လေရှီးမြို့ပေါ်ကို ရောက်တော့မှာမို့ ခြေလှမ်းကို ခပ်စိတ်စိတ်လှမ်းကာ အေးအေးဆေးဆေး စကားပြောရင်းဆက်တက်ဖြစ်ကြပါတယ်။
သားကြီးကတော့ ထုံးစံအတိုင်းအမေဆီက နို့ကိုအဝစို့ပြီးတာနဲ့ သူများရဲ့  ကြောမှာပိုးသဘက်နဲ့ သိုင်းပြီးတော့ ခပ်ပျော်ပျော်ဘဲ လိုက်သွားခဲ့ပါတယ်။
နာဂတောင်တန်း ခရီးစဉ်တစ်လျှောက်လုံးမှာမိဘကို ဘာအပူအပင်မှ မပေးဘဲ ကျန်းမာပျော်ရွှင်စွာနဲ့ လိုက်ပါလာတဲ့အတွက် သူ့ကိုကျမ တော်တော်လေးလဲ ချီးကျူးမိပါသေးတယ်။
မြို့ထဲဝင်လာပါပြီ
![]() |
| လေရှီးမြို့ |
ကျမတို့တွေ စကားတစ်ပြောပြောနဲ့ တက်လာလိုက်တာ ညဆယ်နာရီလောက်မှာ လေရှီးမြို့ထဲကို ရောက် လာခဲ့ပါတယ် ရောက်ရောက်ချင်း ဆိုသလို ကျမတို့ မိသားစုကို အကြိုစောင့်နေကြတဲ့ လေရှီးမြို့နယ်ရှိ တပ် အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်က မယ်တိုဗာပူပူလေးဖျော်ကာ တစ်ယောက်တစ်ခွက်နဲ့ ဆီးကြိုဧည့်ခံတဲ့အတွက် ရေသစ်မြေသစ် နေရာသစ်မှာအရမ်းကို ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကျမတို့အတွက် ဗိုလ်ချုပ်ဧည့်ခံ တိုက်ကျွေးခဲ့တဲ့ မယ်တိုဗာတစ်ခွက်က ရင်ကိုအရမ်းဘဲ နွေးထွေးစေခဲ့တော့ အမှန်ပါဘဲရှင်။
မြို့အဝင်မှာ လာကြိုကြတဲ့ သူတွေနဲ့ ကျမတို့ မိသားစုတွေ မီးဖိုကြီးမှာ ပတ်ပတ်လည် ဝိုင်းထိုင်ပြီး စကားစမြည်ပြောလို့ အပြီးမှာ ကျမတို့ မိသားစု နေရာကိုနောက်ထပ် ဆယ့်ငါးမိနစ်လောက် ထပ်လျှောက်ပြီး ခရီးဆက်ကြရပြန်ပါတယ်။
ဆေးရုံကေ တောင်ပေါ်ခပ်မြင့်မြင့် နေရာမှာ ဆောက်လုပ်ထားတာမို့ တောင်စောင်းမတ်စောက် စောက်အနေအထားရှိတဲ့ မြေကြီးကို လှေကားလို ထွင်းထားတဲ့ မြေသားလှေခါးထစ်လေးနဲ့ တစ်ဆင့်ခြင်း တက်ရပြန် ပါတယ်။
တွေ့ရပါပြီ လာကြိုသူတွေကို
![]() |
| နာဂအဖွားအို၏ပုံကိုဆရာမောင်မောင်လတ်ဆီမှယူထားပါသည် |
နားနေစဉ် အချိန်လေးမှာ ခြေကုန်လက်ပန်း ကျလာတဲ့ကျမအတွက် အထူးအဆန်းတွေ ထပ်ပြီးတွေ့နေရတာမို့ ပင်ပန်းလာတာတွေ ပျောက်ကုန်ပြီး သူတို့ရဲ့  ဓလေ့စရိုက် တွေကိုလေ့လာချင်စိတ်က တစ်ဖွားဖွားပေါ်ခဲ့ပါတော့တယ်။
လာကြိုနေကြတဲ့ သူတွေရဲ့အပြုံးချိုချိုကြားထဲမှာ သူတို့ဝတ်စားထား တွေကိုကြည့်ပြီး သဘောကျသွားမိတာ ကတော့ အနုပညာလက်ရာ မြောက်လွန်းတဲ့ လက်နဲ့ယက်ထားတဲ့ သူတို့ရဲ့  အဝတ် အစားနဲ့ လက်ဝတ်တန်ဆာ ပစ္စည်းတွေပါဘဲ။
သူတို့ယက်ထားတဲ့ လက်ရာတွေကို အသေးစိတ် သိချင်ခဲ့ပေမဲ့လဲ ဘာတစ်ခုမှ မစပ်စုလိုက်ရဘဲ ပင်ပန်းလာတဲ့ ကျမတို့မိသားစုအတွက် အနားယူဖို့ သူတို့တွေက အလိုက်တစ်သိနဲ့ နူတ်ဆက်ပြီး ပြန်သွားကြတာမို့ ကျမတို့လဲ တစ်ညတာအတွက် အနားယူလိုက်ရပါတော့တယ်။
နောက်နေ့မနက်မှာ အေးချမ်းလွန်းတဲ့ ရာသီဥတုကြောင့် မျက်နှာတောင် မသစ်ရဲလောက်အောင် အေး လွန်းနေတာမို့ ရေနွေးလေး ကရောသောပါးကျိုပြီးမှ မျက်နှာသစ်ရပြန်ပါတယ်။
