Sunday, June 23, 2013

နာဂတောင်တန်း ခရီးစဉ် လေရှီးမြို့ သို့ အပိုင်း(၁)


နာဂမြို့ တော်


လေရှီးမြို့နယ်လေးဟာ တခေတ်တခါက နာဂကိုယ်ပိုင် အုပ်ချုပ်ရေး ရခဲ့တဲ့ ဦးခေါင်းချိုင့်ဝှမ်း (ဟူးခေါင်းချိုင့်ဝှမ်း)လို့ အများက အသိအမှတ်ပြုခဲ့ကြတဲ့  ဒေသလေးတစ်ခုပါ  ချင်းပြည်နယ်နဲ့ နီးကပ်နေပြီး အိန္ဒိယနိုင်ငံရဲ့ နယ်နိမိတ် အနီးနားမှာ ရှိနေပါတယ်။

နာဂလူမျိုးတို့ဟာ သီးခြားအုပ်စုလေးတွေ ကွဲပြားစွာ နေထိုင်သူတို့လဲ ဖြစ်ကြပါတယ် သူတို့နေထိုင်ရာေးသလေးတွေ အပေါ် မူတည်ပြီး ဘာသာစကား ဓလေ့ထုံးစံ အပြောအဆိုလေးတွေ အနည်းငယ်စီလဲ ကွဲပြားသွားတတ်ကြပါတယ်။
လေရှီးမြို့ သို့ ခရီးစတင်ထွက်ရန် မုံရွာမြို့ သို့ ရောက်ရှိစဉ်

ကျမတို့ မိသားစုလေး အမျိုးသား တာဝန်ကျရာ နာဂတောင်တန်းမှာ တည်ရှိတဲ့ လေရှီးမြို့နယ်ကို ၁၉၉၀ပြည့်နှစ် သုံးလပိုင်းမှာ ခရီးစတင် ထွက်လာခဲ့ပါတယ်။

ရန်ကုန်ကနေ မန္တလေးကို အမြန်ရထားနဲ့ သွားကြပြီး အဲဒီတုန်းက သားကြီးရဲ့ အသက်ဟာ ၇လကျော်ကျော်လေးဘဲ ရှိပါသေးတယ်။

ဒါပေမဲလဲ့ ရထားစီးပြီး ခရီးသွားရတာ သူပျော်ပုံရပါတယ် ပင်ပန်းတဲ့ပုံ မပေါက်ဘဲ ဟိုကြည့်ဒီကြည့် နဲ့ မန္တလေးရောက်တဲ့ထိ သူနဲနဲလေးမှ မငိုပါဘဲ ဘေးဘီတွေကို ကြည့်ရင်း လိုက်ပါလာခဲ့ပါတယ်။

မန္တလေးရောက်တော့ ခေတ်ကာလ သိပ်မကောင်းတဲ့ အချိန်မို့လို့ ခရီးဆက်ဖို့ရာ မဆက်နိုင်ခဲ့ဘဲ အမတစ်ဝမ်းကွဲရဲ့ အိမ်မှာ တစ်ပါတ်လောက် တည်းပြီးမှ မုံရွာကို ခရီးဆက်ကြပါတယ်။

မုံရွာကို ရောက်ပြန်တော့လဲ သင်္ဘော ခရီးစဉ်က မရှိသေးတာကြောင့် ဇွဲတည်းခိုခန်းမှာ တစ်ပါတ်လောက် တည်းကြရပြန်ပါတယ်။

မုံရွာမှ ထမံသီမြို့ ခရီးဆက်ဖို့အတွက် သင်္ဘောထွက်ဖို့ရာ မြစ်ရေအခြေအနေကြောင့် နားခဲ့တဲ့ တစ်ပါတ်တာ အချိန်လေးအတွင်းမှတော့ ကျမတို့တွေ မုံရွာမြို့ပေါ်က ဘုရားတွေကို လိုက်လံဖူးမျှော်ခဲ့ရတဲ့အတွက် ကျမတို့တွေအတွက် ကုသိုလ်တစ်မျိုး ထူးတယ်လို့လဲ ဆိုလို့ရပါတယ်။

