အိမ်ပြောင်းလာတုန်းက ၁၈နာရီ ခရီးကို ကားစီးပြီး လာကြတဲ့ သားအမိ၂ယောက်ရဲ့ လမ်းခရီးတလျှောက် ရီရတာလေးတွေ သတိတရ ပြန်ပြောပြအုံးမယ်။
ခရီးစဉ် တခုလုံး ဟိုတယ်က စမထွက်ခင်ထဲက ဥဥ့်၁နာရီ ကားထစီးရမှာမို့ စင်္ကာပူက သားကြီးက မေမေက ခပ်စောစောလေး အရင်အိပ် မီးမီးက မေမေနိုးရင် ခနအိပ်ဆိုပြီး အစီအစဉ်ဆွဲ မောင်နှမ၂ယောက် ဖုန်းတဂွမ်ဂွမ်ဆက်။
ဟိုတယ်ခန်းထဲမှာ ကိုယ်ကအိပ်မပျော် ကားနောက်ကျမှာဆိုးပြီး စိတ်တွေကလောနေချိန် စင်္ကာပူက သားကြီးက နာရီ၀က်တခါ ဖုန်းခေါ်ကာ အိပ်ပျော်မယ်နော် အိပ်ပျော်နေမယ်နော်နဲ့ သတိပေး taxi ခေါ်ပြီးတာနဲ့ တယောက်က ပစ္စည်းတင်နေတုန်း တယောက်က taxi နံပါတ်ကို ဓါတ်ပုံရိုက် သားဆီကို အမြန်ပို့ပေးဖို့ သားလုပ်သူက ဖုန်းကနေမှာတာတွေ အမေကို လုပ်ပေးဖို့ မှာကြား။
နောက်ဆုံးတော့ တနာရီနီးပြီ အိပ်လို့လဲ မပျော်တဲ့အတူတူ အ၀တ်အစားလဲ ကော်ဖီသောက်ပြီး taxi ခေါ်ဖို့ သမီးကိုပြောတော့ သမီးက taxi ခေါ် ပြီးတာနဲ့ ကီလို ၁၆၀ကျော် သယ်လာတဲ့ ပစ္စည်းတွေကို သူကိုယ်တိုင် အခန်းပြင်ထုတ်ကာ ဖုန်းက ဓါတ်မီးလေးဖွင့်ပြီး ဟိုတယ်အခန်းသော့ ပြေးအပ် ပြန်လာပြီး သူကိုယ်တိုင် ပစ္စည်းတွေ ကားပေါ်တင်ကာ ကားဂိတ်ကို ထွက်လာကြတယ်။
Taxi ပေါ်ရောက်တာနဲ့ ကားနံပါတ် ဘာညာညာသကာ အမေက သားဆီလှမ်းပို့ တချိန်လုံး ဖုန်းနဲ့အင်တာနက် ဖွင့်ထားဖို့ သားကပြော သူကလဲ အချိန်ပြည့် မက်ဆေ့ပို့ ဒီလိုနဲ့ ကားဂိတ်ကို ရောက်လာပါလေရော။
ကားဂိတ်ရောက်တော့ ကားဂိတ်မှာ အိမ်ယာမဲ့ ဆေးသမားလေးတွေ တွေ့တော့ ပစ္စည်းတွေ ချပြီးကာမှ စိတ်တွေထဲ ကြောက်တာ ကြောက်တာဆိုတာ ပြောမနေပါနဲ့တော့ ကြောက်တာနဲ့ ကိုယ်စိတ်ဆက်စပ် ရောဂါက စလာကာ အိမ်သာတက်ချင်လာရော။
Taxi ဒရိုင်ဘာက ပစ္စည်းတွေ ချပေးပြီးပေမဲ့ ကားမလာမချင်း မိနစ်၂၀လောက် ကား၀င်းထဲမှာ စောင့်ပေးလို့ တော်သေးတယ် ခနနေတော့ ကားကြီးမောင်းမဲ့ ဒရိုင်ဘာရောက်လာတယ် ဒီမြို့ကတက်မှာ နင်တို့၂ယောက်ရယ် နောက်တယောက်ရယ်တဲ့ ကိုယ်ကတော့ စကားလဲ ပြန်မပြောနိုင် အိမ်သာတက်ချင်တာ မျက်စေ့မျက်နှာတွေ ပျက်နေပြီ။
နောက်တော့ မရတော့ဘူး သမီးကိုပြောတော့ သမီးက အိမ်သာလိုက်ရှာပေးတယ် မေမေရေ တွေ့ပြီ မြန်မြန်ပြေးဆိုတော့ ခပ်သုတ်သုတ်ပြေး ပြသနာကိုရှင်း ပြန်ထွက်လာတော့ ကားကရောက်နေပြီ ပစ္စည်းတွေ တင်ပြီးတာနဲ့ ကားက တန်းထွက်။
တလမ်းလုံး လူကြီးဖြစ်တဲ့ ကိုယ်က ကလေး ကလေးဖြစ်တဲ့ သမီးက လူကြီးဖြစ်ကာ အမေဂျီတိုက်သမျှ သည်းခံကာ စ်ိတ်ညစ်အကုန်ခံ မခံနိုင်တဲ့အဆုံး အကိုကို ဖုန်းခေါ်ပြီးတိုင် သားကြီးလဲ တညလုံးမအိပ်ရ။
တမြို့၀င်ရင် ကားကတခါရပ်တယ် မုန့်စား အလေးအပေါ့လျှော့ပေါ့ မုန့်စားချိန်တိုင်း ငါကဘိုစာတွေ မကြိုက်ဘူး စားချင်တာက မုန့်ဟင်းခါးဘဲစားချင်တာပြောပြီး သမီးကိုဂျီတွေတိုက် သမီးလုပ်သူက ဘိုတိုင်းပြည်မှာ ဘိုစာမစားလို့ မေမေဘာစားမလဲ ဆီးချို ဆေးသောက်ရမယ် မစားချင်လဲ ဖြစ်ညှစ်စားပါဆိုပြီး ဘာမှန်းမသိတဲ့ ပေါ့ရှပ်ရှပ် ဘိုစာတွေကိုကြည့်ရင်း မျက်ရည် ဗူးသီးလုံးလောက်ကြီးတွေကျပြီး မြိုမြိုချ ရတာလဲ အကြိမ်ကြိမ်။
တနေရာ တခါ ကားရပ်တိုင်း ဥစ္စာကခြောက်သေးတာ ပစ္စည်းထုတ်ကြီးသည်ပြီး အိမ်သာထဲရောက်ရင် ထားစရာ နေရာကမရှိလေတော့ သမီးကို ခနပေး အလေးအပေါ့လျှော့ အော် ကိုယ့်လောဘက ကိုယ့်ကိုပြန်သတ်နေတာများ အလေးအပေါ့တောင် ဇိမ်နဲ့မထုတ်ရပါလားပေါ့ 😀
Mar Mar Lwin


No comments:
Post a Comment