![]() |
| နာဂရိုးရာပွဲတော် |
ကျမနဲ့ ကြက်ဥများ
နာဂလူမျိုးတွေဟာ သူတို့ဆီကိုလာကြတဲ့ မည်သူ့ကိုမဆို သူတို့နဲ့ အကြောင်းတရား တိုက်ဆိုင်ပြီး သဘောကျမှသာ ကြက်ဥလက်ဆောင်ကို ပေးလေ့ရှိကြပါတယ်။
သူတို့နဲ့ အကြောင်းမတိုက်ဆိုင်လို့ သဘောမကျဘူးဆိုရင်တော့ သူတို့မှာ ပါလာတဲ့ ကြက်ဥကို မပေးဘဲပြန်ယူသွားလေ့ ရှိကြပါတယ်။
ကျမကတော့ သူတို့နဲ့သဟဇာတ တည့်တယ်လို့ဘဲ ပြောလို့ရမလား မသိပါဘူး ကျမအိမ်မှာ ရှိတဲ့မီးဖိုကြီး ဘေးက ဆန်အိုးထဲမှာ ကြက်ဥက ဘယ်တုံးကမှ မပြတ်ခဲ့ပါဘူး။
![]() |
| ကြက်ဥ |
ကြက်ဥများနှင့် ရာဇဝင်တွင်ခဲ့တဲ့ ကျမ
သူတို့လက်ဆောင်ပေးတဲ့ ကြက်ဥတွေကို စားလို့မကုန်တဲ့ကျမက ဆန်ထဲ့တဲ့ အိုးကြီးထဲမှာ ကြက်ဥတွေကို စီတန်းပြီး ဆန်တွေထဲမှာ ထောင်ထောင်ပြီး ထဲ့ထားတတ်ပါတယ်။
ကြက်ဥထဲ့တဲ့ ဆန်အိုးကြီးက နှစ်ဆယ့်လေးနာရီ မီးထဲ့ပြီး အပူပေးထားတဲ့ မီးဖိုကြီးဘေးမှာမို့ ကြက်မတစ်ဝတ်စာ အပူချိန်လောက်ရ ရနေတယ် ဆိုတာကို ကျမမသိခဲ့တာ အမှန်ပါ။
တစ်ရက်မှာတော့ ကြက်ဥကြော်ဖို့ ကြက်ဥသုံးလုံးကို ဆန်အိုးထဲကနေ ယူလိုက်ပါတယ် ဆီပူပူ ဒယ်အိုးထဲကို ကြက်ဥဖောက်ပြီး ထဲ့လိုက်တဲ့ အခါမှာတော့ ကြက်ဥမဟုတ်တော့ဘဲ ကြက်အကောင်လေး ဖြစ်နေတာကို တွေ့လိုက်ရပါတာ့တယ်။
ကြက်ဥဖောက်ပြီး ထဲ့လိုက်စဉ် ဆီပူပူထဲကို ဗွက်ကနဲအကျ မဲကနဲ အမြင်မှာ မျက်စေ့ ထဲ ပြာဝေသွားပြီး ကျမကြောက်ကြောက်လန့်လန့်နဲ့ ဒယ်အိုးကိုယူပြီး အပြင်ဖက်ကို လွှင့်ပလိုက်မိပါတော့တယ်။
ရင်တုံတာ ပျောက်လောက်လို့ သွားကြည့်တဲ့ အခါမှာတော့ ကြက်အကောင်ပေါက်လေး ဖြစ်နေတာတွေ့လိုက်ရလို့ စိတ်မကောင်းခြင်း များစွာနဲ့ အဲဒီနေ့ တစ်နေ့လုံး ကတုန်ကရင်နဲ့ ကျမနေခဲ့ရပြန်ပါတော့တယ်။
အဲဒီနောက်ပိုင်းမှာတော့ လက်ကျန်ကြက်ဥတွေကို ကျမဆန်အိုးထဲ ပြန်ထဲ့ထားလိုက်ပါတော့တယ် နောက်ရက်အနည်းငယ် အတွင်းမှာတော့ ဆန်အိုးထဲကနေ ကြက်ကလေးတွေ ပိကျိပိကျိနဲ့ တစ်ကောင်ပြီး တစ်ကောင်ထွက် လာပါတော့တယ်။
![]() |
| ကြက်ပေါက်လေးများ |
နောက်တော့သူတို့တွေ တစ်ဖြည်းဖြည်း ကြီးလာပြီး ဖြစ်တဲ့အတွက် ကျမနဲ့ ခင်တဲ့သူတွေကို ကြက်ကလေးတွေ လက်ဆောင်အဖြစ် ပြန်ပေးနိုင်ခဲ့ပါတယ်။
အမေမပါဘဲ မီးဖိုနဲ့ ဆန်အိုးရဲ့ အပူရှိန်နဲ့ ကြက်လေးတွေ ပေါက်လာတာဟာ အဲဒီအချိန်အခါက သိပ်အံ့သြစရာကောင်းလွန်းတဲ့ ကျမနဲ့ ကြက်ဥလေးတွေရဲ့  ရာဇဝင်လေးပါဘဲနော်။
