Saturday, June 29, 2013

စိတ်ဒဏ်ရာ


တစ်ခါတရံတော့လဲ စာရေးချင်စိတ်လေးတွေ ပေါ်မိပါတယ် စိတ်ကူးရလိုက် ချရေးမယ်လို့ပြင်ဆင်လိုက် အိမ်အလုပ်ကပေါ်လာလိုက်နဲ့ ချာလပတ်ရန်းနေတဲ့ အိမ်အလုပ်တွေ ကြားထဲမှာ စိတ်ကူးတွေကလေထဲမှာ ဘဲရှိခဲ့ပြီး လေထဲမှာဘဲ လွင့်ပျောက်ခဲ့ရတာတွေက များပါတယ်။

စိတ်ကူးသာရှိခဲ့ပြီး အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ ရက်တွေနေ့တွေ အချိန်တွေကြားထဲမှာ ဝါသနာကို အရင်းခံပြီး ဒီနေ့တော့ ဈေးသွားရင်း ကြုံခဲ့ရတာလေးကို အမှတ်တရလေး ရေးဖြစ်ခဲ့ပါတယ် ဝရုန်းသုန်းကားနဲ့ ရေးခဲ့တဲ့ စာလေးဘဲ ဆိုပါတော့။

ဒီနေ့အတွေ့အကြုံလေးက မိဘနဲ့သားသမီး ခံစားချက်လေးဆိုရင်လဲ မမှားပါဘူး အိမ်တစ်အိမ်မှာ မိဘတွေ အဆင်မပြေကြရင် ကြားထဲကနေ စိတ်ဒဏ်ရာ ရကြတာက အဓိက သားသမီးတွေပါဘဲ ကျမဒီနေ့သူတို့သား အမိကို ကြည့်ပြီး ရင်ထဲမ ောတော်တော်လေး ခံစားမိသွားပါတယ်။

ဒီနိုင်ငံတွေမှာ သားသမီးတွေကို မိဘတွေက လူပုံအလယ်မှာ ရိုက်နှက်တာတွေ တွေ့ရခဲပါတယ် ဒါပေမဲ့ သူတို့သားအမိမှာ ဘာအခက်အခဲတွေ ရှိနေတယ်ဆိုတာ ကျမ မသိပေမဲ့ ကလေးရဲ့ အမေကိုကြည့်ရတာသူ့မှာတစ်ခုခုအဆင် မပြေဖြစ်နေတဲ့ သားသည်မိခင်ဆိုတာ သူမပြောပေမဲ့ ကျမအတတ်ဆိုရဲပါတယ် ဘာလို့လဲဆိုတော့ အရာရာကို စိတ်နာပြီး လောကကြီးကို စိတ်ကုန်နေတဲ့ မျက်လုံးတွေ သူ့မှာရှိနေတာ ကျမထင်းထင်းကြီး တွေ့လိုက်ရလို့ပါဘဲ။

ကလေးကစားစရာ အရုပ်ရောင်းတဲ့ နေရာမှာ ကလေးက အရုပ်ပူဆာတာကို ကျမကောင်းကောင်း ကြားလိုက်တယ် ပထမတော့ သူအေးအေးဆေးဆေးနဲ့ သူ့ကလေးကို ဈေးသက်သာတဲ့ အရုပ်ကိုယူဖို့ ပြောပြနေတယ် ကလေးကလဲ ကလေးတို့ရဲ့သဘာဝ လိုချင်တာ မရမချင် းဂျီဆက်တိုက်နေတယ် သူတို့ရဲ့ ဘေးမှာက လဲ ကျမအပါအဝင် ဈေးဝယ်သူ တော်တော်များများ ရှိနေတော့ အမေဖြစ်သူက တော်တော်လေး သီးခံပြီး လိမ်ကောက်ကွေးနေတဲ့ သူ့ရဲ့ကလေးကို ချော့မော့နေရှာပါသေးတယ်။

