Friday, October 11, 2013

ငိုအားထက် ရယ်အားသန်



  1. ဒီနေ့မနက် အမေရိကားမှာနေတဲ့ သူငယ်ချင်း တစ်ယောက်က သေနပ်နှစ်လက်ကိုင်ပြီး ပျော်စေပျက်စေ သဘောမျိုးနဲ့ facebook ပေါ်တက်လာတယ်။
    သူ့သေနပ်တွေကိုမြင်တော့ လွန်ခဲ့တဲ့၁၉၉၅ခုနှစ်တုံးက ကြုံဖူးတာလေးသွားပြီး သတိရမိတယ်

    ကရင်ပြည်နယ်ကော့ကရိတ်ဆေးရုံမှာ အမျိုးသားတာဝန်ကျတုံးပါ အဲဒီတုံးက ကော့ကရိတ်မြို့က အညိုရောင်နယ်မြေလို့ သတ်မှတ်ထားခြင်း ခံထားရတဲ့ အချိန်ပေါ့။

    ကော့ကရိတ်မြို့ကိုစပြီး ပြောင်းတဲ့နေ့ထဲက ကျမတို့မိသားစုရဲ့အကြောင်းလေးတွေက အစထဲကယဉ်သကိုဇာတ်လမ်းနဲ့စခဲ့ရတယ် လမ်းပန်းဆက်သွယ်ရေးကလဲ အခုလို မကောင်းသေးတဲ့ အချိန်အခါပါ။

    နယ်မြေကလဲ မအေးချမ်းသေးတာမှ တော်တော်ကို မအေးချမ်းသေးတာ အဲဒီအချိန် ကာလတစ် ခုမှာ BMကားပေါ် အိမ်အသုံးအဆောင်တွေတင်ပြီး မနက်စောစောထဲက ရန်ကုန်ကနေ ခရီးစပြီးထွက်ခဲ့ကြတယ်။

    ကားမောင်းတဲ့ဦးလေးက အန္တရာယ်များလွန်းတဲ့ခရီးမို့ ကလေးနဲ့ကျမလိုက်လာတာကို သိပ်သဘောမကျချင်ဘူး ဒါပေမဲ့ မိသားစုဆိုတော့လဲ သူမပြောသာဘူးပေါ့ တစ်လမ်းလုံးစကား တစ်ပြောပြောနဲ့မောင်းလာလိုက်တာ တစ်မြို့ဝင်တစ်ရွာ ထွက်နဲ့စားလိုက်သောက် လိုက်ပေါ့ပါးပေါ့ပါးပါးနဲ့ပါဘဲ။

    စပြီးအခက်အခဲတွေ့တာက စစ်တောင်းတံတားမှာ ညနေလေးနာရီနောက်ပိုင်းပေး မဖြတ်တော့တဲ့အချိန် လမ်းဘေးကားထိုးရပ်ပြီး လမ်းဘေးဆိုင်မှာ ထမင်းစားပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားပေါ်မှာဘဲ အိပ်ခဲ့ရတယ်။

    မနက်စောစော တံတားဖွင့်တာနဲ့ ခရီးဆက်ကြတယ် တစ်လမ်းလံ ေးဒေသထွက် အစာတွေ ဝယ်စားလိုက် ကားဆက်မောင်းလိုက်နဲ့ လမ်းတစ်လျှောက် စားခဲ့အထဲ ပရစ်ကြော်နဲ့ ပုဇွန်ကောင်လုံး အကြွတ်ကြော်ကို သတိအရမိဆုံးပါဘဲ။

    အဲဒီလိုခရီးဆက်လာလိုက်တာ ရေလမ်းတစ်တန်ကားလမ်းကတစ်တန်ပေါ့သံလွင်ကိုဖြတ်ဖို့ မြိုင်ကလေး ဆိပ်ကမ်းမှာ ဇက်သင်္ဘောပေါ်ကို ကားမောင်းတင်ပြီး ကူးတဲ့အချိန်မှာ ကျမနဲနဲလေး ကြောက်စပြုလာပြီ ကလေးကိုကျစ်ကျစ်ပါအောင်ဖက်ထဲပြီး ရသမျှဘုရားစာကိုအဆက်မပြတ် ရွတ်ရတော့တာပေါ့။

    လှိုင်းလေကြီးတဲ့ရေထဲမှာ ဝန်တွေမချိမဆန့်တင်ထားတဲ့ ဇက်သင်္ဘာက လူးလိမ့်သွားရင်ကျမ အကြောက်ဆုံးက ငါ့ကိုငါးတွေဝိုင်းတွတ်ရင် ဒုက္ခဆိုပြီး ဇီးရွက်လောက် မျက်နှာလေးနဲ့ ယောက်ျားကိုလှမ်းလှမ်းကြည့်ပြီး အားပေးစကားယူချင်ပေမဲ့လဲ သူလဲကျမလိုဘဲ ကြောက်နေခဲ့ တာတွေ့ရတယ်။

