![]() |
| နာဂပွဲတော် |
ထမံသီရှမ်းများနှင့် ခနတာ
ထမံသီမြို့ကိုရောက်ပြီး နောက်တစ်နေ့မှာဘဲ လမ်းခရီး လုံခြုံရေး မကောင်းသေးတဲ့အတွက် ထမံသီမြို့ မှာ တစ်ပါတ်လောက် နားကြရပြန်ပါတယ်။ထမံသီမြို့ ခံ လူမျိုးများဟာ ထမံသီ ရှမ်းလူမျိုးများ ဖြစ်ကြပြီး မိရိုးဖလာ တောင်ယာအလုပ်များကို လုပ်ကိုင်စားသောက်ကြသူများနဲ့ ဝန်ထမ်းအများစုတို့ ဖြစ်ကြပါတယ်။
တောင်ယာအနေနဲ့ အဓိက ပဲ နှမ်းနှင့် လက်ဖက်တို့ကို စိုက်ပျိုးကြပြီး မိရိုးဖလာ အလုပ်ဖြစ်တဲ့ ရွှေတူး ရွှေကျင်တဲ့သူများလဲ ရှိကြပါတယ်။
မိသားစုစားဖို့ သီးနှံများကိုတော့ အများစုက ကိုယ့်အိမ်မှာ ကိုယ်စိုက်ပျိုးပြီး စားကြတာ များသလို ကျန်မီးဖိုချောင်သုံး ပစ္စည်းများနှင့် အသားငါးများကိုတော့ ချင်းတွင်းမြစ်ကမ်း နှစ်ဖူးပေါ်က ထမံသီမြို့ ဈေးတန်းလေးတွေမှာဘဲ ဝယ်ကြသလို သူတို့ကိုယ်တိုင် ချင်းတွင်းမြစ်ကမ်း ဘေးမှာနေကြတဲ့အတွက် ကိုယ်တိုင်ရှာဖွေပြီး စားသောက်ကြပါတယ်။
![]() |
| ချင်းတွင်းမြစ်အတွင်းက ထမံသီဆိပ်ကမ်း |
တစ်ချိန်က ပါးစပ်ရာဇဝင်အရ သမန်းကျားများ ရှိတယ်ဆိုပြီး နံမည်ကြီးတဲ့ အရပ်ဒေသမို့လို့ နေရတာနဲနဲ ကြောက်စိတ်ဝင်မိပေမဲ့ သူတို့တွေရဲ့  ဖော်ရွေမှုကြောင့် ကျမတို့ မိသားစု ပျော်ရွှင်စာ နေခဲ့ရပါတယ်။
တစ်ပါတ်တာ နားခဲ့တဲ့ ရက်ကလေးမှာ ကျမအတွက် များစွာသော ဗဟုသုတများကိုလဲ ရစေခဲ့လို့ ထမံသီမြို့ က မြို့ ခံ တွေကို ကျေးဇူးလဲ တင်နေမိပါတယ်။
ထမံသီမြို့ ခံတို့ရဲ့  ကျေးဇူးကြောင့် အချိန်တို အတွင်းလေးမှာဘဲ တစ်ပိုင်တစ်နိုင် ရွှေကျင်ခြင်း လုပ်ငန်းများ လက်ဖက်ခြောက် လုပ်ငန်းများ သုပ်စားရတဲ့ လက်ဖက် အသားအကြောင်းတွေကိုလဲ ကျမကောင်းကောင်း သိခဲ့ရပါသေးတယ်။
လက်ဖက်အရွက်ကို အပင်မှ လက်ဖက်ရွက်များကို လက်ဖက်စွတ်ခြင်းမှသည် လက်ဖက်အသား ရသည်အထိ အချိန်တော်တော်ပေးပြီးလုပ်မှ လက်ဖက်အသား ကောင်းကောင်းရကြောင်းကိုလဲ သူတို့ရှင်းပြမှ သိခဲ့ရပါတယ်။
လက်ဖက်ပင်လေးတွေဟာ ကျွန်မတို့ အောက်မြန်မာပြည်မှာ တွေ့ဘူးနေကျ စင်္ကြာပန်းပင်တွေနဲ့  တော်တော် ဆင်ပါတယ်။
အပင်က ထွက်လာတဲ့ အညွန့်သေးသေးလေးတွေကို စိတ်ရှည်လက်ရှည် ခူးရတာမို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ လက်ဖက်ကောင်း စားချင်ရင် ပလောင်တောင်တက် နှေးရတယ်ဆိုတဲ့ စာသားလေးကို ပြေးပြီးတော့ သတိရလိုက် မိပါသေးတယ်။
လက်ဖက်နှင့် လက်ဖက်ခြောက် လုပ်နေစဉ် လက်ဖက်အသားကို ကိုင်တဲ့သူဟာလဲ သန့်ရှင်း သန့်ပြန့်မှကိုင်လို့ရကြောင်းကိုလဲ ဗဟုသုတ အနေနဲ့ သိခဲ့ရပါသေးတယ်။
ထမံသီမြို့ ခံတို့ပိုင်ဆိုင်တဲ့ လက်ဖက်ခြံ တွေဟာလဲ မြို့ ပြင်တစ်လျှောက်မှာ ရှုမျှော်မဆုံးနိုင်အောင် စိမ်းလန်းစိုပြေနေတာကိုလဲ တွေ့ခဲ့ရတာကလဲ ပျော်စရာရှု့ ခင် ပန်းချီကား တစ်ခုကို မြင်နေရသလိုပါဘဲ။
လေရှီးမြို့ သို့ စတင်လမ်းရှောက်ခြင်း
လေရှီးလမ်း ခရီးလေးကို ပြန်စရအောင်ပါနော် ထမံသီမြို့ မှာ တစ်ပါတ်တာ နားပြီးသကာလ ကျမတို့ မိသားစု လေရှီးမြို့  တောင်ပေါ်ကို တက်လို့ရပြီဖြစ်ကြောင်း စစ်တပ်က သတင်းပို့လာပါတယ်။
လာကြိုသူ ဒေသခံတစ်ချို့ နှင့် ဆေးရုံဝန်ထမ်းတွေနဲ့အတူ ခရီးစဉ်အတွက် ပြင်ဆင်ကြရပါတယ် လမ်းခရီးစိတ်ချရပြီဆိုမှ လာကြိုကြတဲ့သူများ ဆေးရုံ ဝန်ထမ်းများနှင့် မနက်၆နာရီလောက်မှာ လေရှီးမြို့ ကို သွားရမဲ့ ခရီးစဉ်ကို စတင်ပြီး ထွက်ခဲ့ကြပါတော့တယ်။