မျက်နှာသစ်ပြီး မနက်စောစောစာ ဘာစားရမလဲ စဉ်းစားပေမဲ့ အောက်မြန်မာပြည်မှာလို ဘာမုန့်ဆိုင်မှမရှိတဲ့အတွက် ကျမတို့မှာ ပါလာတဲ့ ဘီစကွတ်မုန့်လေးနဲ့ အိန္ဒိယကလာတဲ့ မယ်တိုဗာကိုဖျော်ပြီး အစာကိုဖြေလိုက်ရပါတယ်။
လက်ဆောင်ရတဲ့ ပိုးသဘက်
ကျမတို့တွေ ရောက်ရောက်ချင်း သူတို့ပေးတဲ့ လက်ဆောင်က ကျမအတွက် ကလေးပိုးတဲ့ ပိုးသဘက်ကြီးပါဘဲ ကလေးတွေကို ကျမတို့ အောက်ပြည်အောက်ရွာမှာလို ပွေ့ချီလေ့ မရှိတဲ့ သူတို့ဆီက ကျမအတွက်ပိုးသဘက် ကြီးရပြီးတာနဲ့ ကျမကိုကလေးကို ပိုးသဘက်နဲ့ပိုးနိုင်အောင် အရင်ဆုံး သင်ပေးတော့တာပါဘဲ သူတို့ကတော့ နာဂအမျိုးသမီး ဒေါ်အေးမြင့် (ခေါ်)ခေါလားနဲ့ ခဲလားတို့ပါဘဲ။
![]() |
| master file.comမှကူးယူထားသော ပိုးသဘက်ကြီးနဲ့ပိုးထားတဲ့ကလေးငယ်၏ပုံ |
နောက်တစ်ခုက ကလေးကိုကြောမှာချီပိုးပြီး အလုပ်လုပ်ရတာမို့ အမေလဲ အလုပ်မပျက် လုပ်နိုင်သလို ကလေးလဲ ပုခက်တွင်းမှာ အိပ်ရသလို အမေအလုပ်လုပ်ချိန်မှာတစ်လှုပ်လှုပ်နဲ့မို့ သူလဲဇိမ်ရှိရှိ အိပ်နိုင်မယ်လို့ ကျမထင်မိပါတယ် တစ်ချက်ခုတ်နှစ် ချက်ပြတ်ပေါ့နော်။
ကျမတို့ မိသားစု နေရတဲ့ အိမ်လေးက ကျောက်တုံးတွေနဲ့ ဆောက်ထားပြီး တစ်အိမ်လုံးမှာ တစ်ခန်းထဲဘဲရှိတဲ့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်လေးထဲမှာ နေခဲ့ကြရတာပါ။
ကျမတို့အတွက် အိပ်စရာကုတင်တစ်လုံး ဘီဒိုသေးသေးလေး တစ်လုံးနဲ့ ထင်းမီးဖိုကြီး တစ်ခုတို့ဘဲ ရှိပါတယ်။
ကျမတို့မှာ ပါလာတဲ့ အိုးခွက်တွေနဲ့ ချက်ပြုပ်ကြပြီး ဒီနေရာမှာဘဲအိပ် ဒီနေရာမှာဘဲချက် ဒီနေရာမှာဘဲစားရ မှာမို့ ကျမအတွက်တော့ ပကာသန မပါဘဲ တော်တော်လေး အဆင်ပြေတဲ့ အိမ်လေးလို့ ပြောလို့ရပါတယ် ကလေးကြည့်ရင်း ထမင်းဟင်းတွေ ချက်နိုင်တဲ့ နေရာလေးမို့ သဘောကြနေမိတာတော့ အမှန်ပါဘဲ။
ရာသီဥတု
ရာသီဥတုက တစ်ခါတရံ ရေခဲတတ်တာတဲ့ ရာသီဥတုမျိုးပါ ဒါကြောင့်မို့ အိမ်တိုင်းမှာ နှစ်ဆယ့်လေးနာရီ ထင်းမီးထဲ့ပြီး မီးအပူပေးထားရတဲ့ မီးဖိုဆောင် တစ်ဆောင်ရှိကြပါတယ်။
အဲဒီမီးဖိုမှာဘဲ ထမင်းဟင်းချက်ပြုပ်ပြီး စားကြသလို အပူငွေ့ရအောင်လဲ မီးဖိုဘေးမှာဘဲ နေကြရတာများပါတယ် မီးပူလှုံတဲ့ မီးဖိုရဲ့အပေါ်မှာတော့ သူတို့ရဲ့  ဟင်းစားဖြစ်တဲ့ အသားတွေကို ကြာကြာခံအောင် ကြပ်ခိုးတင်ပြီး ထားစားကြပါတယ်။
ပုံများကို google မှ ရှာကာ သင့်တော်သလို ယူသုံးထားပါသည်။
အပိုင်း၅သို့ဆက်ပါမည်
မာမာလွင်
၂၄၊၀၆၊၂၀၁၃
.jpg)

.jpg)
like it ma ma.
ReplyDeleteလာလည်သွားပါတယ် မမမား)
ReplyDeleteအစ်မ .. blog အသစ်လုပ်ထားတာ မသိလို့ ..
ReplyDeleteအစ်မက စာရေးကောင်းတယ်နော် .. အားပေးသွားပါတယ်.. ^_^