ခရီးတစ်ထောက် နားနေတုန်းမှာ မုံရွာမြို့ထဲ အလယ်တစ်ခေါက် လျှောက်လယ်ဖြစ်ကြပြီး ဘုရားတွေလဲ ဖူးဖြစ်ခဲ့ကြပါသေးတယ် မုံရွာသင်္ဘောဆိ​ပ်မှာ စားချင်တာလေးတွေ ၀ယ်စာကြပြီး မြစ်​ကမ်းမှာ ထိုင်​ကာ ချင်းတွင်းမြစ်​ရဲ့ အလှကို  ငေးမောရတာလဲ ချစ်စရာ အရမ်းကောင်းလွန်းတဲ့ ပန်းချီကားချပ်လေး တစ်ချပ်ကို ထိုင်ကြည့်​နေရသလိုပါဘဲ။

အလှအပတွေ ငေးမောကာ ဘုရားဖူးပြီး အပြန်မှာတော့ ဈေးကိုခနဝင်ပြီး သင်္ဘောပေါ်မှာ လိုမယ်ထင်တာလေးတွေကိုဝင်ပြီး ဝယ်ဖြစ်ကြပါသေးတယ်။

ကျမတို့တည်းတဲ့ ဇွဲတည်းခိုခန်းဟာ သင်္ဘောဆိပ် စားသောက်ဆိုင်များနဲ့ နီးပြီး ချင်းတွင်းမြစ်ကို ဖြတ်ပြီးတိုက်လာတဲ့ လေနုအေးလေးတွေကြောင့် အစစအရာရာ အဆင်ပြေတဲ့ နေရာလေး တစ်ခုဖြစ်လို့ သဘောကျမိတဲ့ မြို့လေးတစ်မြို့ ဆိုရင်လဲ မမှားပါဘူး။

ဗိုက်ဆာရင်လဲ မြစ်ကမ်းနှစ်ဖူးပေါ်မှာ ဆိုင်ဖွင့်ပြီး ရောင်းကြတဲ့ ခေါက်ဆွဲကြော်ဆိုင်မှာ သွားစားရင် တစ်ပွဲကို ၇ကျပ်ဘဲ ပေးရပြီး အသားအများကြီးပါသလို ပဲဆီနှမ်းဆီတွေ ပေါများတဲ့ ဒေသမို့လို့ ဆီရွှဲရွှဲနဲ့ အရသာရှိအောင် ကြော်ပြီးရောင်းကြတာကိုက ဒေသခံတွေရဲ့ စေတနာလို့ဘဲ ပြောရမှာပါ။

စားမိသမျှ အစားအစာတွေဟာ အရသာ အရမ်းကောင်းကြသလို ပါးစပ်​​မှာ စွဲနေအောင် ချက်​နို်​င်​ကြတဲ့ ဒေသထွက် အစားအစာတွေ ဆိုရင်​လဲ မမှားပါဘူး။

ဒီလိုပါဘဲ မုံရွာရဲ့  နွေဟာပူလွန်းတာကြောင့် အအေးကြိုက်တဲ့ သားကြီးကို ရေခနခန ရေချိုးပေးရလွန်းလို့ အအေးပါတ်ပြီး နေမကောင်း ဖြစ်ခဲ့တာလေးကိုလဲ အမှတ်ရလို့ နေမိပါသေးတယ်။

နှာတွေစေးပြ ချောင်းတွေပါ ဆိုးလာတာမို့လို့ ခရီးဆက်ဖို့ တုံ့ဆိုင်းသွားမိပေမဲ့  ရေကြောင့်သင့်လို့ သင်္ဘောခရီးစဉ် အဆင်ပြေတဲ့ နေ့မှာဘဲ ထမံသီမြို့ကို ခရီးဆက်ကြရပြန်ပါတယ်။

မုံရွာမြို့ဟာ သင်္ဘောဆိပ်ရှိရာ မြို့ ဖြစ်တဲ့အတွက် အလွန်စည်ကားပြီး ပဲ နှမ်း ငရုတ် အစရှိတဲ့ သီးနှံတွေ ပေါများတဲ့ဒေသမိုလို့ နေချင့်စဖွယ် မြို့လေးတစ်မြို့ လို့ ကျမထင်ခဲ့မိပါတယ်။