ကျမနဲ့ အသားစုံ
ကျမငယ်ငယ်လေးထဲက အောက်မြန်မာပြည်မှာ ရတတ်တဲ့ အစာတွေထဲက စားလို့ရတဲ့ အသားကို စုံနေအောင် စားတတ်ပါတယ်။
အမေချက်ကျွေးသမျှ လယ်ကြွက်သားကစလို့ ခါချဉ်ဥကအဆုံး စားတတ်ပါတယ် ဒါပေမဲ့ လေရှီးမြို့ကိုရောက်သွားတဲ့ အခါမှာတော့ ကျမမစားရဲတဲ့ အသားတွေ အများကြီးနဲ့ တွေ့ရပါတော့တယ်။
ပထမဆုံးစပြီး ရင်ဆိုင်ရတာကတော့ လေရှီးမြို့ မရောက်ခင် ရွာတစ်ရွာမှာ စားခဲ့တဲ့ ဆင်သားပါ ဆင်သားကို တစ်ခါမှ မစားဘူးလို့ မစားဘဲ အငတ်ခံပြီး မစားဘဲနေရင်လဲ ကျမတို့ ခရီးမဆက်နိုင်မှာ စိုးရိမ်လို့ ကြိတ်မှိတ်ပြီး မြိုချကာ စားခဲ့ရပါတယ်။
ဆင်ဆိုရင် နံမည်ကြားတာနဲ့တောင် ဖင်တုံနေအောင် ကြောက်တတ်တဲ့ကျမက အဲဒီတုံးက ဆင်သားကိုစပြီပီး စားခဲ့မိတာပါဘဲ။
နောက်ထပ်တွေ့ရတဲ့ အသားတစ်မျိုးကတော့ ဒုတိယအကြိမ် နားခဲ့တဲ့ရွာမှာ စားခဲ့တဲ့ အစွယ်တစ်ငေါငေါ နဲ့ တောဝက်သားပါ။
ရိုးရိုးဝက်သားလို အဆီမပါဘဲ အခေါက်နဲ့အသား ကပ်နေပေမဲ့ အရုပ်ဆိုးလွန်းတဲ့ တောဝက်ကို မျက်စေ့ထဲမှာမြင်မိပြီး သူ့တို့အသားကိုစားလို့ တောထဲမှာ မျက်နှာချင်းဆိုင်များ တိုးမိရင် ငါ့ကိုသူတို့ရဲ့  အစွယ်တွေများပက်လိုက်မလားလို့ အကြိမ်ကြိမ်တွေးပြီးမှ ကြောက်ကြောက်နဲ့ မညက်တစ်ညက်ဝါးပြီး မြိုချခဲ့ရတာပါ။
လေရှီးမြို့ပေါ် ရောက်တဲ့အခါမှာတော့ ကျမကိုယ်တိုင် ဟင်းတွေကိုချက်နိုင်ခဲ့ပြီမို့ တော်ရုံတန်ရုံ အသား တွေကို ကျမမစားဖြစ်တော့ပါဘူး။
ဒါတောင်မှ မစားရဲစားရဲနဲ့ စားခဲ့တဲ့ ဂျီသား ဆိုင်သား ဆတ်သား နွားနောက်သားတို့ကို ကျမစားဖြစ်အောင်စားခဲ့မိပါသေးတယ်။
ဂျီသားနဲ့ဆိုင်သားက စားပြီးရင် ရင်တွေပူတယ်ဆိုလို့ ရံဖန်ရံခါဘဲ စားဖြစ်ခဲ့ပြီး နွားနောက်သားနဲ့ ဆတ်သားကတော့ ပင်တိုင်လိုလို စားခဲ့ရပါတယ် အဲဒါတွေမှ မစားရင်လဲ ကျမမှာ ဘာမှစားစရာ မရှိတော့လို့ပါ။
ကြုံရဆုံရတဲ့ ဝက်ဝံသားနဲ့ မျောက်ချီးခါးဟင်း
တစ်ရက်မှာ တစ်မြို့ထဲ အတူနေတဲ့ ဗိုလ်ချုပ်က ကျမတို့ဆီကို ဝက်ဝံသား လာပို့ခိုင်းပါတယ် ရဲဘော်လေးက သူ့ရဲ့ ဗိုလ်ချုပ်က အသားပို့ခိုင်းလို့ လာပို့တာပါလို့ ပြောတဲ့အတွက် ကျမအိမ်အပြင်ကို ထွက်ကြည့်လိုက်ပါတယ်။
