Friday, May 19, 2017

ငါးဇင်ရိုင်းအကြောင်း တစေ့တစောင်း


ဒီဟာသလေးက face book မှာ ရေးခဲ့တာလေးပါ အမှတ်တရအနေနဲ့ ဘလော့လေးမှာ ပြန်သိမ်းထားချင်လို့. share လာခဲ့ပါ။

ကျမငယ်ငယ်က ငါးဇင်ရိုင်းဆို အရမ်းကြိုက်တာ အရိုးလေးတွေကို ကျေနေအောင် ဝါးစားရတာကအစ နှစ်ခြိုက်ခဲ့ဖူးပါတယ်။

ရေကျော်တိုက်နယ်ဆေးရုံကို ပြောင်းတော့ လပြည့်နေ့ဆို ပင်လယ်က ရေတက်လာရင် ငါးဇင်ရိုင်းတွေ တန်းစီပြီးရေတက်နဲ့ပါလာတတ်ပါတယ် ရေကတရိပ်ရိပ်တက်လာလေ ငါးဇင်ရိုင်းတွေက နူတ်ခမ်းမွှေးအကားသားနဲ့ ရေတက်နဲ့အတူ အုပ်စုလိုက်ကြီး အလိပ်လိုက် ပါလာတတ်တယ်။

တောက အိမ်သာတွေက မြေကြီးပေါ်မှာ ပက်လက် ပါပြီးသား အပုံတွေက တောင်ပို့လိုပုံနေတာပေမဲ့ တောသဘာ၀မို့ မြင်နေကျ အသားကျလာတော့ ရိုးလာသလို ဖြစ်လာခဲ့တယ်။

ဒါပေမဲ့လဲ တလတခါ ရေတက်ဦး ငါးဇင်ရိုင်းတို့က လာလာပြီး သန့်ရှင်းရေးလုပ်ပေးတော့ ညနေစောစော တက်တဲ့ရေမှာ ပါလာတဲ့ ငါးဇင်ရိုင်းအုပ်ကြီးက ပလပ်ပလပ်နဲ့ လာစားကြတော့ ညဦးပိုင်း ရေလဲပြန်အကျ အိမ်သာအောက်လေးလဲ သန့်ရှင်းပြီး ကျန်ခဲ့တာပေါ့။

နောက်တခါ ကော့ဘိန်းတိုက်နယ်ဆေးရုံကို ပြောင်းတော့ သားကြီးက သင်္ဘောစီးချင်တယ်ဆိုတာနဲ့ ရန်ကုန်ကနေ မော်လမြိုင်ကို သင်္ဘောနဲ့သွားကြတယ် ရွာတရွာရောက်တော့ ထုံးအိုင်ရွာလို့ထင်တယ် သင်္ဘောက ခနရပ်ပေးတယ် ထမင်းစားချင်တဲ့သူ ဆင်းစားလို့ရတယ်ဆိုတော့ ကမ်းဘေးနားက ဆိုင်လေးမှာ ဆင်းစားကြတာပေါ့နော်။

မြစ်ငါးဇင်ရိုင်း အရမ်းဆူတယ်ဆိုလို့ မှာစားမိတယ် တကယ်လဲ စားလို့ကောင်းတယ် တောချက်လေး ငရုတ်သီး ဖိုးသိုးဖတ်သပ်လေးတွေနဲ့ ချက်ထားတာဆိုတော့ စားကောင်းကောင်းနဲ့စားလိုက်တာ ထမင်းက ၃ခါလောက် ထပ်ထည့်ရတယ်ပေါ့နော် နောက်ဆုံး အစာပိတ်မှ တွယ်မယ်ဆိုပြီး ငါးဇင်ရိုင်းတကောင် ချန်ထားတာကို ဟင်းအနှစ်ထဲက ဇွန်းနဲ့ ခပ်ထည့်လိုက်တာ ငါးဇင်ရိုင်းမဟုတ်ဘဲ ဘာကြီးဖြစ်နေတယ် ထင်မိလဲရှင် 😀

ဖိုးသိုးဖတ်သပ် ငရုပ်သီးဖတ်နဲ့ကြက်သွန်အနှစ်တွေ ကြားထဲမှာ ပင်စိမ်းရွက်ကို မိမိရနဲ့စုတ်ကိုင်ပြီး ပိုးလိုးပက်လက်လန်ကာ အမြှီးငုတ်တုတ် ဖြစ်နေရှာတဲ့ အိမ်မြှောင်ကြီး ဖြစ်နေပါရော့လား 😀

အန်လိုက်ရတာ ပြောမနေပါနဲ့တော့ စားထားတဲ့ ဖိုးသိုးဖတ်သပ်လေးတွေ ချက်ခြင်းဆိုသလို ကုန်သွားပါလေရော။

အော် ကျမနဲ့ ငါးဇင်ရိုင်း ရာဇ၀င်က ရိုင်းရက်လေခြင်းရယ်လို့ အဲဒီထဲက ငါးဇင်ရိုင်း မစားတော့တာ ခုထိဘဲဆိုပါတော့ရှင်

No comments:

Post a Comment