ကျမတို့ရဲ့ ခန္ဓာကိုယ်မှာတော့ အရေးပေါ် သုံးဖို့အတွက် တစ်ပိုင်တစ်နိုင် သောက်ရေဗူး တစ်ဗူးရယ် ဆေးဝါးအနည်းငယ်ရယ်နဲ့ စာရင်စားဖို့ မုန့်အနည်းငယ်တို့ကို ကြောပိုးအိတ်ထဲထဲ့ပြီး သယ်ကြရပါတယ်။
ကျမတို့မှာ ပါလာတဲ့ ပစ္စည်းတွေကိုတော့ ဝန်တင်သော လား နွားမျာနဲ့ သယ်ဆောင်စေပြီး လူတွေကတော့ တောင်ပေါ်မြို့ဆီကို ကုန်းကြောင်းခရီး နှင်ကြရပါတယ်။
အမြင့်ပေနဲ့ အကွာအဝေး
ပင်လယ်ရေ မျက်နှာပြင်အထက် ၄၄၄၃ပေမြင့်တဲ့ လေရှီးမြိုဟာ ထမံသီမြို့ နဲ့ ၄၁မိုင်ကွာဝေးပြီး ကုန်းကြောင်းခရီးကို ၂ညအိပ်၃ရက် တက်ရတဲ့ မြို့ လေးတစ်မြို့ ပါ။
ထမံသီမြို့ မှ မနက်၆နာရီလောက်မှာ ခရီးစဉ်အတွက် စထွက်ထွက်ချင်း လမ်းတစ်လျှောက် လက်ဖက်ခင်းလေးတွေရှိပြီး ခရီးစဉ် အစဟာ မြေပြန့်ခရီးလေး ဖြစ်တဲ့အတွက် အရမ်းကြီး မပင်ပန်းသေးပါဘူး။
လမ်းလျှောက်ရတာ ကြာလာတာနဲ့အမျှ ဝါးရုံတောတွေ များများလာတာ တွေ့လာရပြီး လမ်းမကြီးဟာလဲ မြေနီ ရွံ့တွေဗွက်တွေ ထူထပ်လာကာ တောကနက်သထက် နက်လာပါတော့တယ်။
တောကနက်လာလေ ကြောက်စရာက ပိုကောင်းလာလေ ရာသီဥတုက စိမ့်လာလေလေမို့ ကျမစေိတ်ထဲမှောတာ့ ငါလာမိတာ မှားသွားပြီလားဆိုတဲ့ အတွေးတွေက စိတ်ထဲကို ခနခန ဝင်လာမိခဲ့ပါတယ်။
ကျမတို့ကို လာကြိုကြတဲ့ အထဲမှာ လေရှီးဆေးရုံက ဆေးစပ်ဆရာ ဦးထွန်းရီရဲ့ သားကြီးဖြစ်တဲ့ လေးတန်းကျောင်းသားငယ်လေး တစ်ဦးပါလာပါတယ် သူဟာသားကြီးကို နာဂတွေသုံးတဲ့ ပိုးတဘက်ကလေးထဲထည့်ကာ ကျောမှာပိုးပြီး သုတ်ခြေတင်သွားလိုက်တာ ကျမတို့နဲ့ မျက်ခြေပြတ်တဲ့ထိ ဖြစ်သွားခဲ့ပါတော့တယ်။
အဲဒါကလဲ သူတို့အတွက် ကျွမ်းကျင်ရာ လိမ္မာဆိုတဲ့ အတိုင်းပါဘဲ လှိုင်းကြီးတော့ လှေအောက် တောင်ကြီးတော့ ဖဝါးအောက်ဆိုတာတွေက သူတို့တွေကိုကြည့်ပြီး အဲဒီစကားပုံတွေက ကျမကိုသက်သေပြ သွားခဲ့ပါတော့တယ်။
ကျမတို့ လင်မယား နှစ်ယောက်ကတာ့ တစ်ခါမှ ဝေးဝေးလံလံ မလျှောက်ဖူးတာရယ် ကိုယ့်ရိက္ခာ ကိုယ်သည်ပြီး တက်ရတာရယ် လမ်းခရီး မပြေပြစ်တာတွေရယ် လျှောက်နေကျ လမ်းခရီးတွေ မဟုတ်တာတွေရယ်ကြောင့် ခနနားပြီး မနက်စာစားဖို့ သတ်မှတ်ထားတဲ့ စခန်းနေရာကို နောက်ကျပြီးမှ ရောက်ခဲ့ကြပါတယ်။
ယန်နွေးရွာသို့ ရောက်ရှိသွားပုံ
ကျမတွှို မိသားစုကို လာကြိုကြတဲ့ သူတွေဟာ တောင်ပေါ်လမ်းမှာ လမ်းလျှောက်နေကျ သူတွေမို့လို့ လမ်းလျှောက်ရတာ အရမ်းမြန်ပါတယ်။
ကျမတို့ ခနတာ နားနေမဲ့ ယန်နွေးရွာကို လေးနာရီ အတွင်းမှာ အရောက်သွားကြဖို့ မှန်းထားကြပါတယ် ဒါပေမဲ့ သူတို့က နာရီဝက်စောပြီး ရောက်သွားကြပါတယ် ကျမတို့ကတော့ ခြေလှမ်းမသွက်သလို လျှောက်နေကြလမ်းမှာ လျှောက်တာမဟုတ်တဲ့အတွက် နေ့လည်၁၀နာရီလောက်မှ ယန်နွေးရွာကို ရောက်သွားကြပါတယ်။
ယန်နွေးရွာက ဒေသခံတို့ဟာ သူတို့ဘာသာ စကားကလွဲပြီး မြန်မာလို မတတ်ကြတဲ့အတွက် သူတို့ကို ရီပြုံးနူတ်ဆက်ပြီး ကိုယ်ဟန်အမူအယာတွေနဲ့ဘဲ သူတို့ရဲ့ ခင်မင်ခွင့်ကို ရအောင်ယူခဲ့ရပါတယ်။
![]() |
| Burma.Irrawaddy.Org မှကူးယူဖော်ပြထားသောနာဂအဖိုးအို |
ယံနွေးရွာကို ရောက်တာနဲ့ စတင်မြင်ရတာကတော့ ဆေးတံကို ပါးစပ်မှာခဲပြီး ကျိုးနေတဲ့ သွားဖုံးတွေပေါ်အောင် အရီအပြုံးနဲ့ ဖော်ရွေစွာ နူတ်ဆက်ကြတဲ့ သူတို့ကို စတွေ့တွေ့ချင်းမှာဘဲ ခင်မင်ခဲ့ရပါတယ်။
ဒီဒေသမှာ ရှိကြတဲ့ အသက်အရွယ် အရမ်းကြီးသူ တစ်ချို့ ဟာ မြန်မာလို ကောင်းစွာ မပြောတတ်ကြပါဘူးအင်္ဂလိပ်ဘာသာ ဘာသာစကားကိုတော့ လူနဲစုက တတ်ကြပါတယ်။
ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်စဉ် အင်္ဂလိပ်များ ထွက်ပြေးရာလမ်းကြောင်းမှာ နေထိုင်ခဲ့ကြသူများ ဖြစ်ကြတဲ့အတွက် သူတို့ဟာ စစ်လက်ကျန် အဖိုးအိုများ ဖြစ်ကြပါတယ်။
သူတို့နဲ့ စတင်တွေ့တယ်ဆိုရင်ဘဲ လက်ဆွဲပြီး နူတ်ဆက်တာကအစ အင်္ဂလိပ်တို့ရဲ့  အမူအကျင့်များက သူတို့မှာ ကျန်နေသေးတာကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ စစ်လက်ကျန် အဖိုးအိုများဆိုတာ မပြောဘဲနဲ့ ကွက်ကွက်ကွင်းကွင်းကိုဘဲ မြင်နိုင်ပါတယ်။
ပိုပြီးထူးခြားတာ တစ်ခုက ခေါင်းမှာအရိုးများ ဆင်မြန်းထားပါတယ် သူတို့အားလုံးရဲ့  မျက်နှာများမှာ ပါးရဲများ ထိုးထားကြသလို ခန္ဓာကိုယ် အနှံ့မှာလဲထိုးကွင်းများလဲ ထိုးထားကြပြီး နားမှာတော့ ခြည်ကြိုးများ ထိုးသွင်းထားတတ်ကြပြီး လက်နှင့်ခြေထောက်တို့မှာ ကြေးကွင်းများ ဝတ်ဆင်ထားတာတွေကို တွေ့ကြရပါသေးတယ်။
စားသောက်မှုပုံစံ
![]() |
| Ashthefoodie.wordpress.com မှကူးယူဖော်ပြထားသော နာဂလူမျိုးတို့၏ မီးဖိုဆောင် |
ကျမတို့မိသားစုတွေ အဲဒီနေ့ မနက်က ယန်နွေးရွာကရွာက ရွာလူကြီးအိမ်မှာ မနက်စာ စားကြပါတယ် သူတို့ချက်တာကြည့်ပြီး စောစောပိုင်းက မစားချင်ပေမဲ့ ချက်ပြီးလို့ တကယ်တမ်း စားကြည့်မိတော့မှ အားပါးပါး မိန်မှမိန်ပါဘဲ။
သူတို့ထမင်းဟင်း ချက်တဲ့နည်းက ပကာသန မပါသလို ကဗျာလဲ လုံးဝမဆံပါဘူး အိမ်ထဲမှာဘဲ မြေကြီးခင်းကာ လေးဘက်လေးလံကို သစ်သားချောင်းနဲ့ ကာရံထားတဲ့ ထင်းမီးဖိုကြီးကို ၂၄နာရီ ဖိုထားပါတယ်။
၂၄နာရီ ဖိုထားတဲ့ မီးဖိုပေါ်မှာ ရွှံ့တုံးကြီးတွေကို အခြောက်ခံကာ ဖိုခနောက်ဆိုင်ထားပြီး မီးဖိုလုပ်ထားပါတယ်။
မီးဟုန်းဟုန်း တောက်နေတဲ့ ထင်းမီးဖိုပေါ်ကို ရေတစ်ဝက်သာသာ ထဲ့ပြီးသား မြေအိုးကြီး တစ်လုံးကို တင်လိုက်ပြီး အဲဒီအိုးထဲကို ခွက်ကြီးတစ်ခုနဲ့ ဆန်တွေကို ခတ်ထဲ့ကာ ရေမဆေးဘဲ ထမင်းရေခမ်း ချက်ပါတယ်။
တစ်ပွတ်ပွတ် ဆူနေတဲ့ ထမင်းအိုးကြီးကို မီးဖိုအနားမှာရှိတဲ့ ထင်းချောင်းတစ်ချောင်းနဲ့ အိုးမကပ်အောင် ထိုးထိုးမွှေပေးပြီး ရေခမ်းသွားတာနဲ့ သူတို့ရဲ့  ပကာသန မပါတဲ့ ထမင်းအိုးကြီးက ကျက်သွားပါပြီ။
![]() |
| Facebook.com မှကူးယူဖော်ပြထားသောနာဂလူမျိုးတို့၏ကြပ်ခိုးစင် |
သူတို့ရဲ့  ၂၄နာရီ ဖိုထားတဲ့ မီးဖိုကြီးပေါ်မှာ သံကြိုးနဲ့ဆွဲပြီး ချိတ်ဆွဲကာ တင်ထားတဲ့ ကြပ်ခိုးစင်ကြီး တစ်ခုကလဲ အိမ်တိုင်းမှာ ရှိပါတယ် အဲဒီကြပ်ခိုးစဉ်ကြီးပေါ်မှာ နွားနောက်သား ဆင်သား ချေသား (ဂျီသား) ဆိုင်သား ဆတ်သား တောဝက်သား ဝက်ဝံသား အမဲသား အစရှိတဲ့ အသားတွေနဲ့ ပြောင်းဖူးတို့ကိုလဲ ကြာရှည်ခံထားပြီး စားလို့ရအောင်အတွက် ကြပ်ခိုးတိုက်ထားတဲ့ ကြပ်တိုက်စဉ်ဆိုတာ ရှိပါတယ်။
ဒီအသားတွေကလဲ သူတို့တွေ အမဲလိုက်လို့ ရလာတဲ့ အသားများကို ကြာရှည်အထားခံပြီး ကြာရှည်စားနိုင်အောင် ကြပ်ခိုးတိုက်ကာ ထားပြီးစားကြခြင်းဖြစ်ပါတယ်။
အဲဒီနေ့က ကျမတို့မိသားစုအတွက် ရွာလူကြီး မိသားစုရဲ့  ဧည့်ခံချက်ပြုပ်ပြီး ကျွေးလိုက်တဲ့ ဟင်းကတော့ ဆရာဝန် မိသားစုအတွက် စပါယ်ရှယ် ချက်ကျွေးတဲ့ ဟင်းတွေလို့လဲ ယူဆရပါတယ်။
ဆင်သားကြပ်တိုက်ခြောက်နဲ့ ပဲငပိကို အသီးအရွက် လတ်လတ်ဆတ်ဆတ်များရောပြီး မြေအိုးကြီးတစ်လုံးထဲမှာ စုပေါင်းထဲ့ကာ တာလပေါ့ဟင်းမျိုး ချက်ကျွေးပါတယ်။