ရဲဘော်လေး ကိုင်ထားတဲ့ ပန်းကန်ပြားလေးထဲမှာ အသားတုံး ခပ်ကြီးကြီး တစ်တုံး တင်ထားတာတွေ့လိုက်ရပါတယ် သွေးသံရဲရဲနဲ့ အသားတုံးကို ကျမလှမ်းမယူခင် ရဲဘော်လေးကို ဘာသားလဲလို့ မေးမိပါတယ်။
အသားနံမည် ဘာအသားပါလို့ သူပြောလို့ မဆုံးခင်မှာ ကျမအိမ်အပေါက်မှာ မူးမေ့ပြီး လဲခဲ့ရပါတော့တယ် သတိရလာတဲ့အထိ ကျမကြောက်လိုက်တာမှ မှပြောမနေပါနဲ့တော့။
အဲဒီလောက် အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ အသားက ဘာအသားများလဲ ရောမသိချင်ကြဘူးလားရှင် ရဲဘော်လေး ပြောလိုက်တာက ရွှေဝါရောင် သည်းခြေပိုင်ရှင် ဝက်ဝံသားပါတဲ့ရှင်။
ဝက်ဝံဆိုရင် အသေအလဲ ကြောက်တဲ့ကျမ တောင်တက်လမ်း တစ်လျှောက်မှာ သစ်ပင်တွေကို ဒေါသတစ်ကြီး ကုတ်ခြစ်ထားတဲ့ လက်သည်းရာတွေ တွေ့ထဲကေ ကြောက်ချီးခနခန ပါခဲ့ရပြီး အရမ်းလဲ ကြောက်ခဲ့ရပါတယ်။
အခုတော့ နာမည်ကြားတာနဲ့တင် သတိလစ်ခဲ့ရပြီး မျက်နှာချင်းဆိုင်များ တွေ့လို့ကတော့ ရှူးရှူးတွေ တစ်ဗျမ်းဗျမ်းနဲ့ ထွက်ကျပြီး ဘယ်နေရာကနေ အသက်ထွက်သွားမလဲတောင် မတွေးရဲတော့ပါဘူး။
ဝက်ဝံတွေက ခွန်အားကြီးပြီး လူနဲ့တွေ့ရင် အသေအလဲ ကုတ်ခြစ်ပြီး သတ်ဖြတ်တတ်တာကို သိထားတဲ့ကျမ သတိလစ်သွားတာလဲ မဆန်းလောက်ဘူး ထင်ပါရဲ့နော်။
သူတို့ပြောတဲ့ ရွှေဝါရောင် သည်းခြေ ပိုင်ရှင်ဆိုတာလေးရော သိချင်နေကြမလားဘဲနော် သူတို့ဆီမှာ ဝက်ဝံရဲ့  သည်းခြေကို အိန္ဒိယနိုင်ငံက ဈေးကောင်းပေးပြီး ဝယ်တဲ့ပစ္စည်း တစ်မျိုးပါ။
ဝက်ဝံသည်းခြေက အရောင်နှစ်မျိုး ရှိကြပြီး ရိုးရိုးသည်းခြေက ဈေးကောင်းမရဘဲ ရွှေဝါရောင် သည်းခြေဆိုရင်တော့ သိန်းဂဏန်းနဲ့ချီပြီး ရကြတယ်လို့ ဆိုပါတယ်။
ဘာအတွက် ဈေးကောင်းပေးပြီးဝယ်တယ်ဆိုတာတော့ သူတို့လဲ သိပုံမရကြပါဘူး အသက်နဲ့ရင်းပြီး တိုက်ခတ်ဖမ်းဆီးလာတဲ့ ဝက်ဝံရဲ့ သည်းခြေကိုတော့ သူတို့အိန္ဒိယဘက်မှာ ရောင်းကြပြီး အသားကိုတော့ နီးစပ်ရာမောဝေဌပြီး စားကြတယ်လို့ ဆိုပါတယ်။
နောက်တစ်မျိုးက ကျမလုံးဝ မစားရဲတဲ့ မျောက်ချီးခါးဟင်းပါဘဲ အဲဒီအချိန်တွေတုံးက လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတဲ့ အချိန်မို့ တစ်ခါတစ်လေ ကျမတို့တွေဆီမှာ စားစရာ ရိက္ခာတွေ ပြတ်လတ်တတ်ပါတယ်။
