Saturday, June 29, 2013

အတွေးသံသရာ

အိမ်ရှင်မရဲ့တစ်နေ့တာအတွက်အမြဲတမ်းလိုလိုကျမအိပ်ယာကနေစောစောထတတ်ပါတယ်  အရင်ဦးဆုံး အိပ်ရာကနိုးတာနဲ့မျက်နှာသစ်ပြီးကိုယ်လက်သန့်စင်မှုကိုအရင်လုပ်ပါတယ် ပြီးမှကျန်တဲ့အလုပ်တွေကို အစီအစဉ်အတိုင်းကျမဆက်လုပ်ပါတယ် မိသားစုတာဝန်ကိုကျမတတ်နိုင်တဲ့ဘက်ကတာဝန်ကျေအောင် အမြဲလုပ်ပေးတတ်ပါတယ် အားလုံးရဲ့ဝေယာဝစ္စတွေပြီးမှကျမရဲ့ကျန်ရှိနေတဲ့အလုပ်တွေကိုကျမဆက်လုပ် ပါတယ်။


ဒီနေ့တော့မိသားစုအတွက်လိုအပ်တာတွေလုပ်နေတုံး အိမ်အပြင်မှာသစ်ကိုင်းသံတွေတစ်ဝုန်းဝုန်းနဲ့ကြား တာကြောင့်အိမ်ရှေ့ထွက်ကြည့်မိပါတယ် လေတွေအရမ်းတိုက်လာတာနဲ့ကျန်းမာရေးအတွက် လမ်းလျှောက်ဖို့အစီအစဉ်ကိုကျမဖျက်ရပါတယ်  နောက်တစ်ခါလမ်းလျှောက်ပြီးသွားရမဲ့ဈေးသွားမဲ့ အစီအစဉ်ကိုဖျက်လိုက်ရပါတယ် အစီအစဉ်တွေဖျက်ပြီးသွားပြီဆိုတော့ အိမ်မှာရှိတာလေးနဲ့မနက်စာ အတွက်အဆင်ပြေအောင်ကျမစီမံရပါတော့တယ်။


ထမင်းဟင်းကျက်တဲ့အခါမှာဘုရားရှိခိုးဆွမ်းတော်ကပ်အမျှအတမ်းဝေပြီး မင်းကွန်းဆရာတော်ဘုရားကြီး ရဲ့ပရိတ်ကြီးဆယ့်တစ်သုတ်တရားတော်ကိုစိတ်အေးလက်အေးနာလိုက်တယ် ၂၄ပစ္စည်းအကျဉ်းနဲ့ အကျယ်ကိုကျမရွတ်လိုက်ပါတယ်။

တရားနာပြီးတဲ့အချိန်မှာကလေးတွေနိုးလာတော့ သူတို့စားဖို့ပြင်ဆင်ပေးရင်းသူတို့နဲ့ရောပြီးကိုယ်ပါဗိုက် ဖြည့်လိုက်တယ် စကားတစ်ပြောပြောနဲ့ကော်ဖီသောက်မုန့်စားကြရင်းက မိသားစုအကြောင်းအာ့လာ ပါ့သာ့လာပါ့ပြောဖြစ်ကြပါတယ် သူတို့ဖြစ်ချင်တာလေးတွေသူတို့လုပ်ချင်တာလေးတွေကို အမေကို ရင်ဖွင့်ကြတိုင်ပင်ကြနဲ့သူတို့ပြောတဲ့စကားတွေနားထောင်ရင်းပီတိတွေဖြစ်နေခဲ့မိတယ်။

သားနဲ့သမီးပြောသမျှခေါင်းတညိမ့်ညိမ့်နဲ့နားထောင်နေတဲ့ကျမဟာ သူတို့ရဲ့ရည်မှန်းချက်တွေကိုပြောပြ တော့ကျမအတွက်လိုအပ်နေတဲ့အနှစ်သာရ ပြည့်ဝတဲ့အားဆေးတစ်ခွက်သောက်နေရသလိုမျိုးအား တွေဖြစ်ခဲ့တာလဲအမှန်ပါ။

ကျမအတွက်တော့ ကလေးတွေကိုယ့်နားမှာစုစုစည်းစည်းလေးရှိနေတာကိုပီတိတွေဖြစ်ခဲ့ပြီး အရာရာဟာ ပြီးပြည့်စုံနေတယ်လို့ထင်မိပါတယ်။

သူတို့ကြုံခဲ့ဆုံခဲ့တာလေးတွေကိုစားရင်းသောက်ရင်းပြောကြရင်းဘဲ အားလုံးစားသောက်ပြီးတော့ ကလေးတွေကကျောင်းကိုအသီးသီးထွက်သွားကြတယ် ကျမလဲလုပ်စရာရှိတဲ့အလုပ်တွေဆက်လုပ်ပြီး သူတို့ပြန်အလာကိုမျှော်နေရင်းအိမ်မှာလုပ်စရာရှိတာတွေလုပ်ရင်းအချိန်တွေကိုဖြုန်းနေလိုက်ပါတယ် သူတို့မောင်နှစ်မကျောင်းကပြန်လာချိန်ကျမှ ကျမတို့သားအမိတွေရဲ့နေ့လည်စာကိုစားကြတာဖြစ်ပါတယ် ဒါကြောင့်မို့မိသားစုရဲ့နေ့လည်စာဟာ သုံးနာရီထိုးပြီးမှစားဖြစ်ကြတာကများပါတယ် အဲဒီအချိန်ကျမှလဲ သားနဲ့သမီးလေးကကျောင်းကပြန်ရောက်တတ်လို့ပါ။

