နာဂလူမျိုးတွေမှာ လူမျိုးစုကြီး လေးခုရှိပါတယ် အဲဒီလေးခုထဲကမှ မျိုးနွယ်စုလေးတွေ ခွဲထွက်နေတာလဲ အများကြီး ရှိနေကြပြန်ပါတယ်။
၄၉မျိုးသော လူမျိုးစုလေးတွေ ထပ်ပြီးခွဲထွက်ကြသလို ပြောဆိုတဲ့ ဘာသာစကားတွေကလဲ တစ်နေရာနဲ့တစ်နေရာ မတူကြတာတွေ တွေ့ရပြန်ပါတယ်။
မြို့ပေါ်မှာနေတဲ့ နာဂများကတော့ မြန်မာစကားကို ကောင်းမွန်စွာ ပြောဆိုတတ်ကြပြီး တစ်ချို့ ကလဲ အင်္ဂလိပ်လို ကောင်းမွန်စွာ ပြောဆိုနိုင်ကြတဲ့ သူတွေရှိကြပါတယ်။
နာဂလူမျိုးတွေဟာ မြန်မာနိုင်ငံနဲ့အိန္ဒိယ နှစ်နိုင်ငံလုံးရဲ့  နယ်နိမိတ် နှစ်ဖက်လုံးမှာ နေထိုင်ကြတာ တွေ့ရပါတယ် မြန်မာပြည်ဖက် အခြမ်းမှာ ချင်းတွင်းမြစ် အနောက်ဖက်ကမ်းနဲ့ ပတ်ကွိုင်တောင်တန်းကြားမှာ နေထိုင်ကြတာတွေ့ရပါတယ်။
ဟုမ္မလင်း ထမံသီ လေရှီး လဟယ် ခန္တီးနှင့် စာရာမေရိ တောင်ခြေဒေသတွေမှာတော့ နာဂလူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။
ဝတ်စားဆင်ယဉ်ပုံနှင့် အလေ့အထ
နာဂလူမျိုးတွေရဲ့  ဝတ်စားဆင်ယဉ်ပုံကတော့ မျိုးနွယ်စုအလိုက် ကွဲပြားကြပြီး အများစုကတော့ ခန္ဓာကိုယ် လုံခြုံတယ် ဆိုရုံလောက်ဘဲ ဝတ်ကြတာ များပါတယ်။
သားမွှေးများ သားကောင်တို့ရဲ့ အစွယ်များ သစ်ခေါက်များ ကြိမ်ထည်များ ကြေးထည်များကို ဝတ်ဆင်ကြတာက များပါတယ်။
တစ်ခါတရံ မြို့နဲ့ဝေးလံခေါင်သီတဲ့ အရပ်ဒေသက ဒေသခံတွေဟာ မမြင်အပ်တဲ့ နေရာကို ဖုံးတယ်ဆိုရုံလေးဘဲ ဝတ်ထားကြပြီး မြို့ပေါ်တက်ပြီး ဆားအဝယ် လာလေ့ရှိကြပါတယ်။
အဲဒီလို ဆားဝယ်လာကြတဲ့ လူတွေကတော့ ကျမတို့ ခပ်ငယ်ငယ်က သင်ဖူးတဲ့ ဖတ်စာအုပ်ထဲကအတိုင်း အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်ပိုင်းကိုတော့ မောင်းလေးတစ်လုံးဘဲ အုပ်ထားတာကို တွေ့ရတတ်ပါတယ်။
တစ်ချို့ လဲ မောင်းလေးတောင် မပါဘဲ သစ်ရွက်လေးတွေအုပ်ပြီး ပလိုင်းကို ခေါင်းမှာချိတ်ကာ ဆားဝယ်လာကြတာကို ထူးဆန်းစွာ တွေ့ရပါတယ်။
![]() |
| နာဂလူမျိုး |
ကျမတို့တွေ ချမ်းချမ်းတုန်လို့ အနွေးထည် အထပ်ထပ်ဝတ်ကာ မီးဖိုဘေးမှာ ခိုကပ်နေချိန်မှာ သူတို့ကတော့ ကိုယ်ဗလာကျင်းနဲ့ ရာသီဥတုဒဏ်ကို ကြံ့ ကြံ့ ခံနိုင်ကြတဲ့ သူတွေပါ။
သူတို့တွေဟာ ဘာဟင်းဘဲချက်ချက် ဆီထဲ့ပြီး မချက်ကြပါဘူး ဆီမစားတဲ့အတွက် သူတို့ရဲ့ အသားအရည်တွေဟာ မာကျစ်နေပြီး သွက်လက်ဖြတ်လတ် ပေါ့ပါးနေကြတာကို တွေ့ကြရပါတယ်။