အဲဒီလိုပါဘဲ လားနွားနဲ့ သယ်ရတဲ့ ပစ္စည်းမှန်သမျှဟာ လမ်းမှာမိုးကြီးကြီး ရက်ရှည်မိလာတာတို့ လမ်းမှာတံတားကျိုးတာတို့ ချောင်းရေလျှံတဲ့ အခါတို့ဆိုရင် သတ်မှတ်ရက်မှာ ရောက်မလာကြဘဲ ရက်တွေလွန်မှရောက်လာတဲ့ အခါတွေဆိုရင် မြို့ပေါ်မှာ ရှိကြတဲ့ ဒေသခံတွေရယ် တပ်ထဲက ဝန်ထမ်းတွေရယ် ကျမတို့တွေရယ်ဟာ ရိက္ခာပြတ်လတ်တာနဲ့ ကြုံရတတ်ပါတယ်။
![]() |
| ပစ္စည်းသည်ကြတဲ့ နွားတွေဟာ လည်ပင်းမြာခြူလေးတွေ ဆွဲထားကြရပါတယ်
လား = မြင်းပုလေးများကို ခေါ်ပါသည်
|
အဲဒီချဉ် နေတဲ့ဆန်တွေကိုမှ မစားရင် စားစရာက မရှိတော့တာမို့ ရတဲ့ဆန်ချဉ်ချဉ်တွေကိုဘဲ ချက်စားခဲ့ရတဲ့ ရက်တွေက အကြိမ်ကြိမ်ပါဘဲ။
အခုနပြောတဲ့ မျောက်ချီးခါး ဟင်းလေးကလဲ တပ်ထဲက တပ်သားလေးက သူတို့စားရတဲ့ အသားဟင်းလေးမို့ တစ်လေးတစ်စားနဲ့ လာပေးတဲ့ ဟင်းလေးပါဘဲ။
အဲဒီအချိန်တွေတုံးက တပ်ထဲမှာ တာဝန်ကျနေတဲ့ တပ်သားလေးတွေဟာ အရမ်းသနားစရာ ကောင်းပါတယ် ရိက္ခာ အချိန်မှီ မရောက်တဲ့ လတွေမှာ သူတို့တွေ တောလည်ထွက်ကြပြီး ရရအသားကို ချက်စားကြပါတယ် အဲဒီနေ့ကလဲ သူတို့တွေ မျောက်သားရလာလို့ ချက်ပြီးလာပို့ကြတာပါ။
အရင်တစ်ခါတုံးက သားစိမ်းလာပို့တာ အဆင်မပြေတဲ့အတွက် ဒီတစ်ခါတော့ ချက်ပြီးသား လာပို့ရှာတာပါ ဒါပေမဲ့ အဲဒီမျောက်သားကိုလဲ ကျမမစားရဲခဲ့ပြန်ပါဘူး။
အမေတို့ ပြောပြောနေတဲ့ မျောက်သားစားရင် မျောက်မျက်နှာကိုကြည့် ဆိုတဲ့စကားလေးက ရှိနေတာကြောင့် သူတို့ဆီက မျောက်ချီးခါး ဟင်းချက်နည်းလေးမေးပြီး မြည်းတောင်မှ မကြည့်ဘဲ သူတို့ကိုကောင်းအောင်ကြည့်ပြောပြီး ပြန်ပေးလိုက်ရပါတယ်။
မျောက်ချီးခါးဟင်းချက် နည်းလေးကတော့ အူမ အူသိမ်ထဲက အစာဟောင်းတွေကို သဘောလောက်ဘဲ ဖယ်ပြစ်ပြီး အသားတွေအ ရိုးတွေနဲ့ ရောကာခုတ်ထစ်ပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ချက်ထားလို့ မျောက်သားက ခါးသက်သက်လေးနဲ့ စားကောင်းတယ်လို့ သူတို့ဆိုကြပါတယ်။
ဒီတစ်ခါတော့ မူးမေ့ပြီး လဲမသွားပေမဲ့ မျောက်မျက်နှာလေးမြင်ပြီး ကျမသနားသွားမိပေမဲ့ လာပို့ရှာတဲ့ကလေး တွေဘက်က ပြန်တွေးကြည့်ပြန်တော့လဲ စားစရာ မရှိလို့ ငါ့ဝမ်းပူဆာ မနေသာလို့ ဝမ်းစာလုပ်လိုက်ရတဲ့ သဘောလို့ဘဲ ကျမတွေးခဲ့မိပါတယ်။
ဓါတ်ပုံများကို ပြန်လည် ကူးယူဖော်ပြခွင့် ပြုထားသော google မှ ရှာဖွေကာ အနီးစပ်ဆုံး ပုံများကို ရှာဖွေတင်ပြထားခြင်းဖြစ်ပါသည်။
မာမာလွင်
၂၇၊၀၆၊၂၀၁၃
.jpg)


.jpg)


No comments:
Post a Comment