ခရီးတခေါက် သွားလေတိုင်း မှတ်သားစရာ လေ့လာစရာ လိုက်နာစရာ ကျင့်သုံးစရာတွေရယ် ထိမ်းသိမ်းသင့်တာလေးတွေရယ် အမြဲတမ်း ပါလာတတ်ပါတယ်။
Port Macquarie သွားတုန်းက လည်ဖို့ပါတ်ဖို့ အချိန်လေးရတာနဲ့ လျှောက်လည်ဖြစ်ခဲ့ပါတယ် လျှောက်လည်ချိန်မှာ တယောက်ထဲဆိုတော့ google map လေးဖွင့်ပြီး စိတ်အေးလက်အေး လည်ဖြစ်ခဲ့သလို ဗဟုသုတတွေရတဲ့ အတွက်လဲ ကျေနပ်မိတာတော့ အမှန်ပါဘဲ။
လူတွေ မြို့တွေ နိူင်ငံတွေ သက်ရှိသက်မဲ့တွေမှာ သမိုင်းဆိုတာ ရှိတတ်စမြဲပါ ကောင်းတဲ့သမိုင်းတွေ ရှိခဲ့သလို မကောင်းတဲ့ သမိုင်းဆိုတာလဲ ရှိတတ်ပါတယ် ကျမဆိုလိုချင်တာက ဘယ်လိုသမိုင်းမျိုးဘဲဖြစ်ဖြစ် ခေတ်အဆက်ဆက် တာဝန်ရှိသူတွေက ထိုသမိုင်းကို စောင့်ရှောက်ထားသင့်သလို ထိမ်းလဲထိမ်းသိမ်းထားသင့်ပါတယ် ။
ကျမအခု တင်လိုက်တဲ့ ရေတွင်းမျိုးက ကျမတို့ မြန်မာပြည်မှာ နေရာမရွေး တွေ့နိူင်တဲ့ ရေတွင်းမျိုးပါ ကျမတွေ့ဖူးခဲ့တဲ့ ရေတွင်းတိုင်းမှာလဲ သမိုင်းလေးတွေ ရှိကြမှာပါ ဘယ်သူက စတင်တူးခဲ့တာ ဘယ်နှစ်ခုနှစ်က တူးခဲ့တာ ဘာအတွက် သုံးဖို့ တူးခဲ့တာ အစရှိသည် ဖြင့်ပေါ့ရှင်။
သို့ပါသော်လဲ စနစ်တကျ ထိမ်းသိမ်းခြင်း သမိုင်းကို မှတ်တမ်းမတင်ခြင်း ရေတွင်းကိုကောင်းစွာ မစောင့်ရှောက်ခြင်းတို့ကြောင့် ထိုရေတွင်းများထဲမှ တချို့တချို့သော ရေတွင်းများ တိမ်ကောပျောက်ကွယ်ခဲ့ကြသလို သူတို့ရဲ့ သမိုင်းတွေ ပျောက်ခဲ့ရပါတယ်။
အခုပုံပါ ရေတွင်းလေးရဲ့ သမိုင်းကို ကျမပြောပြပါမယ် ဒီရေတွင်းနားကို ကျမရောက်သွားချိန်က ညနေ ၆နာရီကျော်ပါပြီ ရေတွင်းကို စတွေ့တော့ ကျမတကိုယ်လုံး တောင့်တောင့်ခဲခဲကြီး ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။
ကျက်သည်းတွေ တဖျန်းဖျန်းထလာခဲ့ပြီး ကြောက်သလိုလို ဝမ်းနည်းသလိုလိုလဲ ခံစားလိုက်ရပါတယ် မြန်မာပြည်ကိုလဲ ပြေးပြီးသတိရမိတယ် ဒူးအောက်ပိုင်းတွေ လေးလံလာသလို ခံစားလိုက်ရတယ် အဲဒါနဲ့ဘဲ ရေတွင်းကို ထပ်မကြည့်တော့ဘဲ ခပ်သုတ်သုတ် လှမ်းလိုက်ပါတော့တယ်။
လေးငါးလှမ်း လှမ်းပြီးချိန် ရေတွင်းကို ကျောပေးလိုက်ချိန်မှာဘဲ ကျမရဲ့ ခြေလှမ်းတွေ တုန့်ကနည်း ရပ်သွားခဲ့ပြန်ပါတယ် ရေတွင်းကို သမင်လည်ပြန် ပြန်ကြည့်ချင်စိတ်က ဖြစ်လာပြန်ပါတယ်။
ထိုရေတွင်းကို ကျောပေးပြီးပါမှ ပြန်ကြည့်ချင်မိတဲ့ ကျမရဲ့စိတ်တွေက ဆန်းကျယ်နေသလိုပါဘဲ ဒါနဲ့ဘဲ နောက်တကြိမ် ရေတွင်းနားကို ရူးရူးမိုက်မိုက် ကျမပြန်လျှောက်မိပြန်ပါတယ်။
