Thursday, October 3, 2013

အိမ်လွမ်းနေသူ



မနေ့ကညနေကမိုးတွေကတစ်အုန်းအုန်းနဲ့ခြိမ်းပြီး မိုးကြိုးတွေကတဒိုင်းဒိုင်းနဲ့ပြစ်နေတယ် ရွာလိုက်တဲ့မိုးကလဲနွေဦးရာသီကြီးမှာ ဘယ်အညိုးနဲ့ရွာလိုက်လေတယ်မသိ မိုးစက်ပိုးပေါက်တွေက ကဆုန်ပေါက်ပြီးကျလာလိုက်တာသူ့ထက်ငါ အပြိုင်အဆိုင်ပါဘဲ။

နဂိုကတည်းကမှ မိုးသံလေသံကြားရင်ခြည်တိုင်လွမ်းတတ်တဲ့ကျမ အိမ်ကိုပြန်ချင်စိတ်ကချက်ခြင်းပေါ် လာခဲ့တယ် အိမ်ရှေ့မှန်တံခါးကနေမြင်နေရတဲ့ မိုးစက်မိုးပေါက်တွေကြားထဲမှာ ကျမရဲ့စိတ်ကရီးလေးခိုပြီးပါ သွားခဲ့တယ် တစ်ဝှီးဝှီးတိုက်လာတဲ့လေတွေရဲ့နောက်ကနေ ကျမမျောပါသွားခဲ့တယ်။

မိုးထစ်ခြုံးသံ မိုးကြိုးပြစ်သံတွေကြားရင်အလိုလိုနေရင်းကြောက်တတ်နေပေမဲ့ အဲဒီအသံတွေကြားကနေဘဲ ကျမသွားလိုရာခရီးကို လျပ်စီးလက်လိုက်ရင် ပြိုးကနဲပျက်ကနဲအရောင်တွေကြားမှာ ကျမရဲ့ခေါင်းကို ငုံ့လှိူးပြီးကျမခရီးနှင်နေမိခဲ့တယ်။

အဲဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင်ကျမရဲ့တူမလေးဘုတ်ဘုတ်က ဖုန်းခေါ်လာခဲ့တယ် ကျမဖုန်းကိုယူပြီး သူနဲ့စကားပြောလိုက်တယ် ဘုတ်ဘုတ်ရေ ဘာဖြစ်လို့လဲဆိုတော့ ကြီးကြီး ပြန်မလာသေးဘူးလားတဲ့ ကျမငိုချင်ရက်လက်တို့တာ ခံလိုက်ရတယ် ကျမမျက်လုံးအိမ်မှာဝေ့ကနဲ တက်လာတဲ့မျက်ရည်ကို ကျမပုတ်ခတ်ပြီး ထုတ်ပလိုက်တယ်။

တိမ်သွားတဲ့ကျမရဲ့အသံကိုပြန်မြှင့်လိုက်တယ် ကြီးကြီးပြန်လာချင်တာပေါ့ လာနိုင်အောင်လဲကြိုးစားနေ တယ်လို့ကျမသူ့ကိုပြောလိုက်တယ် သူက ခလေးပီပီပွင့်လင်းတယ် ကြီးကြီးပြန်လာရင်ဖိုးဖိုးက အမွေခွဲပေးမယ်လို့ပြောတယ် ဒါကြောင့်မို့ ကြီးကြီးမြန်မြန်ပြန်လာခဲ့ပါတဲ့။

ကျမငိုအားထက်ရယ်အားသန်သွားခဲ့ရတယ် ကြီးကြီးမလာလဲ ခွဲပေးလို့ရတာဘဲ ဖိုးဖိုးကိုပြောပေါ့လို့ပြော လိုက်တော့  ဖိုးဖိုးက ကြီးကြီးလာမှလို့ပြောတယ်တဲ့ အဲဒါကြောင့်ကြီးကြီးပြန်လာခဲ့ပါတဲ့
ပြီးတော့သူဆက်ပြောတယ် ကြီးကြီးရတဲ့အမွေတွေဘာလုပ်မလဲတဲ့ ကျမက ကြီးကြီးမလိုဘူးလေ လိုချင်တဲ့သူကိုပေးလိုက်မယ်လို့ပြောတော့ သမီးကိုပေးမလားတဲ့။