ငရုတ်သီးစိမ်း လတ်လတ်ဆတ်ဆတ်ကို ဟင်းအိုးကြီး ပွက်ပွက်ဆူနေတုန်မှား ဇိုးဇိုးဇတ်ဇတ် ချိုးပြီးထဲ့လိုက်တာမို့ ငရုတ်သီးရဲ့ သင်းပျံ့  မွှေးရနံ့က ထမင်းကို ပိုပြီးတော့ မိန်စေခဲ့ပါတယ်။
နောက်ထပ် ဟင်းတစ်မျိုးကတော့ ငါးပိချက်ပါဘဲ ကျမစိတ်ထင် ဒီငပိချက်ဟာ ပဲငပိတစ်မျိုးပါပြီး အချဉ်အရသာစူးကာ အစပ်အရသာကတော့ ပိုပြီးပေါ်လွင်နေပါတယ်။
သူတို့သုံးတဲ့ ငရုတ်သီးတွေဟာ သူတို့အခေါ် ရွှေလံဘိုလို့ခေါ်တဲ့ ကုလားအော် ငရုတ်သီးတွေဖြစ်ပြီး ပူလွန်းစပ်လွန်းပေမဲ့ ရာသီဥတု အရမ်းအေးတဲ့အတွက် အစပ်အရသာက ပိုပြီးစားလို့ မြိန်စေပါတယ် ရာသီစာလေးတွေ ဖြစ်ကာ စပ်လွန်းမွှေးလွှန်းတဲ့ အတွက် တော်တော်လေးကို စားရတာ ကောင်းလွန်းပါတယ်။
![]() |
| နာဂလူမျိုးတို့အတွက်ထမင်းစားရာမှာ မပါမဖြစ်တဲ့ရွှေလံဘိုငရုတ်သီး |
ထူးဆန်းတာ တစ်ခုကတော့ သူတို့ဟာ ဆီကိုမစားကြပါဘူး သားသားကို ထမင်းကျွေးချင်လို့ ဆီနဲနဲလောက် တောင်းကြည့်တဲ့အခါ သူတို့တွေ ဆီမစားကြောင်း ပြောပါတယ်။
ဘာဖြစ်လို့ မစားတာလဲလို့ မေးကြည့်တော့ သူတို့က တောင်တွေပေါ်တက်ပြီး အမဲလိုက် တောင်ယာခုတ် သစ်ပင်စိုက် စပါးတွေ စိုက်ရတဲ့ အလုပ်တွေကို လုပ်ရလို့ ဆီစားရင် အမောမခံနိုင်ကြောင်း ပြောပြကြပါတယ်။
သူတို့ရဲ့ ဟင်တွေးမှာ အဓိက ဆားတစ်မယ် ရှိနေရင်ဘဲ ဟင်းဖြစ်ကြောင်းလဲ ဗဟုသုတအနေနဲ့ သိခဲ့ရပါသေးတယ် တစ်ကယ်လဲ ဟုတ်ပါတယ် သူတို့တွေဟာ ဆီမစားလို့ ထင်ပါတယ် သူတို့ရဲ့  အသားအရည် တွေဟာ ကျစ်လစ်ပြီး မာကြောနေကြပါတယ်။
နေထိုင်မှုပုံစံ
![]() |
| Flicer.com မှ ကူးယူဖော်ပြထားတဲ့ နာဂအိမ် |
ကျမတို့ သွားခဲ့ရတဲ့ တာဝန်ကလဲ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အထူးသွားရောက်ခဲ့ရတဲ့ တာဝန်မိုလို့ သူတို့ရဲ့  ကျန်းမာရေး နေထိုင်မှု ပုံစံတွေကို လေ့လာရင်း ပညာပေးမှုတွေ ပြုလုပ်ကြရပါတယ်။
မဖွံ့ဖြိုးသေးတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် ထိုအချိန်အခါက သူတို့ရဲ့  လူနေမှု ဘဝပုံစံဟာ မပြည့်စုံကြဘူးလို့ ပြောလို့ရပါတယ်။
မမေ့နိုင်ဆုံးအရာ
အမှတ်အရဆုံး အကြောင်းလေးတစ်ခု ပြောပြပါအုံးမယ် အဲဒါကတော့ အစားအသောက်တွေ စားပြီးသောက်ပြီးလို့ ခရီးမဆက်ခင် အချိန်ကလေးမှာ အလေးအပေါ့ လျှော့ချင်လို့ နေရာမေးလိုက်တော့ ခြုံပုတ်တစ်ခုကိုလက်ညှိးထိုးပြပါတယ်။
အန္တရာယ်ကို လွယ်မထားနိုင်တာရယ် ခရီးဆက်ရင်း တောထဲတောင်ထဲမှာ အလေးအပေါ့ မသွားချင်တာရယ်ကြောင့် ပြေးပြေးလွှားလွှားနဲ့ သူတို့လက်ညှိုးထိုးပြတဲ့ ခြုံပုတ်ကြားထဲမှာဘဲ ငုတ်တုတ်ထိုင်ရင်း သွားလိုက်ရပါတယ်။
ကံဆိုးချင်တော့ ခြုံပုတ်ထဲ အရောက်မှာ လုံခြည်လေး လှန်လို့ ထိုင်လိုက်တယ် ဆိုရင်ဘဲ အဲဒီအချိန်နဲ့ တပြေးညီ ဆိုသလိုပါဘဲ အနောက်ဘက်ကနေ ဘယ်အချိန်ထဲက ရောက်နေမှန်း မသိတဲ့ ဝက်ကြီးက ဘွားကနည်း ရောက်လာပါတော့တယ်။
တစ်အိအိနဲ့အော်ရင်းက သူစားနေကြ အစာပုံရှိရာကို လာနေတာကြောင့် သူ့ရန်ကလွတ်အောင် ကမျောသောပါးနဲ့ ကိစ္စကိုဖြတ်ပြီး ဝက်ကြီးရဲ့ ရန်ဘေးက လွတ်မြောက်အာင် ကိစ္စဝိစ္စကို ခပ်မြန်မြန်ဖြတ်ပြီး သကာလ မနဲလွတ်အောင် ပြေးခဲ့ရပါသေးတယ် ကျမရဲ့  အဲဒီအဖြစ်အပျက်ကတော့ ငိုအားထက် ရယ်အားသန် ဆိုသလိုပါဘဲ။
ရွာသားများသို့ ကျေးဇူးတင်လွှာ
စေတနာဗလပွနဲ့ အဆောင်အယောင်မပါ ဖော်ရွေစွာနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါသော ယန်နွေးရွာမှ ဒေသခံရွာသူရွာသားများကို ဒီကနေ့အထိ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိပါကြောင်းကိုလဲ ဒီနေရာကနေ ထပ်လောင်းပြီး ပြောချင်ပါသေးတယ်။