ရေတွင်းနား ရောက်ပြန်တော့လဲ မသိစိတ်က လန့်သလိုလို ခံစားရပြန်ပါတယ် ဒါနဲ့ဘဲ ငါကဒီမြို့ကို အလည်လာတဲ့ ဧည့်သည်ဘဲ ဘုမသိ ဘမသိနဲ့ ရေတွင်းနား မကပ်သင့်ဘူးဆိုပြီး အသိစိတ်ပြန်သွင်းကာ ဆက်လျှောက်မိပြန်တယ်။
နောက်တကြိမ် လေးငါးလှမ်း လှမ်းပြီးပြန်တော့ ကျမ အဲဒီရေတွင်းရဲ့ သမိုင်းကြောင်းကို အရမ်းသိချင်လာတယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ရေတွင်းဘက် ကျမပြန်လျှောက်လိုက်တယ် ပြီးတော့ စိတ်ကိုဒုန်းဒုန်းချကာ မှတ်တမ်းတင် ဓာတ်ပုံလေး သုံးလေးပုံ မြန်မြန်ရိုက်လိုက်တယ် ရေတွင်းထဲ လှမ်းကြည့်တော့ ရေတွင်း၀ရဲ့ အတွင်းဘက် ၂တောင်ခန့်လောက်မှာ အဝကိုပိတ်ပြီး ကာရံထားတဲ့ သံဇကာရဲ့ အောက်မှာ ကြည်လင်နေတဲ့ ရေသားက အပြည့်ပါဘဲ။
ရေတွင်းရဲ့ သမိုင်းကြောင်းကတော့ ဒီရေတွင်းကို အင်္ဂလန်နိူင်ငံကနေ သည်ဆောင်လာတဲ့ အမျိုးသမီး အကျဉ်းသားတွေ သုံးဖို့အတွက် ၁၈၄၀ခုနှစ်မှာ စတင်တူးဖော်ခဲ့ပါတယ် ဒီရေတွင်းရဲ့ အနီးတဝိုက်မှာ အမျိုးသမီး အကျဉ်းသားတွေ နေကြပြီး သူတို့အတွက် သိုးမွှေးစက်ရုံ အင်္ကျီချုပ်စက်ရုံ သိုးမွှေးထိုးစက်ရုံ အစရှိသည်ဖြင့် စက်ရုံတွေဖွင့်ပြီး အကျဉ်းသားတွေကို အလုပ်အကိုင် ပေးထားပါတယ်။
ထိုရေတွင်းမျိုးကို NSW & Tasmania တို့မှာ အမျိုးသမီး အကျဉ်းသားတွေ သုံးဖို့အတွက် ၁၈၀၄ခုနှစ်မှ ၁၈၅၆ခုနှစ်အထိ ၅၂နှစ်အတွင်းမှာ ထိုရေတွင်းမျိုး ၁၃တွင်း တူးခဲ့ပါတယ်။
လွန်လေပြီးသော နှစ်ကာလ များစွာက တူးဖော်ခဲ့တဲ့ ရေတွင်းတွေ အခုထိ အကောင်းအတိုင်း ရှိနေကြတာဟာ ခေတ်အဆက်ဆက် သမိုင်းကို စောင့်ရှောက်သူတွေ ထိမ်းသိမ်းကြသူတွေကြောင့်သာ ကျမတို့လဲ သိခွင့်မြင်ခွင့် ရကြတာဖြစ်ပါတယ်။
စကားမစပ်ပေါ့ရှင် အခုလက်ရှိ အော်စီမှာနေထိုင်ကြတဲ့ ဒီနိူင်ငံသားစစ်စစ်တွေက ထိုအမျိုးသမီး အကျဉ်းသားတွေနဲ့ ၅ယောက် သို့မဟုတ် ၇ယောက်မှာ တယောက်နူံးက အမျိုးတော်စပ်သူတွေ ဖြစ်ကြပါတယ်ဆိုတာလဲ လေ့လာသိရှိရပါတယ်။
နောက်တချက် ထူးခြားတာလေး ရှိပါတယ် ဒီရေတွင်းက အသုံးမပြုတော့တဲ့ ရေတွင်းပါ ဒါပေမဲ့ ရေတွင်းရဲ့ ဘေးပါတ်လည်မှာ ထူးခြားတာလေး ရှိပါတယ် ကြည့်သောသူများ မြင်ကြပါလိမ့်မယ် နေဝင်ရီသယော အချိန်မှာ မျက်နှာစိမ်း ဧည့်သည်တယောက် ဘာကြောင့် ကျက်သည်း ဖျန်းဖျန်းထခဲ့ရသလဲဆိုတာ စဉ်းစားပြီး အဖြေညှိနိုင်ပါတယ်ရှင်။
Mar Mar Lwin
16/12/2017
Saturday.



No comments:
Post a Comment