Thursday, September 10, 2015

ကျမရဲ့ အမြတ်နိုးဆုံး ဘဝနှစ်ခု


ကျမက စာရေးတာကို ဝါသနာပါခဲ့တယ် အဲဒါကြောင့်လဲ ကျမအတွက် ခလုပ်တိုက်ပြီး လက်ထဲက မုန့်လွတ်ကျသွားတာအစ ကျမအတွက် အမှတ်တရ စာလေးတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ကျမရဲ့ စာတွေက သားနဲ့သမီးအတွက် အမှတ်တရလေးတွေ ရေးခဲ့တာတွေများတော့ ကလေးဆန်ဆန် အတွေးလေးတွေ များပါတယ် နောက်တခုက ကျမခံစားရတာလေးတွေ တွေ့ကြုံရတာလေးတွေကိုဘဲ ရေးတတ်တာမို့ စာကြောင်းတွေက ရိုးရှင်းနေတတ်ပါတယ်။

ကျမမိသားစုကလွဲရင် တခြားသူအကြောင်း ကျမရေးခဲပါတယ် နောက်ပြီး လုပ်ကြံပြီး ဖန်တီးရေးရတာကို
ကျမမုန်းတယ် တကဲ့သဘာဝတွေကိုဘဲ ကျမနှစ်ခြိုက် ခုံမင်တတ်ပါတယ်။

ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က အင်တာနက် ဘာညာတွေမရှိခင်က ကျမဗလာစာအုပ်လေးတွေနဲ့ စာရေးခဲ့တယ်။

ကျမရဲ့ စာဖတ်ပရိတ်သတ်က ကျမရဲ့သားကြီးပါ သူတစ်ယောက်ဘဲ ကျမရေးတဲ့ စာတွေကိုဖတ်ခဲ့တယ် သူစာဖတ်တတ်တဲ့ အရွယ်ကစလို့ ကျမရေးတာတွေကို သူ့ဘာသာသူ ယူယူပြီး ဖတ်ပါတယ် သူဖတ်ပြီးရင် ကျမရေးတာ ပျော်စရာလေးတွေ ပါနေခဲ့ရင် သူပျော်နေတတ်တယ် ကျမစိတ်ထဲ ဝမ်းနည်းနေတဲ့ နေ့တွေမှာ ရေးထားတဲ့ စာဆိုရင်တော့ သူစိတ်မကောင်း ဖြစ်နေတတ်ပါတယ်။

ဒါပေမဲ့ ကျမရေးသမျှ စာတိုင်းကို သူ မလွတ်တမ်း ဖတ်တတ်တယ် ကျမရေးတဲ့  စာလေးတွေက နိုင်ငံရေး မပါသလို ဘာသာရေးလဲ ပါခဲပါတယ်။

ကျမဘဝ ကျမအကြောင်းလေးတွေဘဲ ရေးတာများပါတယ် တစ်ခါတရံ ရေးစရာအကြောင်း မရှိရင် ကျမတို့မိသားစုရဲ့ ထမင်းဝိုင်းလေး အကြောင်းလေးတွေကို ရေးဖြစ်သလို  ကလေးကျောင်းပို့တဲ့ အကြောင်းလေးတွေလဲ ရေးဖြစ်ပါတယ် ကလေးနဲ့ကျမ ကွင်းပြင်ထဲမှာ စက်ဘီးစီး သွားသင်ကြတာကို ရေးတတ်တယ် ကလေးနဲ့ ကျမစွန်သွားလွှတ်တာတွေကို ရေးဖြစ်ခဲ့ပါတယ်။

စက်ဘီးစီးသင်ရင်း သူ့ဒူးခေါင်းကွဲသွားတာကို ကျမက အမှတ်တရ ရေးထားခဲ့ဖူးတယ် သူအဲဒါလေးတွေ ပြန်ဖတ်ပြီး သူ့ဒူးခေါင်းက အနာရွတ်လေးကို ပြန်ပြန်ကြည့်တတ်တယ်။

သူနဲ့ကျမ စွန်သွားလွှတ်တဲ့ အခါတိုင်း မှန်စာတိုက်ထား တဲ့ကြိုးတွေနဲ့ သူ့ရဲ့စွန်ကို ကျမ ကောင်းကင်ထဲကနေ ဖြတ်ချခဲ့ဖူးတယ် သူငိုပြီးထွက်ပြေးသွားရင်း လမ်းတစ်ဝက်မှာ နွားတွေနဲ့တွေ့လို့ ကြောက်ပြီး ကျမဆြီ ပြန်ပြေးလာဖူးတယ် အဲဒီအကြောင်းလေးကို သူဖတ်တယ် ပြိးတော့သူမနှစ်မြို့တဲ့ မျက်နှာပေးနဲ့ ကျမကို သူပြန်ကြည့်တတ်ပါတယ်။

အဲဒါတွေက ကျမရဲ့ ရိုးရှင်းလွန်းတဲ့ဘဝမှာ ရေးခဲ့တဲ့ ကျမနဲ့ကလေးရဲ့ အမှတ်တရ စာလေးတွေပါဘဲ ဒီနေ့ခေတ်အချိန်ရောက် လာတော့ ကျမရေးတဲ့စာတွေထဲမှာ သူ့ရဲ့ တဦးထဲသော ညီမလေး အကြောင်းတွေ ပါလာခဲ့ပါတယ်။

