မနေ့က သမီးသေးဆီကို မနက် ၇နာရီထိုးကြီး သွားကြတယ် အမြန်ရထားဆိုတော့ ၂နာရီခွဲဘဲ စီးရတယ် သမီးသေး အဆောင်ကိုရောက်တော့ သားအမိ သားအဖသုံးယောက် စကားတွေ အလုအယက်ပြောကြတယ်။
စာမေးပွဲနားနီးတော့ စာနဲ့ပါတ်သက်တာတွေ သူ့အဖေကိုမေးပြီး တအောင့်လောက်နားကာ မြို့ထဲခနသွားပြီး စျေးသွား၀ယ်ကြတယ် သမီးသေးက စာမေးပွဲရှိတော့ အပြင်မှာ အကြာကြီးမနေချင်တာနဲ့ ၀ယ်ချင်တာလေးတွေ၀ယ်ကာ အမေ နဲ့သမီးသေးက အဆောင်ကို ပြန်လာကြတယ် အဆောင်ရောက်တော့ သမီးသေးက စာဆက်ဖတ်ပေါ့။
သူစာဆက်လုပ်ပြီး ညကျတော့ မြို့ထဲမှာ မီးအလှ ထွန်းတာလေးတွေ ပြချင်လို့ပါ မပြန်ပါနဲ့အုံးဆိုတော့ ညအထိ ခနနေပေးပြီး မီးအလှထွန်းတဲ့ဆီမှာ လျှောက်ကြည့်ကြတယ်။
လူတွေကလဲ ကြိတ်ကြိတ်တိုးနေတော့ လမ်းကျဉ်းလေးထဲမှာ လူလှိုင်းလုံးကြီးလိုဖြစ်ပြီး လျှောက်လို့ကမရ သူတို့ဒေါက်ဖိနပ်တွေနဲ့ တက်တက်နင်းမိတာများ ခြေထောက်တွေလဲ အိမ်ရောက်တာနဲ့ ကြပ်ထုပ်ထိုးရမလားတောင် အောင့်မေ့မိတယ်။
ဘာနဲ့တူလဲ ဆိုတော့ကာ မြန်မာပြည်က တောဘုရားပွဲလိုဘဲ တောဘုရားပွဲလိုတော့ ဖင်ဆိတ်တာ ဘာညာမရှိဘူးပေါ့ ဟဲဟဲ ရဲတွေ လုံခြုံရေးတွေက အော်လံကြီးတွေကိုင်ပြီး အကြီးအကျယ် စောင့့်ကြပ်ပေးနေတာကိုး (လုံခြုံရေးအတွက် ပြောတာပါ)
ကလေးကစားစရာ မီးတိုင်လေးတွေ ခေါင်းမှာတပ်တဲ့ မီးလုံးပန်းကုန်းလေးတွေ ပူစီပေါင်းရောင်းတဲ့သူတွေကတော့ တခုကို ဒေါ်လာတစ်ဆယ် တခုတစ်ဆယ်နဲ့ မြန်မာပြည်က တောဘုရားပွဲစျေးမှာ ကွမ်းယာရမယ် ဆေးလိပ်ရမယ် ရေသန့်ဘူးရမယ်ဆိုပြီး အော်အော်ပြီး ရောင်းနေကြသလိုဘဲ အော်ရောင်းတဲ့သူတွေကလဲ ဒုနဲ့ဒေးပါဘဲ။
အရက်တွေမူးပြီး အုတ်နံရံကို သေးနဲ့ပန်းနေတဲ့သူတွေလဲ တွေ့ခဲ့ပါရဲ့ တချို့လဲ ချမ်းလွန်းတော့ အနွေးထည် လှလှလေးတွေ၀တ်ပြီး စတိုင်မလိုင်ထုတ်ကာ တညိမ့်ညိမ့်နဲ့ ဂီတသံကြားမှာ စီးမျောနေကြသလို့ တချို့ကတော့ အင်္ကျီလက်ပြတ် အပြတ်အဟိုက် အဖုအထစ်တွေထွက်ကာ စကဒ်လေး တထွာလောက် ၀တ်လာကြတယ်။
ချမ်းလွန်းတော့ အရက်ပုလင်းကို လက်မှာကိုင်ကာ မော့ချလိုက် ပြီးတာနဲ့ စီးကရက်ကို တလိပ်ပြီး တလိပ်ဖွာရင်း မွန်ရိုးလိုလို ဘာလိုလိုနဲ့ နူတ်ခမ်းနီ ရဲရဲလေးတွေဆိုးကာ မူးနေတဲ့ဟန်ကို မနည်းထိမ်းရင်း ဒေါက်ဖိနပ် တဂွတ်ဂွတ်နဲ့ လျှောက်နေကြတာလဲ အများသားလာပေါ့လေ။
