Monday, July 1, 2013

လာခြင်းကောင်းသော သမီးလေးဖြစ်ပါစေ

   
 

လာခြင်းကောင်းသော သမီးလေးဖြစ်ပါစေ 

ချစ်သမီး
လူ့လောကထဲကို မေမေခေါ်ဆောင်လာခဲ့တာ
မနက်ဖြန်ဆိုရင် ဆယ်စုနှစ် နှစ်ခုရဲ့ ပါတ်ဝန်းကျင်ထဲကို ရောက်လာခဲ့ပြီနော်။

မနက်ဖြန်ဆိုတဲ့ မဝေးတော့တဲ့ အချိန်လေးအတွင်းမှာ
သမီးလေးက လူ့လောကကြီးရဲ့အကြောင်းကို
ဘာမသိ ညာမသိနဲ့
ဆိုးဆိုး ကောင်းကောင်း
ဒီလမ်းကြီးကို လျှောက်ရဖို့ ရောက်လာတော့မှာပါ။

အဲဒီအချိန်တုံးက မေမေဘာတွေ တွေးနေခဲ့မယ် ထင်လဲသမီး
ဗိုက်ထဲမှာ သရိုးသရီ ဖြစ်လာပြီဆိုတော့
လူ့လောကထဲ ရောက်လာမဲ့ ကလေးလေး
သားလေးလား သမီးလေးလား ဆိုတာကို အရင်သိချင်ခဲ့တယ်။

ခြေလက်အင်္ဂါစုံရဲ့လား ဆိုတာလဲ သိချင်ခဲ့တယ်
ကျန်းကျန်းမာမာနဲ့ လူ့လောကကြီးထဲကို 
လာနိုင်ခဲ့ပါ့မလားလို့ တွေးနေခဲ့မိတယ်။

လူ့လောကထဲ ရောက်လာခဲ့ရင်ရော
ဘုရားတရားသံယာ မိဘနဲ့ဆရာသမားကို
ရိုသေလေးစားတဲ့ ကလေးဖြစ်လာပါ့မလား
ကျန်းမာပျော်ရွှင်ပြီး တက်ကြွနေတဲ့ ကလေးဖြစ်ပါ့မလား
လိမ္မာသိတတ်ပြီး ဖျတ်လတ်နေတဲ့ ကလေးဖြစ်ပါ့မလား
ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်ပါ့မလား
တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ ကလေးဖြစ်ပါ့မလား
အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းနိုင်တဲ့ ကလေးဖြစ်ပါ့မလား
အရာရာအားလုံးကိုတွေးပြီး ပူခဲ့ရတဲ့ ဒီအချိန်လေးပေါ့။

နောက်ဆုံး ဆုတောင်းမိတာ တစ်ခုကတော့
အေမေရာ သမီးပါ
ကျန်းမာပျော်ရွှင် ဘေးအန္တရာယ် ကင်းစွာနဲ့
မွေးဖွားနိုင်ပါစေလို့ စိတ်ထဲမှာ တစ်ဖွဖွရွတ် နေမိတယ်သမီး
လူ့လောကကြီးအတွက်
လာခြင်းကောင်းသော ချစ်သမီးလေး ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့


Mar Mar Lwin
1/5/2013

No comments:

Post a Comment