပြီး စိတ်ကူးနေမိတယ် ဘာရေးရင် ကောင်းမလဲပေါ့ စဉ်းစားလိုက်တော့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုပြီး ဆရာ၀န်တွေကို လွှတ်ကြတုန်းက အဖြစ်အပျက်လေး တစ်ခုကို သတိရသွားတယ်။

အဲဒီဆေးရုံက နယ်စပ်က မြို့နယ်ရုံးစိုက်ရာ မြို့လေးဆိုတော့ ဘေးအနီးရွာတွေမှာ တာ၀န်ကျတဲ့ ဆရာ၀န် ကျန်းမာရေးမှူး သူနာပြု သားဖွားဆရာမတွေ အကုန်စုပြီး တန်းလျားရှည်ကြီးမှာ အခန်းလေးတွေ ကန့်ပြီးနေကြတယ်။

ဖြစ်ချင်တော့ တစ်ရက်ထဲ အော်ဒါထွက်ပြီး တနေ့တည်း ခရီးဆက်ခဲ့ကြတဲ့ အမျိုးသားက မြို့နယ်ဆရာ၀န် ရာထူးနဲ့ အတူသူ့လက်ထောက်က လူပျိုကြီး ဆရာ၀န် တယောက်ပါလာခဲ့တယ်။

အသက်ချင်း ယှဉ်ရင်တော့ လူပျိုကြီးက အသက်နည်းနည်းကြီးတယ် လုပ်သက်ချင်း ယှဉ်တော့ မာမာ့အမျိုးသားက ဝါကြီးတယ်။

အဲဒီတော့ တန်းလျားရှည်ကြီးမှာ မာမာတို့ မိသားစုက ခေါင်းရင်းဘက် အခန်းမှာ နေကြပြီး ဘေးအခန်းမှာ လူပျိုကြီး ဆရာ၀န်နေတယ်။

နောက်တစ်ခန်းမှာ အသက်ကြီးတဲ့ ကျန်းမာရေးမှူးကြီးနေပြီး နောက်တစ်ခန်းမှာ အသက်ငယ်တဲ့ ကျန်းမာရေးမှူးလေးနေတယ်။

သူ့ဘေးက အခန်းမှာ သူနာပြု ဆရာမ အပျိုကြီးနေပြီး အစွန်ဆုံး အခန်းမှာက သားဖွားဆရာမလေးတွေအစဉ်လိုက် နေကြတယ်။

အခန်းဆိုပေမဲ့ ခန်းလုံးအပြည့် အပြည့်ကာထားတာ မဟုတ်ဘဲ လူတစ်ရပ်နဲ့ လက်တစ်ဖောင် သာသာလောက်ကို ဝါးထရံနဲ့ ကာထားတဲ့ အခန်းလေးတွေပါ။

တစ်ရက်ကျတော့ နေ့ခင်းကြောင်တောင်ကြီး တစ်ခန်းကျော်က ကျန်းမာရေးမှူးကြီးရဲ့ စူးစူးဝါးဝါး အော်သံကြီးနဲ့အတူ ကာထားတဲ့ ဝါးကပ်ကြီးက ဝုန်းကနည်းဆို ပြိုကျပါလေရော 😀

အဲဒီအချိန်က နာဂသူပုန် အဖွဲ့ကလဲ မြို့ပေါ် ခနခန တက်လာတတ်တော့ သူတို့ကို ကြောက်နေရတဲ့ အချိန်လဲ ဖြစ်နေခဲ့တယ်။

ဒါပေမဲ့လဲ အော်သံကြီးရဲ့နောက်ကွယ်မှာ တိုးတိတိုးတိ အသံလေးတွေ ကြားရလေတော့ ဘာများလဲဆိုပြီး ကြောက်ကြောက်နဲ့ အခန်းအပြင်ကို ထွက်ကြည့်လိုက်မိတယ်။

ပြိုကျသွားတဲ့ ထရံချပ်ကြီးပေါ်မှာ ကျန်းမာရေးမှူးကြီးက မှောက်ယက် ကားကားကြီး လူကဝတော့ တော်တော်နဲ့ ထလို့ကမရ သူ့ကိုယ်ခန္ဓာကြီးကို ကာထားတဲ့ ထရံချပ်က မထိမ်းနိုင်လေတော့ ပြိုကျသွားတယ် ထင်ပါရဲ့ 😛

ထရံချပ်ကြီးရဲ့ အောက်မှာတော့ ဆေးရုံက သူနာပြုဆရာမ အပျိုကြီးနဲ့ လက်ထောက်ဆရာ၀န် လူပျိုကြီး ဖြစ်နေတယ် 😀

ကိုယ်တွေမှာတော့ ကလေးကို ချီထားရင်း ဘေးအခန်းက လူတွေအော်ခေါ်ပြီး မနိုင်မနင်းနဲ့ ထရံချပ်ပေါ်က ကျန်းမာရေးမှူးကြီးကို အရင်ဆွဲမကြပြီးမှ မျက်နှာလွှဲကာ ထရံချပ်ကြီးကို ဝိုင်းပြီးမကြရတာပေါ့။

နကိုထည်းက ရယ်စရာ ပြောတတ်တဲ့ မာမာနဲ့ လူပျိုကြီး အပျိုကြီးတို့နဲ့ ထိပ်တိုက် တွေ့ပါလေရော ထရံအောက်မှာ ဖရိုဖရဲနဲ့ ဖြစ်နေလေတော့ ရယ်စရာလဲ ပြောလို့က မထွက်တော့ပါဘူး။

 ဒါပေမဲ့လဲ သူတို့မရှက်ရလေအောင် သူတို့၂ယောက် ထရံချပ်အောက်က လူးလဲထလာတာ ကြည့်ပြီး ဆရာနဲ့ဆရာမ ဆရာကြီး မနေ့က လုပ်ခိုင်းထားတဲ့ လချုပ်တွေ ပြီးပြီလားလို့ မေးလိုက်တော့

လူပျိုဆရာဝန်ကြီးက ဘာပြောတယ်ထင်လဲ မျက်နှာကြီး နီရဲပြီး စပ်ဖြီးဖြီးကြီးနဲ့ ဟီးဟီး ပြီးခါနီးပြီ ဆရာကတော်တဲ့ 

ထိုအချိန်မှာဘဲ ကျန်းမာရေးမှူးကြီးကို ကြည့်လိုက်တော့ အောက်ကလိအာဘော် ရုပ်ကြီးနဲ့ သူခိုးလူမိသွားပေမဲ့ ငါ သူခိုးဖမ်းတာ မိသွားတယ်ဆိုတဲ့ ပုံစံကြီးနဲ့ပေါ့။


No comments:

Post a Comment