ဒီစာလေးကိုရေးဖို့ ကျမအတွေးထဲ ခနခန၀င်လာခဲ့ဖူးပါတယ် ဒါပေမဲ့ အတွေးထဲ စိတ်ကူးထဲမှာဘဲ ပျောက်ပျောက်သွားခဲ့တာကများပါတယ် ဒီနေ့တော့ ရေးချင်စိတ်လေးပေါ်လာတုံး ကျမရေးလိုက်ပါပြီ။
အခုရက်ထဲ စိတ်ထဲမှာ ကသိကအောက်ကလေးတွေ ခံစားရတာ များများလာခဲ့တော့ လူ့လောကကြီးကို စိတ်ကုန်ကုန်သလိုလိုနဲ့ အာရုံတွေ တကယ်ကိုဘဲ လွင့်ပျံ့လာခဲ့ရတာပါ။
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်းဘဲ တစ်မိသားစုနဲ့တစ်မိသားစု ပေါက်ဖွားမွေးဖွား ကြီးပြင်းရာတွေ မတူညီကြတော့ ရွှေပင်နားတဲ့ရွှေကျေးက လိမ္မာမယ် ယဉ်ကျေးမယ် ပါးနပ်မယ် ရွှေပင်မဟုတ်တဲ့ကိုင်းမှာ နားမိသွားတဲ့ ကျေးသူငယ်ကတော့ သူနားမိတဲ့ကိုင်းက အလေ့ကျ အရိုင်းပင်တစ်ပင်မို့ နားမိတဲ့ကျေးသူငယ်ဟာ ရိုင်းလိမ့်မယ် ဆိုးသွမ်းလိမ့်မယ် ပါးနပ်မှုမရှိ အလိုလိုနေရင်း ဒေါသမာန်မာနတွေ ထွက်ခဲ့သူဖြစ်သွားခဲ့ရတာ ဒါသဘာ၀တရားပါ ဒီလိုဖြစ်သွားခဲ့ရတာကလဲ သူနားခိုခဲ့ရတာက အလေ့ကျအရိုင်းပင်မို့ပါ။
တခါတလေ လူတွေဟာ အသံကြောင့်ဖားသေ ဖြစ်ခဲ့ရတဲ့လူတွေ ဒုနဲ့ဒေးပါ ကိုယ့်အတွက်ရလာဒ်က ဘာလဲဆိုတာကို မကြည့်ဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ဒီကစကားကိုဟိုပို့ ဟိုကစကားကို ဒီသယ်လုပ်ပြီး ကြားလေသွေးတဲ့သူတွေကို ကျမကြောက်ခဲ့မိပါတယ် အဲလိုလူက ကျမအတွက် ဘယ်တော့မှ မိတ်ဆွေအစစ် မဖြစ်ခဲ့ရိုး အမှန်ပါ။
တယောက်နဲ့တယောက်ရိုင်းပင်းမယ် ကူညီမယ် စိတ်ဓါတ်ခွန်အားတွေ ပေးမယ်ဆိုရင် မိတ်ဆွေစစ်ပါဘဲ သူလိုလူက ဘယ်အချိန်ဘဲဖြစ်ဖြစ် ရေနစ်နေတဲ့သူကို ဝါးကူထိုးတဲ့သူ မဖြစ်နိုင်သလို ရေနစ်နေသူအတွက် အားကိုးတကြီး ကိုင်ဆွဲစရာ မြက်တပင်တော့ ဖြစ်နေခဲ့မှာ သေချာပါတယ်။
လူတွေဘာလို့ အမုန်းတရားတွေ ထားနေကြလဲလို့ ပြန်ပြန်ပြီး သုံးသပ်လိုက်တိုင်း အတ္တတွေကြောင့်ဆိုတာ ကျမသိလာခဲ့ရတယ် ဘာဖြစ်လို့လဲဆိုရင် ကျမလဲ အဲဒီအတ္တဆိုတာကြီးကို အမြဲတမ်းမဟုတ်ပေမဲ့ ရံဖန်ရံခါမှာ မက်မက်မောမောနဲ့ ဖက်တွယ်ထားဘူးလို့ပါ။
လူဆိုတာ သက်ရှိတွေထဲမှာ အသိဥာဏ်အရှိဆုံးပါ ဘာဘဲဖြစ်ဖြစ် လူတစ်ယောက် စိတ်သောက ရောက်နေချိန်မှာ ကျန်တယောက်က ဖေးမကူညီပေးသင့်တာပါ တစ်ယောက် အကူအညီ လိုနေချိန်မှာ ကျန်တစ်ယောက်က ကူညီပေးနိုင်တာကမှ မိတ်ဆွေစစ် သူငယ်ချင်းကောင်း ဖြစ်နိုင်မှာပါ မျက်နှာလွှဲခဲပြစ် သူ့ဘာသာသူ ဖြစ်ချင်ရာဖြစ် ငါနဲ့မဆိုင်ဘူး အနေသာကြီးပါဆိုပြီး နေလိုက်တဲ့သူ စိတ်ဓါတ်ခွန်အားလေးတောင် ပေးဖော်မရတဲ့သူကတော့ ကျမအတွက် သူငယ်ချင်းကောင်း မိတ်ဆွေစစ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး ဒါက ကျမရဲ့ခံယူချက်ပါ။
ဘာလို့အခုလို တွေးမိရေးမိနေတာလဲလို့ ကျမကိုယ်ကျမ အဖြေရှာကြည့်တယ် ကျမအနားမှာ ကျီးအာသီးလို အခွံသာလှပြီး အတွင်းမနော ညစ်ပေမဲပုပ်ပြီး မကောင်းသူတွေ လက်ခုတ်သီးလို အပြင်အခွံမလှပေမဲ့ အတွင်းသားက ချိုစိမ့်စိမ့်နဲ့ကောင်းနေသူတွေ ဒုနဲ့ဒေး ရှိနေခဲ့လို့ပါဘဲ။
မာမာလွင်
9:38 AM
30/7/2014

No comments:
Post a Comment