သူတို့ရောက်လာတာနဲ့ကျမတို့သားအမိတွေထမင်းစားကြပါတယ် ထမင်းစားရင်းကကျမတို့ဆီကို သိပ်မကြာသေးခင်အချိန်ကမှရောက်လာတဲ့ သားဆီကကြားရတဲ့ စကားသံလေးဟာကျမရဲ့ရင်ထဲမှာ တော်တော်လေးခံစားလိုက်ရပါတယ် ငယ်ငယ်လေးထဲကမိဘနဲ့ခွဲပြီး တိုင်းတစ်ပါးမှာပညာသင်ဖို့သွားနေ တဲ့ကလေးဆီကလွမ်းဆွတ်တဲ့လေသံလေးနဲ့ မေမေချက်တာလေးတွေမစားရတာကြာခဲ့ပြီတဲ့ အခုပြန်စားရ တော့အရမ်းကောင်းတာဘဲတဲ့ ကျမရင်ထဲလှိုက်ကနဲဖြစ်သွားခဲ့ရတယ် သူ့ဘာသာသူဖြစ်သလိုနေပြီးဖြစ်သ လိုစားခဲ့ရတာတွေကိုသူပြောမပြပေမဲ့ကျမကောင်းကောင်းကြီးသိလိုက်မိပြီး စိတ်ထဲမှာသူ့ကိုသနားသလို ခံစားလိုက်မိပါတယ်။

ကျမရင်ထဲစို့နင့်နာကြင်သွားခဲ့မိပါတယ် ဟုတ်ပါရဲ့ကျမတစ်ကိုယ်ကောင်းဆန်ကာအတ္တကြီးခဲ့ပြီး ပညာရေးလောဘတွေတက်ခဲ့မိတာကြောင့် ခလေးကိုနိုင်ငံရပ်ခြားမှာပညာသင်ဖို့လွှတ်လိုက်တဲ့အချိန်ဟာ ပြန်တွက်ကြည့်ရင်သူအတွက်အရမ်းကိုငယ်လွန်းနေခဲ့ပါတယ်။

ကျမလေသူ့ကိုကြည့်ပြီးသနားနေမိတယ် မတွေ့တာကြာနေပြီဖြစ်တဲ့သားနဲ့စကားတွေကပြောလို့မကုန်နိုင် အောင်လဲဖြစ်နေမိခဲ့ပါတယ် အမေချက်ကျွေးတာကိုအားရပါးရစားနေတဲ့သားနဲ့သမီးကိုကြည့်ရင်း စိတ်ထဲမှာ လဲမကောင်းဖြစ်နေမိတယ် အစားစားရင်းသူတို့ပြောချင်တာလေးတွေပြောလာကြတဲ့ သူတို့ရင်ထဲက စကားလေးတွေကိုကျမစိတ်ပါလက်ပါနဲ့နားထောင်ပေးခဲ့မိပါတယ် နားထောင်ပြီးတဲ့အခါမှာတော့ ကျမအတွက်ပီတိတွေရှိခဲ့သလို ဝမ်းနည်းစရာလေးတွေလဲကျန်ခဲ့ရပါတယ်။


အစားစားပြီးတဲ့အခါမှာတော့ကလေးတွေကစာကြည့်ခန်းအသီးသီးဝင်ကုန်ကြတယ် ကျမကတော့ ညနေစာအတွက်ပြင်ဆင်ပြီး လုပ်စရာရှိတာတွေဆက်လုပ်ရင်းက အတွေးစိတ်အစဉ်ကတော့ ဟိုရောက်   ဒီရောက်ပေါ့ ကျမတစ်ယောက်ထဲအိမ်အောက်ထပ်မှာကျန်နေခဲ့ပြီး အတွေးသံသရာတွေချဲ့နေခဲ့မိပါတော့ တယ် စနေနေ့မို့ခြောက်ကပ်နေတဲ့လမ်းမကြီးကိုကြည့်ပြီး  ကလေးတွေပြောတာကိုပြန်စဉ်းစားရင်းက အတွေးသံသရာထဲမှာမျောနေခဲ့မိပါတယ်။

တစ်ဝုန်းဝုန်းတိုက်နေတဲ့လေသံတွေကိုနားထောင်ရင်းက ကိုယ့်ရဲ့စိတ်တွေလေထဲမျောမပါသွားအောင်
သတိလေးပြန်ကပ်ပြီး ကလေးတွေအတွက်မနက်ဖြန်ရောက်အောင်ဒီနေ့ကိုဖြတ်ကျော်ရအုံးမှာပါ သူတို့အတွက်ကျန်းမာပျော်ရွှင်နေတဲ့အမေတစ်ယောက်ဖြစ်ရအောင်လို့ ကျမကျိုးစားရအုံးမှာဖြစ်ပါတယ်။
9/3/2011

No comments:

Post a Comment