ချင်းတွင်းမြစ်အတွင်း သဲသောင်များပေါ်ထွန်းနေပုံ
နွေအခါဆို ကျဉ်းမြောင်းသော ချင်းတွင်းမြစ်ကြောင်းကြောင့် ရေကျချိန်မှာ သင်္ဘောကြီးများ သွားလာရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။

မုံရွာမှာနေပြီး တစ်ပါတ်လောက် အကြာမှတော့ာ ရေကြောင်းအဆင်ပြေတဲ့အတွက် သင်္ဘောထွက်မဲ့အချိန်ကို သိရပြီး ရေတက်ချိန် ညကြီးသန်းကောင် အချိန်​မှာ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် သင်္ဘောဖြင့် ခရီးဆက်ဖြစ်ကြပါတယ်။

ချင်းတွင်းမြစ်ဟာ မြစ်ကျဉ်းတခု ဖြစ်တာကြောင့် အလွန်တရာမှ ရေစီးသန်ကာ သွားရေးလာရေး အင်မတန်မှ ခက်ခဲတဲ့ မြစ်ကြောင်းတစ်ခု ဖြစ်ပါတယ်။

ဈေးကြီးပေးပြီး စီးရတဲ့ သင်္ဘောရဲ့ သီးသန့်အခန်းလေးထဲမှာ ကြောက်​မက်ဖွယ် ရေစီးသံတဝေါဝေါ လှိုင်းပုတ်သံ တဝုန်းဝုန်းကို နားစွင့်ရင်း ပပဝတီဆိုတဲ့ သင်္ဘောကြီးနဲ့ ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရဲ့ ခရီးစဉ်ကို ညကြီးသန်းခေါင် တစ်နာရီကျော်မှာ စတင်ထွက်ခွာခဲ့ကြပါတယ်။

၃၇၁မိုင် ကွာဝေးတဲ့ မုံရွာမှ ထမံသီသို့ သင်္ဘောခရီးစဉ်


ချင်းတွင်းမြစ်အတွင်း သွားလာနိုင်သော သင်္ဘော

မုံရွာမြို့ကနေ ညကြီးသန်းခေါင် အချိန်ကြီး ထွက်လာတာမိုလို့ လမ်းတစ်လျှောက်မှာ ဘယ်နေရာတွေမှာရပ်ပြီး ဘယ်နေရာတွေမှာ နားတယ်ဆိုတာကိုတော့ ကျမ မမှတ်မိခဲ့ပါဘူး။

လမ်းတစ်လျှောက် ကြောက်စရာ ရေစီးသံကို နားစွင့်ရင်း သားကြီးကို ရင်ဝယ်ပိုက်ထားကာ တစ်ရေးမှ အိပ်စက်လို့ မရခဲ့ပါဘူး။

မိုးလင်းလို့ အပြင်ဖက်ကနေ အသံဗလန်တွေ ကြားတာနဲ့ အခန်းအပြင်ဘက်​ ထွက်ကြည့််​မိချိန်မှာတော့ ကျမအရမ်းကို အံ့အားတွေ သင့်ခဲ့ရပါတယ်။

ဘာလို့လဲ ဆိုတော့ကာ သင်္ဘောနဲ့ ခရီးသွားရတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိခဲ့ဘူးသလို သင်္ဘောနဲ့ ခရီးသွားရတာဟာ ဒါပထမဦးဆုံး အတွေ့အကြုံမို့လို့ အရာအားလုံးဟာ ကျမအတွက် အထူးအဆန်းတွေခြည်းဘဲ ဖြစ်နေခဲ့ပါတယ်။

သင်္ဘောစီး ခရီးသည်တွေ မနက်စောစော အစာပြေ အစာအတွက် ကနီမြို့ဒေသခံတွေဟာ သင်္ဘောကြီးဘေးမှာ လှေငယ်လေးတွေနဲ့ စီတန်းပြီး ဆီထမင်းနဲ့ အကြော်တွေကို တစ်ကြော်ကြော်အော်ရင်းက ရောင်းနေကြတာကို ကျမတအံ့တစ်သြနဲ့ တွေ့လိုက်ရပါတယ်။

သင်္ဘောကြီးဘေးမှာ လှေကိုလှော်တဲ့သူကလှော် ဆီထမင်း ထုတ်ထဲ့ ထားတဲ့ဗန်းလေးတွေကို ရေထဲလွတ်မကျအောင် လက်လေးပေါ်ကိုင်မြှောက်ရင်း အော်ပြီးရောင်းတဲ့သူက ရောင်းကြေပါတယ်။