သူ့ညီမလေးအတွက် ကျမအဓိကထားပြီး ရေးတတ်ခဲ့တာက ဆုံးမစာလေးတွေ များခဲ့ပါတယ် ပြီးတော့ဟင်းချက်ခြင်း အနုပညာအကြောင်းလေးတွေကို သမီးလေးဖြစ်တဲ့ သူ့အတွက် ရေးခဲ့ပါတယ်။

ကျမရေးခဲ့တဲ့ စာလေးတွေကို အင်တာနက်မှာ စာမျက်နှာလေးတစ်ခု အနေနဲ့ဖွင့်ပြီး ကျမရေးခဲ့ဖြစ်ပါတယ် သူ့ညီမလေးလဲ ကျမအတွက် စာဖတ်ပရိတ်သတ် တစ်ယောက်ဖြစ်လာခဲ့တယ် နောက်တော့ သူလဲဟင်းချက်ရတာ ဝါသနာပါလာပါတော့တယ်။

သူတတ်တဲ့ကျောင်းမှာ သူအစားအသောက် ချက်နည်းကို ဘာသာရပ်တစ်ခုအနေနဲ့ယူပြီး သင်ခဲ့ပါတယ် တရက်တော့ ကျာင်းမှာ မက်ဆီကန် အစာချက်နည်းသင်ရင်း အမဲသားလှီးဖို့ လုပ်တယ်  အဲဒီအချိန်မှာဘဲ သူ့လက်ကိုဓါးနဲ့ သူ့ဘာသာသူ ထိုးခွဲမိသွားတယ်။

အသားလှီးရင်း ဖြစ်ခဲ့တဲ့ ဒဏ်ရာက သူ့ရဲ့လက်မှာ အတွင်းအပြင် ၁၄ချက်လောက် ချုပ်လိုက်ရပါတယ် အဲဒီအကြောင်းလေးကိုလဲ ကျမရေးခဲ့ဖူးတယ် သူဖတ်မိတိုင်းသူ့ရဲ့ လက်ကအနာရွတ်ကို ကြည့်ပြီး အသားစားခြင်း အမှုကို ရပ်ဆိုင်းခြင်းပြုဖို့ သူ့ကိုသူ သတိပေးလို့ နေတတ်ခဲ့ပါတယ်။

ဒီနေ့လဲ ကျမသူ့အတွက် စာလေးတစ်ပုဒ် ရေးထားတယ် သူကျောင်းပိတ်ထားတဲ့ ရက်လေးမှာ သူကကျမကို ကိုရီးယားသီချင်းတွေ ဖွင့်ပြတတ်တယ်။

သီချင်းပြီးရင် သူကမေးတယ် ဘယ်အဆိုတော်ကို ကြိုက်လဲပေါ့နော် ကျမက ကျမ ကြိုက်တဲ့ အဆိုတော်လေးကို သူ့ကိုပြောမိတယ်။

ကျမက ကျမကိုယ်တိုင် အမြဲတမ်းကြော့ကြော့မော့မော့လေးနေ ရတာကို နှစ်သက်သလို ဘယ်သူ့ကိုဘဲဖြစ်ဖြစ်  ကြော့ကြော့မော့မော့လေးနေရင် ကျမနှစ်သက်မိတယ် အခုလဲ ကျမနှစ်သက်မိတဲ့ အဆိုတော်လေးက သူ့ရဲ့ခရေဇီလေးဖြစ်နေပါတယ်။

ကျမ ဖွင့်ပြောမိလိုက်တဲ့ အချိန်မှာ သူ့မျက်နှာကြီး ချက်ခြင်း မဲတက်သွားတယ် ပြီးတော့မှ သူကပြန်ပြောတယ် အဲဒါ
သူ့ရဲ့ခရေဇီတဲ့လေ ဒိအပြင် တစ်ယောက်ယောက်ကို ပြောင်းပေးပါလားတဲ့။

ဒီမနက်တော့သူ့ကိုအလျှော့ပေးတဲ့ အနေနဲ့ကျမက ပြောင်းပေးမယ်ဆိုတဲ့ အကြောင်း သူ့အတွက်စာလေး ရေးပေးထားတယ် သူအိပ်ယာကနိုးရင် အဲဒီစာကိုသူဖတ်လိမ့်မယ် ဖတ်ပြီးရင် သူကျမကိုလာပြောမဲ့ စကားသံကဘာလဲ ဆိုတာကို ကျမဒီစာလေးရေးရင်း စောင့်နေမိတယ်။

မေ့သားနဲ့သမီးလေးတို့ ပျော်ရွှင်စွာနဲ့ဘဝကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးနေရင်းနဲ့ ရင်ထဲကခံစားရင်း စာလေးတစ်ပုဒ် ရေးဖြစ်သွားခဲ့ပါတယ် သားနဲ့သမီးအတွက် အမှတ်တရပေါ့။

မေမေ
Mar Mar Lwin
9:55 AM
29/09/2013

No comments:

Post a Comment