ကျမမွေးမိတာ ရှားရှားပါးပါး သားနဲ့သမီး နှစ်ယောက်ထဲရယ်ပါ ဒါပေမဲ့သူတို့ မောင်နှစ်မ နှစ်ယောက် အတူတူနေခဲ့ရတဲ့ အချိန်တွေက သူတို့အတွက် အရမ်းကို နည်းပါးခဲ့ပါတယ်။
သားက သူ့ဒူးသူချွန်ချင်သူ ဆယ်ကျော်သက် အရွယ်မှာ မိဘရယ် သူ့ညီမလေးရယ်ကိုခွဲပြီး နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်ခဲ့တယ် အဲဒီအချိန်မှာ သူ့ညီမလေးက ငယ်ငယ်လေးဘဲ ရှိပါသေးတယ်။
သူတို့မောင်နှစ်မ ပြန်ဆုံကြတော့ သူ့ညီမလေးက ငါးတန်းတက်တဲ့အရွယ် ရောက်သွားခဲ့တယ် သူ့ညီမလေးကို ကြည့်ပြီး မီးမီး နင်ဒီအရွယ်တောင် ရောက်နေပြီနော်လို့ သူပြောပြီး သူ့ညီမလေးကို ကြည့်နေခဲ့တယ်။
ပြီးတော့သူပြောတယ် ငယ်ငယ်ကနဲ့ မတူတော့ဘူးတဲ့ ရုပ်လေးကတော့ ပြောင်းသွားတယ် ဒါပေမဲ့ ငယ်ငယ်ကလို စိတ်ကောက်သေးလားတဲ့ ငယ်ငယ်ကလိုဘဲ ကပ်စေးနည်းသေးလားတဲ့။
သူ သူ့ညီမလေးကို အရမ်းချစ်တယ်ဆိုတာကို သိနေတဲ့ကျမ သူတို့မောင်နှစ်မနှစ်ယောက် ပြန်ဆုံချိန်ခနလေးမှာ ပျော်နေတာတွေကြည့်ပြီး ကျမ ပီတိဖြစ်ခဲ့ရတယ်။
ညီမဖြစ်သူကလဲ ခွဲခွာချိန် ကလေးဘဝကလိုဘဲ သူ့အကိုကို ပြန်တွေ့ချိန်မှာ ငါနဲ့ဘိုဘိုစစ် ကစားပေးပါ ငါနဲ့မိုနိုပိုလီ ကစားပေးပါ ငါနဲ့ဟင်းချက်တိုင်း ကစားပေးပါဆိုပြီး ခနလာတုံးရက်ပိုင်းလေးမှာ သူ့အကိုရဲ့ ဘဝလေးကို သူသိမ်းပိုက်ထားခဲ့တယ်။
သူ့အကိုကလဲ ညီမလေးပျော်အောင် သူတောင်းဆိုတာတွေ အကုန်လုံး မညီးမညူ လုပ်ပေးခဲ့တယ် နှစ်ပါတ်လောက် အတူနေပြီး သူတို့ပြန်လည်ခွဲခွာ ကြရပြန်တယ်။
လေဆိပ်ထဲမှာ နင်ဘယ်တော့ ပြန်လာမှာyလဲ ပြန်လာရင်ငါနဲ့ ကစားအုံးနော်လို့ သူ့အကိုကို တတွတ်တွတ် မှာခဲ့တယ် ဒါပေမဲ့ သူတို့နောက်ထပ် သုံးနှစ်လောက် မတွေ့ကြဘဲ နေကြရပြန်တယ်။
ဒါပေမဲ့ အဝေးရောက်နေတဲ့ သားကသူ့ညီမလေးကို အမြဲတမ်းနွေးထွေးမှုတွေ ပေးတတ်တယ် မနက်ဆိုသူ အလုပ်မသွားခင် ဖုန်းဆက်ပြီး စကားတွေပြောတတ်တယ် အလုပ်က ပြန်လာရင်လဲ သူ့ညီမလေး အိပ်နေတဲ့အချိန်လောက်မှ ပြန်ရောက်ပေမဲ့ သူ့ညီမလေး နိုးမှာဆိုးလို့ မက်ဆေ့လေးပို့ပြီး စာလေးတွေချန်ထား တတ်ခဲ့တယ်။
ကျမ ပီတိဖြစ်မိတယ် အခုလဲ ကျမဒီစာလေး ရေးနေတော့ သူနေတဲ့ စင်္ကာပူနိုင်ငံမှာ မနက် ရှစ်နာရီလောက်ရှိနေပြီ သူအလုပ်ကိုသွားနေတဲ့ လမ်းကနေ သူ့ညီမလေးကို နွေးထွေးစေတဲ့ စကားတွေပြောနေတယ် လိုချင်တာရှိရင်ပြောပါ ငါဝယ်ပေးမယ်လို့ ပြောနေသံလေးလဲ ကြားမိတယ် အဲဒါ သူတို့မောင်နှစ်မ နှစ်ယောက်ရဲ့ နေ့စဉ်မရိုးနိုင်တဲ့ စကားလေးတွေလေ။
ဒီနေ့နဲ့အတူ နေ့စဉ်လိုလို သူတို့ပြောစကားက ကျမနားထဲမှာ ပျားသကာလို ချိုနေခဲ့ပါတယ် အမြဲတမ်းလဲ ချိုသာနေစေချင်ခဲ့တယ် တယောက်နဲ့တယောက် မောင်နှစ်မဆိုတဲ့ သံယောဇဉ်လေးတွေက သူတို့နှစ်ယောက်ကို ခြည်နှောင်ထားတဲ့ ကြိုးလေးတချောင်း ဖြစ်စေချင်ခဲ့ပါတယ်။
Mar Mar Lwin
9/10/15

No comments:
Post a Comment