ကြာလာတော့ ဇွဲခတ်နေတဲ့ ကလေးကြောင့် နဂိုထဲကမှ အတွင်းစိတ် မကြည်လင်တဲ့ စိတ်တွေရှိနေတဲ့ ကလေးအမေက စိတ်နောက်လာ ပုံရပါတယ် သူ့ကလေးကို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ဗိုက်ခေါက်ဆွဲလိမ်လိုက်တယ် ကလေးကလဲ လိမ်ထားတဲ့ သူ့ရဲ့အမေရဲ့လက် မလွှတ်ခင်လေးမှာ ဗျဲကနဲ ထငိုပါတော့တယ် ကလေးအငိုမှ ာအားလုံးက သူတို့သားအမိဆီကို မျက်လုံးတွေက လျင်မြန်စွာနဲ့ ရောက်သွားကြပါတယ်။

ဘယ်သူကမှ ဘာမှမပြောပေမဲ့ ကျမကတော့ ငိုနေတဲ့ကလေးကို သနားသွားမိသလို အမေလုပ်သူရဲ့ရီဝေထုံထိုင်းနေတဲ့ မျက်နှာလေးကို အမှတ်တမဲ့ ဂရုဏာသက်စွာနဲ့ ကြည့်လိုက်မိပါတယ် ကျမလေ သူတို့သားအမိ နှစ်ယောက်လုံးကို အရမ်းသနားသွားမိတယ်။

သူ့မှာသူ့အသက်အရွယ်နဲ့မမျှအောင် အပူတွေကို သယ်ဆောင်ထားရတယ်ဆိုတာကိုလဲ ကျမကောင်း ကောင်းတွေ့လိုက်မိပါတယ် ဘာလို့လဲဆိုတော့ သူမှာ သူ့ရဲ့ကလေးကို ကြည့်နေတဲ့ ရီဝေနေတဲ့ မျက်လုံးအစုံက သက်သေရှိနေခဲ့ပါတယ် သူဘယ်သူ့ကိုမှ ဘာမှမပြောဘဲ ငူတူတူကြီး ရပ်နေပါတယ် မျက်လုံးတွေကကလေးဆီမှာ ရှိမနေဘဲ မျှော်လင့်ချက်တွေ မဲ့နေတဲ့မျက်လုံးအစုံနဲ့ အဝေးကြီးကို လှမ်းပြီးကြည့်နေတာတွေ့လိုက်ရပါတယ်။

ကျမ အဓိကပြောချင်တာက ဗိုက်ကိုဆွဲစိတ်လိုက်မိတဲ့ အမေရယ် အဆိက်ခံရတဲ့ ကလေးရယ်ဟာ သူတို့ရင် ထဲမှာ စိတ်ဒဏ်ရာတော့ တစ်ခုဆီ ရသွားကြမယ်ဆိုတာပါဘဲ။

ဆိက်မိတဲ့ အမေကလဲ ဆိက်ပြီးမှ စိတ်မကောင်း ဖြစ်သွားမှာ သေချာပါတယ် အဆိက်ခံရတဲ့ ကလေးကလဲ အဆိက်ခံရလို့ စိတ်ထဲမှ ာဒဏ်ရာတော့ ရသွားမှာပါ ဘာဖြစ်လို့ ဒီလိုပြောနိုင်ရသလဲဆိုရင် ကျမကိုယ်တိုင်
သားကြီးအသက်ဆယ့်လေးနှစ်လောက်က ကိုယ်ကိုယ်တိုင် စိတ်မကြည်မလင် ဖြစ်နေတဲ့အချိန်မှာ ကြီးလေးတဲ့ အပြစ်ကို သူဘာတစ်ခုမှ မလုပ်ဘဲ ကျမရဲ့စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ သူ့ကိုဓါးစာခံလုပ်ပြီ းသနပ်ခါးသွေးတဲ့ ကျောက်ပျဉ်နဲ့ ကောက်ပေါက်လိုက်မိတာပါဘဲ ကိုယ့်ရဲ့စိတ်ကို ပြေလျော့အောင် လုပ်မိတာမို့ သူ့ကိုထိ အောင်တော့ မပေါက်ပါဘူး။

