ကျမတို့ စီးလာတဲ့ကားက ညဘက်ကြီး ထွက်လာတဲ့ကားဖြစ်တာမို့ မိုးသောက်ချိန်လဲကျရော မနက်အာရုံဦး နေနဲ့အတူ ကားပေါ်ပါ ခရီးသည်အားလုံးကို လန်းဆန်းစေခဲ့တာတော့ အမှန်ပါဘဲ။
အာရုံကျင်း အလင်းဆောင်ပြီဆိုတော့ ကီလိုမီတာ ၅၀ကျော်နဲ့မောင်းနေတဲ့ ကားကြီးပေါ်မှာ အိပ်ပျော်နေတဲ့သူတွေ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြပြီ အဲဒီတော့ ကိုယ်လဲဘုမသိ ဘမသိ လိုက်ပြီးလှုပ်ရတာပေါ့။
ခနနေတော့မှ ကားဒရိုင်ဘာက ဘယ်မြို့ကို ရောက်ပါပြီ မနက်စာစားမယ် အလေးအပေါ့လျှော့မယ် နာရီ၀က် အချိန်ပေးမယ်ဆိုတော့ ကားပေါ်က ခပ်သုတ်သုတ်ဆင်းပြီး လုပ်စရာရှိတာတွေ လုပ်ကြတယ် အဲဒီနာရီ၀က်အတွင်းမှာ အခက်က စတွေ့ပြီ ကိုယ်ကဘာလေးမြင်မြင် ဓါတ်ဆရာက လုပ်ချင်သေးတာ။
သမီးကို အရင်သွားခိုင်းကာ စားစရာပါ ၀ယ်ခိုင်းပြီး ကိုယ်ကတော့ မြင်မြင်သမျှ ဓါတ်ရိုက်ဓါတ်ဆင် လုပ်နေတုန်း ကားကြီးက ဘာမပြော ညာမပြော ဝူးကနည်း ထွက်သွားပါလေရော။
ဟယ် ကားကြီးထွက်သွားပြီ ငါကျန်ခဲ့ဆိုပြီး မျက်စေ့သူငယ် နားသူငယ်နဲ့ သမီးကိုဖုန်းခေါ် သမီးကလဲ မုန့်၀ယ်ပြီးလို့ဆိုင်ကထွက်အလာ အမေနဲ့ကားကြီးမတွေ့တော့ အမေကို ဖုန်းခေါ်။
မေမေဘယ်ရောက်နေလဲပေါ့ အမေကလဲ ငိုမဲ့မဲ့နဲ့ အမေကြံခင်းနားမှာ ဓါတ်ပုံရိုက်နေတာ ကျန်နေခဲ့ပြီ ပြောနေတုန်း ကားကြီးက ဝေါကနည်းဆိုပြီး စရပ်တဲ့နေရာကို ပြန်ပြီးထိုး၀င်လာ အဲဒီတော့မှ ကြံခင်းနာကနေ သမီးကိုကြည့်လိုက်တော့ သူကမုန့်ဆိုင်ထဲက မုန့်ထုတ်တွေနဲ့ ထွက်လာနေတုန်း အမေက သမီးကိုစိတ်ပူ သမီးက အမေကို စိတ်ပူနဲ့ ဒီလမ်းဒီခရီး ကျန်နေခဲ့ရင် ဒုက္ခ။
ကားပေါ်ရောက်တော့ ဆိုင်က၀ယ်လာတာတွေစားပြီး ကိုယ်ကငေးချင်ရာငေး တွေးချင်ရာတွေး ဘေးကသမီးလုပ်သူက မေမေဆေးသောက်လိုက်အုံး သတိပေးမှ ဆေးသောက်ဖြစ်သလို ကိုယ်က ခရီးသွားနေရင် ရောဂါဆိုတာလဲမေ့ ဝေဒနာဆိုတာလဲ မပေါ်။
သမီးက မေမေ ထိုင်ရတာ အဆင်ပြေရဲ့လား ခြေထောက်နေရတာ အိုကေလား ခါးနာလား တဖွဖွမေးပေမဲ့ ဝေဒနာဆိုတာ မေ့နေတဲ့ အမေက အိုကေတယ်ကြီးဘဲ ပြောလာပေမဲ့ တနေရာရောက်လို့ တခါကားအောက်ကို ဆင်းကာနီးတိုင်း ညောင်းနေတဲ့ ခြေထောက်ကို မနည်းဆန့် နာနေတဲ့ခါးကိုလက်ကလေးနဲ့အသာဖိလို့ မတ်တတ်ရပ်တိုင်း ကော့ကလန် ကန်ကားဖြစ်နေတဲ့ ကိုယ့်အဖြစ်က တကယ်တော့ သနားစရာပါ။
ဒါပေမဲ့လဲ အဆင်မပြေရင်ပြောနော် ဆိုတဲ့သမီးရဲ့စကားက ကိုယ့်အတွက်တော့ အကိုက်အခဲ ပျောက်ဆေး မသောက်ဘဲ သက်သာနေသလိုမျိုးပါ



No comments:
Post a Comment