Monday, June 17, 2019

ဆန်ကောလေး တစ်ချပ်


ဈေးသွားရင်းက စကောလေးတွေ့လို့ ချစ်တာနဲ့၀ယ်လာလိုက်တာ အိမ်ရောက်တော့ သမီးက မေးတယ် မေမေ အဲဒါ ဘာလုပ်ဖို့လဲတဲ့
ဘာရယ်မဟုတ်ဘူး ချစ်လို့၀ယ်လာတာလို့ ပြောလိုက်တော့ ထုံးစံအတိုင်း စပ်စုပါလေရော မေမေ အဲဒါ ဘာလုပ်လို့ရလဲတဲ့
ဒို့တွေ ငယ်ငယ်ကတော့ ဆန်တွေကို ဆန်ကောထဲထည့်ပြီး ဆန်ထဲမှာပါတတ်တဲ့ စပါးလုံး ကျောက်ခဲ အမှိုက်တွေကို ရွေးပြီးဖယ်ထုတ်ရတယ် ဆန်တွေသန့်သွားအောင် ဆန်ရွေးတယ်လို့ ခေါ်တာပေါ့
အခုနောက်ပိုင်းမှာတော့ ဆန်တွေက သန့်ပြီးသားတွေ ရောင်းလာလို့ စကောဘာညာဆိုတာ လူတွေက မသုံးကြတော့တာလို့ ပြောပြရင်းနဲ့
နောက်တခုက တနေရာမှာ သုံးသေးတယ်လို့ ပြောပြလိုက်တော့  ဘယ်မှာသုံးတာလဲ မေမေတဲ့
တောရွာဓလေ့ နေထိုင်မကောင်းကြတဲ့ အခါဆိုရင် ဆရာ၀န်တို့ ကျန်းမာရေးမှူးတို့နဲ့လဲ ပြကြတယ် ဒါပေမဲ့ တော်တော်နဲ့ ရောဂါက မသက်သာ မပျောက်ကင်းတဲ့ အခါမျိုးမှာ အနှောင့်အယှက် ရှိတယ်ဆိုပြီး ရွာစာကျွေးလေ့ ရှိကြတယ်။

ဆန်ကောထဲမှာ ထမင်းနဲ့ ဟင်းတွေပုံပြိး ရေတမှုတ်ရယ် သစ်သားယောင်းမ တချောင်းရယ်ထည့်ကာ ညနေနေ၀င်မိုးချုပ် အချိန်မှာ အိမ်ထောင့်တနေရာ နှောက်ယှက်ထားတဲ့သူကို တောင်းပန်ပြီး ကျွေးတဲ့အခါမှာ သုံးလေ့ရှိတယ်လို့ ပြောလိုက်တော့
ဟယ် ကြောက်စရာကြီး အိမ်မှာမထားနဲ့ လွှင့်ပလိုက်တဲ့ 😀 အဲတော့ သူများက ချစ်လို့၀ယ်လာတဲ့ဟာကို မပြစ်ရက်ပါဘူးဆိုပြီး
နောက်တော့ နားလည်အောင် ပြောပြရတယ် ဝါးနဲ့လုပ်ထားတဲ့ တင်းတောင်း ခွဲတောင်း ပြည်တောင်း ဆန်ကော ဇကာကျဲ ဇကာလတ် ဇကာစိတ်ကြက်အုပ်ဆောင်း ဆိုတာတွေက အရင်တုန်းက မြန်မာပြည်က ရွာတွေရဲ့ အိမ်တိုင်းမှာ ရှိကြတယ်
ဆန်ရွေး ဆန်ချင် သစ်သီးသစ်ရွက် ရေဆေးပြီးရေစစ် လိုသလိုသုံးကြတယ် ဝါးရင့်ရင့်နဲ့လုပ်ထားတဲ့ ဆန်ကောတချပ် ဇကာတကုံးဟာ ထင်းမီးဖိုအပေါ်က ကြပ်ခိုးစဉ်မှာ ကြပ်တင်ပြီးသုံးရင် အနည်းဆုံး ၈နှစ်၁၀နှစ်လောက်ထိ အထားခံကြတယ်
အခုနောက်ပိုင်းတော့ ထင်းမီးဖိုတွေ ရှားလာတော့ ဆန်ကောကို သစ်စေးသုပ်ပြီး သုံးလာကြတယ် အရင်က မြန်မာအိမ်တိုင်းမှာ မရှိမဖြစ် ပစ္စည်းလေးတွေ အခုတော့ ပလပ်စတစ် ပစ္စည်းတွေက နေရာယူလာလို့ သမီးတို့မသိတော့တာလို့ ဆိုလိုက်တော့မှ
အော် ဒီလိုလားတဲ့
အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ် ဒိမင့်ဆို သူများဆန်ကောလေး အမှိုက်ပုံးထဲ ရောက်တော့မလို့ ကံသီပေလို့ လွတ်သွားခဲ့တယ်။

No comments:

Post a Comment