ဒါပေမဲ့ အခုချိန်မှ ာအသက်နှစ်ဆယ်ကျော် ရှိနေပြီဖြစ်တဲ့သားဟာ ဒီနေ့ထိ စကားစပ်မိတိုင်း အမေဖြစ်သူ ကျမကို ကျမရဲ့ စိတ်ထွက်ရပ်ပေါက်ဖြစ်တဲ့ ကျောက်ပျဉ်ဇာတ်လမ်းလေးကို သူသတိရတဲ့ အခါတိုင်း အမေကို အလွမ်းပြေ ပြန်ပြန်ပြီး ပြောပြလေ့ ရှိနေလို့ပါဘဲ။

သူပြောတဲ့ စကားတိုင်းမှာလဲ သူရှောင်လိုက်မိလို့ သူ့ကိုမထိသွားတာလို့ ကလေးအတွေး ကလေးအထင်လေး တစ်ခုက သူ့စိတ်အစဉ်မှ ာသူ့ကိုလွှမ်းမိုးသွားပြီခဲ့ပြီဆိုတာကို ကျမကောင်းကောင်းကြီး သိခဲ့ရပါတယ် တစ်ကယ်လို့ များမှန်သွားခဲ့ရင်ဆိုတဲ့ အသိက သူ့့အတွက် ကြောက်လဲကြောက်စရာ ဖြစ်သွားခဲ့မယ်ဆိုတာအမှန်ပါ သူကစကားစပ်မိလို့ ရယ်စရာတစ်ခုလို ပြန်ပြန်ပြောပြမိတိုင်း ကျမရဲ့ အမှတ်တမဲ့ စိတ်ထွက်ပေါက်ကြောင့် သူ့အတွက် စိတ်ဒဏ်ရာ ရသွားခဲ့့တယ်ဆိုတာကို ကျမကောင်းကောင်း သိထားခဲ့ပါတယ်။

ဒီစကားကို သူပြောပြောပြတိုင်း ကျမကတော့ ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာခဲ့ရတာခြည်းပါဘဲ ဘာလို့လဲဆိုတော့ ကိုယ့်ခံစားချက် ကိုယ်ဖြေဖျောက်တာက သားဖြစ်တဲ့ သူ့အတွက် သူဖွင့်မပြောပေမဲ့ စိတ်အနာတစ်ခုဖြစ်သွားခဲ့ရတာကို ကျမမြင်ခဲ့ရပြ ေးနောက်ပိုင်းတွေမှာ စိတ်မကောင်း အရမ်းဖြစ်ခဲ့ရလို့ပါဘဲ။

ဒီနေ့မြင်ခဲ့ရတဲ့ သားအမိနှစ်ယောက်မှာလဲ တစ်ချိန်ချိန်မှာ သူတို့သားအမိနှစ်ယောက်ဟာ ကျမတို့သားအမိ လိုဘဲ သားဟာသူ့ရဲ့စိတ်ဒဏ်ရာလေးကို တိုက်ဆိုင်တဲ့ အချိန်တိုင်းမှာ ဖွင့်ပြောပြီး သူ့ရဲ့ဒဏ်ရာ အဟောင်းလေး ကို ပြောပြပြီး စိတ်ထွက်ပေါက်ကလေး တစ်ခုအဖြစ် ပြောဖြစ်နေကြလိမ့်ဆိုတာ ကျမကောင်းကောင်းကြီး သိနေခဲ့ပါတယ်။

သားကအမေကို ဒီစကားလေး ပြန်ပြန်ပြောပြတိုင်း အမေကို စိတ်ဆိုးလို့ ပြောတာမဟုတ်ဘူးဆိုတာတော့ ကလေးအမေက ကြိုပြီးသိထားသင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျမနဲ့ကျမရဲ့သားအကြားမှာ ကျမရဲ့ စိတ်အထင်တော့ သားဟာသူ အရမ်းကြောက်လန့်ခဲ့ရတဲ့ စိတ်ဒဏ်ရာလေးကို အကြောက်ဖြေတဲ့ အနေနဲ့ အမေကို ရယ်စရာလေး တစ်ခုလို ပြန်ပြန်ပြောပြပြီး အကြောက်တွေကို ဖြေနေတယ်လို့ ကျမဘက်က ထင်ခဲ့မိလို့ပါဘဲ။

mar mar
23/5/2013

No comments:

Post a Comment