နာဂလူမျိုးတွေဟာ မျက်နှာတွေမှာ ပါးရဲတွေ ထိုးတာတွေ တော်တော်များများ တွေ့ရပါတယ် သူတို့ထိုးထားတဲ့ ပါးရဲတွေက တစ်ယောက်နဲ့တစ်ယောက် ဒီဇိုင်းတွေ မတူကြပါဘူး။
စစတွေ့တွေ့ချင်းတော့ ကျမအနေနဲ့ အမြင်စိမ်းနေတဲ့အတွက် ကြည့်ရတာ မျက်စေ့ပသာဓ မဖြစ်ဘူးလို့ထင်မိခဲ့ပါတယ် ဒါပေမဲ့ အနေကြာလာတာနဲ့အမျှ သူတို့ရဲ့  မျက်နှာပေါ်က ပါးရဲတွေက ကျမရဲ့ စိတ်ထဲမှာ ကြည့်ရတာ လှလာတယ်လို့တောင် ထင်လာခဲ့မိပါသေးတယ်။
![]() |
| ပရဲထိုးထားသော နာဂအဖွားအို |
![]() |
| ပရဲထိုးထားသော နာဂသမီးပျို |
စိုက်ပျိုးရေး
နာဂလူမျိုးများဟာ မတ်စောက်တဲ့ တောင်ပေါ်ဒေသတွေမှာ နေကြရတဲ့အတွက် သူတို့ရဲ့  စိုက်ပျိုးရာမြေနေ ရာတွေက မြေပြန့်ကလို မဟုတ်ပါဘူး။
တောင်ခါးပန်းတွေကို ခုတ်ထွင်ပြီး စိုက်ပျိုးကျရတာ ဖြစ်ပါတယ် စပါးအပြင် ကျန်သောကောက်ပဲသီးနှံများအားလုံးကို လှေခါးထစ် စိုက်ပျိုးနည်းများနဲ့ စိုက်ကြရပါတယ်။
စိုက်ပျိုးတဲ့ မြေနေရာတွေမှာလဲ မာကျောတဲ့ ကျောက်သားဆံတဲ့ မြေသားတွေမို့ ပျိုးပင်များကို စူးထိုးစိုက် ပျိုးနည်းနဲ့ စိုက်ကြရပါတယ်။
သူတို့ဒေသထွက် ဆန်စပါး ကောက်ပဲသီးနှံတွေဟာ မြေသြဇာ မပါဘဲ စိုက်တာမို့ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စားလို့ရတဲ့ အသီးအနှံတွေပါ။
![]() |
| လှေခါးထစ်စိုက်ပျိုးခြင်း |
နာဂနှင့်ခေါင်ရည် ခေါင်ရည်နှင့်ဧည့်ခံပွဲ
နာဂတို့နှင့်ခေါင်ရည် ခေါင်ရည်နဲ့ နာဂဆိုတာ ခွဲမရတဲ့ သင်္ကေတ တစ်ခုပါ သူတို့ဆီမှာ ဘာပွဲဘဲလုပ်လုပ် ခေါင်ရည်ကို အဓိကထားပြီး ဧည့်ခံကြပါတယ်။
သူတို့ရဲ့  ယဉ်ကျေးမှုက ခေတ်မှီပြီး မြေပျန့်သူဖြစ်တဲ့ ကျမက ခေတ်နောက်ကျတယ်ဘဲ ပြောရမလားတောင် မသိပါဘူး။
ကျမတို့တွေကို အိမ်သစ်တက်ပွဲ တစ်ခုက ဖိတ်တာနဲ့ သွားကြပါတယ် အလှူအိမ် ရောက်တယ်ဆိုရင်ဘဲ အတွေ့အကြုံ မရှိတဲ့ကျမ မျက်လုံးလေးပြူးလည် ပြူးလည်နဲ့ သူတို့ပြုသမျှ ထိုင်ကာကြည့်ရင်း ငိုမဲ့မဲ့လေးဖြစ်ခဲ့ရတာကို အခုထိ အမှတ်ရနေတုံးပါဘဲ။
အလှူရှင်ဖြစ်တဲ့ အိမ်ရှင်က မြို့ပေါ်မှာရှိတဲ့ ချောပေ့ လှပေ့ဆိုတဲ့ အမျိုးသမီးလေးများကို ခေါ်ထားပြီး သူတို့ဖိတ်ထားတဲ့ အထူးဧည့်သည်တွေကို ခေါင်ရည်နဲ့ ဧည့်ခံခိုင်းတာ တွေ့ရပါတယ်။
သူတို့ဧည့်ခံပုံက ထူးဆန်းလွန်းလို့ အသက်အရမ်းငယ်ပြီး ဗဟုသုတ နည်းလွန်းတဲ့ ကျမအတွက်ကတော့ မျက်ရည်တွေ ပေါက်ပေါက်ကျလာတဲ့ထိ ထိတ်လန့်ခဲ့မိပါတော့တယ်။