ဆီထမင်းသည်လေးတွေဟာ သင်္ဘောကိုမှီအောင် အားသွန်ခွန်စိုက် အသားကုန် လှော်တဲ့သူတွေက လှော်ကြရပြီး ရောင်းတဲ့သူကလဲ ရေလှိုင်းကြီးတွေ ကြားထဲမှာ သက်စွန့်ဆံ့ဖြား သင်္ဘောပေါ်ထိ အရောက်တက်ပြီး ရောင်းကြရပါတယ်။

သူတို့ရဲ့ ဝမ်းရေးအတွက် အသက်ကိုရင်းပြီး စီးပွားရှာကြရပြီး သင်္ဘောစီး ခရီးသည်တွေအတွက် သူတို့ရဲ့စေတနာ တွေကြောင့်လားတော့ မသိပါဘူး ငှက်ပျောဖက်နဲ့ ထုတ်ထားတဲ့ ဆီထမင်း ပူပူလေးနဲ့ ငါးကြော်လေးတွေဟာ အင်မတန်မှ စားလို့ကောင်းပါတယ်။

မနက်စောစောစာကို စားရင်း ခရီးဆက်ကြကာ ကျန်နေတဲ့ နေ့လည်စာနဲ့ ညနေစာကိုတော့ သင်္ဘောပေါ်က ထမင်းဆိုင်နဲ့ ကိုယ့်မှာပါလာတဲ့ အစာတွေနဲ့ ဖြေသိမ့် ကြရပါတယ်။

အဲဒီလိုနဲ့ သင်္ဘောစီးပြီး မနက်စောစောပိုင်း ဇူလိုင်လ ၃၀ရက်နေ့ မှာကျရောက်တဲ့ သားကြီးရဲ့ ၈လပြည့့် မွေးနေ့ကိုလဲ သင်္ဘောပေါ်မှာဘဲ ဌက်ပြောဖက်ထုတ် ဆီထမင်းလေးနဲ့ဘဲ သားအတွက် မွေးနေ့လေးကို ကျင်းပပေးခဲ့ပါတော့တယ်။

မင်းကင်းမြို့ အရောက်မှာတော့ မနက်စာ စားကြပြီး ကလေးဝကိုရောက်တော့ သင်္ဘောဆိပ်မှ ခနဆင်းကာ အိန္ဒိကလာတဲ့ ကော်ဇောစောင်တွေနဲ့ ချင်းတောင်ကလာတဲ့ ပန်းသီးတွေကို မက်မက်မောမော ဝယ်ဖြစ်ခဲ့ပါသေးတယ်။

အဲဒီအချိန် အခါတုံးက ခေတ်စားခဲ့တဲ့ ကော်စောကြီးတွေက ကလေးဝမှာဝယ်ရင် အရမ်းကို ဈေးသက်တောင့်သက်သာနဲ့ ရနိုင်တဲ့ နေရာတစ်ခုပါ။

ချင်းတွင်းသင်္ဘောစီး ခရီးစဉ် တစ်လျှောက်မှာ မြစ်ရိုးတစ်လျှောက် ရွှေကျင်နေကြတဲ့ လူအုပ်စုများကိုလဲ နေရာဒေသ တော်တော်များများမှာ သူ့အုပ်စုလေးတွေနဲ့သူ တွေ့ကြရပါသေးတယ်။

ကလေးဝ အလွန်မှတော့ မစိန် နန်းဇလိမ်း မော်လိုက် တပ်ကုန်း ယုဝ ခဝဲ အော့သောင်း စစ်တောင်း စောကော ဖောင်းပြင် နတ်ဆက်ရွာ အစရှိတဲ့ ချင်းတွင်းမြစ်ရိုး တစ်လျှောက်မှာလဲ သူတို့ဒေသထွက်တွေဖြစ်တဲ့  ဝါးဖောင်တွေ သစ်ဖောင်တွေဟာ ပန်းချီကား တစ်ချပ်လိုပါဘဲ ချင်းတွင်းမြစ်ကြီး ကိုအလှဆင်ကာ မြစ်ထဲမှာ အိမ်တွေဆောက်ထားကြသလို မြစ်ရိုးတစ်လျှောက်မှာ  တွေ့ခဲ့ရပါသေးတယ်။

