Tuesday, September 10, 2013

သိမ်းထုတ်ဖို့ရာ



ဒီနေ့အိပ်ယာကနိုးတာနဲ့ ခေါင်းထဲရောက်လာတဲ့အတွေးတွေကများလွန်းနေသလိုဘဲ 
ကိုယ့်အရေး မိသားစုအရေး အရေးတွေရောနှောနေခဲ့တယ်။

ကိုယ့်အရေးက ဒီအသက်ဒီအရွယ်နဲ့ဆိုဘာဘဲဖြစ်ဖြစ် လာခဲ့တဲ့လမ်းကို ခြေလှမ်းကပြန်လှမ်း နေတဲ့အရွယ်ရောက်နေခဲ့ပြီ လုပ်ရတော့မဲ့အလုပ်က ကိုယ့်နောက်ပါတာတွေလုပ်ရတော့မယ်။

ကိုယ့်နောက်ပါမဲ့အထုတ်ကို ကျစ်ကျစ်လစ်လစ်နဲ့သယ်သွားနိုင်အောင်ထုတ်ရတော့ရမယ် အဲဒီလို ပြင်ရတော့မယ်ဆိုတာသိလိုက်ရချိန်မှာဘာဘဲဖြစ်ဖြစ်ကိုယ်ကဦးအောင်သိမ်းထုတ်နိုင်ရမယ်။

အဲဒီစကားကိုပြောမိတော့ အဖွားကိုသတိရတယ် အဖွားမသေခင်ခနခနပြောတတ်တဲ့သူ့ရဲ့ယောက်ျား
အဖိုးရဲ့အကြောင်းကခေါင်းထဲကို ဖြတ်ကနဲရောက်လာခဲ့တယ်။

အဖိုးငယ်ငယ်ကတောထဲက သတ္တဝါလေးတွေဖမ်းတာဝါသနာပါတယ် စားဖို့မဟုတ်ဘဲအလှမွေးဖို့အတွက်ပေါ့ သူဖမ်းလို့ရတဲ့အကောင်လေးတွေကို အိမ်မှာမွေးထားတတ်တယ်။

တောထဲကဖမ်းလို့ရတဲ့အကောင်လေးတွေကို အဖိုးကလူယဉ်အောင်လို့ခြေထောက်မှာကြိုးခြည် တဲ့အကောင်လေးတွေကို ခြည်ပြီးမွေးသလို အုပ်ဆောင်းနဲ့လဲအုပ်ပြီးမွေးတတ်ခဲ့တယ် အဲဒီလိုမွေးပြီးလူယဉ်လောက်မှကြိုးဖြုတ်ပြီး အိမ်ခြံဝင်းထဲမှာလွှတ်ပေးတတ်ခဲ့တယ်။

အဖိုးရဲ့ဝါသနာကအဲဒီလို သူနဲ့တောလည်ဖက်တွေကအရင်တုံးက ဘုံဘေဘားမားသစ်ကုမ္ပဏီက  နိုင်ငံခြားသားတွေ သူတို့တွေကအဖိုးနဲ့အတူ ပဲခူးရိုးမတောထဲမှာ အမြဲတောလည်ထွက်တတ်ခဲ့ကြတယ်။

တစ်နေ့တော့ အဖိုးတစ်ယောက် ပြန်ပေးအဆွဲခံရတယ် သူတောထဲမှာတောလည်ထွက်စဉ်အဖမ်းခံရတာမို့ ဘယ်သူကမှမသိလိုက်ကြဘူး။

နောက်ရက်တွေတော်တော်ကြာလာတော့မှ ပြန်ပေးဆွဲတဲ့သူတွေက အဖိုးရဲ့သမီးအကြီးဆုံးကို ဘယ်နေရာကိုလာပါ ဘာအဝတ်အစားဝတ်ခဲ့ပါ ပိုက်ဆံဘယ်လောက်ယူခဲ့ပါ ဘာခမောက်ဆောင်းခဲ့ပါ အဲဒါတွေရေးထားတဲ့စာလာပေးတော့ မှအဖိုးပြန်ပေးအဆွဲခံလိုက်ရတာသိကြတယ်။

ခါတိုင်းတောလိုက်သွားရင်လဲကြာတတ်တာမို့ အဖွားကသိပ်တော့စိတ်မပူခဲ့ဘူးလို့ပြောပါတယ် အဲဒီအချိန်မှာပြန်ပေးအဆွဲခံထားရတဲ့အဖိုးဟာ ပြန်ပေးတွေရဲ့လက်ထဲမှာသူတရားသဘောကိုသိသွားတယ်။

သူဖမ်းလာတတ်တဲ့အကောင်လေးတွေလိုဘဲ သူရဲ့ခြေတွေလက်တွေ အတုတ်အနှောင်ခံထားရတဲ့အချိန်မှာပေါ့ 
အဲဒီအချိန်တိုလေးအတွင်းမှာသူရသွားတဲ့အသိဟာ အဖိုးအတွက်ကျစ်ကျစ်ပါအောင်ထုတ်သွားတဲ့အထုတ်ဖြစ် သွားခဲ့တယ်။

ပြန်ပေးလက်ထဲကလွတ်လာချိန်မှာအဖိုး သူဝါသနာပါတဲ့တောလိုက်ခြင်းအမှုကိုစွန့်လိုက်တော့တယ်
သူ့ဘာသာသူ မိရိုးဖလာကိုးကွယ်ခဲ့တဲ့မြသိမ်းနားကျောင်းမှာ ကမ္မဌါန်းကျောင်းဆောက်ပြီး မနက်တစ်နပ်စာဘဲစားကာ သတ်သတ်လွတ်စားပြီး သေတဲ့အထိအားထုတ်သွားခဲ့တယ်။

အဖိုးသေတဲ့အခါ ညင်သာပျော့ပြောင်းစွာနဲ့စိတ်နဲ့ခန္ဓာကိုခွာသွားနိုင်ခဲ့တယ် အဲဒါ သူထုတ်ခဲ့တဲ့အထုတ်ကသူ့ကို သက်တောင့်သက်သာနဲ့ခရီးဆက်နိုင်အောင်ခေါ်ဆောင်သွားနိုင်ခဲ့တယ်။

အဖိုးလိုဘဲ ပြင်ရတော့မယ် သက်တောင့်သက်သာညင်သာစွာနဲ့ ခရီးဆက်နိုင်အောင်ကျစ်ကျစ်ပါအောင် ထုတ်နိုင်သလောက်ထုတ်ရတော့မဲ့အချိန်ကျနေပြီဆိုတာ ကျမသိလိုက်ရချိန်မှာတော့ အဖိုးရဲ့မြေးပီသအောင် သိမ်းထုတ်သေချာ ကိုယ့်နောက်ပါအောင် ကျမပြင်ဆင်ရတော့မယ်။

1 comment:

  1. ကျွန်မလဲ ဘဝနေဝင်ချိန်ကို တွေးမိတဲ့အခါတိုင်း ရင်တွေပူ ပူလာလို့ အစ်မရေ ..
    ဒါကြောင့် သေခါနီးမှာ အာရုံကောင်းကောင်းနဲ့ သေနိုင်အောင် ပြင်ဆင်ထားရမယ် ဆိုတာ
    နားလည်မိပါတယ် ..
    လက်တွေ့လဲ လုပ်ရမှာ အသေအချာပါဘဲ အစ်မရေ ..

    ReplyDelete