ဒီနေ့အိပ်ယာက နိုးတာနဲ့ ခေါင်းထဲရောက်လာတဲ့ အတွေးတွေက များလွန်းနေသလိုပါဘဲ
ကိုယ့်အရေး မိသားစုအရေး အရေးတွေ အားလုံး ရောနှောနေခဲ့ရတယ်။
ကိုယ့်အရေးက ဒီအသက် ဒီအရွယ်နဲ့ဆို ဘာဘဲဖြစ်ဖြစ် လာခဲ့တဲ့လမ်းကို ခြေလှမ်းက ပြန်လှမ်းနေတဲ့ အရွယ်ရောက် နေခဲ့ပြီ လုပ်ရတော့မဲ့ အလုပ်က ကိုယ့်နောက်ပါတာတွေ လုပ်ရတော့မယ်။
ကိုယ့်နောက်ပါမဲ့ အထုတ်ကို ကျစ်ကျစ်လစ်လစ်နဲ့ သယ်သွားနိုင်အောင် ထုတ်ရတော့ရမယ် အဲဒီလို ပြင်ရတော့မယ်ဆိုတာ သိလိုက်ရချိန်မှာ ဘာဘဲဖြစ်ဖြစ် ကိုယ်ကဦးအောင် သိမ်းထုတ်နိုင်ရမယ်။
အဲဒီစကားကိုေ ပြောမိတော့ အဖွားကို သတိရတယ် အဖွားမသေခင် ခနခနပြောတတ်တဲ့ ကျမတို့ရဲ့အဖိုး သူ့ရဲ့ယာက်ျား
အကြောင်းက ခေါင်းထဲကို ဖြတ်ကနဲ ရောက်လာခဲ့ရတယ်။
အဖိုးဟာ ငယ်ငယ်က တောထဲက သတ္တဝါလေးတွေဖမ်းတာ ဝါသနာပါခဲ့တယ် စားဖို့မဟုတ်ဘဲ အလှမွေးဖို့ အတွက်ပေါ့ သူဖမ်းလို့ရတဲ့ အကောင်လေးတွေကို အိမ်မှာ အလျှမွေးထားတတ်တယ်။
တောထဲကဖမ်းလို့ရတဲ့ အကောင်လေးတွေကို အဖိုးက လူယဉ်အောင်လို့ေ ခြေထောက်မှာ ကြိုးနဲ့ခြည်တဲ့ အကောင်လေးတွေကို ခြည်ပြီးမွေးသလို အုပ်ဆောင်းနဲ့လဲ အုပ်ပြီးမွေးတတ်ခဲ့တယ် အဲဒီလိုမွေးပြီး လူယဉ်လောက်မှ ကြိုးဖြုတ်ပြီး အိမ်ခြံဝင်းထဲမှာ လွှတ်ပေးတတ်ခဲ့တယ်။
အဖိုးရဲ့ ဝါသနာက အဲဒီလိုကြီးခဲ့ပြီး သူနဲ့တောလည်ဖက်တွေက အရင်တုံးက ဘုံဘေဘားမား သစ်ကုမ္ပဏီက နိုင်ငံခြားသားတွေ
သူတို့တွေ အဖိုးနဲ့အတူ ပဲခူးရိုးမတောထဲမှာ အမြဲတောလည် ထွက်တတ်ခဲ့ကြတယ်။
တစ်နေ့တော့ အဖိုးတစ်ယောက် ပြန်ပေးအဆွဲခံရတယ် သူတောထဲမှာ တောလည်ထွက်စဉ် အဖမ်းခံရတာမို့. မိသားစုတွေ ဘယ်သူကမှ မသိလိုက်ကြပါဘူး။
နောက်ရက်တွေ တော်တော်လေး ကြာလာတော့မှ ပြန်ပေးဆွဲတဲ့ သူတွေက အဖိုးရဲ့ သမီးအကြီးဆုံးကို ဘယ်နေရာကိုလာပါ အဝတ်အစား ဘယ်အရောင် ဝတ်ခဲ့ပါ ပိုက်ဆံဘယ်လောက်ယူခဲ့ပါ ဘာခမောက်ဆောင်းခဲ့ပါ အဲဒါတွေ ရေးထားတဲ့ စာလာပေးတော့့မှ အဖိုးပြန်ပေး အဆွဲခံလိုက်ရတာ သိလိုက်ကြတော့တယ်။
ခါတိုင်းတောလိုက်သွားရင်လဲ ကြာတတ်တာမို့ အဖွားက သိပ်တော့စိတ်မပူခဲ့ဘူးလို့ ပြောပါတယ် အဲဒီအချိန်မှာ ပြန်ပေးအဆွဲခံထားရတဲ့ အဖိုးဟာ ပြန်ပေးတွေရဲ့ လက်ထဲမှာ သူဟာ ဖြစ်တတ်တဲ့ တရားသဘောကို သိသွားခဲ့ပါတယ်။
သူဖမ်းလာတတ်တဲ့ အကောင်လေးတွေလိုဘဲ သူရဲ့ခြေတွေလက်တွေ အတုတ်အနှောင် ခံထားရတဲ့ အချိန်
အဲဒီအချိန်တိုလေး အတွင်းမှာ သူရသွားတဲ့ အသိဟာ အဖိုးအတွက် ကျစ်ကျစ်ပါအောင် ထုတ်သွားနိူင်တဲ့ တန်ဖိုးအရအရှိဆုံး အထုတ်ဖြစ်သွားခဲ့ပါတယ်။
ပြန်ပေးလက်ထဲက လွတ်လာချိန်မှာအဖိုးဟာ သူဝါသနာပါတဲ့ တောလိုက်ခြင်း အမှုကို စွန့်လွှတ်လိုက်တော့တယ်
သူ့ဘာသာသူ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့တဲ့ မြသိမ်းနား ဘုန်းတော်ကြီးကျောင်းမှာ ကမ္မဌါန်းကျောင်းဆောက်ပြီး မနက်တနပ်စာဘဲစားကာ သတ်သတ်လွတ်စားပြီး သေတဲ့အထိ တရားဘာ၀နာ အားထုတ်သွားနိူင်ခဲ့ပါတယ်။
အဖိုးသေတဲ့အခါ ညင်သာပျော့ပြောင်းစွာနဲ့ စိတ်နဲ့ခန္ဓာကို ခွာသွားနိုင်ခဲ့တယ် အဲဒါ သူထုတ်ခဲ့တဲ့ အထုတ်က သူ့ကို သက်တောင့်သက်သာနဲ့ ခရီးဆက်နိုင်အောင် ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်ပါတော့တယ်။
အဖိုးလိုဘဲ ပြင်ရတော့မယ် သက်တောင့်သက်သာ ညင်သာစွာနဲ့ ခရီးဆက်နိုင်အောင် ကျစ်ကျစ်ပါအောင် ထုတ်နိုင်သလောက် ထုတ်ရတော့မဲ့ အချိန်ကျနေပြီဆိုတာ ကျမသိလိုက်ရချိန်မှာတော့ အဖိုးရဲ့မြေးပီသအောင် သိမ်းထုတ်သေချာ ကိုယ့်နောက်ပါအောင် ကျမပြင်ဆင်ရပါတော့မယ်။
မာမာလွင် (တူးမာ)
15/6/2016

No comments:
Post a Comment