ရာသီဥတု အေးတာကို နှစ်သက်လွန်းတဲ့ သားသားအတွက်ကတော့ သူ့အကြိုက်ဘဲမို့ မှိုင်းတိုက်နေတဲ့ ရာသီဥတုကြီးထဲမှာ သူအရမ်းဘဲ ပျော်နေပုံရပါတယ်။
ရန်ကုန်ကနေ ကျမတို့ ယူလာတဲ့ လမ်းလျှောက်ပြီး ပြေးလို့ရတဲ့ တွန်းလှည်းလေးနဲ့ သူပျော်နေခဲ့ပါတယ် မြေကြီးစိုစိစိပေါ်မှာ ပြေးရင်းလွှားရင်းက ကျမတို့ကို သတိမရနိုင် လောက်အောင်ကို စော့ကစားနေခဲ့တာ မိုးသားတွေကြားထဲက နတ်သားလေး တစ်ပါးလို ပေါ့ပေါ့ပါးပါးပါဘဲ။
မြင့်မားတဲ့ နာဂတောင်တန်းကြီးပေါ်မှာ ရှိနေတဲ့ မိုးသားတွေက ကျမတို့ရဲ့အောက်မှာ ရောက်နေခဲ့ပြီး ကျမ တို့က မိုးသားတွေရဲ့  အပေါ်မှာ ရှိနေခဲ့တာက တော်တော်လေးကို အံ့အားသင့်စရာပါဘဲ။
လေရှီးမြို့ ခံ အဖွားတစ်ယောက်ရဲ့  ကျမကို သူလာပြောတဲ့ စကားလေးတစ်ခွန်းက ကျမအတွက် အမှတ်ရစရာတစ်ခုလဲ ဖြစ်ခဲ့ပါသေးတယ် သူတို့တွေဟာ သိပ်ကံကောင်းလို့ မိုးသားကောင်းကင်ပေါ်မှာ နေကြရတာပါတဲ့။
ဟုတ်မှာပါလို့ ကျမပြန် ပြောတော့ သူကပြန်မေးတယ် ဘာလို့အဲလို ပြောနိုင်တာလဲတဲ့ ကျမတို့အောက်မြန်မာပြည်မှာအခုလို မိုးသားတွေကို ကြည့်ချင်ရင် မော့ကြည့်မှ မြင်ရပြီး ကျမတို့ရဲ့အနားကို မိုးသားတွေကရောက်အောင် မလာနိုင်တဲ့အတွက်ပါလို့ ပြောလိုက်တော့ နာဂအဖွားအိုဟာ အရမ်းကို သဘောတွေ ခွေ့သွားခဲ့ပါတယ်။
သောက်သုံးရေ
လေရှီးမြို့ မှာ နေထိုင်ကြတဲ့ လူတွေဟာ ရေအရမ်း ရှားပါတယ် တောင်ကြိုတောင်ကြားကနေ တစ်စက်ခြင်းတစ်ပေါက်ခြင်း ကျလာတာတဲ့ရေကို ဝါးရေတစ်လျောက်လေးတွေကနေ စုယူပြီး လိုတဲ့နေရာကို သွယ်တန်းယူပြီး သုံးကြရတာပါ။
နာရီဝက်လောက် ပုံးလေးနဲ့ ခံထားမှ ရေတစ်ပုံးလောက်ဘဲ ရတာမို့ ရေကိုချွေတာပြီး သုံးရပါတယ် တောင်ပေါ်မှာ အရာအားလုံးဟာ ရှားပါးတဲ့အတွက် ချွေချွေတာတာ သုံးရတဲ့အထဲမှာ ရေတစ်မျိုးလဲ ပါပါတယ်။
နာဂတောင်တန်းရဲ့  ရာသီဥတုက တစ်နှစ်မှာ (၆)လလောက်က မိုးဥတုပေမဲ့ သိုလ်လှောင်စရာ ရေကန် မရှိတာကြောင့် မိုးရွာတဲ့ အချိန်တွေလောက်မှာဘဲ ရေကိုပေါပေါများများ သုံးလို့ရပါတယ်။