ချင်းတွင်းမြစ်ကို အလှဆင်နေကြသော ဝါးဖောင်များ
ဝါးဖောင်လေးတွေ လှသလောက် ရေလည်ခေါင်မှာ သောင်ထွန်းပြီး ခရီးသွားတို့အတွက် အန္တရာယ်များစေတဲ့ သဲသောင်ပြင်တွေ အငူကြီးတွေဟာ အန္တရာယ် အရမ်းများလွန်းလို့ ချင်းတွင်းမြစ်ကို လွန်စွာမှ အရုပ်ဆိုး နစေတာတွေကိုလဲ တွေ့ခဲ့ရပါသေးတယ်။

ဒီလိုနဲ့ဘဲ ခရီးဆက်လိုက်ကြတာ ရေစီးသန်သန်ကြားက ဝဲကယက်နဲ့ ရေလှိုင်းတွေကို အံတုရင်း ကျမတို့စီးလာတဲ့ ပပဝတီ သင်္ဘောကြီးဟာ တစ်မြို့ ဝင် တစ်ရွာထွက်နဲ့ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ကို ချောမွေ့စွာနဲ့ ခရီးဆက် လာခဲ့ပါတယ်။

ချင်းတွင်းမြစ်ရဲ့  ရေစီးသန်မှုကြောင့် တစ်ချိန်လုံး စိတ်ပင်ပန်းလာခဲ့ကြတဲ့ ပပပဝတီ သင်္ဘောကြီးပေါ်က ကျမတို့ ခရီးသည် တစ်သိုက်ဟာ ဟုမ္မလင်းမြို့ကို ရောက်မှဘဲ ခြေလက်အညောင်းအညာကို ကမ်းပေါ်တက်ပြီး ဆန့်ကြရပါတယ်။

မိနစ်နှစ်ဆယ်လောက် အချိန်ပေးပြီး ရပ်ပေးတာကြောင့် သင်္ဘောပေါ်ကနေ ဟုမ္မလင်းဈေးကို လိုတာလေး တွေ ပြေးဝယ်တဲ့သူကဝယ် ဟုမ္မလင်းမှာ ဆင်းမဲ့ ခရီးသည်တွေကလဲ ဆင်းကြနဲ့ ရတဲ့အချိန်လေးကို ဝရုန်းသုန်းကားနဲ့ ပြေးပြေးလွှားလွှား အကျိုးရှိစွာ အသုံးချကြ ရပြန်ပါတယ်။

ချင်းတွင်းမြစ်ရဲ့  သာယာလှပတဲ့ မြစ်ကမ်းတနေရာ

ဟုမ္မလင်းမှတဖန် ခရီးဆက်ကြပြန်ရာမှာ ဖာပုတ်  မြောက်ခမ်း တစုန် အစရှိတဲ့ မြို့ရွာတွေကိုဖြတ်ပြီး မုံရွာမှအထွက် သုံးရက်မြောက်နေ့ ညနေစောင်းမှတော့ လမ်းခရီးတစ်လျှောက် စုတ်ဝဲ မှုတ်ဝဲ ဝဲဂယက်အစုံစုံနဲ့ ရေလည်ခေါင်မှာ ထိုးထောင်နေတဲ့  ကျောက်ဆောင် အငူတို့ကို ကွေ့ဝိုက်ရှောင်ကာ နိမ့်တစ်ခါ မြင့်တလှည့် လှိုင်းလေတို့ကို ကျော်ဖြတ်ပြီး မုံရွာမှသည် ရေလမ်းခရီးနှင့် ၃၇၁မိုင်ကွာဝေးတဲ့ တစ်ချိန်က သမန်းကျားတို့ ခေတ်စားခဲ့သော ထမံသီရှမ်းတို့ နေထိုင်ရာ ထမံသီမြို့ကို ရှောရှောရှူရှူ ချောချောမောမောနဲ့ ရောက်ခဲ့ပါတော့တယ်။

အပိုင်း(၂) ဆက်ပါမည်
မာမာလွင်
၂၃ /၀၆ /၂၀၁၃

No comments:

Post a Comment