ကျေးဇူးတင်ရှိခြင်း
ထိုခရီးစဉ် တစ်လျှောက် ဘေးအန္တရာယ်ကင်းကင်းနှင့် သွားလာနိုင်အောင် စောင့်ရှောက်ပေးခဲ့ကြသော သူအားလုံး ထမင်းလဲကျွေး ခနတဖြုတ် တည်းခွင့်လဲပေးပြီး ဧည့်ခံကျွေးမွေးခဲ့သော ယန်နွေးရွာမှ ဥက္ကဌနှင့်မိသားစု လာရောက်ကြိုဆိုကြသော ဆေးစပ်ဆရာ ဦးထွန်းရီ (နာဂလူမျိုး) ဆေးစပ်ဆရာ ဦးထွန်းရီ၏သား လေးတန်းကျောင်းသားခလေးငယ် စာရေးကြီး ကိုထန်းလက် (ထန်တလန်ချင်း) ညစောင့် ဦးထွန်းဖေ (နာဂလူမျိုး) ညစောင့်ကိုရဲဇား (နာဂလူမျိုး)နှင့် တောင်ပေါ်သို့ ခရီးစဉ်တလျှောက်လုံး အတူတက်ခဲ့သော လေရှီးမြို့မှဒေသခံ မြို့နယ်အရာရှိ ဦးသီဟ (နာဂ မြန်မာလူမျိုး)တို့ကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
ယန်နွေးရွာမှ ဆုံကင်းရွာသို့ ခရီးဆက်ပုံ
ထမံသီမြို့ က အထွက်မှာ နေရောင် ခပ်မျှင်းမျှင်းလေးကို မြင်ခွင့်ရကြသေးပေမဲ့ ယန်နွေးရွာက အထွက်မှာတော့ နေရောင်ကို မြင်ခွင့်မရတော့ပါဘူး။
မနက်စောစော အိပ်ယာက ထကြကာ ပါလာတဲ့ အထုတ်တွေ အိပ်ယာလိပ်တွေကို ပေါ်တာတွေကို သယ်ပေးကြပြီး သားသားကိုတော့ ပိုးသဘက်ထဲထဲ့ကာ ပိုးပြီး ခေါ်လာကြပါတယ်။
ကျမတို့ကတော့ လမ်းခရီးမှာ စားဖို့အတွက် ဆေးဝါးအနည်းငယ်ကို ကိုယ်ဖာသာ ကိုယ်သည်ကာ ခရီးဆက်ဖို့ ပြင်ကြရပါတယ်။
ယံနွေးရွာက ထွက်လိုက်တယ် ဆိုရင်ဘဲ သစ်ပင်ကြီးတွေဟာ တစ်ပင်နှင့်တစ်ပင် ယှက်နွယ်ေနပြီး အုံ့ဆိုင်းနေကာ မှုန်မှိုင်းနေတဲ့ တောင်တန်းကြီးတွေကိုဘဲ စတင်ပြီး တွေ့လာခဲ့ပါတယ် ဘေးပါတ်ပါတ်လည်နဲ့ အရှေ့ တည့်တည့်ကို ကြည့်လိုက်တယ် ဆိုရင်ဘဲ တောတောင်က မြင့်သထက် မြင့်လာသလို လမ်းရဲ့  ဘေးဘက်က ခြောက်ကမ်းပါးတွေကလဲ နက်သထက် နက်လာခဲ့ပါတယ်။
အဲဒီလိုတွေေ တွ့ရတော့ ကြောက်စိတ်က ပိုပိုလာပြီး ဝမ်းနည်းစိတ်ကလဲ ဝင်လာခဲ့ပါတော့တယ် တောတောင် နက်နက်ကြီးကြီးထဲမှာ တခုခု ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးတွေကလဲ ဝင်လာခဲ့တော့ တစ်ယောက်လက် တစ်ယောက် တင်းကြပ်စွာ ဆုတ်ကိုင်ရင်း အားပေးစကားတွေ ပြောကြကာ ခရီးကို ဆက်ခဲ့ကြပါတော့တယ်။
တောင်ပေါ်ရောက်အောင် ပစ္စည်းတွေ သယ်လာကြတဲ့ လား (မြင်းပုလေးတွေ) နဲ့ နွားတို့ရဲ့  ခြူသံ ကလောင် ကလောင်မြည်သံဟာလဲ ခပ်ဝေးဝေးကနေ ကြားနေရပေမဲ့ အဖော်ဆိုတဲ့ အားဆေး တစ်ခွက်ဖြစ်ခဲ့ပါတယ် တောကြီးမျက်မဲထဲမှာ ကြာလာတော့ စိတ်ချောက်ခြားသလို ဖြစ်လာခဲ့တာတွေလဲ ကြုံရပါသေးပါတယ်။
တဆက်ထဲမှာဘဲ လေနုကလေးကလဲ အေးစိမ့်လာသလို လူလဲတဖြည်းဖြည်းနဲ့ ချမ်းစိမ့်စိမ့် ဖြစ်လာခဲ့ပါတယ် အအေးကြိုက်တဲ့ သားကြီးကတော့ သူ့ကိုပိုးချီထားတဲ့ ကလေးငယ်ရဲ့  ကြောနောက်ဖက်မှာ ပါးကလေးပုန့်တုန့်ပုန့်တုန့်နဲ့ ငိုခြင်းပြုခြင်း မရှိဘဲ အေးအေးဆေးဆေးဘဲ လိုက်ပါလာခဲ့ပါတယ်။
ဆရာဝန်ပြန်တောင်(သို့မဟုတ်)မြို့ ပိုင်ပြန်တောင်(သို့မဟုတ်)လန်လန်ကျတောင်
ယန်နွေးရွာကနေ တစ်နေကုန်နီးနီး လျှောက်ပြီးတဲ့ အခါမှာတော့ ကျမတို့တတွေရဲ့  ညအိပ်ရပ်နားဖို့ နောက်ထပ်ရွာလေး တရွာကို ရောက်လို့ လာခဲ့ပါတယ်။
တနေကုန် နားလိုက်လျှောက်လိုက်နဲ့ လျှောက်လာလိုက်ကြတာ ထမံသီမှ လေရှီးမြို့ ကို လမ်းထက်ဝက်နီးပါးရှိတဲ့ လန်လိုင်လဆိုတဲ့ ရွောလးအနားကို ချဉ်းကပ်လာခဲ့ပါပြီ။