အရမ်းပွင့်လင်းတဲ့တူမလေးပါ သမီးကဘာလိုချင်တာလဲဆိုတော့ လိုချင်တဲ့ပစ္စည်းက တန်ဖိုးကြီးတယ်တဲ့
လိုချင်တာပြောကြီးကြီးပေးမယ်လို့ပြောပြီးတော့ သူနဲ့စကားတွေဆက်ပြောနေမိတယ် ကျမကသူ့ကိုပြော မိတယ်ဖိုးဖိုးဆီမှာသမီးလဲ အမွေတောင်းလေလို့ပြောတော့ ဖိုးဖိုးက မြေးတွေကိုမပေးဘူး သူ့သားသမီးတွေကိုဘဲပေးမယ်လို့ပြောတယ်တဲ့ ကျမဒီဘက်ကနေ သူ့ရဲ့ပွင့်လင်းမှုလေးကိုသဘောတွေ ကျနေမိတယ်။

သူကကျမနဲ့အထက်အောက်မောင်က မွေးတဲ့သမီးလေး တက္ကသိုလ်တက်နေရင်းနဲ့ကျောင်းမပြီးသေးဘူး အိမ်ထောင်ကျသွားတဲ့ကျမရဲ့တူမလေးပါ ဟန်ဆောင်မှုကင်းလို့ကျမသူ့ကိုချစ်ပါတယ်။

ပြီးတော့သူကကျမရဲ့အဖေကို ပြောသေးတယ် ဖိုးဖိုးကို မနိုင်ဘူးကြီးကြီးရေတဲ့  သူ့ကိုဆိုရင်လဲ အသက်ငယ်ငယ်နဲ့ယောက်ျားယူလို့ ဆရာကတော်လို့ခေါ်တယ်တဲ့ ကျမကပြန်ပြောလိုက်တယ် ဖိုးဖိုးကသမီးကိုခေါ်တာလေးချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တော့ ဖိုးဖိုးကိုတော့ မနိုင်ပါဘူး ကြီးကြီးရာတဲ့
သူ့ကိုဆရာကတော်လို့ခေါ်တဲ့ ကျမရဲ့ အဖေကို သူချစ်စနိုးလေးနဲ့ ပြောသွားတဲ့ လေသံလေးပါ။

ဘာဘဲပြောပြော မနေ့ကမိုးသံလေသံကြောင့် ခြည်တိုင်လွမ်းခဲ့တဲ့ ကျမအတွက် တူမလေးရဲ့ စကားသံတွေက အလွမ်းတွေ ပြေစေခဲ့တယ်

မိသားစုကိုလွမ်းနေမိတဲ့ကျမ မိုးသီးမိုးပေါက်တွေကြားထဲမှာ သူ့စကားသံကြောင့် ကျမအတွက် နွေးထွေးမှုကိုရစေခဲ့တယ်။

မိသားစုရှိရာကို သွားချင်နေတဲ့ ကျမအတွက် လျပ်စီးနဲ့ မိုးကြိုးသံတွေ ကြားထဲကနေ ကျမငုံ့လှိူး ပြေးလွှားခဲ့ရတဲ့ အမောတွေ ပြေစေခဲ့ရတယ် ဒါပေမဲ့လဲ အိမ်ပြန်ချင်တဲ့ စိတ်လေးကတော့ တားမရခဲ့ဘူးပေါ့။

Tuu mar
4/10/3013
9:43 AM

No comments:

Post a Comment