    အဲဒီရေလမ်းခရီးပြီးပြန်တော့ ကော့ကရိတ်ကို ခရီးဆက်တဲ့ လမ်းတစ်လျှောက်မှာ တောကနက်လေ စိတ်ကခြောက်ခြားလာလေပါဘဲ တစ်လမ်းလုံးလဲ မြေကတုတ် ကျင်းလေးတွေထဲကနေ ဟေ့ ရပ်ဆိုရင်း ကားကိုရပ်ရရင်းပေါ့ သူတို့လက်ထဲမှာကလဲ တိုတိုတွေရောရှည်ရှည်တွေပါကိုင်ထားတော့ ကြောက်မိတာတော့အမှန်ပါဘဲ။

    ရင်တုန်ပန်းတုန် ခရီးလမ်းတစ်လျှောက်မှာ တစ်ဖြေးဖြေးနဲ့ စားခဲ့ရတဲ့ ပရစ်ကြော်ရယ် ဂျိုင်းမြစ်ကူးတဲ့အချိန်မှာ စားခဲ့ရတဲ့့ပုဇွန်ကောင်လုံးကြော်ကြီးတွေလဲ ဘယ်ရောက်လို့ရောက်မှန်း မသိတော့ဘူးဖြစ် သွားခဲ့ရတယ် ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့မျက်နှာကလဲ ဇီးရွက်လောက်ကနေ ဇီးစေ့လောက်ဖြစ်လာခဲ့ရတယ်။

    ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ကော့ကရိတ်မြို့ ဝင်ခါနီး လှိုင်ဝရွာ အဝင်နားမှာ ကျမတို့စီးလာတဲ့ကားရဲ့ အနောက်ဖက်ကနေ ဒိုင်းကနဲအသံနဲ့ထပ်တူ ဝုန်းကနဲအသံက ဆက်တိုက်ကြားလိုက်ရတယ်။

    ကားမောင်းတဲ့ ဦးလေးကြီးက ကားမောင်းနေရင်းက သူ့နားမှာ ထိုင်နေတဲ့ ကျမနဲ့ကလေးကို လက်တစ်ဖက်နဲ့ လှမ်းဆွဲပြီး အောက်ဖက်ကို အတင်းငုံ့ခိုင်းခဲ့တယ် ပါးစပ်ကလဲ ကျန်တဲ့သူတွေအတွက် သတိပေးရင်း သူအော်နေတယ်။

    အဲဒီလိုနဲ့ငြိမ်ငြိမ်လေး ဆယ့်ငါးမိနစ်လောက် နေပေမဲ့ ဘာမှထပ ပြီး်မထူးလာတာနဲ့ ကားမောင်းတဲ့ ဦးလေးကြီးက သူအရင်ဆုံး ခေါင်းမော့ကြည့်တယ် ဘာမှမထူးတာနဲ့ သူကားပေါ်ကနေဆင်းလိုက် တယ် ဘေးဘီဘာညာသူကြည့်လိုက်တယ်။

    ကျမတို့အဖြစ်က ငိုအားထက် ရယ်အားသန်ပါဘဲ ရန်သူဆီက လာတဲ့လက်နက်ကြီး မဟုတ်ဘဲ ကျမတို့ အိမ်ပြောင်းလို့ သယ်လာတဲ့ သံရေတိုင်ကီကြီး အရှိန်ပြင်းပြင်းနဲ့ပြုတ် ကျသွားတာ ဖြစ်နေခဲ့တယ်။

    အဲဒါကတော့ ကျမတို့မိသားစုရဲ့ အညိုရောင်နယ်မြေထဲမှာ စတင်ပြီးတာဝန်ထမ်းဖို့ ထွက်ခဲ့ရတဲ့ခရီး တစ်ခုရဲ့ အစပါ နောက်ပိုင်းတွေ့ကြုံခဲ့ရတဲ့ ဒိထက်ဆိုးတာတွေ အမှတ်တရအနေနဲ့ ကျမပြောပြချင်ပါသေးတယ်။

    ငိုချင်ရက်လက်တို့ခံခဲ့ရတာတွေရော ငိုအားထက် ရယ်အားသန်ခဲ့ရတာတွေရော
    ငို၍ရယ်၍ မရခဲ့သော မျက်နှာများအကြောင်း အားလုံးကို အလျဉ်းသင့်သလို ပြောပြသွားပါမယ်။

No comments:

Post a Comment