ညနေလဲ အတော်စောင်းလာပြီမို့ ညအိပ်တည်းခိုမဲ့ နေရာကို မြန်မြန်ရောက်ချင်ပေမဲ့ လန်လိုင်လရွာကိုရောက်အောင် တက်ရတဲ့ တောင်တက်လမ်းဟာ မတ်ဆောက်လွန်းပြီး အတက်ရ ခက်ခဲလွန်းပါတယ်။
ကျမတို့ အရင့်အရင် တာဝန်ကျခဲ့ကြတဲ့ ဆရာဝန်တွေ မြို့ ပိုင်တွေ ဆက်မတက်နိုင်တော့ဘဲ လာရာလမ်းကို လှည့်ပြန်ခဲ့ကြတဲ့ ဆရာဝန်ပြန်တောင်(သို့) မြို့ပိုင်ပြန်တောင် (သို့) လန်လန်ကျတောင်ဆိုပြီး အမှတ်သညာပြုခြင်း ခံထားရတဲ့နေရာကို ကျမတို့ရောက်လာခဲ့ပါပြီ။
မတ်စောက်လွန်းပြီး မြင့်လဲအရမ်းမြင့်တဲ့အတွက် တစ်ချို့သော ဝန်ထမ်းဆရာဝန်နှင့် မြို့ပိုင်တို့ ဆက်မတက်ကြဘဲ ဌာနေသို့ လှည့်ပြန်ကြရသော နေရာလဲဖြစ်ပါတယ်။
ကျမကိုယ်တိုင်လဲ တောင်ပေါ်ကို စတက်တော့မယ်လို့ ပြောလိုက်တဲ့အချိန်မှာ အပေါ်ကို မော့ကြည့်ပြီး လမ်းရဲ့ အဆုံးကို မမြင်ရတဲ့အတွက် တောင်ရဲ့ အောက်ခြေအရောက်မှာ မျက်ရည်တွေ တွေတွေကျလာခဲ့ရပါတော့တယ်။
ငါဘယ်လို ဆက်တက်မလဲ လမ်းလေးက အရမ်းကျဉ်းပြီး လူတယောက်သွားစာလေး ဖြစ်နေတာရယ် မြေကြီးလမ်းလေး ဖြစ်နေတာရယ် ကိုယ့်ခြေထောက်ကိုဘဲ ကိုယ်ကြည့်ပြီး တက်လို့ရတာရယ် ဘေးဘီမှာ ကိုင်စရာဆိုလို့ မြက်ပင်လေးတွေဘဲ ရှိနေတာရယ်ကြောင့် ယောက်ျားရဲ့  လက်ကိုမြဲမြဲဆုတ်ရင်း ရအောင်တက်မယ်ဆိုပြီး ခြေလှမ်းကို စလိုက်ပါတော့တယ်။
အရှေ့ ဆုံးက ဆေးစပ်ဆရာက တက်သွားပြီး သူ့အနောက်က ကလေးကို ကြောပိုးထားတဲ့ ဆေးစပ်ဆရာရဲ့  သားလေးက တက်ပါတယ်။
သူ့အနောက်ကမှ ကျမရဲ့ အမျိုးသားက တက်လိုက်သွားပြီး သူ့အနောက် ခပ်ခွာခွာကနေ ကျမလိုက်တက်ပါတယ် ကျမရဲ့  အနောက်ကမှ ဦးထွန်းဖေနဲ့ ကိုရဲစားတို့က လိုက်လာပါတယ်။
ကလေးမွေးထားတာလဲ ၇လဘဲ ရှိသေးတဲ့အတွက် အားကလဲ အရမ်းနည်းနေပါတယ် သို့ပါသော်လဲ ယောင်နောက်ဆံထုံးပါဆိုပြီး ကိုယ်ခံအားတွေ နည်းနေပေမဲ့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း အားတင်းကာ ထိုတောင်ပေါ်ကို ရောက်အောင် တက်ရပါတော့တယ်။
ကျမရဲ့  ကြောက်စိတ်ကြောင့် တောင်ပေါ်ကို တော်တော်နဲ့ မရောက်နိုင်ပေမဲ့ သားဖြစ်သူကတော့ အောင်မြင်စွာနဲ့ တောင်ပေါ်ကို ရောက်သွားခဲ့ပြီ ဆိုတာကို ဆေးစပ်ဆရာရဲ့ သားလေးက နာဂလို အော်ပြောတဲ့အသံကို တောင်တွေ ကြားထဲမှာ ပဲ့တင်ထပ်နေတာတွေကို ကျမတို့ ကြားလိုက်ရပါတယ်။
နောက်တော့ ဦးထွန်းရီနဲ့ ကျမရဲ့  အမျိုးသား တောင်ပေါ်ကို ရောက်သွားကြပါပြီ သူတို့တွေ ရောက်သွားကြပြီဆိုတာကို တောထဲတောင်ထဲမှာ ပြောကြတဲ့ စကားသေံတွေနဲ့ အပေါ်ကနေ အော်သံတွေ ကြားလိုက်ရတာနဲ့ ကျမမှာ အားအင်တွေ ပိုရလာခဲ့ပါတယ်။
ပေါက်တဲ့နှစ်ဖူး မထူးတော့ပြီမို့ မရှိမဲ့ရှိမဲ့ အားလေးကို အားမာန်တင်းပြီး နွယ်မြက်သစ်ပင် ရှိသမျှကို ကုတ်ခြစ်ပြီး ဆွဲတက်လိုက်တာ ကျမအတွက်တော့ လှိုင်းကြီးလှေအောက် တောင်ကြီး ဖဝါးအောက် ဖြစ်ခဲ့ပေမဲ့လဲ တစ်တောင်ဆစ်တွေကွဲ ဒူးတွေပြဲပြီး ဒူးဆစ်တွေ ရောင်သွားတဲ့ထိ ဖြစ်ခဲ့ရပါတော့တယ်။
အောင်မြင်မှု
တကယ်တမ်းကျတော့ ဒီရွာလေးရဲ့  နံမည်က လန်လိုင်လ ရွာလို့ခေါ်ပါတယ် မတ်စောက်ပြီး တက်ရတာခက်ခဲကြမ်းတမ်းကာ လူတွေမကြာခန ပြုတ်ပြုတ်ကျတဲ့အတွက် လန်လန်ကျဆိုပြီး အပြုသဘောနဲ့ ခေါ်ကြခြင်းသာ ဖြစ်ပါတယ်။
လန်လိုင်လရွာကို တက်ရခက်လွန်းလို့ လန်လန်ကျလို့ အမည်သညှာပြုခဲ့ကြပေမဲ့ အဲဒီလန်လိုင်လရွာကို ကျမတို့ မိသားစု အောင်မြင်စွာနဲ့ တက်ရောက်နိုင်ခဲ့ပါတယ်။
