Wednesday, June 15, 2016

မုသားစကား


ဒီနေ့ ဓမ္မစကြာ အခါတော်နေ့မှာ ဥပုသ်သီတင်း ဆောက်တည်ရင်း မုသာဝါဒါဆိုတဲ့ နေရာလေးကို ကျမ အကြိမ်ကြိမ် အခါခါ တွေးနေခဲ့မိတယ်။

တခါတလေ စကားစပ်မိလို့ ကျမရဲ့ သားနဲ့သမီးကို လူအများစု ပြောပြောနေကြတဲ့ မုသားမပါ လင်္ကာမချောတဲ့ အကြောင်းလေးတွေ ကျမသူတို့ကို ပြောပြတတ်ပါတယ်။

လူတွေဟာ မုသားတွေ ဘယ်လိုသုံးပြီး ဘယ်လိုတွေ ဖြတ်ကျော်သွားတတ်တာက အစပေါ့ 
သူတို့ကို ကျမတွေ့ဘူး ကြုံဖူးတဲ့နမူနာလေးတွေ ပြပြီး ကျမပြောပြတတ်တယ် ကျမပြောလိုတဲ့ စကားလိုအင်ကို သူတို့နားလည် သဘောပေါက်ကြသလို နားလဲလည်ကြပါတယ်။ 

ဒါပေမဲ့ သူတို့အဲဒီ မုသားမပါ လင်္ကာမချောဆိုတဲ့ စကားကို လက်မခံကြပါဘူး
ငယ်သေးတဲ့ ကလေးတွေပေမဲ့ သူတို့စိတ်တွေ ထားတတ်တယ်လို့ ကျမအရမ်း အံ့အားသင့်ရတယ်။

မုသားစကားကြောင့် ကိုယ်အဆင်ပြေ သွားနိူင်ပေမဲ့ တဖက်သားက ကိုယ့်ကြောင့် နစ်နာသွားနိူင်တာဘဲတဲ့လေ
သူတို့မောင်နှစ်မ ပြောတဲ့စကားက ကျမနားထဲမှာ ထပ်ခါထပ်ခါ ပြန်ပြန်ပြီး ကြားနေမိတယ်။

သူများကို မလိမ်မိစေဖို့ 
မညာမိစေဖို့ ကိုယ့်ကိုကိုယ် သတိထားတယ်တဲ့ 

မုသားစကားသုံးပြီး သူများကို လိမ်မိညာမိရင် 
ဝဋ်ဆိုတာ ပြန်ခံရတတ်တယ်တဲ့ 

ဒါကြောင့်မို့ ဘဝကို ရိုးရှင်းစွာနဲ့ ဖြတ်သန်းတာက အကောင်းဆုံးပါဘဲတဲ့ ။

Mar Mar Lwin( tuu mar)

No comments:

Post a Comment