Wednesday, June 26, 2013

ဘဝအတွက် အလိုအပ်ဆုံးအရာ



ကျမရဲ့  တစ်နေ့တာအတွက် ဒီနေ့တော့ စောစောစီးစီး ထမင်းဟင်း ထချက်ဖြစ်ပါတယ် ထမင်းဟင်းကျက်တာနဲ့ ဘုရားရှိခိုးဆွမ်းတော်ကပ်ပြီးတာနဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့  ပရိတ်တရားကိုဖွင့်ပြီး နာလိုက်ပါတယ် ဒါတွေက ကျမရဲ့  တစ်နေ့တာအတွက် နေ့စဉ်လုပ်ဆောင်ရမဲ့ လုပ်ငန်းရဲ့ အစတွေပေါ့။

ကျမတို့နေတဲ့ အိမ်ရှေ့ မှာရှိနေတဲ့ လမ်းမကြီးဟာ မနေ့က ရုံးပိတ်ကျောင်းပိတ်ရက်မို့ တိတ်ဆိတ်ခြောက် ကပ်နေခဲ့ပါတယ် ပိတ်ရက်ရဲ့ အစ စနေနေ့မှာတော့ သွားသူလာသူ မရှိသလောက်နဲ့ တိတ်ဆိတ်လို့နေခဲ့ပါတယ်။

ဒီနေ့တနင်္ဂနွေနေ့မှာတော့ ကားတွေရောလူတွေပါ ရှုပ်ရှက်ခပ်နေခဲ့ပါတယ် ကားရောင်စုံ လူရောင်စုံတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမကြီးကို ကျမငေးမောပြီး ကြည့်နေမိခဲ့မိပါတယ်။

အဲဒီအချိန်မှာ ကျမကိုယ့်ရပ် ကိုယ့်ဌာနီကိုအရမ်းဘဲ သတိရသွားမိတယ် ရှင်တော်မြတ်ဘုရားအရိပ်ကို ခိုလှုံချင်တဲ့စိတ်တွေ တစ်ဖွားဖွားနဲ့ ပေါ်ခဲ့မိတယ်  ဗုဒ္ဓဘုရားရှင်ရဲ့  အေးမြတဲ့အရိပ်အောက်မှာ ကျမအေးအေးချမ်းချမ်းနေချင်မိခဲ့တယ်။

ကျမစိတ်ထဲမှာအတွေးပေါင်းစုံ ဝင်ရောက်နယ်ချဲ့နေကြတဲ့ အချိန်မှာတော့ ကျမနေတဲ့ အိမ်ရှေ့ တဲ့တဲ့က ခရစ်ယာန် ဘာသာဝင်တွေရဲ့  ကိုးကွယ်ရာ ဘုရားရှစ်ခိုးကျောင်းတစ်ခုမှာ သူတို့ဘာသာဝင်တွေ မိသားစု စုံစုံလင်လင်နဲ့ ဘုရားလာပြီး ရှိခိုးနေကြသလို ကျမလဲကျမတို့ဘာသာတရားရဲ့ အရိပ်အောက်ကို အေးအေး ညိမ်းညိမ်းနဲ့ နားခိုချင်ခဲ့မိပါတယ်။

အဲဒီအချိန်မှာဘဲ ကျမစိတ်ထဲမှာ လိုချင်နေတဲ့ ဆုတွေတစ်ပုံကြီး တောင်းလိုက်မိပါတယ် ဘဝဆက်တိုင်းမှာဘာသာသာသနာကို စောင့်ထိမ်းနိုင်ပြီး  အေးချမ်းတဲ့အရပ်ဒေသမှာ နေနိုင်ပါစေ သာသနာ့အကျိုးကိုသည်ပိုးနိုင်ပြီး စိတ်ချမ်းသာစွာနေရပါစေ ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့  အရိပ်အောက်မှာနေရပြီး အေးမြတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ စိတ်လက်ပေါ့ပါးစွာနေရတဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတွေလဲ တောင်းနေမိခဲ့ပါတော့တယ်။

အဲဒီလို ဆုတွေတောင်းပြီးတဲ့ အခါမှာတော့ ကျမရဲ့ စိတ်တွေ လန်းဆန်းလို့ လာခဲ့ရပါတော့တယ် ကျမအတွက် အလိုအပ်ဆုံးက ဘာဆိုတာကို ကွက်ကွက်ကွင်းကွင်းကြီးသိလာခဲ့ရပါတော့တယ် ဘဝအတွက်ဘာဟာ အဓိကဆိုတာ သိလာခဲ့ရပြီဆိုတော့ သိလာတဲ့အရာကို ကျမကျိုးစားပြီးလုပ်ဆောင်ရတော့မှာပါ။

ကျမအတွက် အားကိုးရာက ဘုရား တရား သံယာဆိုတာကို သိလာခဲ့ရပြီးတဲ့ အခါမှာတော့ အရင်ကထက်ပိုပြီးဘုရားဟောတွေကို လိုက်နာကျင့်ကြံရတော့မယ်ဆိုတာကိုလဲ လက်ခံလာခဲ့ရပါတယ်။

အမှတ်တရ ရက်လေးတွေအတွက် ရေးထားခြင်းပါ။
27/11/2011

No comments:

Post a Comment