ဘာဖြစ်လို့လဲလို့များ မမေးချင်ကြဘူးလားရှင် ကျမပြောပြပါ့မယ်ရှင် သူတို့ခေါ်ထားတဲ့ နာဂသမီးပျိုလေးတွေဟာ ဧည့်သည်တစ်ယောက်ကို အမျိုးသမီးတစ်ယော်က ဘေးနားမှာထိုင်ပြီး ခေါင်ရည်ကို မမူးမချင်း တစ်ခွက်ပြီးတစ်ခွက် ဧည့်သည်ရဲ့  လည်ပင်းကိုဖက်ပြီး တိုက်တော့တာပါဘဲ။
မမူးမချင်း ထိုင်ရာကနေ ထလို့မရသလို မူးပေပြီး မထနိုင်မှဘဲ သူတို့ရဲ့  ခေါင်ရည်တိုက်ပွဲကြီးကို ရပ်နားလိုက်ကြတာမို့ ကျမကိုယ်တိုင်ကလဲ အသက်ကငယ် လည်ပင်းဖက်ပြီး ခေါင်ရည်တိုက်တာတွေကြည့်ပြီး ကျမထိတ်လန့်ကာ အိမ်ရှင်ကို မနဲတောင်းပန်ပြီး အိမ်ကိုမြန်မြန်ဘဲ ပြန်ခဲ့ရပါတော့တယ်။
သူတို့ရဲ့  ယဉ်ကျေးမှုကို နားမလည်ခဲ့တာကို ကျမပြန်တွေးကြည့်ရင် ဗဟုသုတနဲလွန်းတဲ့ ကိုယ့်ကိုကိုယ် ရယ်ချင်စရာကြီးမို့ ပြန်တွေးမိတိုင်း ဝါးလုံကွဲအောင် မရယ်မိပေမဲ့ ပြုံးပြုံးလေးတော့ ပြုံးဖြစ်အောင် ပြုံးမိတာ အမှန်ပါ ဒီအပြုံးလေးကတော့ ရှက်ပြုံးလေး ဆိုပါတော့နော်။
အပိုင်း (၇) ဆက်ရေးပါအုံးမည်။
၂၆၊၀၆၊၂၀၁၃
.jpg)



မမာရေ.. အပိုင်း ၁ ကနေ.. ၆ ထိ တထိုင်တည်း ဖတ်လိုက်တယ်။ ဝေးလံ တယ် ဆိုတာ ကြားဖူးပေမဲ့.. အဲ့ဒီလောက် ခေါင်ဖျားမှန်း ခုမှပဲ သဘောပေါက်တော့တယ်။ ဆက်ရေးပါအုံး..ဖတ်လို့ ကောင်းတယ်။း)
ReplyDeleteကျေးဇူးပါ Kay Thwel ရေ မမမာ ဆက်ရေးဖို့ကျိုးစားနေပါတယ်
ReplyDeleteလာရောက်ဖတ်ပြီးအားပေးတဲ့အတွက်ကျေးဇူးပါနော်။
အတော်ခေါင်တဲ့ အရပ်ကို သွားခဲ့တဲ့ ဇွဲကို လေးစား အားကျမိပါတယ်။ တောင်ပေါ်ဒေသမှာ ကျမလဲ နေခဲ့ဖူးတော့ သိပ်စိတ်ဝင်စားပြီး သိပ်လဲ သူတို့ကို တိုးတက်စေချင်တယ်။
ReplyDeleteသွားဖူးတဲ့သူတိုင်းရဲ့ဆန္ဓတွေက တူညီကြပါတယ်
ReplyDeleteသူတို့တွေကိုတိုးတက်စေချင်ပေမဲ့တစ်ယောက်အားနဲ့မစွမ်းသာလို့ အားမတန်လို့မာန်လျှော့ခဲ့ရတဲ့သူတွေခြည်းပါဘဲနော် အဲဒီဒေသတွေမှာ နေခဲ့ရတဲ့အချိန်တွေမှာပျော်မိတာတော့အမှန်ပါဘဲနော်။
မမမာ
ReplyDeleteဖတ်လို့ကောင်းလိုက်တာ။ ကိုယ့်တိုင်းပြည်က လူမျိုးစုတွေအကြောင်း အခုလို ပြည့်ပြည့်စုံစုံ သိရတာ အရသာရှိလိုက်တာ..။ တော်ရုံစိတ်ဓာတ်နဲ့ သူတို့ဆီသွား ဆေးမကုနိုင်၊ မနေနိုင်ပါဘူး။ လမ်းခရီးက ကြမ်းတမ်းလိုက်တာနော်။ ဘူမိတုန်းက တောင်တက်ခဲ့ရတာတွေနဲ့ လားလားမှ မဆိုင်နော်။ ဒါပေမဲ့ ရိုးသားပြီး ချစ်စရာကောင်းလှတဲ့ နာဂတိုင်းရင်းသားတွေကို မမမာနဲ့အတူ ချိုသင်းလဲ ချစ်သွားပါတယ်။ အစ အဆုံး ဖတ်သွားပါတယ်။
မျှော့တွေတော့ အကြောက်ဆုံးပဲ မမရေ..
ချစ်ခင်လျက်
ချိုသင်း