လူ = နေရာ
တနေရာနဲ့ တနေရာ
လူတယောက်နဲ့ တယောက်
နွေးထွေးခြင်း ပျူငှာခြင်းဆိုတာ ရှိကြတယ်။
နေရာ တနေရာကို ရောက်တဲ့အခါ
မြို့ခံတွေက ပျူငှာသလား
နွေးထွေးမှု ရှိကြသလားဆိုတာ
ကျမအမြဲတမ်း လေ့လာဖူးတယ်။
အစပိုင်းတော့ ဟုတ်မလိုလိုနဲ့
ပျူငှာသယောင် ပြကြတယ်
နွေးထွေးသယောင် ဆောင်ကြတယ်
နောက်တော့ အချိန်ဆိုတဲ့ ကာလတခုမှာ
မျက်နှာဖုံးတွေက ကွာကျသွားတတ်တယ်။
ပါးစပ်တွေက ပြုံးနေပေမဲ့
မျက်လုံးတွေက တွေဝေလာကြတယ်
နောက်တော့ အဲဒီမျက်လုံးတွေကဘဲ
မမြင်ချင်ယောင် ဆောင်သွားတတ်ကြတယ်။
ကိုယ့်ကို မလိုလားတော့ဘူးဆိုရင်
နူတ်ဆက်ရမှာတောင် ၀န်လေးသွားတတ်ကြတယ်
စကားပြောရမှာကို လေးဖင့်သွားကြတယ်
လက်ဆွဲနူတ်ဆက်ရမှာကို မသတီသလို ဖြစ်သွားကြတယ်။
ဒါကြောင့်မို့ ကျမကတော့ ကျမ သားနဲ့သမီးကို
ကျမကြုံဖူးတာတွေနဲ့ ဥပမာပေးပြီး အမြဲတမ်း ဆုံးမစကား ဆိုတတ်တယ်။
ဘယ်တော့ဖြစ်ဖြစ် လူတွေအပေါ်ကို
ဟန်ဆောင်ခြင်းကင်းဖို့ အမြဲသတိပေးဖြစ်တယ်
လူဆိုတာ သူ့မျက်နှာရိပ် မျက်နှာကဲကို ကိုယ်ကဖတ်တတ်သလို
ကိုယ့်မျက်နှာရိပ် မျက်နှာကဲကိုလဲ သူတို့က ဖတ်တတ်လိမ့်မယ်။
အတတ်ဆုံး ကိုယ်ကူနိူင်တာရှိရင် ကူပေးပါ
ကိုယ်ပြုံးတဲ့ အပြုံးရဲ့နောက်ကွယ်မှာ အနာအဆာ မပါပါစေနဲ့
ကိုယ်ကြည့်တဲ့ အကြည့်ရဲ့နောက်ကွယ်မှာ သံသယတွေ မပါပါစေနဲ့
ကိုယ်ပေးကမ်းလိုက်တဲ့ လက်တစုံဟာ အမြဲတမ်း နွေးထွေးနေပါစေ။
နေရာတနေရာမှာ ကိုယ့်ကို မကြိုဆိုဘူးလို့ ထင်မိရင် ထပ်သွားဖို့ မကြိုးစားပါနဲ့
ကိုယ့်ကို ဝေဖန်လာရင် အပြုံးနဲ့ဘဲ တုန့်ပြန်ပေးပါ
လောဘ ဒေါသ မောဟ အတတ်နိူင်ဆုံး ကင်းအောင်နေပါ
ရောင့်ရဲ တင်းတိမ်နိူင်တဲ့ စိတ်ကိုမွေးပါ။
ဒါပေမဲ့ ကိုယ့်အသက် ကိုယ့်အရှက်
ကိုယ့်သိက္ခာ ကိုယ့်ဂုဏ်သရည်ကို ထိပါးလာရင်တော့
ကိုယ့်ကိုကိုယ် အတတ်နိူင်ဆုံး ကာကွယ်ပါ။
၅၃နှစ်ဆိုတဲ့ သက်တမ်းရယ်
၀န်ထမ်းမိသားစုဘဝမှာ ကျင်လည်ခဲ့ရတာတွေရယ်
နေရာဒေသ တော်တော်များများ ရောက်ဖူးတာရယ်
လူတော်တော် များများနဲ့ ဆုံဖူးတာရယ်
အဲဒါတွေကို ပေါင်းစပ်ပြီး
လူတွေမျက်နှာကို ကျမတော်တော်များများ ဖတ်နိူင်ခဲ့ပါတယ်။
စကားမစပ် ကျမဘေးက ထိုင်နေတဲ့
မြို့တော်၀န်ရဲ့ မျက်လုံးတစ်စုံမှာ အဖြေတခုတော့ရှိတယ်
ကျမကတော့ သူ့မျက်ဝန်းတစ်စုံက အဖြေကို ကောင်းကောင်းကြီး ဖတ်နိူင်ခဲ့တယ်
သင်တို့ရော ဖတ်နိူင်ပါသလား။
ဒီကြေးရုပ်ကြီး ရှိနေတဲ့မြို့က မြို့ခံလူတွေကတော့
ခင်မင်စရာကောင်းပြီး နွေးထွေးကြလို့
ကျမကတော့ အဲဒီမြို့လေးကို အရမ်းလေးစားမိခဲ့တယ်။
မာမာလွင်
10/12/2017

No comments:
Post a Comment