ကျမနဲ့ ကျမအမျိုးသားတို့ ရှေ့ ဆင့်နောက်ဆင့်ဆိုသလို တောင်ပေါ်ကို တက်လာနိုင်တဲ့အတွက် ကျမတို့ မိသားစုကို လာကြိုကြတဲ့ လူတွေရဲ့  လက်ခုတ်လက်ဝါးတီးပြီး ဂုဏ်ပြုခြင်း ခံလိုက်ရတဲ့ ကျမဟာ ငို၍ရီ၍မရသော မျက်နှာလေးနဲ့ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။
လေရှီးဆေးရုံမှာ တာဝန်ကျတဲ့ ခေတ်အဆက်ဆက် ဆရာဝန်များထဲမှ ဆရာဝန် တစ်ယောက်ရဲ့  ချစ်စရာ့မိသားစုလေးကို သူတို့လဲ ချက်ချင်းဆိုသလိုပါဘဲ လေးစားခင်မင်စွာ ကြိုဆိုခဲ့ကြသလို အဲဒီအချိန်မှာဘဲ တောင်ပေါ်မှာ ရှိနေတဲ့ ရွာလေးကို ရောက်တဲ့အချိန်မှောတာ့ နေဝင်ပြီး မိုးချုပ်လို့ သွားခဲ့ပါတော့တယ်။
တညတာကို ထိုကဲ့သို့သော မြေစိုက်အိမ်လေးမှာ နားခဲ့ကြပါတယ်။
![]() |
| Govisitnagland.com မှကူးယူဖော်ပြထားသောနာဂတို့၏မြေစိုက်အိမ် တညတာကို ထိုကဲ့သို့သော မြေစိုက်အိမ်လေးမှာ နားခဲ့ကြပါတယ် |
မနက်လေးနာရီလောက် ရောက်တာနဲ့ လမ်းမှာ ကူပေးဖို့အတွက် အကူပေါ်တာတွေနဲ့ စစ်တပ်က လာကြိုတဲ့ စစ်သားလေးတွေ လာနိုးမှ နိုးလာပြီး ဝေလီဝေလင်း အချိန်မှာ အစာခံတောင် မစားခဲ့ရဘဲ နောက်တစ်နေ့ ခရီးစဉ်အတွက် ခရီးကို ဆက်ကြရပြန်ပါတော့တယ်။
တောလမ်းခရီးမှာတော့ ပါလာတဲ့ မုန့်နဲ့ရေကိုချွေတာကာ စားကြရပြီး ဓါတ်ဆားရည်လေးကို နဲနဲချင်းသောက်ကာ အစာဖြေ အမောဖြေရင်း တနေ့တာ ခရီးစဉ်ကို ပြန်ပြီးစခဲ့ ရပြန်ပါတယ်။
ကြောက်အားပို
တစ်နေ့တာ ခရီးစပြီး ထွက်ထွက်ချင်းမှာဘဲ လမ်းကျဉ်းလေး အပေါ်က ဝါးကိုင်းတွေကို ရှောင်ရင်းတိမ်းရင်း လန်လိုင်ကျတောင်ကနေ ဖင်ဒရွတ်တိုက်ပြီး လျှောဆင်းကာ တောင်အဆင်းကို စတင်ဆင်းကာ ထွက်လာခဲ့ပါတယ်။
တောင်တစ်လုံးဆင်းပြီးလို့ နောက်တောင်တစ်လုံးကို တက်ရတော့မယ် ဆိုတာနဲ့ ခရီးကဆက်လေ တောကနက်လေ တောင်ကမြင့်လေ ရာသီဥတုကလဲ အေးလေလေမို့လို့ နားလိုက်လျှောက်လိုက်နဲ့ ခရီးက ထင်သလို မတွင်ခဲ့ပါဘူး။
ဒီကြားထဲ မိုးတွေက ရွာလာတဲ့အတွက် လမ်းတွေက ချော်လာသလို ချော်လဲလိုက် ပြန်ထလျှောက်လိုက်နဲ့ ပင်ပန်းသထက် ပိုပြီးတော့ ပင်ပန်းလာခဲ့ရပါတယ်။
လမ်းတစ်လျှောက်မှာလဲ ဟိုးအရင်တုန်းက လူတွေနေခဲ့တဲ့ ရွာတွေရယ် အကြောင်းအမျိုးမျိုးကြောင့် ရွာလေးတွေ ပျက်သွားခဲ့ပေမဲ့လို့ လူသူတွေ မရှိတော့ပေမဲ့ ရွှေ့ ပြောင်းမထားဘဲ ဒီအတိုင်းရှိနေတဲ့ လက်ဝါးကပ်တိုင်တွေနဲ့ သင်္ချိုင်းကုန်းတွေ့ပြန်တော့ ဘာကိုကြောက်မှန်းမသိဘဲ ကြောက်ခဲ့ရပြန်ပါသေးတယ်။
အေးစက်စက်နိုင်တဲ့ ရာသီဥတြုကားမှာ ကြောက်အားတွေပိုပြီး ချွေးတွေစို့လာခဲ့ရပြီး သုတ်ချေတင်လျှောက်ခဲ့တာကြောင့် ပင်ပန်းကာ မောဟိုက်လာပြန်တော့ ကိုယ်ရောစိတ်ပါ နားချင်လာပြန်ပါတယ်။
နားမယ်ဆိုပြီး သစ်ပင်ကြီး တပင်အောက်မှာ ခနထိုင်ပြီး နားမယ်လုပ်ပြန်တော့ ဒီနေရာက အန္တရာယ်များတယ် မနားဘဲ ဆက်လျှောက်ရအောင်လို့ ပြောလာတဲ့ ဆေးစပ်ဆရာ ဦးထွန်းရီရဲ့  စကားကို အထွန့်တက်ပြီးအကျိုးအကြောင်း မေးကြည့်တဲ့ အခါမှောတာ့ ဒီနေရာက ဆင်တွေလာနေကျ လမ်းမို့လို့ ခပ် သွက်သွက်လေး လျှောက်သင့်ကြောင်း ပြောလာတာနဲ့ ဖနှောင့်နဲ့တင်ပါး တစ်သားထဲကျအောင် ပြေးကြရပြန် ပါတော့တယ်။
စိတ်ချောက်ခြားလာပုံ
![]() |
| သူတို့ရဲ့ အန္တရာယ်ကလဲ အရမ်းကြီးပါတယ် |
တစ်တောဝင် တစ်တောင်ထွက်နဲ့  မိုးသားတောင် မမြင်ရတဲ့တောတောင် နက်နက်ကြီးထဲမှာ ကျမတို့ဘာအန္တရာယ်မှ မကြုံခဲ့ရတာလဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။
တစ်ချို့ဆိုရင် ဝက်ဝံကုတ်တာ ကျားနဲ့ မျက်နှာချင်းဆိုင်တွေ့တာ တောဝက်နဲ့ရင်ဆိုင်တာ တောခွေးနဲ့ ကြုံရတာ ဆင်လိုက်တာ တွေခံကြရတယ်လို့ ပြောပါတယ်။