လမ်းလယ်ခေါင်မှာ တယောက်နဲ့တယောက် မြွေ၂ကောင်လို ရစ်ပါတ်နေကြတာတွေ နမ်းနေကြတာတွေ မူးပြီးပိုးလိုးပက်လက် လန်နေကြတာတွေ အမှိုက်ပုံးတွေ ထားပေးသော်လဲ စားသောက်ပြီး စားပြီးသားတွေ ပြစ်ထားခဲ့တာတွေ သူတို့ပြစ်ခဲ့သမျှ သန့်ရှင်းရေးတွေက မနားတမ်း လိုက်ကောက်နေတာတွေကိုလဲ မျိုးစုံအောင်တော့ မြင်ခဲ့ရတာပါဘဲ။
ကြာလာတော့ အံဖတ်စော်တွေကနံ အံဖတ်တွေကို ရှောင်တိမ်းနင်းရင်းကြားထဲက နင်းမိပြီး လူအုပ်ကြီး နင်းတာတွေလဲ မခံနိူင် ခေါင်းတွေလဲ ကိုက်လာတာနဲ့ ရပ်တန်းကရပ်ကာ အပြင်ပြန်ထွက်ပြီး နေလိုက်တော့တယ် အော် ဒီမိုကရေစီဆိုတာ ဒါလဲတခုပါဘဲလားလို့ တွေးမိပြန်တယ်။
ည၉နာရီထိုးတော့ သမီးကို အဆောင်ပြန်ပို့ခဲ့ပြီး ပြန်လာကြတယ် ရုံးပိတ်ရက်ဆိုတော့ စနေ တနင်္ဂနွေဆို အမြန်ရထားက ည၉နာရီနောက်ဆုံးထိဘဲ ထွက်ပေးတယ် ကျန်ရက်တွေကတော့ တနေကုန် တညလုံးကို ၁၅မိနစ်တစီး ပုံမှန်ထွက်ေးပတယ်။
ရထားခကတော့ ရုံးဖွင့်ရက်ဆို မာမာတို့နေတဲ့မြို့ကနေ ဆစ္စဒနီကို $6.30ပေးရပြီး ရုံးပိတ်ရက် ဆိုရင်တော့ $2.30 ဘဲ ပေးရပါတယ် မနက်ပိုင်း အသွားတုန်းကတော့ ရုံးပိတ်ကျောင်းပိတ်တော့ တောကလူတွေ မြို့တက်ကြတယ် တွဲတွေထဲမှာ ထိုင်ခုံအလွတ်တွေရှိပေမဲ့ လူတော်တော် များများပါလာပါတယ်။
အပြန်ခရီးမှာတော့ ကိုယ်တွေစီးတဲ့တွဲမှာ ကိုယ်တွေ ၂ယောက်ဘဲ ပါသလို ဘူတာတွေမှာ လူအတက်အဆင်းကို ကြည့်ခြင်းအားဖြင့် ရထားကြီး တစီးလုံးမှာ ၁၀ယောက်လောက်ဘဲ ပါလာမယ်ထင်ပါတယ် အမြန်ရထားဆိုတော့ ဘူတာတိုင်းမှာ မရပ်ဘဲ မြို့ကြီးတဲ့ ဘူတာတွေလောက်ဘဲ ရပ်ပါတယ် ရထားကြီးကတော့ ကိုယ်တွေမြို့ပြီး နောက်တမြို့မှာ ဂိတ်ဆုံးပါတယ်။
မှတ်ချက် ။ အံဖတ်ပုံကြီး တက်နင်းမိပြီးထဲက ထိုးထိုးပျို့နေတာနဲ့ ဓာတ်ပုံတွေလဲ မရိုက်နိူင်ဘဲ အပြန် တက္ကစီပေါ်မှာ အံဖတ်နံ့ကြီး တက်တက်လာကာ အဲဒီအနံံ့ကြီးရတိုင်း တကစ်ကစ်ဖြစ်နေတော့ တက္ကစီမောင်းတဲ့သူက ကားတံခါးမှန်လေးဖွင့်ပေးလို့ တော်သေးတယ် ဒိမင့်ဆို ကိုယ်ပါအံတော့မယ်လေ
No comments:
Post a Comment