ကျန်သော ရာသီဥတုတွေမှာတော့ ရေရှားတဲ့ အချိန်တွေ ဖြစ်တဲ့အတွက် အဝတ်အစားတွေ လျှော်ချင်ရင်တော့ ကျမတို့ အလာတုံးက ခနတာနားပြီးမှ ဖြတ်ကျော်ခဲ့တဲ့ တစ်မိုင်ချောင်းမှာဘဲ သွားပြီးလျှော်ဖွတ်ကြတာများပါတယ်။
![]() |
| Morungexpress.com မှကူးယူဖော်ပြထားသောပုံ |
လေရှီးမြို့ရဲ့ဈေး
ကျမတို့ရောက်တဲ့ နှစ်တွေမှာတော့ မြို့ပေါ်မှာ နာဂအမျိုးသား မောင်ဖဆိုတဲ့သူက သူ့ရဲ့အိမ်မှာ အိမ်နဲ့တွဲပြီး ဖွင့်ထားတဲ့ အိမ်ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။
မီးဖိုဆောင် သုံးဖို့အတွက် လိုအပ်တာတွေကို သူ့ရဲ့ဆိုင်မှာ သွားပြီးဝယ်ရပါတယ် သူ့ရဲ့ဈေးဆိုင်လေးက မြို့ရဲ့အဝင်နားမှာမို့ ဈေးတစ်ခါ ဝယ်ချင်ရင် ကျမတို့နေတဲ့ တောင်ကုန်းကနေ ဈေးဆိုင်ရောက်အောင် တောင်ပေါ် တောင်အောက် အတက်အဆင်း ဆယ့်ငါးမိနစ်လောက် လျှောက်ပြီးသွားမှ ရောက်ပါတယ်။
![]() |
| Fugrabbit.com မှကူးယူဖော်ပြထားသော နာဂလူမျိုးတို့အသုံးပြုသောပလိုင်းပုံ |
နောက်ထပ် ဈေးတစ်ခုကတော့ ကျမအရမ်းနှစ်သက်တဲ့ ဈေးသည်လေးတွေပါဘဲ သူတို့က ကျမတို့နေတဲ့တောင် ကုန်းပေါ်ကို တောင်အောက်ကနေ တက်လာပြီး လာရောင်းကြတဲ့ သူတွေပါ။
သူတို့ရဲ့ခေါင်းမှာ ပလိုင်းကြိုးကိုချိတ်ပြီး ကြောမှာမှီကာ ထမ်းလာတဲ့ ပလိုင်းလေးထဲမှာ သူတို့ရောင်းချင်တဲ့ အသီးအရွက်နဲ့ အသားတို့ကိုထဲ့ပြီး လာရောင်းကြပါတယ်။
နေ့တိုင်းလာတဲ့ ဈေးသည်လေးတွေ မဟုတ်ပေမဲ့ သူတို့လာတဲ့အခါမှာ ကျမအရမ်းကြိုက်တဲ့ မျှစ်စိမ်း မျှစ်ပြုပ် မျှစ်ချဉ် ဂေါ်ရခါးညွန့် ဂေါ်ရခါးသီး မက်မွန်သီး မက်မန်းသီး ငရုတ်သီးစိမ်း ပဲငပိနဲ့ ပဲသီးလေးတွေ ပါလာတတ်တာမို့ သူတို့လာတဲ့နေ့ဆို ကျမအရမ်းဘဲ ပျော်ခဲ့ရပါတယ်။
သူတို့ဆီက အသီးအရွက်တွေက လတ်ဆတ်လွန်းပြီး စားခါနီးမှ မြန်မြန်ကြော်လှော်ပြီး ချက်ပြုပ်စားရတာက ကျမအတွက်တော့ နတ်သုဒ္ဒါ တစ်မျှပါဘဲ။
အသားတွေကိုတော့ တစ်ခါတံရံ ကြောပိုးသည်လေးတွေဆီကနေ ဆတ်သား ဂျီသား တောဝက်သား ဆိုင်သား တောကြောင်သား မျောက်သား ဝက်ဝံသားအစရှိတဲ့ အသားမျိုးလေးတွေလဲ ရတတ်ပါတယ်။
ကျမကတော့ ကျမစားတတ်တဲ့ ဆတ်သားကို သူတို့လာတဲ့အခါ ခပ်များများလေးဝယ်ပြီး မီးခိုးကြပ်တင်ကာ နာဂဟင်းမျိုးချက်တတ်ပါတယ်။
ဆတ်သားလေးကို ငပိချက်ယောင်ယောင် ချဉ်ငံစပ်လေး ချက်ကာတစ်မျိုး အရည်နဲ့ အသီးအရွက်တွေရောပြီး ကြပ်တင်သားလေးနဲနဲကို ဖဲ့ရွဲ့ ထဲ့ပြီး ရွှေလံဘိုငရုတ်သီးစပ်စပ်နဲ့ ချက်စားရတာကို အရမ်းဘဲ သဘောခွေ့ခဲ့ပါတယ်။
![]() |
| နာဂလူမျိုးတို့ရဲ့ဟင်းတိုင်းမှာမပါမဖြစ်တဲ့ရွှေလံဘိုငရုတ်သီး |
အသီးအရွက် လတ်ဆတ်သော နာဂမြေ
ပန်းသီးပင် ဂေါ်ရခါးပင် စပျစ်ပင် မက်မွန်သီးပင် လိမ္မော်ပင် မက်မန်းသီးပင်နဲ့ သစ်တော်သီးပင်တွေဟာ အိမ်တိုင်းရဲ့  ခြံစည်းရိုးမှာ ရှိနေတာမို့  ဒေသခံ အများစုက ဘယ်သူကမှ ခုံခုံမင်မင် မစားကြပါဘူး။
ကျမတို့ အမြတ်တနိုးနဲ့ တန်ဖိုးကြီးကြီးပေးပြီး စားကြတဲ့ ပန်းသီးနဲ့ သစ်တော်သီးတွေဟာ သူတို့အိမ်တွေရဲ့ ခြံစည်းရိုးတွေမှာ ကြွေ ကြမြေခနေကြပြီး ဝက်စားတောင်မတွေ့ရတွေ့ရတော့ ကျမမှာ တစ်မေ့တမောကြည့်ပြီး သမျှောလို့ နေခဲ့ရပါသေးတယ်။
အဲဒီအချိန် အခါတွေတုံးက လမ်းပန်းဆက်သွယ်ရေး လုံးဝမကောင်းတဲ့အတွက် ဒေသထွက် အသီးအနှံတွေကို မြေပြန့်ဆီသို့ ဘယ်လိုမှ မပို့ဆောင်နိုင်ခဲ့ကြပါဘူး။
မဖွံ့ဖြိုးတဲ့ ဒေသရဲ့ထွက်ကုန်တွေဟာ အလဟာ့သတ် ဖြစ်ကုန်တာကို စိတ်မကောင်းစွာနဲ့ဘဲ ကြည့်နေရုံမှတစ်ပါး ကျမတို့ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
တစ်ယောက်အားနဲ့ ဘာမှမစွမ်းသာခဲ့တဲ့ အရပ်ဒေသ ဖြစ်နေခဲ့တဲ့အတွက် အရာရာကို အားမတန်မာန်လျှော့ပြီးတော့ နေခဲ့ရပါတော့တယ်။
အပိုင်း(၆)သို့ဆက်ပါမည်
မာမာလွင်
၂၄၊၆၊၂၀၁၃
.jpg)
.jpg)

No comments:
Post a Comment