တစ်ဖြေးဖြေးနဲ့ တောကြီးမျက်မည်းထဲမှာ တောဌက်တွေနဲ့ တောကောင်တွေရဲ့ အသံတွေဟာ ကြောက်စရာ ပိုပိုပြီး ကောင်းလာပါတော့တယ်။
လမ်းဘေးတစ်ဖက် တစ်ချက်ရဲ့ ဆီ ကျောက်တောင်တွေပေါ်က စိမ့်စမ်းရေ စီးကျသံတွေကပါ လူသံလိုလို တောကောင်လိုလို တောပိုင်တောင်ပိုင်တို့ရဲ့  အသံတွေလိုလိုနဲ့  စိတ်ကို ကစဥ့်ကလျား ဖြစ်စေခဲ့ပါတယ်။
လမ်းတစ်လျှောက်မှာ တောင်တက်တောင်ဆင်း ဖြတ်သွားဖြတ်လာတွေကလဲ ဘယ်သူမှ မရှိသလို တစ်ရွာနဲ့တစ်ရာ ရောက်ဖို့ကလဲ မိုင်ပေါင်းက အသင်္ချေပါဘဲ။
![]() |
| ရေတံခွန်တွေက ကျလာတဲ့ရေသံတွေဟာ တောနက်ထဲမှာ စိတ်ချောက်ခြားစရာပါ |
ဆုံကင်းရွာကို ရောက်ရှိပုံ
ဒီလိုနဲ့ ခရီးတစ်လျှောက်မှာ ခနနားလိုက် သုတ်ခြေတင်လိုက်နဲ့ တောင်ပေါ်ကို တက်လာလိုက်တာ နေ့တဝက် မကျိုးခင်မှာ ဆုံကင်းရွာကို ရောက်ပါတော့တယ်။
နေ့လည်ခင်းမှာ ခနတည်းပြီး ထမင်းစားရမဲ့ အိမ်ပေါ်ကို တက်ဖို့ရာမှာ ကျမချက်ချင်း မတက်ရဲခဲ့ပါဘူး ဘာလို့လဲ ဆိုရင်တော့ လှေခါးက တက်တက်ချင်း မြင်နေရတဲ့ နေရာမှာ တရိစ္ဆာန်ပေါင်းစုံရဲ့ ဂျိုတွေအရေခွံတွေ ဦးခေါင်းခွံတွေနဲ့ အရိုးပေါင်းစုံ အမွှေးအတောင် ပေါင်းစုံတို့ကို ချိတ်ဆွဲထားတာတွေေ တွေ့လိုက်ရလို့ပါဘဲ။
![]() |
| နာဂလူမျိုးတို့၏အိမ် |
ပိုပြီးကြောက်စရာ ကောင်းတာက သူတို့တွေ အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူမီးသေနတ် အပါအဝင် လက်နဲ့ထွင်ထားတဲ့ တခြားသော လက်နက်တွေ မျိုးစုံပါဘဲ။
ဒါတွေကိုကြည့်ပြီး ကြောက်နေမှန်း သိတဲ့ကျမကို ဘာသာစကား နားမလည်ပေမဲ့ သူတို့ရဲ့ ပြုံးရွှင်သော မျက်နှာပေးနဲ့ လက်ဆွဲနူတ်ဆက်ကြပါတယ်။
နောက်ဆုံးတော့လဲ မြန်မာစကား လုံးဝမတတ်ကြတဲ့ သူတို့ရဲ့ အပြုံး သူတို့ရဲ့  ဟန်ပန်အမူအရာတွေရယ် ဘာသာပြန်တွေရဲ့  အကူအညီနဲ့ ခနတာအတွင်းမှာဘဲ ကျမတို့တွေ ရင်းနှီးခင်မင်ခွင့် ရရှိခဲ့ပါတယ်။
ပြီးတာနဲ့ သူတို့ကျွေးသမျှ နာဂလူမျိုးတို့ လက်ရာတွေကို ခေါင်းမဖော်တမ်း စားတာကိုကြည့်ပြီး ကျမတို့မိသားစုကို သူတို့လဲ အရမ်းခင် မင်သွားကြပါတယ်။
ကြက်ဥလက်ဆောင်
နာဂလူမျိုးတို့ဟာ အကြောင်းကိစ္စ တစ်ခုနဲ့ ကိုယ့်ဆီလာခဲ့ရင် သူတို့ရဲ့ ခါးပိုက်ထဲမှာ ကြက်ဥတွေ ပါလာတတ် ပါတယ့် ကြက်ဥတွေ ပါလာပေမဲ့လဲ သူတို့အနေနဲ့ ယုံကြည်လေးစားမှ ပါလာတဲ့ ကြက်ဥကို လက်ဆောင်ပေး တတ်ကြပါတယ်။
အဲဒီနေ့ကတော့ ကျမတို့ မိသားစုရဲ့  သူတို့အပေါ် တုန့်ပြန်တဲ့ မေတ္တာကို သူတို့တွေ လက်ခံလိုက်ပုံ ရပါ
တယ် မာန်တွေဟန်တွေ မပါတဲ့ နာဂလူမျိုးတို့ရဲ့ ခင်မင်လေးစားသမှု အပြုကို ခံလိုက်ရတဲ့ ကျမတို့မိသားစုလေးဟာ ဆုံကင်းရွာလေးက အထွက်မှာ ကြက်ဥတွေကို လက်ဆောင်အဖြစ် ရရှိခဲ့ပါသေးတယ်။
လူမျိုးဘာသာ
ဆုံကင်းဆိုတဲ့ အဲဒီရွာမှာတော့ ချင်းလူမျိုးနဲ့ နာဂလူမျိုးတွေကို တွေ့ရပါတယ် သူတို့ရဲ့  အဓိက အသက်မွေး ဝမ်းကျောင်း အလုပ်တွေကတော့ တောင်ယာစိုက်ပျိုးကြပြီး တောလိုက်ကြတာဘဲ ဖြစ်ပါတယ်။
နွားနောက်များနဲ့ ဝက်များကိုလဲ မွေးမြူကြပါသေးတယ် ဘာသာတရား ကိုးကွယ်ယုံကြည်မှုကတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတာ များပါတယ် အိမ်တိုင်းလိုလိုမှာ လက်ဝါးကပ်တိုင်လေးတွေ စိုက်ထားတာကြတာလဲ တွေ့ ခဲ့ရပါသေးတယ်။
အပိုင်း(၃)သို့ဆက်ပါမည်
မာမာလွင်

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment