Thursday, June 6, 2019

ကောင်းမြတ်သော နောင်တ


ညက မအိပ်ခင်လေး အဖေနဲ့အမေ့ကို တခုတ်တရ သတိရသွားမိတယ် အဲဒီကနေ ဆက်စပ်လို့ ကလေးတယောက် လူဆိုတာ ဖြစ်လာဖို့အရေး အတွေးနယ်ချဲ့မိသွားတယ်။

လူဖြစ်လာပြန်တော့ လူတလုံး သူတလုံး ဖြစ်လာဖို့ဆိုတာ အရေးကြီးလာပြန်တယ် ဒီတော့လဲ မိဘတွေက ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး ရုန်းကန်ကြရပြန်တယ်။

ပေးဝေသူနဲ့ ဆက်ခံသူအကြား ပေးဝေသူက ထိုက်ထိုက်တန်တန် ပေးဝေသလို ဆက်ခံသူကလဲ တန်ဖိုးထား ဆက်ခံတတ်ဖို့ဘဲ လိုပါတယ် ကိုယ်တွေတုန်းက ကောင်းမွန်စွာ မဆက်ခံခဲ့တော့ ရိုးသားစွာ ၀န်ခံရရင် အမေသည် သေသာသွားရော စိတ်ချမ်းသာမှု ရသွားနိူင်မည် မထင်ခဲ့ပါ။

ကလေးတယောက်ရဲ့ တာ၀န်ဆိုတာ အင်မတန် ကြီးလေးပါတယ် ကိုယ်၀န်ဆောင်ချိန်က အစပြုလို့ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အနေအထိုင် အစားအသောက်ကအစ အစစရာရာ ဆင်ချင်လာရတယ် ဒါတွေကိုလဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်တိုင်သိကြမယ် ထင်ပါတယ်။

ဒီကြားထဲကမှ သူတို့ရဲ့အတိက်ကံ အကျိုးဆက် အကြောင်းဆက်တွေက ဘယ်လိုပါလားမလဲဆိုတာ ကြိုတင်ပြီး မသိနိူင်ပြန်ပါဘူး။

သူတို့လူ့လောကထဲ ၀င်လာခဲ့အခါ ကိုယ်လက်အင်္ဂါ စုံပါ့မလား သားကောင်းသမီးမြတ်လေးတွေ ဖြစ်ပါ့မလား ကျောင်းနေပျော်လို့ စာတော်တဲ့ ကလေးတွေ ဖြစ်လာပါ့မလား လုပ်ငန်းခွင်မှာ အဆင်ပြေပါ့မလားဆိုတဲ့ လားပေါင်းများစွာနဲ့ ပူပင်နေကြရတာလဲ မိဘတွေရဲ့ သောကတွေပါဘဲ။

ကိုယ်၀န်ဆောင် တယောက်က တနေ့သုံးခါ သင်္ချိုင်းကို မျက်စောင်းထိုးတယ်ဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ့်အသွေးအသား အပိုလေး ထည့်သွင်းထားတာမို့လို့ သူ့အတွက် ကြီးထွားမှု ဥာဏ်ရည်ကောင်းမှု ကျန်းမာသန်စွမ်းစေမှု အစရှိသည်တို့က မိခင်လောင်းအပေါ်မှာ အများကြီး မူတည်သလို မိခင်လောင်းဘေးက သက်ဆိုင်သူ မိသားစုတွေမှာလဲ အများကြီး တာ၀န်ရှိပါတယ်။

မွေးဖွားလာပါပြီတဲ့ ဒီကလေးရဲ့ ကျန်းမာရေးအတွက်က အစပြုလို့ ကျောင်းထားချိန် ကျောင်းနေချိန်နဲ့တကွ သူ့ဘဝရှေ့ရေးတွေက ပိုလာပြန်ပါတယ်။

ပေးဝေသူက မြင့်မြင်မားမား ပေးလေ ဆက်ခံသူက တန်ဖိုးထား ဆက်ဆံတတ်လေ ဖြစ်လာဖို့ကလဲ အရေးကြီးပြန်ပါတယ် ဒီနေရာမှာ ကိုယ်ကတော့ သားသမီးတွေရဲ့ တာ၀န်ကျေ သိတတ်မှုတွေကို အပြည့်အ၀ ပြန်လည် ခံစားနေရသော်လည်း ကိုယ့်အလှည့်တုန်းကတော့ မိဘတွေအပေါ်ကို တာ၀န်မကျေခဲ့တာ အမှန်ပါ။

ဒါကြောင့်မို့လို့ ကိုယ့်သားသမီးတွေ ကိုယ်တွေအပေါ် တာ၀န်ကျေလာလေလေ ကိုယ့်မိဘတွေရဲ့ စေတနာကိုလည်း ပိုပိုပြီး တန်ဖိုးထားတတ်လေလေလဲ ဖြစ်လာခဲ့ရပြန်ပါတယ်။

ငယ်စဉ်အခါက မိဘတွေ ဆုံးမတဲ့စကားကို အမြင်မတည့်ခဲ့ဘူးတာတွေကိုလဲ ပြန်ပြီးသတိတွေ ရလာမိတယ် အဲဒီအမှားတွေက အခုချိန်မှာ ကိုယ့်အတွက် နောင်မှရတဲ့ နောင်တဆိုတာ မဖြစ်ရလေအောင် အမြဲတမ်း ပြန်လည်သုံးသပ်ပြီး ကိုယ့်သားသမီးတွေအပေါ် အသုံးချတတ်လာခဲ့ပါတယ်။

ကိုယ်တွေငယ်ငယ်က ကျောင်းကနေ စာသင်ပြီး မောမောနဲ့ ပြန်လာတတ်တဲ့အမေ အဖြူအစိမ်း ကျောင်းဝတ်စုံကို မလဲနိူင်သေးဘူး ကျောင်းကဆရာ တိုင်လိုက်တိုင်း ဒေါသတွေထွက်ပြီး ပြန်အလာ လူကိုမြင်တာနဲ့ စာကြိုးစားကြပါ စာကြိုးစားကြပါ နင်တို့စာမကြိုးစားရင် ဘယ်သူ့ချီးကျွေးမယ် ညာသူ့ချီးကျွေးမယ်လို့ အမေ့ရဲ့ ဂရုဏာဒေါသော အသံတွေကို ကြားရလေတိုင်း အမေဟာ ကိုယ့်သားသမီးတွေကို ဘာလို့ အဲလိုပြောတာလဲဆိုတဲ့ အတွေးတွေ ခနခနဆိုသလိုဘဲ ခေါင်းထဲကို ၀င်လာခဲ့ဘူးတယ်။

အမေအဲဒီလိုပြောလေ စိတ်ထဲမကောင်းလေ စာကိုပိုပြီး ကြိုးစားရမဲ့အစား အမေက ငါတို့ကို နှိမ်လိုက်တာဆိုတဲ့ အတွေးတွေနဲ့ စာကို မကျက်ချင်လေလေ ဖြစ်လာခဲ့ရတာတွေဟာ ကိုယ့်သားသမီးတွေ စာသင်ချိန်ရောက်တော့ ကိုယ့်ကလေးတွေ စာကြိုးစားချင်အောင် ဆုံးမချင်ရင်တောင်မှ အဲလိုစကားမျိုးတွေ ရှောင်ရှားဖို့ အမြဲတမ်းဘဲ တွေးခဲ့တယ် သို့သော်လဲ ကိုယ့်ကလေးတွေကတော့ စာဖတ်ပါ စာကျက်ပါဆိုတာ တခါမှ မပြောခဲ့ရဖူးပေ။

နောက်တခုက သူများနဲ့နိူင်းတာတွေ ရှောင်ခဲ့တယ် သူများက ကံ ဥာဏ် ဝီရိယကောင်းလို့ တော်ချင်တော်လိမ့်မယ် ကိုယ့်မှာက ကံဥာဏ် ဝီရိယနည်းတဲ့အခါ အညံ့ဘက် ရောက်ချင် ရောက်နေနိူင်တာဘဲလေ။

မိဘဆိုတာ ကိုယ်မိဘနေရာကို ရောက်လာမှ သူတို့ဘယ်လို ခံစားရတယ်ဆိုတာ သိလာရသလို တူညီတဲ့ ခံစားချက်တွေလည်း ရလာတတ်တာမျိုးပါ အခုတော့ ကိုယ်မှားခဲ့တာတွေ တောင်းပန်ဖို့အတွက် အမေက မရှိတော့ပြီ။

အခုတော့လဲ အဖေနဲ့အမေအတွက် အဖေနဲ့အမေ လိုချင်ခဲ့တဲ့ ပညာရေး ပန်းတိုင်ကို ကိုယ်မရောက်နိူင်ခဲ့ပေမဲ့ ကိုယ်တွေတုန်းက ဖြည့်စည်းမပေးနိူင်တဲ့ ကွက်လပ်ကလေးတွေကို ကိုယ်တွေကိုယ်စား ကိုယ့်သားသမီးလေးတွေကို မြေတောင်မြှောက်ရင်း ရုန်းရင်းကန်ရင်း ကြိုးစားရင်းနဲ့ပေါ့လေ။

တပည့်အများက ချစ်ကြတဲ့ ဆရာမကြီး ကျမတို့ရဲ့ အမေ ဒေါ်အေးရီသို့ တိုင်တည်ရင်းဖြင့်။

ချစ်သမီး
မာမာလွင်


No comments:

Post a Comment